မိုးနှောင်းအလင်္ကာ
လူ့ဘဝဆိုတာ အင်မတန်မှ ရခဲလှပါတယ်။ ဒီစကားကို အစက မယုံခဲ့ဘူး။ ကောင်းတာနဲ့မကောင်းတာ ထပ်တူသာညီမယ်ဆိုရင် လူ့ဘဝလည်း ရနိုင်ပါတယ်ဆိုတဲ့ လူ့ဂွစာသမား။ ကိုယ်တိုင်တွေ့မှ ရင်နင့်စွာ ယုံခဲ့ရခဲ့ပါတယ်။ တကယ်ဘဲ လူ့ဘဝ ဆိုတာ ရဖို့ခက်ခဲပါတယ်။
ဖြစ်ပုံက ဇီးကုန်းရွာကစရမယ်.....။အောက်ပြည်အောက်ရွာကနေ အထပ်အညာဘက်ကို တတ်ပြီး ငါးပိငါးခြောက် ကုန်ကူးတဲ့ ကုန်သည်ပေါ့။ အဲ့ဒီအချိန်တုန်းက ၁လမှ အထက်ကို သင်္ဘော တစ်စီးလောက်သာ တတ်တာဆိုတော့ အပြန်လည်း အနည်းဆုံး ၁လလောက်တော့ ကြာတတ်သည်။
"ကိုတင်မောင် ဒီတစ်ခါတော့ ကျုပ်တို့ရွာမှာတည်းဗျာ။ စားရေးသောက်ရေး ကျုပ်တာဝန်ယူပါတယ်။"
"ဟုတ်ပြီဗျာ။ ဒါဆိုလည်းသွားကြတာပေါ့။"
တင်မောင်တစ်ယောက် ငါးပိငါးခြောက်တွေကုန်တော့ ဇီးကုန်းရွာက ကိုတိုးကျော်ဆီမှာ ဘဲတည်းလိုက်တယ်။ ဟိုရောက်တော့ သူတို့အိမ်ဘေးနားက ဝါးအိမ်ကလေးမှာ နေဖို့ပြင်ပေးလိုက်သည်။
ညနေစောင်းရောက်သွားတာဆိုတော့ ညနေစာ စားပြီး အိပ်ရာ ထဲဝင်ခဲ့လိုက်တယ်။
"ဟီးးအင့်"
"ဟီးအီးး"
"ဟင်... ဘာသံလည်းဟ"
"ဖျက်.....ဖျက်"
ငိုသံကြား၍ထကြည့်ပေမဲ့ လူရိပ်ပြေးသွားသည်ကိုသာ တွေ့လိုက်သည်။ တစ်ခုခုထူးပြီဆိုတာသိလိုက်ပြီး အိပ်ရာထဲပြန်ဝင်ခဲ့လိုက်တယ်။ အရင်ကလည်း အသံပေးတာ၊ အနံ့ပေး ခြောက်တာမျိုးကို ခဏခဏ ကြုံဖူးပြီးသားမို့ ဒီလောက်နဲ့တင်မောင် မကြောက်တတ်ပါ။ ဒါပေမဲ့ အိမ်နောက်ဖက် မန်ကျည်းပင် ဘက်မှာတော့ တစ်ညလုံး ငိုသံကြားနေရပါသည်။
"ကိုတိုးကျော် ဒီဝိုင်းမှာ လူတွေဘာတွေ သေဖူးသလားဗျ။ ကျုပ်ညက ငိုသံတွေကြားရတယ်။"
"မသေဖူးပါဘူးဗျာ။ ခြေရင်းအိမ်က မမြရင် ကလေး ငိုတာဖြစ်ပါလိမ့်မယ်။"
တင်မောင် ဘာမှပြန်မပြောဖြစ်ပေမဲ့ စိတ်ကအလိုလိုသိနေသည်။ မမြရင် ကလေးက ၁နှစ်တောင်မပြည့်သေးပေ။ ညက ငိုသံကြားရသည်က ကလေးအသံလိုဆိုပေမဲ့ မွေးကင်းစ ကလေးလို အသံမျိုးမဟုတ်။
ညနေစောင်းရောက်တော့ မန်ကျည်းပင်နားသွားပြီး အခြေအနေကြည့်တော့ ကိုသာလှတို့ အိမ်က အသံကြား၍ အသာခိုးနားထောင်လိုက်သည်။
