Eaint Eaint Razi
ပထမတစ်ပုဒ်-"လင်းရစ်နှောင်ဖွဲ့စေ" ဒါလေးကို ဖတ်ရတာ သိမ်သိမ်မွေ့မွေ့နဲ့ ငြိမ့်ငြိမ့်လေး။ ရိုးရှင်းတဲ့ message လေးတစ်ခုကို စီကာပတ်ကုံး ဖွဲ့ပြပြီး ပေးထားတာက ကိုယ့်မသိစိတ်ကိုတောင် ကိုယ်အသိပေးလိုက်မိသလိုပါပဲ။ ဟုတ်တယ်...။ ကျွန်မလည်း ကျွန်မချစ်မယ့်သူကို 'သူလိုလူ'ထဲကလို အမျိုးသားမျိုးလေး ဖြစ်စေချင်ပြီး ကျွန်မကိုယ်တိုင်ကလည်း 'သူလိုလူရဲ့ ပါရမီဖြည့်ဖက်'လိုမျိုး ဖြစ်ချင်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေ အလောတကြီး ရှာဖွေဖို့ အချိန်မတန်သေးသော တချို့အရာတွေကို လျစ်လျူရှုထားရပေဦးမယ်...။ ဒုတိယအပုဒ်-"ရင်ဝှက်ပန်း" ဒါလေးကိုတော့ မမပေးချင်တဲ့ message နဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုထက် အရေးအသားလေးကို ပိုသဘောကျတယ်။ စာတိုပေစရေးတဲ့စာရေးဆရာမလေးရဲ့ အရေးအသားတွေက ဝါရင့်ဆရာကြီး ဆရာမကြီးတွေရဲ့ လက်ရာအတိုင်း တကယ်အရသာထိမိပြီး ကိုယ့်လိုစာရေးဝါသနာပါသူအတွက် သတိပြုအတုယူစရာအရေးအသားလေးမို့ သဘောကျလှရဲ့ကွယ်။ တတိယအပုဒ်-"မြေနိမ့်ရာ..." ဒီအပုဒ်လေးဖတ်ရတော့ တကယ် စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်မိတယ်။ ပလတ်စတစ်ကောက်တဲ့ လူတွေကို ငါတို့ ဘယ်လို မျက်လုံးနဲ့ကြည့်မိခဲ့သလဲ...။ အရောင်အသွေးမတောက်ပြောင်တဲ့လူတွေကိုတွေ့ရင် ငါတို့ ဘယ်လိုဆက်ဆံမိခဲ့သလဲ...။ ကောင်းမွန်စွာဖြစ်စေ၊ ကိုယ်ချင်းမစာနာစွာဖြစ်စေ ကိုယ်ဘယ်လို ဆက်ဆံခဲ့သလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်မိရဲ့...။ ဝတ္ထုတိုဆိုပေမဲ့ ပေးတဲ့အတွေးတွေနဲ့messageက များများစားစား နဲ့ ကောင်းမွန်လွန်းတဲ့အပြင် အရေးအသားကိုပါ ပြောင်းလဲပြနိုင်လို့ မမဆူးခက်ရဲ့ကလောင်ထက်မှုကို တကယ်လေးစားမိပါရဲ့...။ စတုတ္ထအပုဒ်-"ရာသီကူးတဲ့ပန်း" ဒီအပုဒ်ကို ဖတ်မိစဥ်မှာတော့ နည်းနည်း တုန်လှုပ်မိတယ်။ ကျွန်မ မယုံကြည်ရဲသော်လည်း မငြင်းပယ်ဖြစ်ခဲ့သော "အချစ်"ဆိုသည့်အရာအကြောင်း၊ ပုရိသတို့ရဲ့ များပြားလှသော မာယာများအကြောင်း၊ ရာသီကူးလျှင် အချိန်မဆိုင်းဘဲ ပြန်ရောက်လာတတ်သော အတုံ့အလှည့်တို့အကြောင်း...