Author's Profile Photo

ရွှေငါး

4/01/2025

ဖေဖေ့ကြောင့် ရှက်တယ်

4 mins read
Education
Culture
Entertainment
ဖေဖေ့ကြောင့် ရှက်တယ်'s photo

ဖေဖေ့အကြောင်းမေးရင် သဲသဲ သိပ်ရှက်တယ်။ ဒါ့ကြောင့် ဖေဖေ့ကို ကျောင်းလည်း လိုက်မပို့ခိုင်းဘူး။ ဖေဖေ့အကြောင်းလည်း ဘယ်သူ့ကိုမှ မပြောဘူး။ မပြောချင်ဘူး။

ဖေဖေ့ကို အိမ်မှာတောင် မနည်းမတွေ့အောင် ရှောင်နေတာ။ ဖေဖေ့ရုပ်ဆိုးတာကြီး ကူးမှာစိုးလို့ပေါ့။ မေမေကတော့ ပြောတယ်။ ကိုယ့်အဖေကိုယ် အဲ့လို ရုပ်ဆိုးတယ် မပြောရဘူးတဲ့။

သူများဖေဖေတွေဆို ကားတွေနဲ့ ကျောင်းလိုက်ပို့ကြတာနဲ့။ ဝတ်ကောင်းစားလှတွေဝတ်ပြီး လိုက်ပို့ကြတာနဲ့။ မင်းသားနဲ့ တူတဲ့သူတောင် ပါသေး။

သဲသဲ အဖေကျတော့ မျက်နှာကြီးက သဲသဲတို့လို ပုံမှန်မဟုတ်ဘဲ မျက်လုံးကြီးလည်း မညီ။ သွားကြီးလည်း မလှ။ မျက်နှာမှာလည်း အမာရွတ်အကြီးကြီးနဲ့။ ကြောက်စရာကြီး။

"သမီးအဖေက မွေးရာပါ အဲ့လို မဟုတ်ပါဘူးကွယ်။ တကယ်တော့ သူက....."
"မကြားချင်ဘူး ... မကြားချင်ဘူး" သဲသဲ အမြဲ ဖေဖေ့အကြောင်းပြောတာနဲ့ ပြေးထွက်ခဲ့တာချည်းပဲ၊

ဘာလို့ သဲသဲကျမှ ကံဆိုးပြီး ဒီလိုရုပ်ဆိုးတဲ့ အဖေမျိုးရတာလဲ။ မေမေကရော ဘာလို့ ရုပ်ဆိုးတဲ့အ ဖေကို ယူခဲ့တာလဲ။ မေမေ့ကို မေးချင်ပေမဲ့ မမေးခဲ့ဘူး။ တော်သေးတာတစ်ခုက သဲသဲ ဖေဖေနဲ့ မတူတာပဲ။

ဖေဖေက သဲသဲ အကပ်မခံတော့ သိပ်တော့ မကပ်ပါဘူး။ ငယ်ငယ်တုန်းကတော့ သဲသဲမသိလို့သာ ဖေဖေ အားနဲ့ဖက်ပြီး တရွှတ်ရွှတ်နမ်းတာကို ပျော်ခဲ့ဖူးတာ။ ခုဆို ဖေဖေသဲသဲနားကို မကပ်တာတောင် ဘယ်လောက်ကြာသွားပြီလဲမသိ။

