Author's Profile Photo

ရွှေငါး

16/12/2024

ထူးခြားတဲ့ ဆာမူရိုင်းလေး (ဂျပန်ရိုးရာပုံပြင်)

4 mins read
General Knowledge
Culture
Entertainment
ထူးခြားတဲ့ ဆာမူရိုင်းလေး
(ဂျပန်ရိုးရာပုံပြင်)'s photo

တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ ရိုးရိုးအေးအေး ချစ်ချစ်ခင်ခင်နေကြတဲ့ အကြင်လင်မယားနှစ်ယောက်ရှိတယ်။ သူတို့ဟာ ဆင်းရဲကြပေမယ့် ရောင့်ရဲတင်းတိမ်ကြတယ်။ လယ်အလုပ်ကလေးလုပ်ပြီး စားနိုင်သောက်နိုင်ရုံလေးနဲ့ ဘဝကို ကျေနပ်နေကြတဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အထိ သူများတွေလို သားသမီးမရတဲ့အတွက် အဲဒီအကြောင်းတစ်ခုကြောင့်သာ ဘဝဟာ မပြည့်စုံသလို ခံစားနေကြရတယ်။ 

ဒါ့ကြောင့် ရွာမှာရှိတဲ့ တစ်ခုတည်းသော ဘုရားကျောင်းကလေးဆီ နေ့တိုင်း သွားပြီး သားဆုပန်ကြသတဲ့။ 



"ယောက်ျားရယ် ကျုပ်အသက်အရွယ်က ကလေးရနိုင်တော့တဲ့ အရွယ်မဟုတ်ဘူး။ ဘယ်နတ်ဘုရားက ကူညီနိုင်ပါ့မလဲနော်" လို့ မိန်းမက ညည်းတယ်။

"အိုကွယ် ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ငါတို့နေ့တိုင်းဆုတောင်းနေတာကို အမြဲကြားတဲ့ နတ်ဘုရား တစ်ပါးပါးက ကူညီချင် ကူညီနိုင်တာပဲ မဟုတ်ဘူးလား" လို့ ယောက်ျားဖြစ်သူက နှစ်သိမ့်ပေးတယ်။ 

ဒီလို ဇွဲမလျှော့ဘဲ ဆုတောင်းလာလိုက်ကြတာ လတွေ နှစ်တွေတောင်ကြာလှပြီပေါ့။ 



တစ်နေ့ကျတော့ သူတို့ လင်မယားနှစ်ယောက် မနိုးသေးခင် မနက်အစောကြီးမှာတင် ကလေးငိုသံကြားလိုက်ရတယ်။ 

"ဟဲ့ ဟဲ့ ထူးထူးဆန်းဆန်း ကလေးငိုသံကြားရပါလား။ ယောက်ျားရေ ထ ထ။ ထ နားထောင်ပါဦး။ ကျုပ်တစ်ယောက်တည်း နားကြားများ မှားနေသလား" လို့ ယောက်ျားဖြစ်သူကို နှိုးပြီး မေးလိုက်တယ်။ 



အိပ်ချင်မူးတူးနဲ့ နိုးလာတဲ့ ယောက်ျားကလည်း 

"အေးဟ ငါလည်း ကလေးငိုသံ ကြားရတယ်။ အသံက ခပ်နီးနီးရယ်။" လို့ ပြောပြီး ရှာကြည့်ကြတော့ အိမ်ဦးခန်းမှာ ကလေးတစ်ယောက်ကို တွေ့လိုက်ကြရပါသတဲ့။ ထူးဆန်းတာက ကလေးလေးဟာ သာမန်ကလေးအရွယ်မဟုတ်ဘဲ အတော်ကလေးကို သေးလွန်းလို့ လက်ဖဝါးပေါ်တင်စာလောက်ပဲ ရှိသတဲ့။ ဒါပေမဲ့ အသံကတော့ သာမန်ကလေး အသံလောက်ကို အကျယ်ကြီး ငိုနေတာ။

တံခါးပိတ်ထားတဲ့ အိမ်ထဲ ဘယ်သူမှလည်း လာမထားဘဲ ရောက်လာတဲ့ ကလေးဟာ သေချာပေါက် နတ်ဘုရားတွေ ပေးသနားတာဖြစ်မယ်လို့ သူတို့လင်မယားက ယုံကြည်ကြတယ်။ သေးသေးကလေးနဲ့ ချစ်စရာကောင်းလွန်းလို့ရော အားကလည်း သန်လို့ရော "ဆာမူရိုင်းလေး" လို့ ချစ်စနိုး နာမည်မှည့်ကြတယ်။ 