။ ဝတ္ထုတိုတစ်ပုဒ်အတွင်းမှာ ပုံရိပ်တွေကို အများကြီး ဖော်ပြထားပေးတာ တကယ်မိုက်တယ်။ ရှယ်ပါပဲကွယ်။ ပဥ္စမအပုဒ်-"အိမ်" 'နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်'။ အိမ်ရဲ့ လေးနက်တဲ့အဓိပ္ပါယ်ကို ဒီဝတ္ထုတိုလေးထဲမှာ ရိုးရိုးလေး လှစ်ဟပြသွားတာ။ လူတွေဟာ ခုနောက်ပိုင်းမှာ အိမ်နဲ့တူတဲ့လူ(လက်တွဲဖော်)ကို ရှာကြတယ်။ ဒါမဲ့ တကယ့်အစစ်အမှန် 'အိမ်'ကိုတော့ မေ့ထားကြမိလေရဲ့...။ ကျွန်မကတော့ ဒီစာလေးဖတ်ရင်း ကျွန်မအိမ်(ကျွန်မမိသားစု)ကို သတိရမိတယ်။ ကျွန်မကို ချစ်ပေး၊နွေးထွေးပေးကြတဲ့ တစ်ယောက်ချင်းစီကိုလည်း သတိရမိတယ်။ ကျွန်မကို ချစ်ခြင်းမေတ္တာတွေပေးပြီး နွေးထွေးပေးကြကာ "အိမ်"အဖြစ် ရှိနေပေးကြတဲ့ ချစ်ရသောသူများအားလုံး(သူငယ်ချင်းတွေအပါအဝင်)ကို တကယ်ကျေးဇူးတင်မိတယ်။ ဘဝမှာ အိမ်လိုလူတွေ ပိုင်ဆိုင်ထားရတာမို့ ရလာတဲ့ကုသိုလ်ကံကို သိပ်ကျေးဇူးတင်မိပါတယ်။ လူတိုင်းလူတိုင်းလည်း 'အိမ်'အစစ်အမှန်ကို သတိတရ ရှိကြပါစေ။ အိမ်လိုလူတွေကို ပိုင်ဆိုင်ခွင့်ရကြပါစေနော်...။ "ဗျောရယ်မကူ မယ်တို့အလှူ" ဒီအပုဒ်မှာကျ မတူကွဲပြားတဲ့ စာရေးဟန်ကို သိပ်ကို သဘောကျမိတယ်။ ကျွန်မက စာရေးဝါသနာပါသူမို့ စာဖတ်ရတဲ့အနှစ်သာရထက် စာရေးဟန်ကိုပိုအလေးထားရတာ နှစ်သက်တတ်သူ။ ဒါကြောင့် မမဆူးခက်ဟာ ကျွန်မအတွက်တော့ သိပ်ကိုလေးစားအတုယူဖို့ကောင်းတဲ့ စာရေးဆရာမလေးပါပဲ။ တစ်ပုဒ်ချင်းစီဟာ ကလောင်ရှင်မတူဘူးထင်ရလောက်အောင် ရေးဟန်အရမ်းကွဲပြားတယ်။ အရမ်းမိုက်တယ်။ ဒီအပုဒ်ရဲ့ရေးဟန်ဆို လုံးဝကွဲထွက်ပြီး မျက်လုံးထဲမြင်အောင်ပုံဖော်နိုင်တဲ့စွမ်းရည်က အံ့မခန်းပဲ။ ကိုယ်တိုင် သားရှင်ပြုနိဗ္ဗာန်အလှူကြီးပေးနေရသလို၊ ကိုယ်တိုင် ကြည်နူးပီတိဂွမ်းဆီထိနေရသလိုလို...