ညဉ့်ယံထက်[ Nyint Yan Htet ]
လေပြင်းတွေတိုက်ခတ်ကာ မိုးတွေသည်းကြီးမဲကြီးရွာသွန်းနေတဲ့ ညတစ်ညရဲ့ သန်းခေါင်ယံအချိန်...
ထိုမိုးဒဏ်ကို မနိုင်မနင်းအံတုနေရတဲ့ ယိုင်နဲ့နဲ့ တဲအိမ်ကလေးနဲ့ နှစ်နှစ်ကျော်ကြာ ငွေရေးကြေးရေး အခက်အခဲကြောင့် အသစ်မလဲနိုင်သေးတဲ့သက်ကယ်အမိုးကနေ တစ်စက်စက်ကျနေတဲ့ ရေစက်အချို့၊ ထိုရေစက်တွေက ဝါးခင်းကြမ်းပြင်ပေါ်မရောက်ခင်မှာဘဲ ချိုင့်ရာအချို့နဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ နို့ဆီခွက်တွေအတွင်းသို့ တတောင်တောင်မြည်အောင် တိုက်ရိုက်ကျနေတော့တယ်...
"အား!!!"
"မိညို ညှစ်စမ်းပါအေ!"
ထိုကဲ့သို့ လေကြီးမိုးကြီးသံ၊ မိုးခြိမ်းသံအပြင် နို့ဆီခွက်အတွင်း ရေကျသံတစ်တောင်တောင်တို့ကို အာရုံမရစွာ အပြိုင်အဆိုင် အော်ဟစ်နေတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ထိုအမျိုးသမီးနှစ်ဦးဘေးမှာထိုင်ကာ မျက်ရည်တွေဝေ့သီနေတဲ့ အမျိုးသမီးကြီးတို့ဟာ ယိုင်နဲ့နဲ့တဲအိမ်လေးထဲမှာ မတူညီတဲ့စိုးရိမ်ပူပန်မှုတွေနဲ့အတူ မိုးဒဏ်လေဒဏ်ကို အံတုနေရရှာတော့တယ်...
"အား!!!!!!"
ရုတ်တရက်ထွက်ပေါ်လာတဲ့ အော်ဟစ်သံကြီးနဲ့အတူ လူ့လောကထဲကိုစတင်ရောက်ရှိလာခဲ့တဲ့ အချင်းတွဲလဲနဲ့ ကလေးငယ်လေးတစ်ဦး....
"မွေးပြီ။ မွေးပြီ။ မိန်းကလေးတော့။ သန်းခေါင်ကျော်ပြီဆိုတော့ စနေသမီးလေးပေါ့...နေ့နံတော့ မကောင်းဘူး... အမလေး! မိညို...မိညို..."
ဖြူစင်လွန်းလှတဲ့ကလေးငယ်လေးကို လူ့ဘဝခေါ်သွင်းပြီးတာနဲ့ တုတ်တုတ်မလှုပ်တော့တဲ့ မိခင်ဖြစ်သူကြောင့် ဝမ်းဆွဲသည်ကြီးမှာ ပြာပြာသလဲပဲ မိခင်ဖြစ်သူရဲ့ခန္ဓာကိုယ်အား လှုပ်ယမ်းပြီး၊ ဘယ်လိုမှမတုန့်ပြန်လာတော့တဲ့အခါမှာတော့ အခြေအနေကိုသဘောပေါက်စွာ ခေါင်းကိုခါရမ်းမိတယ်...
"ဒေါ်တုတ်...ညည်းသမီးအသက်မရှိတော့ဘူး။ ကျုပ်စိတ်မကောင်းပါဘူးတော်..."
ဒေါ်တုတ်ဆိုတဲ့ အမေအိုကြီးမှာ ငယ်သူငယ်ချင်းလဲဖြစ်၊ ဝမ်းဆွဲသည်လည်းဖြစ်တဲ့ ဒေါ်ရင်အေးဆီကကြားလိုက်ရတဲ့စကားကြောင့် ဘေးမှာအသက်မဲ့စွာလဲလျောင်းနေတဲ့ သမီးဖြစ်သူရဲ့မျက်နှာကိုကြည့်ပြီး ချုပ်တီးထားသမျှမျက်ရည်တို့ဟာ စီးကျလာတော့တယ်...
"ဒေါ်တုတ်...ညည်းမြေးမလေး..."
အမေအိုကြီးမှာ သူ့လက်ထဲရောက်လာတဲ့ ကလေးငယ်လေးကိုအသာပွေ့ချီပြီးတာနဲ့ ထိုကလေးငယ်လေးကိုတလှည့် အသက်မရှိတော့တဲ့ အထွေးဆုံးသမီးဖြစ်သူကိုတစ်လှည့်ကြည့်ကာ ပါးရည်တွန့်ပြီးတင်းတိတ်တွေပြည့်နှက်နေတဲ့ပါးပြင်ထက် ပူနွေးနွေးမျက်ရည်တို့ဟာ တားဆီးမရအောင် တသွင်သွင်စီးကျလာတော့တယ်...
"မိုးကသည်းလွန်းနေတော့ ညည်းသမီးဆုံးသွားပြီဆိုတဲ့အကြောင်းကို မနက်ခင်းမိုးဆဲမှ ရွာလူကြီးဆီ သွားပြောကြတာပေါ့..."
ဝမ်းဆွဲသည် မိန်းမကြီးမှာ သူ့စကားကိုဘာမှမတုန့်ပြန်ဘဲ ကလေးငယ်လေးကိုသာ စိုက်ကြည့်နေတဲ့ ဒေါ်တုတ်ကြောင့် စိတ်မကောင်းဖြစ်မိတယ်။ ငယ်ငယ်ကတည်းကသိခဲ့တဲ့ မိတုတ်ဆိုတာ ခေါင်းကြောမာမာနဲ့ ဘယ်တော့မှအကြောခံတဲ့သူမျိုးမဟုတ်ဘူး။ ခုလိုမြင်ရတော့လည်း...
"ဟွန်း...ဒေါ်တုတ် ညည်းဒီကလေးကို ဘယ်လိုဆက်လုပ်မလဲ။ အဖေကလည်းဘယ်သူမှန်းမသိ။ အမေကလည်း မီးတွင်းထဲမှာတင်ဆုံးရှာပြီ။ ညည်းသမီးကြီးကလည်း မလိမ္မာ၊ ညည်းသားလတ်ကလည်း တစ်နေကုန်မူးရူးနေတာ ညည်းဒီကလေးကို တစ်ယောက်ယောက်ဆီပေးမလား။ ဟိုဘက်ရွာမှာ ကလေးမရတဲ့ လင်မယားရှိတယ်။ ကျုပ်ကိုတောင်..."
"ကျုပ်မြေးကို ကျုပ်ကျွေးနိုင်၊မွေးနိုင်တယ်။ ဒီကလေးကို ဘယ်သူ့ဆီမှမပေးဘူး..."
"ဒါပေမယ့် ညည်းအသက်က ခြောက်ဆယ်နားနီးနေပြီ။ စဉ်းစားပါဦး။ ညည်းသမီးနဲ့သားကလည်း ညည်းကိုတောင်လှည့်ကြည့်တာမဟုတ်ဘူး။ ဒီကလေးသာဆို ဝေသာဝေး..."