သားသမီးရလာလို့ အဖေနဲ့ အမေဖြစ်သွားကြပြီဖြစ်တဲ့ သူတို့ဟာ ဆာမူရိုင်းလေးကို တုန်နေအောင် ချစ်ကြတာပေါ့။ ဆာမူရိုင်းလေးအတွက် ခေါင်းအုံး၊ မွေ့ယာသေးသေးလေးတွေ ချုပ်ပေးကြတယ်။ အဝတ်အစားသေးသေးလေးတွေ ချုပ်လုပ်ပေးကြတယ်။ သူတို့ သွားလေရာကို ခေါ်သွားကြတယ်တဲ့။ 

ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလို့ ဆာမူရိုင်းလေးဟာ လူငယ်အရွယ်တောင် ရောက်လာပြီပေါ့။ ဒါပေမဲ့ အရွယ်အစားက သေးမြဲ သေးဆဲလေးပါပဲ။ 



ဆာမူရိုင်းလေးက သူလူကောင်သေးလို့ အားမငယ်ပါဘူး။ သူက လူကောင်သေးပေမယ့် ခွန်အားကသာမန်လူထက်တောင် ကြီးသေးတယ်။ နောက်ပြီး သူသိပ်ဝါသနာပါတဲ့ ဂျပန်ဓားသိုင်းကို စာတွေဖတ်ပြီးလေ့လာတယ်။ သူ့အဖေကို သူ့အရွယ်နဲ့ လိုက်မယ့် ဓားရှည်တစ်လက်စီစဉ်ခိုင်းပြီး နေ့စဉ်နဲ့ အမျှ ခြံဝန်းထဲမှာ လေ့ကျင့်နေပါသတဲ့။ 

တစ်နေ့တော့ ဆာမူရိုင်းလေးဟာ သူ့မိဘတွေကို ခွင့်တောင်းတယ်။ 



"အဖေတို့ အမေတို့ရေ။ အဖေနဲ့အမေတို့လည်း အသက်ကြီးလာပြီ။ ကျွန်တော်လည်း အရွယ်ရောက်လာပါပြီ။ ကျွန်တော့်အရွယ်အစားနဲ့ မိဘတွေကို ပြန်အလုပ်အကျွေးပြုဖို့ အပြင်လောကဆီ သွားခွင့်ပြုပါ။ တစ်နေ့တော့ အဖေတို့ အမေတို့ဆီ သေချာပေါက်ပြန်လာပါ့မယ်" လို့ ပြော အရိုအသေပေးပြီး ထွက်ခဲ့ပါသတဲ့။ 



ဆာမူရိုင်းဟာ မြို့ကြီးပြကြီးဆီဦးတည်ပြီး ထွက်လာခဲ့တယ်။ ခရီးကလည်းဝေး လူကောင်ကလည်း သေးတော့ ထင်ထားသလောက် ခရီးမရောက်ဘူးဖြစ်နေတယ်။ ဒါ့ကြောင့် သူဟာ မြို့ပေါ်ကို မြန်မြန်ရောက်မယ့်နည်းကို စဉ်းစားလိုက်တယ်။ အဲဒီအချိန် သူ့နားနေတဲ့ သစ်ပင်အောက်ဆီ ပျံလွှားငှက်တွေ လာနားကြတယ်။ ဒါနဲ့သူလည်း ပျံလွှားငှက်တစ်ကောင်ရဲ့ ခြေထောက်ကို ခိုစီးပြီး လိုက်သွားလိုက်ပါတော့တယ်။ ပျံလွှားငှက်တွေပျံသွားလိုက်တာဆိုတာ မြို့ပေါ်တင်မကဘဲ ဘုရင်ကြီးရဲ့ နန်းတော်ထဲက ပန်းခြံထဲထိတောင် ရောက်သွားသတဲ့။ 