မကပ်ပေမဲ့ သဲသဲအတွက် အဝတ်အစားတွေ ဝယ်လာပေးတယ်။ သဲသဲ သိပ်မကြိုက်ပေမဲ့ အသစ်ဆိုတော့ ပျော်မိတယ်။ ရုံးကနေ အိမ်ပြန်လာတိုင်းလည်း မုန့်ဝယ်လာပေးတယ်။ ဒီနေ့ ဗယာကြော်ဆို၊ နက်ဖြန် ပလာတာ၊ လခထုတ်တဲ့နေ့တွေဆို ခေါက်ဆွဲကြော်၊ ကြာဇံကြော်။ မုန့်ပါလာတဲ့အချိန်တော့ ဖေဖေနဲ့ မျက်နှာချင်းဆိုင် အတူတူစားတယ်။ ဖေဖေက မေးပြီ။ ကျောင်းစာလိုက်နိုင်လားဆိုတဲ့ အကြောင်း၊ ဖေဖေကျောင်းကို တစ်ရက်ရက်တော့ လိုက်ပို့ပေးမယ့်အကြောင်း၊ ဘာလိုချင်လဲဆိုတဲ့ အကြောင်းပေါ့။ ဖေဖေလိုက်ပို့မှာ ကြောက်တာ လို့ စိတ်ထဲကပဲ ပြောလိုက်ပြီး ရပါတယ် သမီးကို မေမေပို့လိမ့်မယ်လို့ပဲ ဖြေပစ်လိုက်တယ်။

သဲသဲစိတ်ညစ်တယ်။ နောက်နေ့ထပ်ရမယ့် စာစီစာကုံးက တို့ဖေဖေတဲ့။ သဲသဲဖေဖေအကြောင်း သဲသဲ ဘယ်လိုလို့ ရေးချင်မှာလဲ။ ဖေဖေရုပ်ဆိုးတာ သူငယ်ချင်းတွေသိရင် သဲသဲကို ခုလို ခေါ်ကြပါဦးမလား။ နင့်အဖေက ရုပ်ဆိုးကြီး လို့ လိုက်စတော့မှာ။ သဲသဲလေ ဖေဖေ့ကို သဲသဲသာ ရုပ်ဆိုးကြီးလို့ ပြောချင်ပြောမယ်။ သူများတွေ ပြောတာတော့ လုံးဝအပြောမခံနိုင်ပါဘူး။ အဲဒီအခါ သဲသဲ ရန်ဖြစ်မိမှာ။ မေမေက ပြောတယ်။ ရန်လုံးဝမဖြစ်လာရဘူး။ ကျောင်းထုတ်ခံရရင် ပညာမတတ်ဘဲ နေလိမ့်မယ်တဲ့။

ဒီနေ့မှ မေမေကလည်း လာကြိုတာ နောက်ကျလိုက်တာ။ ခါတိုင်းဆို ကျောင်းကထွက်လိုက်တာနဲ့ တွေ့နေကျ။ ခု ကျောင်းသားတွေတောင် တစ်ဝက်လောက်ကုန်နေပြီ။ ဗိုက်ဆာနေပါပြီဆိုမှ။

ဟင်... ဟိုမှာ ဖေဖေပါလား။ ဟာ ... မေမေမဟုတ်ဘဲ ဖေဖေက ဘာလို့ လာကြိုတာလဲ။ ရှက်လိုက်တာ။ သူငယ်ချင်းတွေ ပြန်မှပြန်သွားကြပြီလား။ တွေ့သွားရင် ဒုက္ခပါပဲ။ စိတ်ညစ်လိုက်တာ။

"သမီး.... သမီးမေမေ နေသိပ်မကောင်းလို့ ဖေဖေလာကြိုတာ။ ပေး သမီး ကျောပိုးအိတ် ဖေဖေ့ကို ပေး"
ခေါင်းလုံးဝမဖော်ရဲဘဲ ဖေဖေ့ကို ကျောပိုးအိတ်ပေးပြီး အရှေ့က ခပ်သုတ်သုတ်ထွက်လာခဲ့ရတယ်။ ဘယ်ဆရာမ ဘယ်သူငယ်ချင်းမှ မတွေ့ပါစေနဲ့ ။ ဟော ဟိုအန်တီကြီးတွေက ငါ့အဖေကို ကြည့်ပြီး တစ်ခုခုပြောနေသလိုပဲ။ ရှက်တယ်။ ရှက်တယ်။ ဒီဖေဖေကြောင့် သဲသဲသိပ်ရှက်တယ်။

