Author's Profile Photo

Briann

30/12/2024

မြောက်လေဆော်တဲ့သည်အလွမ်း

1 min read
Fiction
Entertainment
မြောက်လေဆော်တဲ့သည်အလွမ်း's photo

အချိန်ကား နံနက် ၃ နာရီဝန်းကျင်ခန့်…

ညအမှောင် ညအမိုက်ကို အလင်းဆောင်တဲ့ လမင်း၏ အရှိန်အရောင်ကြောင့် ကျွန်တော့် အိမ်အနားရှိ ရေကန်သည် ငွေရောင်တစ်လှည့် အပြာရောင်တစ်လှည့် တောက်ပလျှက်ရှိနေပါသည်။ ဆောင်းဦးကာလဖြစ်၍ လောကတစ်ခွင်လုံးသည် အေးစိမ့်လှသည့် မြောက်ပြန်လေ
ကြောင့် ဆောင်းခိုအိပ်စက်နေသည့် ဝက်ဝံကြီးသဖွယ် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ အခါလွန်မိုးပွါးပေါက်ကလေးများကလည်း ဆောင်းဟေမန်အအေးဓာတ်အား တစ်ဖက်တစ်လှမ်းမှ အားပေးသည့်သဖွယ်ဖြစ်နေလေသည်။

xxxxxxx

တစ်ခါက ကိုယ်နဲ့မကွာသိမ်းထားခဲ့ဖူးတဲ့ စာရွက်လေးတစ်ရွက်အား အိပ်ရာအောက်မှထုတ်ကာ ပြန်ဖတ်ရင်း လွန်ခဲ့သော တစ်နှစ်က အချိန်တွေအားပြန်လည်တွေးတောနေမိလေသည်။ 

လူတွေဟာ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဖြစ်သည်ဟု ဆိုကြသလို တချို့ကလည်း အကျယ်ကြီးဖြစ်သည်ဟု သမုတ်ကြပြန်သည်။ ကျွန်တော်ကတော့ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးဖြစ်သည်ဟု လက်ခံထားသူပင်ဖြစ်သည်။ ယခင်က သည်အဓိပ္ပာယ်၏ ဆိုလိုရင်းကို နားမလည်ခဲ့ ၊ တတ်သိနားလည်သူများအား မေးကြည့်ပြန်တော့လည်း “မင်းတစ်ချိန်ချိန် နားလည်လာမှာပါကွာ” ဟူသော အဖြေသာရခဲ့သည်။ အခုတော့ ကျွန်တော်နားလည်ပါပြီ။ အများအဖြေ၊ ခံယူချက်နှင့် တူ၊ မတူ မသိသော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်သွားခြင်းပင်ဖြစ်သည်။

ယခင်နှစ်က ဒီလိုအချိန်မျိုးတွင်

“ ညဘက်ဆိုအရမ်းအေးတယ်နော် နွေးနွေးထွေးထွေးဝတ် ၊ စောစောစီးစီးအိပ်ပါနော် ကိုမြင့်

ကိုမြင့်ဖျားနားကိုက်ခဲတာ ကျွန်မ မမြင်ရက် ၊ မကြားရက်ဘူး “

ဟူသော စကားသံများကို မကြာခနကြားနေရမြဲဖြစ်သည်။ အိပ်ခါနီးတိုင်း အမြဲလိုလို ကြားနေရတဲ့ ကျွန်တော့်အဖို့ မကြားရလျှင် ရင်ထဲ ဟာတာတာဖြစ်သည်အထိ ကျင့်သားရနေလေသည်။ အခုတော့ ထိုအသံများ ဘယ်ဆီဘယ်ဝါသို့ ထွက်သွားမှန်းမသိ ၊ မကြားရတော့ပေ။
ထို ကရုဏာသက်သည့်အသံများမကြားရတော့သည်မှာ သုံးလကျော်ခဲ့ပြီဖြစ်သည်။ သူမ၏ အငွေ့အသက်များသည် တစ်စပြီးတစ်စ ပျောက်ကွယ်စပြုလာပေသည်။ ယခင်က အလွန်ပင် ရင်းနှီးခဲ့ကြသော လူနှစ် ယောက်၊ ယခုအခါ သွားရာလမ်းမှာတွေ့လျှင်ပင် မျက်လုံးချင်း မဆိုင်ချင်ကြတော့သည်အထိ သူစိမ်းဆန်သွားစေသည့် လောကကြီးအား အလွန်ပင် ဆန်းကြယ်ရှုပ်ထွေးကာ ကျွန်တော့်အား ပြက်ရယ်ပြုနေသလား ဟုပင်ထင်ရပေသည်။ 