ဘုရင့်ဥယျာဉ်ထဲရောက်တော့ ဆာမူရိုင်းကလေးဟာ ပျံလွှားငှက်ကို ခိုလိုက်ရာကနေ သစ်ပင်တစ်ပင်ပေါ်ဆင်းကျန်ခဲ့လိုက်တယ်။ သစ်ပင်ပေါ်ကနေကြည့်လိုက်တော့ သိပ်ချောသိပ်လှတဲ့ မိန်းကလေးတစ်ယောက်ပုလွေမှုတ်နေတာကြောင့် သာယာနာပျော်ဖွယ် ဂီတသံတွေ ပျံ့လွင့်နေသတဲ့။ သီချင်းတစ်ပုဒ်ပြီးဆုံးအောင် နားထောင်ပြီးတဲ့အခါ လက်ခုပ်သံတွေ ထွက်လာတယ်။ မိန်းကလေးက အနားမှာ ဘယ်သူမှမရှိဘဲ လက်ခုပ်တီးသံကြားလို့ လိုက်ရှာလိုက်တဲ့အခါ သူ့ရှေ့မှာ လူသေးသေးလေးတစ်ယောက် ဆာမူရိုင်းဝတ်စုံဝတ်ပြီး လက်ခုပ်တီး အားပေးနေတာကို အံ့သြစွာပဲ တွေ့လိုက်ရသတဲ့။



ဆာမူရိုင်းလေးက ယဉ်ကျေးစွာနဲ့ 

"အို သိပ်သာယာတဲ့ ပုလွေသံပါပဲဗျာ။ ဒီလိုသာယာတဲ့ ဂီတသံကို တီးမှုတ်တဲ့ မိန်းမလှလေးက ဘယ်သူဆိုတာ သိခွင့်ရှိမလား ခင်ဗျ" လို့ မေးလိုက်တယ်။

မိန်းကလေးဟာ ဆာမူရိုင်းလေးကို မြင်မြင်ချင်း ခင်မင်သဘောကျသွားပြီး

"ကျွန်မက နန်းတော်ထဲက ဘုရင့်သမီးတော်လေးပါပဲရှင်။ ဒီက အမောင်က ဘယ်သူများလဲ ဒီလို ဘာလို့ ရောက်နေသပါသလဲ" လို့ ပြောဆိုကြရင်း ရင်းနီးသွားကြပါသတဲ့။ 

မင်းသမီးလေးဟာ ဆာမူရိုင်းလေးကို ဘုရင်ကြီးနဲ့ပါ မိတ်ဆက်ပေးပြီး နန်းတော်ထဲမှာ သူ့သူငယ်ချင်းအဖြစ်နေဖို့ ခွင့်တောင်းလိုက်တယ်။ ဘုရင်ကြီးလည်း ဆာမူရိုင်းလေးကို အံ့သြသလို သဘောလည်းကျတာမို့ ခွင့်ပြုပေးထားလိုက်တယ်။



"မင်းသမီးလေးရေ ကျွန်တော့်ကို အခုလို နေစရာပေး စားစရာကျွေးပြီး နန်းတော်မှာ ထားထားပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ သူတပါးဆီက ထမင်းတစ်လုပ်ကိုမှ အလကားမစားချင်တာကြောင့် တာဝန်တစ်ခုခုပြန်ပေးပါ။ ကျွန်တော် မင်းသမီးလေးကို စောင့်ရှောက်တဲ့ ကိုယ်ရံတော်တစ်ယောက် လုပ်ပေးနိုင်ပါတယ်" လို့ ဆာမူရိုင်းလေးက ပြောသတဲ့။ 

ဒီလောက်သေးတဲ့ လူကလေးက သူ့ကို ကာကွယ်ပေးမယ်ဆိုတော့ ရယ်ချင်မိပေမဲ့လည်း မင်းသမီးလေးဟာ ဆာမူရိုင်းလေးစကားကို လေးလေးစားစားနဲ့ သဘောတူလိုက်တယ်။ ဘယ်သွားသွားလည်း ဆာမူရိုင်းလေးကို ကိုယ်ရံတော်တစ်ယောက်အနေနဲ့ ခေါ်သွားလေ့ရှိတယ်။