"သမီး ဘာဖြစ်လာတာလဲ မေမေလာမကြိုလို့ စိတ်ဆိုးနေတာလား။ ခေါင်းမိုက်ခနဲမူးလို့ သမီးအဖေကို ရုံးကတောင် ပြန်ခေါ်လိုက်ရတာလေ။ ထမင်းဟင်းကတော့ သမီးဖေဖေပြင်ပေးလိမ့်မယ်နော်။ အဝတ်လဲပြီး စား"

အိမ်ကို စူပုပ်ပြီး ဝင်လာတဲ့ သဲသဲကို နေမကောင်းတဲ့ မေမေက ရိပ်မိပြီး လှမ်းပြောတာပါ။ သဲသဲ စိတ်ညစ်တယ်။ တို့ဖေဖေဆိုတဲ့ စာစီစာကုံးကို ဘယ်လိုရေးရမှာလဲ။ သဲသဲလိမ်ညာပြီး ရေးလိုက်ရမလား စိတ်ကူးသေးတယ်။ မေမေက လိမ်တာ မကောင်းဘူး။ ငရဲကြီးတတ်တယ်လို့လည်း ပြောထားတယ်။ သဲသဲ ဘယ်လိုရေးရတော့မလဲ။

ဒီနေ့ နေမကောင်းတဲ့ မေမေက သဲသဲအခန်းထဲကို လာအိပ်ပေးတယ်။ သဲသဲကို ပုံပြင်ပြောပြပေးတယ်။ သဲသဲ မအိပ်ချင်ခင် မေမေ့ကို မေးလိုက်တယ်။
"မေမေ သမီး အိမ်စာ မပြီးသေးဘူး"
"ဟင် ဘာအိမ်စာလဲ သမီးရဲ့.. မပြီးရင် ရေးပြီးမှ အိပ်နော်"
"လာမယ့် တနင်္လာနေ့ ထွက်ပြီး ဖတ်ပြရမှာ။ စာစီစာကုံး"
"သြော် အရင်ကလည်း ထွက်ဖတ်ဖူးတာပဲ။ မေမေ သမီးရေးပြီးရင် ကူစစ်ပေးမယ်လေ"
"ခုရေးခိုင်းတာ ... တို့....တို့ဖေဖေ တဲ့"

မေမေ့မျက်နှာမှာ နားမလည်နိုင်တဲ့အရိပ်အယောင်တွေ သန်းသွားတယ်။ မေမေက သဲသဲ ဖေဖေ့ကို မချစ်တာ သိလို့ထင်တယ်။ လိမ်ညာပြီး ဖတ်လို့ကောင်းအောင် ရေးဖို့ မေမေကူညီပါ့မလား လို့ သဲသဲတွေးနေမိတယ်။

"သဲသဲ မေမေ သမီးကို အလိုလိုက်ထားတာ ဆိုးမလာနဲ့။ သမီးဖေဖေဟာ ဖေဖေပဲ။ ရှက်စရာကောင်းတဲ့ လူဆိုး လူမိုက်မဟုတ်ဘူး" မေမေ့အသံက ပုံမှန်ထက် တင်းမာနေတယ်လို့ သဲသဲခံစားလိုက်ရတယ်။

"ဟုတ်တယ် သမီးဖေဖေဟာ သမီးထင်သလို ရုပ်ဆိုးတယ်ပဲ ထားပါတော့။ မေမေ သမီးဖေဖေကို ဘာလို့ လက်ထပ်ယူခဲ့လဲသိလား"

သဲသဲ အဖြေကိုတောင် မေမေ မစောင့်ဘဲ ဆက်ပြောပါတယ်။

"သမီးအဖေဟာ လူကောင်းတစ်ယောက်။ မျက်နှာဒီလိုဖြစ်သွားရတယ်ဆိုတာလည်း သူများအိမ် မီးလောင်နေတာကို ဝင်ကယ်လို့ ခုလို ဖြစ်ပြီး သေရာပါသွားခဲ့တာ နားလည်လား။ သမီးဖေဖေ မေမေ့ကို နှိပ်စက်တာ မြင်ဖူးလား။ သူများကို လူလည်ကျတာ မြင်ဖူးလား"