ထိုသို့ နှစ်ကိုယ်ကြားသူစိမ်းဆန်သွားကြပြီဖြစ်သော်လည်း လုံးဝန်းနေသောရွှေဝါရောင်နေမင်းကြီး၏ ရောင်စဉ် သွယ်ကလေးများသကဲ့သို့ သူမ၏လုံးဝန်းနေသော မျက်ဝန်းကလေးများ အစဉ်ဝင်းလက်နေသည်က်ို ကျွန်တော် အမြဲအမှတ်ရမိနေသည်။ အမှတ်တရများသည် ညစဉ်ညစဉ် ခေါင်းထဲ အမှတ်တမဲ့ဝင်လာလျှက်ရှိနေပေသည်။ ယခုအခါမှာလည်း မြောက်ပြန်လေ တစ်ချက်
တစ်ချက် ဝှေ့လိုက်တိုင်း သောကအလွမ်းများသည် လေနဲ့အတူ ပါလာသကဲ့သို့ အလွမ်းဓာတ်ကို ပိုမိုခိုင်မာလာစေသယောင်ယောင်…

သို့သော် ဖြစ်ခဲ့ဖူးသော အတိတ်ကာလအဖြစ်အပျက်များအား လက်ရှိ ပစ္စုပ္ပန်တွင် ပြန်လည်ဖန်တီးယူရန်မှာလည်းမဖြစ်နိုင်။ သူနဲ့ကျွန်တော် လူချင်းနီးနေသော်လည်း စိတ်ချင်းဝေးသွားခဲ့ပြီဖြစ်သည်။သူ့အတွက်စိတ်ထဲမှ ဂရုစိုက် ပူပန်ပေးရုံမှလွဲ၍ ကျွန်တော် ဘာမျှမတတ်နိုင်။ အတွေးများကမဟူရာကောင်းကင်အား မြူနှင်းစက်ကလေးများ အုပ်ထားသကဲ့သို့ ဝေဝါးလျှက်နေပေသည်။ စိတ်ခံစားချက်များသည် မျက်လုံးထဲမှ စာရွက်ပေါ်သို့ တစ်စတစ်စ စီးကျလာလေသည်။ ထိုအခါ နာရီလှမ်းကြည့်မိရာ မနက် ၄ နာရီ ၆ မိနစ်ဖြစ်နေပြီဖြစ်သည်။ ထိုအခါမှ စာရွက်ကို အိပ်ရာအောက်သို့သပ်သပ်ရပ်ရပ်ပြန်သိမ်းကာ တိုတောင်းလှသော်လည်း ရှည်လျားသည်ဟုထင်ရသည့် ညတာအား မြန်မြန်ကုန်ဆုံးချင်သောစိတ်ဖြင့် ခေါင်းအုံးပေါ်သို့ အတွေးများဖြင့်ပြည့်နှက်နေသောာခေါင်းဖြင့်ပစ်လှဲချကာ အိပ်ပျော်ရန်ကြိုးစားရပေတော့သည်။ ။

ဤသို့ဖြင့် တစ်ချိန်ကတစ်လမ်းတည်းအတူလျှောက်ခဲ့ကြသော လူနှစ်ယောက်သည် ယခုအခါ ပြန်မဆုံနိုင်သော လမ်းကိုယ်စီဖြင့်ဘဝကိုရှေ့ဆက်နေကြရလေတော့သည်။ ။

Keep Reading

မေတ္တာမဏ္ဍိုင်ချစ်ရသူရဲ့သွေးရှန်ဂရီလာတစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲအဆိပ်“အရှင်ထွက်”တစ်ကျွန်းစံ၏အပြန်လမ်းအဆိပ်ရဲတိုက်