"အမလေး လန့်လိုက်တာ ကိုရင်သာလှရယ်။ အိမ်ရှေ့မှာ မမခင် ရှိတယ်တော့။ အဲ့လောက်အတင့်မရဲပါနဲ့တော်။"
"အေးမိ ရယ် နင့်မမခင် မသိပါဘူးဟာ။ ချစ်လို့ဖက်တာ ဘာဖြစ်တုန်း။ ဒီလိုနေတာ ခင်နဲ့ မရခင်ကတည်း ကကို ခုမှအကဲပိုမနေပါနဲ့"
" အို..... ကိုရင်သာလှကတော့ ပြောလေကဲလေပါလားတော်။"
သာလှက သူ့မိန်းမရဲ့ညီမဝမ်းကွဲ။ သူ့ခဲမနဲ့ ဖြစ်နေသည်များကို တွေ့တော့ တင်မောင် အသာပြန်ထွက်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ နောက်ဖေးဘက်မှာ အိုးသံခွက်သံကြားရ၍ အသာချောင်းပြီး ဝင်သွားလိုက်သည်။
ငါးနှစ်အရွယ် မိန်းကလေး တစ်ယောက် ကိုတိုးကျော်လာပို့ထားသော အမဲကြော်များကို ခိုးစားနေသည်။
"ဟိတ်ကလေးမ မင်းဘာလုပ်နေတာလည်း"
"ဟီးးအီးးဗြဲ....."
"ဟဟ မငိုနဲ့လေ မင်းကို ဘာမှမလုပ်ရသေးဘူး။ဟာ ပြောတော့မှ ပိုဆိုးနေပါပြီ။"
တင်မောင် တစ်ယောက် အမဲကြော်တွေခိုးစားနေသော ကလေးမကို လှန်းဟောက်လိုက်ကတည်းက ငိုနေတာ မိုးချုပ်မှဘဲ အငိုရပ်တော့သည်။
"ကဲ တိတ်ရင်လည်း မင်းအိမ်ဘယ်မှာလည်း လိုက်ပို့ပေးမယ်။ မိုးချုပ်နေပြီ။"
"မီးမီး အိမ်မရှိဘူး။ ဟိုနားက မန်ကျည်းပင်မှာနေတာ။"
"ဟမ်... ဒါဆို မင်းအမေရော"။
"မေမေ့က မီးမီးကိုမလိုချင်ဘူး။ အဲ့တာကြောင့် မန်ကျည်းပင်က ကြီးဒေါ်ကြီးဆီပေးလိုက်တာ"။
"မီးမီး အမေက ဘာဖြစ်လို့ မီးမီးကို မလိုချင်တာလည်း"။
"အဲ့တာက .... မီးမီးပြန်တော့မယ်။ ကြီးဒေါ် ခေါ်နေပြီ။"
တင်မောင်ဆုံးအောင်တောင်မမေးလိုက်ရ ကလေးမလေးပြေးထွက်သွားသည်။ မန်ကျည်းပင် ဘက်ကိုပြေးထွက်သွား၍ မျက်စိရှေ့မှာတင်ပျောက်သွားမှ ထိုကလေးက လူမဟုတ်မှန်းသတိရတော့သည်။
နောက်နေ့ အဲ့ဒီကလေးမ ထပ်ရောက်လာသည် တင်မောင်နဲ့စကားတွေပြောပေမဲ့ သူ့မိဘအကြောင်းမေးတိုင်း ပျောက်သွားတတ်သည်။ တစ်နေ့ တင်မောင်အိပ်နေတုန်း ကလေးမ ရောက်လာသည်။
"ဦးဦး ..ထပါဦး။ ဦးဦး။"
"ဟေ... ဘာဖြစ်တာတုန်းသမီး။ ဗိုက်ဆာလို့လား။"
"မဟုတ်ပါဘူး။ မီးမီး အမေအကြောင်း ပြောပြမလို့။
"ဟေ အေးပြောလေ သမီးရဲ့။"