သဲသဲ မေမေ့ကို မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ပြီး မျက်ရည်တွေ ကျလာပါတော့တယ်။ ဒါပေမဲ့ မေမေက မရပ်ဘဲ ဆက်ပြောတုန်း။

"သူ သူများကို ဘယ်လို ကူညီရမလဲပဲ စဉ်းစားနေတဲ့သူ။ သမီးကိုရော မချစ်လို့လား။ ဖေဖေဟာ ဖေဖေ့တာဝန် ဘာမကျေလို့ သမီးက ရှက်တာလဲ။ ရုပ်ဆိုးတာနဲ့ ဖေဖေဟာ ဖေဖေ အခေါ်မခံရအောင် ဖေဖေဟာ ကျောင်းလာမကြိုရအောင် ဖေဖေဟာ တို့ဖေဖေဆိုတဲ့ စာစီစာကုံးမှာ အရေးမခံရအောင် သမီး သိပ်ရှက်နေသလား"

မေမေ့အသံက သူကြားဖူးသမျှထဲ အကျယ်ဆုံးလို့ သဲသဲ ထင်လိုက်တယ်။

ဘာတွေဖြစ်နေကြလဲလို့ အပြေးကလေးဝင်လာတဲ့ ဖေဖေလည်း အကုန်ကြားသွားပုံရတယ်။ ဖေဖေ ခေါင်းငိုက်စိုက်ပြီး ပြန်ထွက်သွားတယ်။

"သမီး...သမီး မှားပါပြီ မေမေ" လို့ ပြောရင်း သဲသဲ မေမေ့ကို ပြေးဖက်လိုက်တယ်။

"သမီးတောင်းပန်ရမှာ မေမေ့ကို မဟုတ်ပါဘူး။ သမီးဖေဖေကို သမီးတောင်းပန်သင့်တာ" လို့ မေမေက ပုံမှန်အသံနဲ့ သဲသဲကို မကြည့်ဘဲပြောတယ်။ ဒါပေမဲ့ အဲဒီနေ့ကစပြီး ဖေဖေ အိမ်ပြန်မလာခဲ့ပါဘူး။

ကျောင်း စာစီစာကုံးချိန်ပြန်ရောက်လာခဲ့တယ်။ ဒီနေ့ မိဘတွေကိုပါ ဆရာမက ဖိတ်ထားလို့ အဖေတွေ အမေတွေလည်း လာနားထောင်ကြတယ်။ တစ်ယောက်ပြီး တစ်ယောက် တို့ဖေဖေဆိုတဲ့ ခေါင်းစဉ်ကို ထွက်ဖတ်ပြကြတယ်။ တစ်ယောက်ပြီးတိုင်း တတန်းလုံးနဲ့ ဧည့်သည်ဖေဖေ မေမေတွေက လက်ခုပ်တီးပေးကြတယ်။

သဲသဲအလှည့်ရောက်ပြီ။ သူအတန်းနောက်ဘက်ကို ကြည့်လိုက်တော့ နေကောင်းခါစ မေမေက သူ့ကို လက်တစ်ချက်ပြပြီး ပြုံးပြတယ်။ သဲသဲ အတန်းရှေ့ကို မဝံ့မရဲထွက်ခဲ့တယ်။ ဆရာမဟန့်လိုက်လို့ အားလုံးအသံတွေ တိတ်သွားပေးတယ်။ သဲသဲ ပိတ်ရက်မှာ ရေးထားတဲ့ စာစီစာကုံးကို အသံထွက်ဖတ်လိုက်တယ်။

"တို့ ဖေဖေ

သမီးရဲ့ ဖေဖေ့နာမည်က ဦးကြည်ဟန်ဖြစ်ပါတယ်။
သမီးဖေဖေဟာ ရုံးမှာလုပ်တဲ့ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

