မိုးနှောင်းအလင်္ကာ
(ဖြစ်ရပ်မှန်)
အိမ်က နားကပ်ကလေး တစ်ဖက်ပိန်နေလို့ ကွင်းလေးရွာ ပန်းထိန်မှာ သွားပြင်ရင်း ဘိလိယက်ခုံ မှာ ဝင်ကစားနေလိုက်တယ်။ ဘိလိယက်ခုံက အရက်ပါရောင်းတာဆိုတော့ ကွက်တိပေါ့ဗျာ။ အရက်ဆိုင်ထဲ ဝင်တော့ ကျုပ်တို့ရွာမှာ အရင်က လာကျတဲ့ငကျောင်းဆရာလေးကိုတွေ့ တယ်ဗျ။ အခုတော့ သူလည်း အလုပ်ထွက်လိုက်ပြီ။
ဒါနဲ့ ကျုပ်လည်း ရွှေသုံးဘူးဝယ်လိုက်ပြီး ဘေးက ဆရာလေးကို တစ်ဘူး ပေးလိုက်တယ်။
"ဟ ကျေးဇူးပါ ကိုခင်မောင်ရေ။ ဒါနဲ့ခများ မသောက်စဖူး လာသောက်လို့ပါလားဗျ။"
"ဒီလိုပါဘဲ ဆရာလေးရယ်။ ကျုပ်လည်း ပစ္စည်း
စောင့်ရင်း ပျင်းတာနဲ့ လာသောက်တာ။"
"ကိုခင်မောင်ရယ် ကျုပ်ကဆရာလေးမဟုတ်တော့ပါဘူး။ မင်းထိန် လို့ဘဲ ခေါ်ပါဗျာ
"ဟုတ်ပါပြီ ဆရာ အဲ ကိုမင်းထိန်။"
"ကဲသောက်ဗျာ။ ကိုခင်မောင် ကျုပ်တော့ တစ်ဝိုင်းလောက်ဝင်ပါလိုက်ဦးမယ်။"
ကျုပ်နဲ့ ကိုမင်းထိန်လည်း ဘိလိယက်ထိုးရင်း နဲ့ ည၈နာရီကျော်တော့ အတော်ရေချိန်ကိုက်နေပြီဗျ။ အဲ့တာနဲ့ ပန်းထိန်ဆရာဆီက နားကပ်ယူပြီး ဘိလိယက်ခုံထဲက ထွက်လာခဲ့တယ်။ ကျုပ်တို့ရွာ အစုလေးနဲ့ ကွင်းလေးဆိုတာ သိပ်မှမဝေးဘဲကို။ ဆိုင်ကယ်နဲ့ ၁၅မိနစ်လောက် ဘဲမောင်းရတာဗျ။ ကွင်းလေးရွာအထွက် ရထားသံလမ်း အရှေ့နားမှာ လူတစ်ယောက် ဆိုင်ကယ်တားနေတာ တွေ့လို့ကျုပ်လည်းရပ်ပေးလိုက်တယ်။
"အကို ကျွန်တော်ကို ကွင်းလေးရွာ ဘိလိယက်ခုံနားကို လိုက်ပို့ပေးစမ်းပါဗျာ။ "
"ဟေ... အော်အေး
ဒါနဲ့ ခများက ဘယ်ကလာတုန်း"
"ကျွန်တော် တပ်ထဲကပါ။
ဒီရွာက တစ်လပြည့် အလှူဖိတ် ထားလို့ပါ။ လမ်းလျှောက်လာရတာဆိုတော့ အတော်ညောင်းနေလို့ပါဗျာ။"
လူကလည်း မူးစပ်စပ်ဆိုတော့ ကူညီချင်စိတ်တွေယိုဖိတ်လာပြီး နောက်ပြန်လှည့်ရမှာကလည်းသိပ်မဝေးတော့ လိုက်ပို့ဖို့ဆုံးဖြတ်လိုက်တယ်။
"ကဲတတ်ဗျာ..."