တစ်ခါတော့ မင်းသမီးလေးဟာ တောထဲဘက် သွားလည်ချင်လို့ ရံရွေတော်တွေ၊ အစောင့်အရှောက်တွေ၊ ကိုယ်ရံတော်တွေနဲ့အတူ ထွက်လာခဲ့တယ်။ အထူးကိုယ်ရံတော်လေးဆာမူရိုင်းလည်း အပါအဝင်ပေါ့။ မင်းသမီးလေးဟာ တောထဲက စမ်းချောင်းကလေးမှာ အဖော်တွေနဲ့ ရေကစားတယ်။ ပန်းကလေးတွေ ခူးပြီး ပန်းကုံးလေးတွေလုပ်တယ်။ ပြီးတော့ မောလာလို့ သစ်ပင်အရိပ်ကောင်းကောင်းမှာ နားကြတယ်။ 

အဲဒီအချိန်မှာပဲ ရယ်သံအကျယ်ကြီးတစ်ခုကြောင့် အားလုံး လန့်ဖြန့်သွားရတယ်။



"ဝူး ထွား ထွား ထွား ဟားဟားဟား။ ငါ့နယ်မြေကိုလာ ငါ့စမ်းချောင်းမှာကစား ငါ့ပန်းတွေကိုခူး ငါ့အရိပ်အောက်မှာ နားနေကြတဲ့သူတွေ ငါ့အစာဖြစ်ပြီ ဟားဟား ဟားဟား" လို့ ပြောပြီး ပေါ်လာသူကတော့ တင်းပုတ်ကြီးကိုင်ထားတဲ့ ဘီလူးအကြီးကြီးတစ်ကောင်ပါတဲ့။ 

ကိုယ်ရံတော်တွေနဲ့ ကျန်တဲ့သူတွေဟာ ဘီလူးကြီးရန်ကနေ မင်းသမီးလေးကို ကာကွယ်ကြတယ်။ ဒါပေမဲ့ ဘီလူးကြီးက အဆမတန်ကြီးတဲ့အရွယ်ကြီးဆိုတော့ အားချင်းမမျှဘူး။ ဘီလူးကြီးက တစ်ယောက်ပြီးတစ်ယောက် ဂုတ်ကဆွဲကိုင်ပြီး ဝါးစားပစ်လိုက်တာ နောက်ဆုံး မင်းသမီးလေးကို ကာကွယ်ဖို့ ဆာမူရိုင်းလေးပဲ ကျန်တော့တယ်။ ဘီလူးကြီးက မင်းသမီးလေးအနားကို ကပ်လာချိန်မှာတော့ ဆာမူရိုင်းလေးက ရဲဝင့်စွာပဲ



"ဒီမှာ ဘီလူးကြီး မိန်းကလေးတွေကို အနိုင်ကျင့်တာ ယောက်ျားကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး။ ခင်ဗျား သတ္တိရှိရင် ကျုပ်နဲ့ပဲ တိုက်ခိုက်ပါ" လို့ ပြောသတဲ့။

ဘီလူးကြီးလည်း အသံကြားလို့ ကြည့်လိုက်တော့မှ ဆာမူရိုင်းပိစိလေးကို တွေ့ပြီး ဟားတိုက်ရယ်မိသတဲ့။

"ဟားဟား မင်းကွာ မနည်းရှာရတယ်။ မင်းလိုကောင်လေးကများ ငါ့ကို လာစိန်ခေါ်ရဲသေးတယ် ဟားဟား" လို့ လှောင်နေတာပေါ့။

ဆာမူရိုင်းလေးလည်း ဘီလူးကြီးရဲ့ ခြေချောင်းတွေပေါ်ကို ပြေးတက်သွားပြီး သူ့အဖေလုပ်ပေးထားတဲ့ ဂျပန်ဓားရှည်နဲ့ ထိုးစိုက်ချလိုက်တယ်။ ဘီလူးလည်း တစ်ချက်ကလေးတော့ စူးခနဲနာသွားလို့ ခါချပစ်လိုက်တယ်။



ဆာမူရိုင်းလေးဟာ ဘီလူးကြီးပေါ် ထပ်တက်ပြီး ဟိုနေရာ ဒီနေရာ ဓားနဲ့ လိုက်ထိုးပါသတဲ့။ ဘီလူးကြီးလည်း ဓားသေးလေးနဲ့ ထိုးခံရတော့ နည်းနည်းအခံရခက်ပြီး တွန့်လိမ်နေတာပေါ့။