သမီးဖေဖေက သမီးကို သိပ်ချစ်ပါတယ်။
သမီး စားချင်တာတွေ အကုန်ဝယ်ကျွေးပြီး အင်္ကျီလှလှလေးတွေ ပူဆာရင်လည်း ဝယ်ပေးပါတယ်။

သမီးဖေဖေငယ်ငယ်က ဒီကျောင်းရဲ့ ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ စာမတော်ပေမဲ့ လူရည်ချွန်ဆုရဖူးတယ်လို့ မေမေက ပြောပါတယ်။ ဘာလို့လည်းလို့ သမီးကမေးတော့ ဖေဖေဟာ လူတွေကို သိပ်ကူညီတတ်တဲ့ ကျောင်းသားကောင်း လူငယ်ကောင်းတစ်ယောက်ဖြစ်တယ်။ ဖေဖေ ဆယ်တန်းတုန်းက အိမ်နားမှာ မီးလောင်တော့ ဖေဖေဟာ မီးသတ်သမားတွေ မလာခင် အိမ်ထဲကနေ မထွက်တတ်တဲ့ ကလေးငယ်တစ်ယောက်ကို ကယ်ပေးခဲ့ဖူးလို့ ကျောင်းက ဖေဖေ့ကို လူရည်ချွန်ဆု ပေးခဲ့ဖူးပါတယ်။

ဖေဖေဟာ အဲဒီလို ကယ်ခဲ့တုန်းက မျက်နှာမှာ မီးလောင်ဒဏ်ရာတွေ ရပြီး ဖေဖေ့မျက်နှာ ချောချောလေး ပျက်ဆီးခဲ့ရပါတယ်။ ဒါ့ကြောင့် သမီးဟာ ဖေဖေရုပ်ဆိုးလို့ဆိုပြီး ရှက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခုတော့.....အဟင့်ဟင့်
ခုတော့ ဖေဖေဟာ သမီးဖေဖေ တို့ဖေဖေလို့ ပြောရမှာ မရှက်တော့ပါဘူး"

"အဲဒီကလေးက တီချယ်ကြီးရဲ့ သမီးလေးဆိုတာ သဲသဲမသိသေးဘူးလား" ဆိုတဲ့ အသံကြောင့် သဲသဲ မော့ကြည့်လိုက်တယ်။

ကျောင်းအုပ်ဆရာမကြီး။ ဘေးမှာ အိမ်ပြန်မလာတဲ့ ဖေဖေ။

ကျောင်းအုပ်ဆရာမကြီးက ဖေဖေ့ပခုံးကို အသာဖက်ထားပြီး ဆက်ပြောတယ်။

"သားတို့ သမီးတို့ရေ
သဲသဲဖေဖေဟာ တီချယ်ကြီးရဲ့ သမီးလေးပေါ့။ သဲသဲဖေဖေ ကယ်ခဲ့လို့ ခုဆို တီချယ်ကြီးသမီးလေးဟာ လူတွေအများကြီးရဲ့အသက်ကို ကယ်နိုင်တဲ့ ဆရာဝန်မကြီးဖြစ်နေပြီ။ သဲသဲဖေဖေဟာ လူတစ်ယောက်တည်းရဲ့ အသက်ကို ကယ်ခဲ့တာမဟုတ်ဘဲ လူတွေ အများကြီးရဲ့ အသက်ကိုပါ ကယ်ခဲ့သလိုပါပဲ။ ကဲ ..သဲသဲဖေဖေ့အတွက် လက်ခုပ်တီးပေးလိုက်ရအောင်"
"ဟေး...ဖြောင်းဖြောင်းဖြောင်း"

လက်ခုပ်သံတွေက သဲသဲရဲ့ ငိုသံတွေကို ဖုံးသွားခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာ ဖေဖေ့ကို သဲသဲ ဘာမှ မပြောဖြစ်ပါ။ ဒါပေမဲ့ ဖေဖေ့လက်ကိုတော့ တင်းနေအောင် ကိုင်ထားဖြစ်ခဲ့ပါတယ်။

(ရွှေငါး)

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