ဆိုင်ကယ်ပေါ်တတ်လိုက်တာနဲ ရုပ်ခြည်းဆိုသလို ဆံပင်မွှေးတွေ ထောင်ပြီ ကြက်သီးမွှေးညင်းတွေပါထသွားတယ်။ အနည်းငယ်ကြောက်သွားပေမဲ့ မထူးတောတာမို့ လှည့်မကြည့်ဘဲ မောင်းထွက်လာခဲ့တယ်။
မောင်းနေရင်း ခါးလာဖက်တဲ့ လက်တစ်စုံက အေးစက်စက်ကြီးဗျ။ ကျုပ်လည်း လန့်သွားတာပေါ့။ ဒါပေမဲ့ ဆောင်းဝင်လာပြီ ဆိုတော့ အေးတာဖြစ်နိုင်ပါတယ်လို့ ဖြည့်တွေးရင်း ဆက်မောင်းလာခဲ့လိုက်တယ်။
လမ်မှာလည်း စကားမပြောရဲသလို လှည့်တောင်
မကြည့်ရဲခဲ့ပါ။ မသိစိတ်ကသေချာနေပါပြီ လူတစ်ယောက်မဟုတ်ဘူးဆိုတာကို။ အဲ့တာနဲ့ ဘိလိယက်ခုံနား ရောက်တော့....။
"ရောက်ပြီ"
"ဟုတ်ကဲ့ အကို ရောက်ပြီလား......။
"ဟမ်"
နောက်က တစ်ယောက်က ရောက်ပြီပြောလို့ ဆိုင်ကယ်ရပ်လိုက်ပြီး နောက်လှည့်မေးတော့ လူကမရှိတော့။ လမ်းကလည်းအရှင်းကြီး ဘေးမှာ လည်း ခြုံတွေဘာတွေ လည်းမရှိဆိုတော့ နည်းနည်းလန့်သွားတယ်ဗျ။ ကြောက်သွားပေမဲ့လည်း အရက်ကလေးဝင်ထားတော့ ပြန်ရဲတာပေါ့ဗျာ။
အိမ်ပြန်ရောက်တော့ နားကပ်ကလေး သိမ်းပြီး ဘာမှ စဥ်းစားမနေဘဲ အိပ်လိုက်တော့တယ်။
မနက်မိုးလင်းတော့ ညကအဖြစ်ကိုပြန်တွေးပြီး ကျောထဲစိမ့်လာတယ်။ အမူးပြေသွားမှ ညက ဘာကောင်ကြီးကို တင်လာလည်းဆိုတာ စဥ်းစားမိပြီး ကိုမင်းထိန်ကို ဖုန်းလှမ်းဆက်ပြီးမေးလိုက်တယ်။
"ဟဲလို ကိုမင်းထိန်"
"အေး ခင်မောင် ပြောကွာ။ "
"ကွင်းလေးရွာက သူများတစ်လပြည့်တွေ ဘာတွေများရှိသလား ကိုမင်းထိန်ရ။"
"ဟ ငါလည်းအဲ့တာတော့ သေချာမသိဘူး။ ဘာဖြစ်လို့တုန်း။"
"ဒီလိုဗျ။"
ညက အဖြစ်ကို ကိုမင်းထန်ကိုပြောပြပြီး စုံစမ်းခိုင်းလိုက်တယ်။ မနက်၈နာရီလောက် ကိုမင်းထိန် ဖုန်းဆက်လာတယ်။ စစ်မှုထမ်း မဲနှိုက်တဲ့အထဲမှာ ပါသွားတဲ့ ကျော်ထွေးဆိုသူရဲ့ တစ်လပြည့်တဲ့။ ကျုပ်လည်း အဲ့လိုကြားလိုက်တာနဲ့ ဖျားတော့တာဘဲဗျာ။
........ ......... .......... ........... .......... ............ ..........
လွန်ခဲ့တဲ့ ၇လ..... ၂၀၂၄ ၅လပိုင်းလောက်က ဧရာဝတီဘက်ကို စစ်မှုထမ်း ဖို့လာပြောကြတယ်။ ကွင်းလေးရွာမှာလည်း မဲနှိုက်ကြဖို့ ပြောပေမဲ့ မဲမနှိုက်ဘဲ သွားချင်သူက သိန်း၄၀ပေးမယ်လို့ လူကြီးတွေ ဆုံးဖြတ်ခဲ့ကြတယ်။ သိန်း၄၀ ဆိုတဲ့အသံကြားတာနဲ့ ကျော်ထွေးတစ်ယောက် စိတ်လှုပ်ရှားမိတယ်။
အစစအရာရာ စျေးတတ်နေတဲ့ခေတ်ကြီးမှာ ယိုင်နဲ့နဲ့အိမ်ကလေးကို ပြန်ပြင်ဆောက်လိုက်တာကြောင့် အကြွေးတွေလည်း ပတ်လည်ဝိုင်းနေပြီ။ ရတဲ့အလုပ်ကလေးနဲ့ သားအမိနှစ်ယောက် စားလောက်ယုံသာ တတ်နိုင်တာမို့ အကြွေးလည်းကျေပြီး ပိုတာလေး အရင်းအနှီးလုပ်လို့ရအောင် သွားဖို့ဆုံးဖြတ်လိုက်တယ်။
၃လလောက်အထိ အဆက်အသွယ်ရပြီး တပ်ကြပ်အထိ ရာထူးတိုးတယ်လို့ သတင်ကြားရတယ်။ အဲ့ဒီနောက် အဆက်အသွယ်မရတော့ဘဲ ၁၂လပိုင်းလောက်မှာ ရွာကိုသတင်းတစ်ခု ရောက်လာတယ်။ ကျော်ထွေးဆုံးပြီတဲ့။ အဲ့တာနဲ့ ၁၂လပိုင်း ၁၅ရက်နေ့က ကျော်ထွေးအမေက သူ့သားအတွက် တစ်လပြည့် အလှူလုပ်ပေးခဲ့တယ်။
၁၄ရက်နေ့ ညနေပိုင်းမှာကျော်ထွေး ဟာ ကိုခင်မောင်ဆိုင်ကယ် ကိုလိုက်စီးခဲ့တယ်ဆိုတာသေချာနေပါပြီ။ အိမ်ပြန်လမ်းအကြုံလိုက်ခဲ့သော သနားစရာ
ဘုံဘဝ သားဖြစ်ပါတယ်။
"သနားစရာသိပ့်ကောင်းစွာ ရှေ့တန်းက သေဆုံးခဲ့သူ ကျော်ထွေးရေ ဘဝအဆက်ဆက် စစ်မြေပြင်ကြားက မြေစာမြက် မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။"
(ယခုရေးသားခဲ့သော ဝတ္တုတိုကလေးသည် စာရေးသူတို့ ကျေးရွာတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာလေးဖြစ်ပါသည်။ အမည်နှင့် နေရပ်လိပ်စာများကို လွှဲပြောင်းရေးသားခဲ့သည်ကလွဲ၍ ဖြစ်ရပ်မှန်များသာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်စေလိုခြင်းမရှိပါ။)
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါသည်)
Keep Reading