နောက်တော့ ဘီလူးကြီးစိတ်တိုလာပြီး ဆာမူရိုင်းလေးကို ဂုတ်ကကိုင်ပြီး သူ့ပါးစပ်ကြီးထဲထည့် မြိုချပစ်လိုက်ပါရောတဲ့။ ဆာမူရိုင်းလေးက သေးတော့ တစ်လုပ်စာတောင် မရှိဘူးဆိုပဲ။

"ခုမှပဲ မျက်စိနောက်သက်သာသွားတော့တယ်..ကဲ မိန်းကလေး မင်းအလှည့်ပဲဟေ့" လို့ဆိုပြီး ထပ်ချဉ်းကပ်လာတယ်။ 



မင်းသမီးလေးက ကြောက်လွန်းလို့ သစ်ပင်ကိုယ်ထည်ကြီးကို ဖက်ထားပြီး ငိုနေသတဲ့။

ဘီလူးကြီးဟာ မင်းသမီးလေးကို စားပစ်တော့မလို့ ခါးကကိုင်လိုက်တဲ့အချိန်မှာပဲ

"အား....သေပါပြီ ဗိုက်ထဲက အောင့်လိုက်တာ သေပါပြီဗျ" လို့ ဘီလူးကြီးက အော်ဟစ်လူးလိမ့်နေတယ်။ မင်းသမီးလေးကိုလည်း လွှတ်ချလိုက်ရတယ်။

ဘာလို့လဲသိလား ဘီလူးကြီးဗိုက်ထဲရောက်သွားတဲ့ ဆာမူရိုင်းလေးဟာ အသက်မသေဘဲ ပါလာတဲ့ ဓားရှည်နဲ့ ဘီလူးကြီးရဲ့ ဗိုက်နံရံတွေကို ထိုးပစ်နေတာတဲ့လေ။



နောက်ဆုံးတော့ ဘီလူးကြီးဟာ အဲဒီနေရာမှာတင် ဗိုက်ထဲက ဆာမူရိုင်းလေးကို အန်ထုတ်ပစ်လိုက်တော့မှ ဗိုက်အောင့်သက်သာသွားတော့တယ်။ 

ဘီလူးကြီးလည်း အပွဲပွဲနွှဲလာသမျှ ဒီလူပိစိလေးနဲ့ကျမှ ခံလိုက်ရပြီလေ။ ဒီလိုနဲ့ ဘီလူးကြီးဟာ ဘာမှထပ်မစဉ်းစားတော့ဘဲ တောထဲဘက်ကို ေ့ပြးထွက်ခဲ့ပါတော့တယ်။ 



အဲဒီချိန် မင်းသမီးလေးက ဘီလူးကြီးကျန်ခဲ့တဲ့ တင်းပုတ်ကိုကောက်ပြီး ကိုင်မြောက်ဝှေ့ရမ်းကြည့်လိုက်တဲ့အခါ အလင်းရောင်တွေ ဖြာထွက်လာပြီး ဆာမူရိုင်းပိစိကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာပြီး သာမန်လူအရွယ်အစားဖြစ်သွားပါရောတဲ့။

သူတို့နှစ်ယောက်လုံး အံ့သြနေကြသလို တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးလည်း မေတ္တာသက်ဝင်သွားကြပါသတဲ့။



နန်းတော်ကို ပြန်ရောက်လို့ ဘုရင်ကြီးလည်း အကြောင်းစုံသိသွားတဲ့အခါ လက်ရုံးရည် နှလုံးရည်ပြည့်ဝတဲ့ ဆာမူရိုင်းလူငယ်လေးကို မင်းသမီးလေးနဲ့ သဘောတူ ထိမ်းမြားပေးလိုက်ပါတော့တယ်။ ဆာမူရိုင်းလေးဟာ မင်းသမီးလေးနဲ့ လက်ထပ်ပြီး နန်းတော်မှာ နေနေရပေမဲ့ ကိုယ့်ဘဝကိုယ်မမေ့ဘဲ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတွေကို ပြန်ခေါ်၊ နန်းတော်ထဲမှာ စောင့်ရှောက်ပြီး တသက်လုံး အတူတူ ပျော်ပျော်ရွှင်ရွှင်နေသွားကြပါတော့တယ်တဲ့ကွယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းအဖေကို ဘာကြောင့်မုန်းတာလဲ