ဝမ်းဆွဲသည်မိန်းမကြီးမှာ မြေးဖြစ်သူကိုပိုက်ကာမျက်ရည်တွေတသွင်သွင်စီးကျနေတဲ့ ငယ်သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းအတော်ဖြစ်ရတယ်။ ယောကျာ်းကလည်း သမီးအထွေးဆုံးလေးမွေးပြီး မကြာခင်မှာဆုံးသွားရှာတာ။ ယောကျာ်းဆုံးတော့ ကျန်ခဲ့တဲ့သားသမီးသုံးယောက်ရှိပါတယ်။ အဆင်ပြေတဲ့ သမီးကြီးကလည်း မသိတတ်၊ သားအလတ်ကလည်း နေ့နဲ့ညမကွဲတဲ့အမူးသမား၊ သူ့အပေါ်သိတတ်တဲ့ သမီးအထွေးဆုံးလေးကြလည်း ကံဆိုးပြီးခုလိုအဖြစ်နဲ့ကြုံရတယ်။ တကယ်ကို သနားစရာကောင်းလွန်းပါတယ်...
"ဟမ်! ဒေါ်တုတ်... ကျုပ် အဲ့လင်မယားဆီ ဒီကလေးကို..."
"ကျုပ်ဒီကလေးကို မွေးမယ်ပြောပြီးပြီပဲ။ ကျုပ်အိုနေပေမယ့် သွားနိုင်လာနိုင်ပါသေးတယ်တော်။ ကျုပ်လက်တွေ၊ ခြေတွေ အကောင်းတိုင်းရှိနေသရွေ့တော့ ကျုပ်မြေးကို ကျုပ်အငတ်မထားဘူး။ အို...ကုန်ကုန်ပြောမယ်။ ကျုပ်အသက်ရှင်နေသရွေ့ ဒီကလေးကို ကျုပ်ပြုစုစောင့်ရှောက်မယ်..."
အမေအိုကြီးမှာ ကလေးငယ်လေးကို တစ်ဖက်ကပွေ့ထားရင်းပဲ ဘေးမှာ ရှိနေတဲ့ သမီးဖြစ်သူရဲ့ နှာဖူးပေါ်ကဆံပင်အချို့ကို အခြားလက်တစ်ဖက်နဲ့အသာသပ်တင်ပေးကာ နှုတ်ကနေ စကားလုံးအချို့ကိုရေရွတ်လိုက်တယ်...
"ညည်းကလေးကို အမေကစောင့်ရှောက်ပေးမှာမို့ နောက်ဆံမတင်းဘဲ သွားပါ မိညိုရယ်။ နောင်ဘဝကြရင်သာ ညည်းကိုဒီလိုအဖြစ်မျိုးမကြုံရပါစေနဲ့လို့ အမေဆုတောင်းပေးတယ်။ ဒေါ်ရင်အေး..."
ဝမ်းဆွဲသည်မိန်းမကြီးမှာ ဒေါ်တုတ်ရဲ့ခေါ်သံကြောင့် ပြာပြာသလဲပဲ ဘာပြောမလဲဆိုတာ ဂရုတစိုက်နားထောင်နေမိတယ်...
"ကျုပ်ကိုယ်တိုင် ဒီကလေးကို နာမည်ပေးမယ်..."
"ရွာဦးကျောင်းက ဆရာတော်ကိုမမေးတော့ဘူးလား..."
ဒေါတုတ် ခေါင်းကိုအသာခါကာ လက်ထဲက ကလေးသေးသေးလေးကိုစိုက်ကြည့်နေမိတယ်...
"ကျုပ်မြေးမလေးကိုကြည့်ပါဦး ဒေါ်ရင်အေးရယ်။ ဘယ်လောက်လှလိုက်လဲ။ မျက်လုံး၊ မျက်ခုံး၊ နှာတံ အကုန်လုံးလှနေတော့တာပဲ။ မျက်နှာလေးကလည်း အခြားကလေးတွေနဲ့မတူပဲ ပြုံးနေသလိုပဲတော်..."
"အဲ့တာတော့ ဟုတ်တယ် မိတုတ်။ ကျုပ်လည်း ကျန်းမာရဲ့သားနဲ့ မငိုပဲပြုံးနေတဲ့ကလေး ဒီတစ်ခါပဲမြင်ဖူးတယ်တော်။ ညည်းမြေးမလေးက လူထူးခြားလေးပါ။ ဒါနဲ့ ညည်းက ကလေးကို ဘယ်လိုနာမည်ပေးချင်တာလဲ..."
"နန်းစံ..."
"ဟေ...နန်းစံ..."
သူ့ဘဝတစ်လျှောက် မရင်းနှီးတဲ့ဒီလိုနာမည်ကို ပထမဆုံးကြားလိုက်ရဝာာမို့ ဒေါ်ရင်အေး မျက်ခုံးတွေကို တွန့်ချိုးကာ ဘာကြောင့် ဒီလိုနာမည်ရွေးရသလဲဆိုပြီး စဉ်းစားမရဖြစ်နေတော့တယ်...
"ဟုတ်တယ်။ ကျုပ်မြေးမလေး ကျုပ်တို့လို ဒုက္ခမခံရဘဲ နန်းတော်မှာစံစားနေရတဲ့ ဘဝမျိုးရဖို့အတွက် ကျုပ်အတိတ်ဆောင်တဲ့သဘောအနေနဲ့ နန်းစံဆိုတဲ့ နာမည်ကိုပေးမယ်..."
"အဲ့လိုကြလည်း ကောင်းပါတယ်လေ..."
"နန်းစံ...ကျုပ်မြေးမလေး နာမည်က နန်းစံ။ ကျုပ်အသက်ရှင်နေသရွေ့ ဒီကလေးကို ကျုပ်ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် ထားမယ်။ အမိ၊အဖမရှိတော့ရှာတဲ့ ဒီကလေးကို မိရင်း၊ဖရင်းထက်ပိုတဲ့ မေတ္တာကိုကျုပ်ပေးမယ်..."
ဒေါ်တုတ်ရဲ့ ပြတ်သားလှတဲ့စကားတွေကြောင့် ဝမ်းဆွဲသည်ဒေါ်ရင်အေးမှာလည်း ထိုမြေးအဖွားကိုကြည့်ပြီး သက်ပြင်းချရုံကလွဲ ဘာမှဆက်မပြောနိုင်တော့ပါဘူးလေ။ မွေးကတည်းက ကံဆိုးလှတဲ့ ဒီကလေးလေးရဲ့ဘဝလေး အနာဂတ်မှာ ကံကောင်းစေဖို့အတွက်သာ ဆုတောင်းပေးရုံပေါ့....
__________
"မုန့်ဦးနှောက်!~~~ မုန့်ဦးနှောက်!~~~"
မနက်ဝေလီဝေလင်းအချိန်မှာတင် ရွာလမ်းတစ်လျှောက် ကြားနေရတဲ့အသံရဲ့ပိုင်ရှင်ကတော့ အိပ်ပျော်နေတဲ့ကလေးငယ်လေးကိုအနှီးနဲ့ထုတ်ပြီး ပုဆိုးနဲ့ရင်ဝယ်ပိုက်လွယ်ကာ ဈေးတောင်းခေါင်းရွက်ပြီး တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ရောင်းချနေတဲ့ မုန့်ဦးနှောက်သည် ဒေါ်တုတ်ပဲပေါ့....
"မုန့်ဦးနှောက်!~~~"
"ရီးတုတ်! "
ဒေါ်တုတ် သူ့ကိုခေါ်လိုက်တဲ့အသံပိုင်ရှင်ကြောင့် စိတ်ထဲတော့ သဘောမကျဖြစ်မိတယ်။ သူ့ကိုခေါ်လိုက်သူက တစ်ရွာလုံးရဲ့ သတင်းပေး မိစိန်လှမဟုတ်လား...