လွန်ခဲ့တဲ့ ငါးနှစ်က သာလှဟာ မခင်မေ နှင့်စေ့စပ်ထားပေမဲ့ ညီမတစ်ဝမ်းကွဲဖြစ်သော အေးမိနှင့် ချစ်ကြိုက်နေခြင်းဖြစ်သည်။ မခင်မေနှင့် လက်ထက်သည့်နေ့မှာပင် အေးမိတွင် ကိုယ်ဝန်သုံးလ ရှိနေပြီဖြစ်သည်။ လက်သည်နှင့် နှိတ်ချရန် လည်း အေးမိက ကြောက်သည်ဆိုသဖြင့် မွေးပြီးမှကြည့်စီစဥ်ရန် လုပ်လိုက်သည်။
"အေးမိ ဒီကလေး မွေးလာရင်လည်း အသက်ရှင်လို့မရဘူးနော်"။
"အင်းပါ ကိုရင်သာလှရယ်။ ကျုပ်စီစဥ်လိုက်ပေါ့မယ်။ ဒါနဲ့ ကြီးကြီးတို့က တရားစခန်း ရာသက်ပန်ဝင်သွားပြီ။ ကျုပ်က ကိုရင်သာလှတို့ အိမ်မှာ လိုက်နေရာမှာ အဲ့တာ ဗိုက်ကိစ္စ မမခင်သိရင် ဘယ်လိုလုပ်မလည်း။"
"အဲ့ကိစ္စငါကြည့်ရှင်းမယ်။ နင်ငါပြောတဲ့အတိုင်းသာလုပ်။"
သာလှနဲ့ ခင်မေ တို့ မင်္ဂလာဆောင်ပြီးတော့ ဇီးကုန်းရွာ မှာသွားနေသည်။ ယာတွေက တောလှကုန်းရွာတွင်ဖြစ်၍ ယာလုပ်ချိန်ဆို တောလှကုန်းတွင်ပြန်နေသည်။
အေးမိ ကိုယ်ဝန် ၇လလောက်တွင် တောလှကုန်းမှာ သာလှတို့ လင်မယားနှစ်ယောက်ပြန်နေ၍ ဇီးကုန်းရွာက အိမ်တွင်အေးမိကို အိမ်စောင့်ထားခဲ့သည်။
အေးမိမီးဖွားချိန်တွင် ဇီးကုန်းရွာက လက်သည်ကို ငွေပေး၍ မီးဖွားစေသည်။
"မွေးပြီဟေ့ ...။ မိန်းကလေး အေးမိရဲ့ ဖြူဖြူဖွေးဖွေးကြီးတော်ရေ။"
"ကြီးဒေါ် လုပ်စရာရှိတာ လုပ်ပြီးရင်ပြန်တော့။ ကျုပ်ဘာသာ ကျုပ်ရှင်းမယ်။"
ဝမ်းဆွဲသည်အဒေါ်ကြီးပြန်တော့ အေးမိလည်း ကလေးကို ငုံကြည့်ရင်း ကျိန်ဆဲလိုက်သည်။
"သေနာမလေး နင့်ကြောင့် ငါခုလို ဒုက္ခ ခံရတာ နင့်ကို မြန်မြန်လက်စဖျောက်မှ"
အိမ်ခေါင်းရင်းက မန်ကျည်းပင်အောက်တွင် ကိုသာလှက မြေကျင်းတူးပြီးစောင့်နေလေသည်။
"ကိုရင်သာလှ ကြည့်အုံးမလား။ ကြည့်မနေတော့ဘူး ပစ်သာချလိုက်"
"ဘုတ်...။အိ...ဟီးးးအီးးး။"
ကလေးငိုသံကျယ်လောင်စွာ ထွက်လာသည်မို့ သာလှ မြေကျင်းထဲသို့ မြေကြီးခဲများ အတင်းဖို့တော့သည် သိပ်မကြာလိုက် မြေသားများ ပြည့်သွားတော့ အေးမိနှင့်သာလှလည်း ပြန်ပြီး ဟန်မပျက်နေခဲ့လေသည်။