"လာပြီ! မုန့်ဦးနှောက် ဘယ်နှစ်ခုယူမလဲ..."
"တစ်ခုပဲပေး ရီးတုတ်..."
"နှစ်ခုငါးဆယ်ဆိုတော့ နှစ်ခုယူလိုက်ပါလားအေ..."
"အို ရီးတုတ်ကလည်း သုံးခုငါးဆယ်ထားလိုက်..."
"ညည်းယူမှာလား။ မယူဘူးလား။ နှစ်ခုငါးဆယ်ပဲ။ ငါခုမှ ဈေးဦးပေါက်မှာအေ့။ ဈေးဦးလန်အောင် မလုပ်စမ်းပါနဲ့..."
ဒေါ်တုတ် စိတ်မရှည်ဖြစ်မိတယ်။ သူ့မှာ ဒီအသက်အရွယ်နဲ့ ကလေးရော၊ ဈေးတောင်းရောသယ်ပြီး တစ်ရွာဝင်တစ်ရွာထွက် ပင်ပင်ပန်းပန်းရောင်းရပါတယ်ဆို ဒီလိုဟာမတွေက ရှိသေးတယ်...
"ဒါဆိုလည်း နှစ်ခုပေး ရီးတုတ်။ သကြားများများ၊ အုန်းသီးများများ..."
ဒေါ်တုတ် စကားသိပ်မပြောချင်တာကြောင့် ခေါင်းပေါ်ကတောင်းကို ကလေးမထိအောင်ဂရုတစိုက် မြေပေါ်ချကာ မုန့်ဦးနှောက်နှစ်ခုပြင်လိုက်တယ်...
"ရီးတုတ်..."
"ဘာလဲ..."
"ရီးတုတ် ဘာလို့ပဲပြုတ်မရောင်းတော့တာလဲ။ အရင်ကဆို မနက်ပိုင်းပဲပြုတ်၊ နေ့လည်ပိုင်း မုန့်ဦးနှောက် အဲ့လိုလိုက်ရောင်းတာမဟုတ်လား..."
"ရော့ ညည်းမုန့်ဦးနှောက်...ကျုပ်ကို ငါးဆယ်ပေး..."
"ရော့...ရော့...ဒီမှာ...ဖြေဦးလေ ရီးတုတ်..."
"ညည်းမလဲ အတော်စပ်စုတာပဲ မိစိန်လှရယ်။ ငါ့မြေးကိုထိန်းနေရတော့ မုန့်ဦးနှောက်တစ်မျိုးပဲလုပ်ဖြစ်တာပေါ့အေ။ ကျုပ်နှစ်မျိုးမလုပ်နိုင်ပါဘူး။ ဒါပဲမလား။ ကျုပ်သွားတော့မယ်။ တောင်းကူသယ်ပေး..."
ဒေါ်တုတ် တောင်းကိုပြန်မသယ်ခင် ကလေးလွယ်ထားတဲ့ပုဆိုးကိုအသာပြန်ပြင်ပြီးကာမှ မိစိန်လှအကူအညီနဲ့ တောင်းကိုခေါင်းပေါ်တင်ကာရွက်ပြီး ဒီနေရာကနေ အမြန်ထွက်သွားဖို့လုပ်လိုက်တယ်။ ရင်ခွင်ထဲ အိပ်ပျော်နေတဲ့မြေးမလေးကိုကြည့်တော့လည်း နှာထိပ်လေးတွေ၊ ပါးလေးကိုတွေရဲလို့...အတော်အေးနေပုံပဲ...
"ရီးတုတ် အဲ့ကလေးကို နွားနို့တွေ၊ဆိတ်နို့တွေပဲတိုက်တော့မှာလား..."
ထိုမေးခွန်းကြောင့် ဒေါ်တုတ်စိတ်အတော်ဆိုးမိတယ်။ မိတဆိုးကလေးပါဆို မိခင်နို့ရည်ဘယ်တိုက်လို့ရမလဲ...
"ညည်းစကားက ဘယ်လိုလဲ မိစိန်လှ..."
"အော်...ကျွန်မက စေတနာနဲ့ပြောတာပါ။ ကျွန်မကလေးတွေကိုဆို ကျွန်မက သုံးလေးနှစ်ထိတိုက်တာလေ။ ကျွန်မကြားဖူးတာတော့ ကလေးတွေကို အမေနို့မတိုက်ပဲ နို့မှုန့်တွေ၊ ခု ရီးတုတ်တိုက်သလို နွားနို့တွေ၊ဆိတ်နို့တွေကျိုတိုက်ပါများရင် အဲ့ကလေးကတိရစ္ဆာန်သွေးပါပြီး ရိုင်းဆိုင်းတယ်ဆိုလား...."
"မိစိန်လှ!"
ဒေါ်တုတ် သူကြားနေရတဲ့စကားတွေကြောင့် ဒေါသတစ်ထောင်းထောင်းထွက်မိတယ်။ ဘယ်နှယ့် သူ့မြေးမလေးကို...
"ဟို ကျွန်မက စေတနာနဲ့..."
"ညည်းရဲ့ ကျက်သရေမရှိတဲ့ပါးစပ်ကို ပိတ်ထားစမ်းပါအေ။ နောက်တစ်ခါ ကျုပ်မြေးကို ခုလိုထပ်ပြောလို့ကတော့ ညည်းအာကိုကျုပ်လက်နဲ့ဆွဲဖြဲပစ်မယ်မှတ်။ ဒီအဖွားကြီးအိုနေပြီမထင်နဲ့။ ညည်းလောက်ကတော့ အရည်ခွံနွှာပစ်လို့ရတယ်!"
"အလိုတော် ကျွန်မက ကျွန်မကြားဖူးတာကိုပြောတာပဲ။ အဲ့လောက်စိတ်ဆိုးစရာလိုလို့လား..."
ဒေါ်တုတ် ဒေါသထွက်လွန်းလို့ ခုချက်ချင်းတောင်ဆံပင်ဆွဲပြီး ပါးရိုက်ပစ်လိုက်ချင်တယ်။ သူ့ရင်ခွင်ထဲက ကလေးသာ မပါလို့ကတော့ ဒီကောင်မကို မှတ်လောက်သားလောက်အောင် ပညာပြပြီးလောက်ပြီ...
"ဒီမှာ မိစိန်လှ ညည်းဟာညည်းဘယ်ကကြားကြား ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်မြေးမကို နောက်တစ်ခါ ခုလိုထပ်မပြောမိပါစေနဲ့။ ကျုပ်မကြိုက်ဘူး။..."
ဒေါ်တုတ် ဒေါသတကြီးပဲ ကြိမ်းမောင်းကာ ထိုနေရာကနေ တန်းထွက်လာလိုက်တယ်။ အနောက်မှာ သူ့ကိုပွစိပွစိပြောနေဦးမယ်ဆိုတာသိပေမယ့် မကြားချင်ယောင်ဆောင်ကာ ထွက်လာလိုက်တာက သူ့အတွက်ရော မြေးမလေးအတွက်ရော အကောင်းဆုံးပဲမဟုတ်လား။ အနည်းဆုံးတော့ ကိုယ့်ကိုလူကြီးတစ်ယောက်အနေနဲ့ သူတို့လေးစားကြသေးတာမို့ အော်ကြီးဟစ်ကျယ်လုပ်ရဲမှာတော့မဟုတ်ဘူးလေ...
"မနန်းစံလေးရယ်...ညည်းမလဲ အမြန်ကြီးလာမှပါအေ။ မဟုတ်ရင် ငါ့ဒေါသတွေကို မျိုသိပ်ပြီးနေရတာနဲ့တင် သွေးတက်သေလောက်တယ်..."
ဒေါ်တုတ် ရင်ဘက်ထဲမှာ အပူအပင်ကင်းကင်းအိပ်ပျော်နေတဲ့ လသားအရွယ်ကလေးငယ်လေးကို တွေ့ရတော့လည်း ပြုံးမိသား။ ဒီလိုကလေးငယ်လေးကို ထိန်းရတာပင်ပန်းပေမယ့် ဒီကလေးအရွယ်ရောက်လာလို့ အရောင်အသွေးစုံလွန်းတဲ့ လောကကြီးထဲခြေချတဲ့အခါ အရောင်ညစ်တွေစွန်းထင်းသွားမှာလည်းကြောက်ရသေးတယ်....
"ဟွန်း...မေကြီး ညည်းကို အဖြူစင်ဆုံးပန်းကလေးဖြစ်အောင် ပျိုးထောင်ပါ့မယ်အေ..."
__________
ဒုန်း!
"ဟဲ့! တိရစ္ဆာန်ကောင်! နင့်ဘာသာနင် အရည်မျိုစရာမရှိတာကို ငါ့အိမ်ထိလာပြီး ပြဿနာမရှာနဲ့!"
ဒေါ်တုတ် အိမ်ထိလာပြီးထန်းရည်ဖိုးလာတောင်းနေတဲ့ သားဖြစ်သူကိုဒေါသတကြီးပဲ အော်ဟစ်ပစ်လိုက်တယ်...
"မေကြီး...မီးမီးကြောက်ကြောက်..."
ဒေါ်တုတ် သူ့ဘကြီးကိုကြည့်ပြီး ကြောက်လန့်ကာ ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့ကလေးကိုဖက်ပြီး ပါးဖောင်းဖောင်းလေးပေါ်က မျက်ရည်လေးတွေကိုလက်ဖမိုးနဲ့အသာသုတ်ပေးလိုက်တယ်...
"ဒုန်း!"
"ဟဲ့ သူတောင်းစား! ငါ့အိုးတွေထပ်ထိရင် နင့်ကိုငါသူကြီးဆီပို့တော့မှာနော်!"
"ပို့ဗျာ! ပို့! ပို့! အမေလည်း အဲ့မျိုးမစစ်မကိုပဲ ချစ်ပြနေ။ ကျုပ်ကိုကြ ငွေလေးငါးရာပေးဖို့တောင် ကပ်စီးကုတ်နေတယ်! ခုပေးဗျာ။ ကျုပ်ကိုမပေးလို့ကတော့ အကုန်ရိုက်ခွဲပစ်မယ်..."
"ဟဲ့! နင်ငါ့မြေးကို အဲ့စကားပြောစရာမလိုဘူး! နင်ငါ့ကိုကြိုက်သလိုပြောလို့ရတယ်။ ငါ့မြေးကို အဲ့စကားမပြောနဲ့! ထွက်သွား!"
ဒေါတုတ် ဒေါသထွက်လွန်းလို့ဘေးမှာရှိနေတဲ့ ရေနွေးကရားနဲ့ မူးရူးနေတဲ့ကောင်ကို လှမ်းပစ်ပေါက်လိုက်တော့တယ်။ ဘယ်နှယ့် သူ့မြေးမလေးကိုပြောရက်လိုက်တာ။ အခြားသူပြောရင်တောင် ဥပေက္ခာပြုနိုင်သေးတယ်။ ခုတော့ ဒီကလေးရဲ့ ဘကြီးအရင်းဖြစ်တဲ့ကောင်က ကလေးကိုကာကွယ်ရမယ့်အစား ပြောရက်လိုက်တာဆိုတာ...
"အမေ့! ကျုပ်ပြောတာမှားလား။ အမေ့သမီး ရွထပြီးမြို့တက်သွားတာလေ။ ပြန်လာတော့ ဗိုက်တစ်လုံးနဲ့! ကျုပ်ရှက်လွန်းလို့ မျက်နှာကို ဓားနဲ့လှီးပစ်လိုက်ချင်တယ်..."
"ငါ့သမီးကို နောက်တစ်ခါပြောကြည့်စမ်း! နင့်မျက်နှာကို နင့်ဟာနင်ဓားနဲ့မလှီးခင် နင့်လျှာကို ငါဖြတ်ပစ်မယ်။ နင်တို့ငါ့ကို နှိပ်စက်လွန်းလို့ ငါ့သမီးလေးက ငယ်ငယ်ရွယ်ရွယ်နဲ့မြို့တက်အလုပ်လုပ်ခဲ့ရတာဟဲ့။ ငါ့သမီးလေးက သူတော်ကောင်းလေး။ လိမ္မာရေးခြားရှိတဲ့ကလေး။ ဘာလို့ လောကကြီးက အဲ့လိုလိမ္မာရေးခြားရှိတဲ့ကလေးကိုမှ စောစောခေါ်သွားရတာလဲမသိဘူး။ နင့်လိုအကောင်ကို အရင်ခေါ်ရမှာ!"
"ဟာ!!!!!"
ဒုန်း!!!
"မေကြီး...."
"ရော့ဟယ်...ရော့...ရော့! ယူသွားတော့။ ငါ့ဆီကိုသာ ထပ်မလာပါနဲ့တော့။ ငါရှိကြီးခိုးပါတယ်တော်..."
ဒေါ်တုတ် အထက်ဆင်မပါဘဲ ခပ်နွမ်းနွမ်းဖြစ်နေတဲ့ထမိန်အနားမှာလိပ်ထားတဲ့ ငွေအပိုငါးရာကို ထုတ်ကာ အမူးသမားကိုသာ ပေးလိုက်တော့တယ်။ အဲ့လိုမှမပေးရင် ဒီနှစ်နှစ်ကျော် ဘာအပြစ်မှမရှိတဲ့ကလေးကို မဲတော့မှာလေ...
"ပေး! စောစောက ပေးလိုက်ရင် ပြီးနေတာကို..."
ဒေါ်တုတ် သူ့လက်ထဲကငွေကို ဆက်ကနဲဆွဲယူပြီး တန်းထွက်သွားတဲ့သားဖြစ်သူကိုကြည့်ကာ မျက်ရည်ကျမိတယ်။ ဒီပုံစံအတိုင်းသာဆို ဒင်းမြန်မြန်သေပါစေလို့တောင် ဆုတောင်းပစ်လိုက်ချင်တော့တယ်....
"မေကြီး...မငိုနဲ့..."
"မေကြီး မငိုဘူးနော်။ နန်းစံလေးလည်း မငိုရဘူး..."
"ဟုတ် မေကြီး...မေကြီးမငိုရင် မီးမီးလည်း မငိုဘူး..."
"လိမ္မာလိုက်တာကွယ်..."
ဒေါ်တုတ် သူ့ကိုမျက်ရည်သုတ်ပေးနေတဲ့ လက်သေးသေးလေးတွေကြောင့် ပြုံးမိတယ်။ ဒီကလေးလေးကို သူဘယ်လိုပြုစုပျိုးထောင်ရပါ့မလဲ။ သူ့ကျန်းမာရေးကလည်း အရင်ထက်စာရင် တရှောင်ရှောင်ဖြစ်လာပြီ။ သူအားတင်းထားမှ ဒီကလေးရဲ့ ဘဝလေးလုံခြုံမှာ။ မေကြီးပင်ပန်းနေရင်တောင် အားတင်းထားပါ့မယ်ကွယ်...