အဲ့ဒီညက မေမေ့ဆီက သမီးလေး လို့လည်းမခေါ်ဘူး။မီးမီးအပြင်ရောက်တော့ ကျောတစ်ခုလုံး နာနေပြီး နီနီအကောင်တွေလည်း ကိုက်တယ်။ ရှည်မျောမျောအကောင်ကြီးတွေက မီးမီးအသားထဲ ဖောက်ဝင်နေတာ။ မီးမီး ဖေကြီးကိုခေါ်တယ်။ ဖေကြီးလည်းမကြားဘူး။ မေမေလည်းမကြားတော့ဘူး
"တောက်..... ရက်စက်လိုက်ကျတာ။ သားသမီးအရင်းကိုတောင် လုပ်ရက်လိုက်တာ။"
"ဦးဦးသိချင်တယ်ဆိုလို့ မီးမီးပြောပြတာ။ ကြာကြာနေလို့မရတော့လို့ ပြန်တော့မယ်နော် ဦးဦး။"
ထိုကလေးမ ထွက်သွားပြီး မနက်မိုးလင်းသည်အထိ တင်မောင် အိပ်မရတော့။ သာလှနဲ့ အေးမိကို ဒေါသများထွက်ပြီး သူတို့ရဲ့ ခွေးဇာတ်ကို အများသိအောင် ဖော်ရန်ကြံစည်လေသည်။
ကိုတိုးကျော်နဲ့တိုင်ပင်၍ သူကြီးရော သာလှရဲ့ မိန်းမ မခင်မေ ရောကို စောင့်စေ၍ အေးမိနှင့် သာလှ ကို စောင့်ဖမ်းလေသည်။ မခင်မေက သူ့အမေရှိတဲ့ တရားစခန်းကို ၂ညအိပ်သွားမယ်ဟုပြောကာ လှည့်ထွက်လာခဲ့သည်။ ထိုညမှာဘဲ။
"အေးမိ ချစ်ချင်လို့ကွာ။"
"ကိုရင်သာလှကလည်းတော် အကဲပိုပြန်ပြီ။"
"မပိုပါဘူး။ အေးမိလေးရယ်လိုတောင် လိုပါသေးတယ်။"
"အေး လိုတာတွေ ပိုတာတွေ နောက်မှရှင်း အခုတော့ သေဖို့သာပြင်"
"ဘုန်း...။ အုန်းခွမ်း...။"
မခင်မေ တော်တော့။ သူ့တို့အပြစ်ကို တရားဥပဒေ က ဆုံးဖြတ်ပါလိမ့်မယ်ဗျာ။
သာလှ တို့ စကားပြောနေတုန်း မခင်မေရောက်လာ၍ ပွဲကြမ်းသောကြောင့် အမြန်ထိန်းလိုက်ရသည်။ ထို့နောက် အေးမိနှင့်သာလှကို ရဲစခန်းပို့၍ စစ်မေးလေရာ ကလေးကိစ္စအထိ အကုန်ပြောတော့သည်။
မန်ကျည်းပင်အောင်ကို တူးကြည့်တော့ ထဘီအစုတ်ဟု ထင်ရသော အဝတ်စုတ်နှင့် ထုပ်ထားသော ကလေးအရိုးစု တစ်ခုကိုတွေ့ရသည်။ သက်သေများခိုင်လုံသောကြောင့် အေးမိနှင့်သာလှ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ်၂၀ ကျသည်။
တင်မောင်လည်း အောက်ပြည်မပြန်ခင် ကလေးမလေးအတွက် ဆွမ်းကပ်ကာ အမျှဝေပေးခဲ့ပါသည်။
ထိုနေ့မှ စ၍ ကိုတင်မောင်တစ်ယောက် ရခဲလှသော လူ့ဘဝကို အကျိုးရှိစွာအသုံးပြုရင်း မီးမီးဟု သုံးနှုန်းတတ်သော ခလေးမလေးအား ကုသိုလ် တစ်ခုပြုတိုင်း အမျှဝေဖြစ်ခဲ့သည်။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါသည်။)
Keep Reading