__________
"မုန့်အုံးနှောက်!~~~"
"မုန့်အုံးနှောက်!!!!!"
ဒေါ်တုတ် သူ့နောက်အသံယောင်လိုက်ကာ အော်နေတဲ့ကလေးကိုငုံ့ကြည့်ပြီး ပြုံးမိတယ်။ ဘာလိုလိုနဲ့ ဒီကလေးတောင်ငါးနှစ်ကျော်အရွယ်ရောက်လာပြီပဲ။ ခုဆို သူသွားသမျှနောက် တကောက်ကောက်လိုက်ပြီး သူ့ကိုအတော်ကိုကူညီပေးနေတက်ပြီ...
"မုန့်ဦးနှောက်!~~~"
ကလောင်! ကလောင်!
"နန်းစံ...မေကြီးနားကပ်နေ။ အင်္ကျီကြီးမကိုက်နဲ့စမ်း..."
ဒေါ်တုတ် အင်္ကျီစကိုကိုက်နေပြန်တဲ့နန်းစံလေးကြောင့် လက်ကလေးကိုပုတ်ချကာ သူ့ဘေးကိုဆွဲခေါ်ပြီး အနားကပ်ခိုင်းထားလိုက်တယ်။ သူတို့ရွာမှာရှိတဲ့ တစ်ခုတည်းသော မူလတန်းကျောင်းလေးရဲ့ကျောင်းဆင်းချိန်ဆို မုန့်ဦးနှောက်အကုန်လုံးနီးပါးကုန်နေကြမို့ သူ့အပြင် ရွာထဲကသရေစာရောင်းတဲ့အသည်တွေအားလုံး ဒီအချိန်ဆို ကျောင်းရှေ့ပြုံရောက်လာကြပြီလေ...
"မုန့်ဦးနှောက်!~~~"
"မုန့်ဦးနှောက်!!!!"
ခေါင်းလောင်းသံထိုးပြီး မကြာခင်မှာပဲ ကျောင်းဝန်းထဲက ထွက်လာတဲ့ကလေးငယ်လေးတွေကြောင့် ဒေါ်တုတ် သူ့အသံကိုမြှင့်ကာ အော်ပစ်လိုက်တယ်။ သူ့နောက်က အသံဆာဆာလေးကလည်း အပိုအဖြစ်ပါလာတက်သေးတာပေါ့...
"မုန့်ဦးနှောက်တစ်ခုပေးပါ..."
"သားတို့ကို သုံးခု..."
ဒေါ်တုတ် ချက်ချင်းအုံလာတဲ့ ကလေးတွေကို မုန့်တွေပြင်ပေးနေတုန်း မုန့်ပေါ်အုန်းသီးလေးတွေ လိုက်ပုံပေးနေတဲ့ နန်းစံလေးကြောင့် ပြုံးမိတယ်။ ငယ်ငယ်က သူ့ရင်ခွင်ထဲမှာ သယ်နေရတဲ့ကလေးက ခုဆိုသူနဲ့တန်းတူလျှောက်ပြီး သူ့ကိုတောင်ကူပေးနိုင်နေပြီ...
-
-
-
"တစ်...နှစ်...သုံး...မေကြီး..."
"ဟေ..."
ဒေါ်တုတ် သူ့ထမီကိုဆွဲကာ ခြေလှမ်းကျဲကြီးတွေလျှောက်ပြီး ဆော့နေရင်း သူ့ကိုခေါ်လိုက်တဲ့ကလေးကြောင့် ဘာမှမကျန်တော့တဲ့တောင်းကို ကလေးမရှိတဲ့ဘက်ပြောင်းပိုက်ကာ ကျန်တစ်ဖက်က ကလေးလေးရဲ့ခေါင်းကိုကိုင်ကာပွတ်သပ်လိုက်တယ်...
"မီးမီးရော အဲ့ထဲဝင်လို့ရမှာလားဟင်..."
"ဘယ်ထဲလဲ နန်းစံရဲ့..."
"အဲ့ကျောင်းထဲ...ကိုကိုတို့နဲ့ မမလည်းရှိတယ်တဲ့။ ပြီးတော့ ညီမလေးကလည်း ကျောင်းသွားတော့မှာတဲ့..."
ဒေါ်တုတ် နန်းစံလေးရဲ့စကားကြောင့် ခနတာ တိတ်ဆိတ်သွားတော့တယ်။ နန်းစံလေးစကားကြားမှ ဒီကလေးကျောင်းတက်ရမယ့် အရွယ်ကိုရောက်တော့မယ်ဆိုတာ သတိထားမိတော့တယ်။ နန်းစံလေးပြောတဲ့ ကိုကိုတွေ၊မမတွေ၊ညီမလေးတွေဆိုတာ အကြီးမကြီးရဲ့ကလေးတွေကိုပြောတာ။ အငယ်ဆုံးလေးတောင် ကျောင်းတက်တော့မယ်ဆိုရင် နန်စံလေးကိုလည်းကျောင်းထားရတော့မှာပေါ့...
"သွားရမှာပေါ့ နန်းစံလေးရယ်။ မေကြီး နန်းစံကို ကျောင်းထားပေးမယ်နော်။ ဒါပေမယ့် နန်းစံလေးကစာတော့ကြိုးစားရမယ်..."
"ရေး!!!!!!! နန်းစံကြိုးစားပါ့မယ် မေကြီး။ ကိုကိုက ပြောတယ်။ အဲ့ကျောင်းထဲမှာဆို ပုံတွေလည်းဆွဲရတယ်။ ဆော့လည်းဆော့ရတယ်တဲ့။ ပြီးတော့လေ ကိုကို့ဆီမှာရှိတဲ့ကာတွန်းစာအုပ်တွေကိုလည်း အရုပ်ပဲကြည့်ရတော့မှာမဟုတ်ဘူး။ အဲ့ကာတွန်းတွေ ဘာပြောနေလဲဆိုတာပါ မီးမီးသိမှာတဲ့..."
ဒေါ်တုတ် ပျော်ရွှင်နေပုံပေါ်တဲ့ မြေးမလေးကိုကြည့်ပြီး ပီတိဖြစ်မိတယ်။ ဒီကလေးက ငယ်ငယ်ကတည်းက စောစောစီးစီးစကားစပြောပြီး ပိုက်ဆံတွေဘာတွေလည်း သူနဲ့အတူရည်တွက်တက်နေပြီ။ ဉာဏ်ကောင်းတဲ့ကလေးပဲ။ ပညာတက်ကြီးမဖြစ်ရင်တောင် မူလတန်းလေးအောင်စေချင်မိတာတော့အမှန်။ အဲ့ကြမှ ရေးတတ်၊ဖတ်တတ်ပြီး သူများနှပ်တာ မခံရမှာ...
"မေကြီး မီးမီးကိုကိုတို့ဆီသွားလိုက်ဦးမယ်! ကိုကို့ကို မီးမီးလည်း ကျောင်းတက်မယ့်အကြောင်း သွားကြွားမယ်!!!"
"ဟဲ့ နန်းစံ"
ဒေါ်တုတ် လှစ်ကနဲနေအောင် ပြေးထွက်သွားတဲ့နန်းစံရဲ့နောက်ကို ခပ်သုတ်သုတ်လျှောက်ကာပြေးလိုက်နေရတော့တယ်။ ပြေးနေတဲ့ နန်းစံလေးကိုကြည့်ပြီးတော့ သူဒီကလေးကိုကျောင်းထားဖို့ဆိုရင် အရင်ဆုံးအင်္ကျီလေးတော့ဝယ်ပေးရမယ့်အကြောင်းတွေးမိပြန်တော့ ထမိန်အနားထဲလိပ်ထည့်ထားတဲ့ ငွေလေးအနည်းငယ်ကို ထုတ်ကြည့်မိတယ်။ ကျောင်းစိမ်းမဝယ်ပေးနိုင်ရင်တောင် အတော်အသင့်အင်္ကျီလေးတော့ ဝယ်ပေးမှပါလေ...
__________
"မဟုတ်တာအမေရယ် စားဖို့၊ သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ထဲ ဒီကလေးကိုဘာကိစ္စကျောင်းထားမှာတုန်း အိမ်ကကောင်တွေဆီက ရေးတတ်၊ဖတ်တတ်ပြန်သင်ပေးရင် ရတာပဲဥစ္စာ..."
"ညည်းအဲ့လိုမပြောပါနဲ့အေ။ ညည်းသမီးကြီးကိုတောင် နောက်နှစ်ကြသံတုန်းရွာဘက်သွားပြီး အလယ်တန်းပို့မလို့ ပြင်နေတာမလား။ ညည်းသားအကြီးဆုံးဆိုလည်း ခုရှစ်တန်းတောင် ရောက်နေပြီလေ။ ဒါတောင်နောက်နှစ်ကြ မြို့က အထက်တန်းကျောင်းပါပို့မှာဆို..."
"အော် အမေရယ်...တူမလား။ ကျွန်မက ကျွန်မကလေးတွေကို ကျွေးနိုင်မွေးနိုင်တယ်။ အမေက..."
"တော်စမ်းပါအေ။ ညည်းကသာ ညည်းသား၊သမီးတွေကို ကျွေးနိုင်၊မွေးနိုင်တယ်ပြောနေတာ။ ကျုပ်ဆီတော့ ဟင်းတစ်ခွက်တောင်မရောက်ပါဘူးတော်..."
ဒေါ်တုတ် သူ့ရဲ့စကားကိုကြားတာနဲ့ မျက်နှာပျက်သွားတဲ့ သမီးဖြစ်သူကိုကြည့်ကာ မဲ့ရွဲ့ပစ်လိုက်တယ်။ ရွာထဲအချမ်းသာဆုံးလိုလို၊ဘာလိုလိုနဲ့ အမေအိမ်တော့ ဟင်းတစ်ခွက်တောင်မပို့တဲ့ အလကားဟာမ...
"ကဲ အမေဘယ်လောက်လိုချင်တာလဲ။ သမီးပေးလိုက်မယ်..."
"ကျုပ်သုံးထောင်ထဲ လိုချင်တာ။ ညည်းဆီက အလကားမယူပါဘူး။ ကျုပ် ပြန်ပေးမယ်စိတ်ချ..."
"မလိုပါဘူး အမေရယ်။ အမေ့ကို သုံးထောင်လောက်တော့ ကျွန်မပေးနိုင်ပါတယ်..."
"ကျုပ်လည်း မလိုပါဘူး။ ညည်းဆီကလည်း အလကားမယူရဲပါဘူး။ သုံးထောင်လောက်နဲ့ သုံးသက်စာလောက်ပြောမယ့်မိန်းမ...ပိုက်ဆံသာပေးစမ်းပါအေ..."
ဒေါ်တုတ် သမီးဖြစ်သူဆီက ငွေသုံးထောင်ကိုယူကာ ပြုံးမိတယ်။ ဒီငွေနဲ့ နန်းစံလေးကို ကျောင်းအတွက်လိုအပ်တာလေးတွေ ဝယ်ပေးရမယ်။ သူများတွေတောင် ကျောင်းတက်ရရင် ငါ့မြေးမလေးလည်း ကျောင်းတက်ရမှာပေါ့...
"မေကြီး!!!"
ဒေါ်တုတ် အတွေးလေးနဲ့သဘောကျနေတုန်းရှိသေး မိဘုတ်အိမ်နောက်က ကြားလိုက်ရတဲ့ နန်းစံလေးရဲ့အော်သံကြောင့် အပြေးအလွှားသွားရသေးတယ်...
အိမ်နောက်ရောက်တော့ မှောက်ရက်လေးလဲကာငိုနေတဲ့နန်းစံလေးကြောင့် ဒေါ်တုတ်ရင်ဝဖနောင့်နဲ့ဆောင့်ကန်လိုက်သည့်အလား ပူပန်သွားတော့တယ်...
"နန်းစံ ဘယ်လိုဖြစ်ရတာတုန်း...ဖတ်! ဖတ်! ဖတ်!"
ဒေါ်တုတ် ချက်ချင်းပဲ ကလေးကိုဆွဲထူပြီး ကလေးလဲကျနေတဲ့နေရာကို တံတွေးထွေးကာ မြေကို ခြေထောက်နဲ့သုံးချက်လောက် ပေါက်လိုက်တယ်...
"မေကြီး!!! ကိုကိုက မီးမီးကို မိမဲ့ဖမဲ့တဲ့..."
ဒေါ်တုတ် သူ့ကိုဖက်ပြီးငိုနေတဲ့ နန်းစံလေးကိုကြည့်ပြီး စိတ်မကောင်းလည်းဖြစ်မိသလို ဝမ်းလည်းနည်းမိတယ်...
"မိဘုတ်! ညည်းကလေးတွေရှေ့ အဲ့စကားတွေပြောပြန်ပြီလား!"
"မဟုတ်တာ အမေရယ်။ ဟဲ့ ငထူးဘာလို့ ညီမလေးကို အဲ့လိုပြောရတာလဲ..."
"အမေပြောတယ်လေ။ အမေပဲ နန်းစံက အဖေရော၊အမေရော မရှိတဲ့ မိမဲ့ဖမဲ့ဆို..."
"ဟဲ့! ငထူး!"
"တော်ပြီ မိဘုတ်...ရော့ ညည်းပိုက်ဆံပြန်ယူ။ ငါ ညည်းနဲ့လည်း မပတ်သတ်ချင်တော့ဘူး။ ညည်းကလေးရှေ့ ညည်းမပြောပဲနဲ့တော့ အဲ့လိုစကားတွေမတတ်ဘူး..."
"အဲ့လိုမဟုတ်ရဘူးအမေရယ်..."
"ဘာဆင်ခြေမှမကြားချင်ဘူး မိဘုတ်။ ညည်း တစ်ခုတော့မှတ်ထား။ ငါ့မြေးမလေးမှာ မိရင်း၊ဖရင်းမရှိပေမယ့် သူ့အဖွားရင်းငါတစ်ယောက်လုံးရှိပါသေးတယ်အေ။ မိဖဲ့၊ဖမဲ့ဆိုတဲ့စကားကို မသုံးစမ်းပါနဲ့။ လာနန်းစံ အဖွားတို့ သွားကြရအောင်..."
"အမေ့..."
ဒေါ်တုတ် မိဘုတ်ရဲ့ အသံကိုဥပေက္ခာပြုကာ တရှုံ့ရှုံ့ငိုနေတဲ့ မြေးမလေးကိုပွေ့ချီပြီး သမီးဖြစ်သူရဲ့ခြံဝန်းထဲကထွက်လာလိုက်တယ်။ ဒေါ်တုတ် မျက်ရည်ဝဲမိတယ်။ ဒီလို ကံမကောင်းတဲ့ ကလေးငယ်လေးကိုမှ မြေနိမ့်ရာလှံစိုက်ချင်ကြတဲ့ လူတွေကို နားမလည်နိုင်တော့ပါဘူး...
"နန်းစံ... မေကြီးတို့ ဟိုဘက်ရွာက ဘုရားပွဲသွားကြရအောင်..."
"တကယ်လား မေကြီး!"
ဘုရားပွဲဆိုတဲ့အသံကြားတာနဲ့ ချက်ချင်းပဲ အသံကြည်သွားတဲ့ကလေးကို ကြည့်ပြီး ဒေါ်ဘုတ် ပြုံးမိတယ်။ ကိုယ်တွေကသာ အပူအပင်တွေကို နားလည်ပြီးခံစားနေရပေမယ့် ဒီအရွယ်လေးတွေကြလည်း ဘာအပူအပင်မှမရှိ မေ့လွယ်၊ပျောက်လွယ်ပါလားနော်...
"လမ်းဆင်းလျှောက်မလား..."
"ဟုတ် မေကြီး..."
ဒေါ်တုတ် ချီထားရာကမြေပေါ်ချပေးလိုက်တာနဲ့ ချက်ချင်းပဲသူ့လက်ကိုတွဲပြီး ခုန်ဆွခုန်ဆွလျှောက်နေတဲ့ နန်းစံလေးကိုကြည့်ကာ မိညိုကို သတိရမိတယ်။ ဒီကလေးမလေးက သူ့အမေနဲ့ တစ်ထပ်ထဲနီးနီးကို တူတာပါ။ အဖေဘယ်သူမှန်းမသိရပေမယ့် သမီးဖြစ်သူအဖေနဲ့တူရင်ချမ်းသာပြီး အမေနဲ့တူရင်ဆင်းရဲတယ်ဆိုတဲ့စကားကြောင့် စိတ်တော့ပူမိသား...
"နန်းစံ မပြေးနဲ့နော်။ မေကြီး မောတယ်ကလေးရဲ့။ ဖြည်းဖြည်းသွားရအောင်..."
ဒေါ်တုတ် ကလေးလေးကို လက်တစ်ဖက်ကဆွဲရင်း ထမိန်အနားထဲက ငွေလေးနည်းနည်းကို စမ်းကြည့်မိတယ်။ ဒီရက်ပိုင်း နေလို့သိပ်မကောင်းလို့ ဘေးရွာက ဘုရားပွဲတောင် မုန့်သွားမရောင်းနိုင်ဘူး။ ပွဲကငါးရက်ဆိုတော့ မနက်ဖြန်မှ သွားရောင်းမယ်လုပ်ထားတာ။ ခုတော့ နန်းစံလေး စိတ်ကြည်သွားအောင် လိုက်ပို့လိုက်ပါဦးမယ်လေ။ ပြီးတော့ သူ့မှာပိုနေတဲ့ ငွေအနည်းငယ်နဲ့ အရုပ်လေးတစ်ခုလောက်တော့ ဝယ်ပေးလို့လောက်မယ် ထင်တာပါပဲ...
-
-
-
ညနေနေကျချိန်ဆည်းဆာနဲ့အတူ သာယာလှတဲ့ ဝါးလက်ခုပ်သံ၊နှဲသံတွေ ညံလှပြီး စားကောင်းသောက်ဖွယ်တွေ ပြည့်နှက်နေတဲ့ဘုရားပွဲကို သဘောတကျလျှောက်ပတ်ကြည့်နေတဲ့ နန်းစံလေးကိုကြည့်ပြီး ဒေါ်တုတ်ပြုံးမိတယ်...
"ကဲ နန်းစံ မေကြီးတို့ပြန်ကြရအောင်..."
"ဟုတ် မေကြီး!"
ဒေါ်တုတ် သူ့စကားတစ်ခွန်းဆိုတစ်ခွန်းနားထောင်တဲ့ နန်းစံလေးကြောင့် တကယ်ကိုရင်အေးရတယ်။ အခြားကလေးတွေလို ကလန်ကဆန်လုပ်တက်လို့ကတော့ သူထိန်းလို့ဘယ်နိုင်မလဲ...
"နန်းစံ..."
ကိုယ့်ရဲ့အသံကြားတာနဲ့ ချက်ချင်းမော့ကြည့်လာတဲ့ ကလေးကိုသေချာကြည့်မိတယ်။ အသားလေးညိုပေမယ့် မျက်လုံးဝိုင်းဝိုင်း၊နှာတံစင်းစင်း၊ နှုတ်ခမ်းဖူးဖူး၊ ပါးလေးတွေကလည်းဖောင်းကားလို့ ဒီကလေးသိပ်ချစ်စရာကောင်းလွန်းပါတယ်လေ...
"မေကြီး အရုပ်ဝယ်ပေးမယ်။ ယူမလား..."
"ယူမယ် မေကြီး!!! ရေး!!!"
အရုပ်ဆိုတဲ့အသံကြားတာနဲ့ ပျော်ရွှင်ခုန်ပေါက်နေတဲ့ကလေးကိုကြည့်ပြီး ပီတိဖြစ်စွာပဲ ထိုကလေးရဲ့လက်သေးသေးလေးကိုဆွဲကာ အရုပ်ဆိုင်လေးဆီကိုဦးတည် ခေါ်ဆောင်သွားလိုက်တယ်...
"အရုပ်ယူမလား အမေ..."
"အေးသား။ နန်းစံ...ဘာလေးလိုချင်လဲ..."
ဒေါ်တုတ် သူ့ကိုတရိုတသေ နှုတ်ဆက်ဖိတ်ခေါ်နေတဲ့ အရုပ်သည်ကို ခေါင်းညိတ်ပြကာ နန်းစံလေးကို ဘာအရုပ်လိုချင်သလဲမေးလိုက်တယ်...
"မေကြီး..."
"အင်္ကျီစကို မကိုက်နဲ့စမ်း!"
ဒေါ်တုတ် ဆိုင်ထောင့်မှာ ချိတ်ထားတဲ့နီကြောင်ကြောင်အသားအရည်ရှိတဲ့ အရုပ်မကို လက်ညှိုးထိုးပြကာ အင်္ကျီစကြီးကိုက်နေပြန်တဲ့ နန်းစံကြောင့် ဆူငေါက်ရသေးတယ်။ တစ်ခုခုမဝံ့မရဲဖြစ်ချိန်ရော၊ သူ့လစ်ချိန်ရော အင်္ကျီကြီးကိုက်တက်တဲ့ နန်းစံကြောင့် ဆူငေါက်နေရတာလည်း အကြိမ်ပေါင်းမနည်းတော့ပါဘူးလေ...
"သားလေး...အဲ့အရုပ်မက ဘယ်လောက်တုန်း..."
"တစ်ထောင့်ရှစ်ရာအမေ...အမေလိုချင် တစ်ထောင့် ခုနှစ်ရာနဲ့ပေးမယ်..."
"တစ်ထောင့်ရှစ်ရာ..."
ဒေါ်တုတ် သူကြားလိုက်ရတဲ့ ဈေးကြောင့် ရင်တောင်ထိတ်တယ်။ ဘယ်နှယ့် သူနဲ့သူ့မြေးမလေးစားစရိတ်တောင် တစ်နေ့တစ်ထောင်ဆို လောက်ငတဲ့ဟာ ဒီနီကြောင်ကြောင် အရုပ်မက တစ်ထောင့်ရှစ်ရာဆိုပဲ...
"နန်းစံ အခြားအရုပ်ယူပါလားကွယ်။ အဲ့အရုပ်မနီကြောင်ကြောင်ကြီးက လှတာလဲမဟုတ်ဘဲ..."
နှုတ်ခမ်းဆူကာ စိတ်မကောင်းဖြစ်သွားပုံပေါ်တဲ့ နန်းစံကြောင့် ဒေါ်တုတ်လည်း ဝမ်းနည်းမိတယ်။ အဲ့တာကြောင့် စိတ်ပြေလိုပြေညား အနားက အရုပ်တွေကို တစ်ချက်စောင်းငဲ့ကြည့်လိုက်တယ်။ ဒေါ်တုတ်မျက်လုံးထဲဝင်လာတာက အရွယ်အစားမတူစွာစီတန်းထားတဲ့ အနီရောင်အရုပ်တွေ...
"ဒီပစ်တိုင်းထောင်က ဘယ်လောက်တုန်း..."
"အဲ့ပစ်တိုင်းထောင် အသေးဆုံးလေးက သုံးရာအမေ။ အလတ်က ငါးရာ။ အကြီးဆုံးက ရှစ်ရာပါ..."
ဒေါ်တုတ် အရုပ်သည်ရဲ့အဖြေအဆုံး ထမိန်စထဲထည့်လိပ်ထားတဲ့ ကြေမွနေတဲ့ပိုက်ဆံအလိပ်လေးကိုထုတ်ကာ ဘယ်လောက်ရှိသလဲကြည့်လိုက်တယ်...
ပိုက်ဆံလိပ်လေးသေချာဖြန့်ကြည့်တော့ နှစ်ရာတန်တစ်ရွက်၊ တစ်ရာတန်သုံးရွက်နဲ့ ငါးဆယ်တန်နှစ်ရွက်...
"ရှစ်ရာမလုပ်နဲ့ ခြောက်ရာပဲထားလိုက်..."
"မရလို့ပါ အမေရယ်။ အလတ်ယူပါလား..."
"အို ထားလိုက်စမ်းပါ။ ကျုပ်လည်း ဒါပဲပါတာ။ အကြီး ရရင်တော့ယူလိုက်မယ် .."
"ကဲ ယူသွား...ယူသွား..."
ဒေါ်တုတ် ပစ်တိုင်းထောင်အရုပ်အကြီးဆုံးကို ချက်ချင်းပဲကောက်ယူကာ နန်းစံလေးကို ပေးလိုက်တယ်...
"မေကြီး ဒါကဘာအရုပ်လဲ..."
"ဒါကို ပစ်တိုင်းထောင်လို့ ခေါ်တယ် မြေးရဲ့။ ပစ်ကြည့်လိုက်။ ဘယ်လိုပစ်ပစ် သူကအမြဲတမ်းပြန်ထောင်တယ်..."
သူ့စကားဆုံးတာနဲ့ ချက်ချင်းပဲ အရုပ်ကိုကိုင်ကာ ပစ်ကြည့်နေတဲ့ကလေးကြောင့် ဒေါ်တုတ်ပြုံးမိတယ်။ သူဒီကလေးကို လိုသမျှဖြည့်စည်းပေးချင်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ လိုချင်တာတွေမဖြည့်စည်းပေးနိုင်ပေမယ့် ရှိတာလေးနဲ့လိုအပ်တာလေးတွေ ဖြည့်စည်းပေးနိုင်အောင် ကြိုးစားပေးရမှာပေါ့လေ...
"မေကြီး သူက မတ်တပ်ရပ်နေတယ်...."
"ဟုတ်တယ်လေ မြေးလေးရဲ့။ ပစ်တိုင်းထောင်ဆိုတာ ဘယ်လိုပစ်ပစ် ကျရာနေရာမှာ သူ့အားသူကိုးပြီးပြန်ထောင်နိုင်တယ်။ နန်းစံလေးလည်း ပစ်တိုင်းထောင်လေးလိုပဲ ဘယ်လိုအခက်အခဲပဲကြုံကြုံ ရင်ဆိုင်ပြီး လဲကျရာကနေပြန်ထရမယ်နော် မြေးလေး..."
"အဲ့တာဘာကိုပြောတာလဲ မေကြီး..."
ဒေါ်တုတ် မျက်လုံးလေးကလည်ကလည်နဲ့ မေးလာတဲ့ကလေးမလေးကိုကြည့်ကာ ပြုံးမိတယ်...
"ဥပမာကွယ်...ခုနက ကိုကိုက နန်းစံလေးကိုတွန်းချတော့ နန်းစံလေးလဲကျသွားတယ်မလား။ အဲ့လိုထပ်ဖြစ်ရင် နန်းစံလေးက ခုနကလိုငိုမနေဘဲ ဒီပစ်တိုင်းထောင်လေးလို ကိုယ့်ဘာသာကိုယ်ပြန်ထနိုင်ရမယ်။ ဟုတ်ပြီလား။ မေကြီး ပြောတာ နားလည်လား..."
"ဟုတ်...နန်းစံ နားလည်ပြီ..."
"အရုပ်လေးကို သဘောကျလား နန်းစံ..."
"သဘောကျတယ်။ သူ့ကို မီးမီးနဲ့ မေကြီးနားမှာသိပ်မယ်နော်...နော် နော်မေကြီး"
"ဟုတ်ပါပြီ ငါ့မြေးရယ်။ တကယ် အတတ်လေးတော်..."
သူ့လက်တစ်ပွေ့စာရှိတဲ့ အရုပ်ကလေးပိုက်ကာ ပျော်ရွှင်နေတဲ့ အဖြူထည်ကလေးမလေးနဲ့ ပစ်တိုင်းထောင်လေးလိုပဲ သူမရှိတော့တဲ့အချိန်မှာတောင် အခက်အခဲတွေ့တဲ့အခါတိုင်း ကိုယ့်အားကိုယ်ကိုးပြီးရင်ဆိုင်နိုင်စေချင်တဲ့ ဖွားအေဖြစ်သူတို့ရဲ့ မြင်ကွင်းက ဘေးကဖြတ်သွားတဲ့ လူတွေကိုတောင် နွေးထွေးမှုတွေ လွှမ်းခြုံသွားစေတယ်...
ဒေါ်တုတ် အပြစ်ကင်းလွန်တဲ့ မြေးဖြစ်သူကိုမြင်တဲ့အခါတိုင်း ဆုတောင်းမိတဲ့ဆုတောင်းက တစ်ခုတည်းရယ်ပါ။ သူ့အနေနဲ့ ဒီမြေးမလေးကို နန်းစံဆိုတဲ့နာမည်စီးပြီး နန်းတော်မှာစံစားရတဲ့ဘဝလို ပြီးပြည့်စုံတဲ့ဘဝမျိုးမပိုင်ဆိုင်ရရင်တောင် အေးချမ်းပြီးသာယာတဲ့ဘဝလေးကိုပိုင်ဆိုင် စေချင်မိတယ်။ ခုချိန်မှာတော့ အဲ့ဆန္ဒက တစ်ခုတည်းသော သူ့ရဲ့ဆုတောင်းပါပဲလေ...
*ပစ်တိုင်းထောင်*
//////////
{ ၄.၁.၂၀၂၅ }
{ ၉:၀၀ }
Keep Reading