။တိုတိုရှင်းရှင်းထိထိမိမိမို့ စာရေးသူရဲ့ကလောင်စွမ်းထက်မှုကို အများကြီး ပိုလေးစားအားကျမိစေတဲ့ ဝတ္ထုတိုလေးပါပဲ။ "ပွင့်ဝေလို၍ ငုံရသည်" ဒါလေးကတော့ ဒီစာအုပ်ထဲက #အကြိုက်ဆုံး၊ အမှတ်အရဆုံး ဝတ္ထုလို့ပဲ ဆိုရမယ်။ အသက်၂၅နှစ်ကျော်စအရွယ် ကျွန်မအနေနဲ့ ဒီကာလတွေထဲဝယ် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်၊ လျှောက်နေတဲ့လမ်းပေါ်မှာပဲ ကိုယ့်လမ်းကြောင်း မှန်မမှန် အမြဲပြန်ဆန်းစစ်မိရင်း "ဘဝရဲ့အဓိပ္ပါယ်က ဘာလဲ၊ ဒီဘဝကို ပိုင်ဆိုင်ထားရကာ ဒီလူ့ဘဝမှာ လာရောက်ရှင်သန်ရခြင်းရဲ့ တကယ့်အနှစ်သာရက ဘာအတွက်လဲ"လို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ မေးနေမိခဲ့တယ်။ onlineပေါ်မှာ ဘဝနဲ့ပါတ်သတ်ပြီး ရှာဖတ်ဖြစ်ခဲ့တာတွေ ရှိသလို ဆက်စပ်မိတဲ့သူတချို့ကိုလည်း မေးဖြစ်ခဲ့တဲ့အချိန်တွေ ရှိတယ်။ အဖြေရလာလည်း 'မှန်ရဲ့လား၊မှားသွားလား' သံသယက ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒီဝတ္ထုတိုလေးဖတ်ပြီးတော့လေ ကိုယ်လိုလူတစ်ယောက်ကို ဘွားကနဲတွေ့လိုက်ရသလို၊ ကိုယ်လက်ရှိ overthinkingဖြစ်နေတဲ့ မေးခွန်းတွေအတွက် ဖြစ်သင့်တဲ့အဖြေတစ်ခုကို တိတိပပရလိုက်သလို ကျေနပ်တဲ့ခံစားမှုမျိုး ရခဲ့တယ်။ လူဆိုတာ ဘဝမှာ တင့်တယ်အောင် နေရဖို့ အခွင့်အရေးနဲ့ တာဝန်ရှိတယ်။ အဲ့ဒီအတွက် တချို့ကကျ (ကံကောင်းတယ်ဆိုတဲ့စကားလို) သိပ်မကြိုးစားရဘဲ ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရတယ်။ တချို့ကတော့(ကျွန်မလိုပဲ) ကိုယ်တိုင်အားထုတ်ကြိုးစားယူမှ ရကြမယ်။ (တချို့ကတော့လည်း ကောင်းမွန်တဲ့ဘဝဆိုပြီးတော့ကို သိပ်အလေးအနက်မထားကြဘဲ သာမာန်အဆင်ပြေရုံ ကြည့်နေကြည့်စားကြတာမို့ ထည့်မပြောတော့ပါဘူး။) အဲ့တော့ ကိုယ့်ကိုယ်ကိုယ် ကြာလေးတစ်ပွင့်လို့သာ တင်စားကြည့်မယ်ဆို ရေမြှင့်ပေးလို့တင့်တယ်ရတဲ့ ကြာပန်းကလေးပဲ အဖြစ်ခံမလား၊ ကိုယ်ပိုင်အရည်အချင်းနဲ့အလှစစ်ကြောင့် တင့်တယ်တဲ့ ကြာပန်းကလေးပဲ အဖြစ်ခံမလားပေါ့။ ဘယ်တစ်ခုကိုပဲရွေးရွေး နှစ်ခုလုံးက ကောင်းတဲ့ဘက်ကိုပဲ သွားတာမို့ ကိုယ့်ဆုံးဖြတ်ချက်အတွက် ကိုယ်နောက်တမရတော့ဖို့ပဲ လိုပါလိမ့်မယ်...။ "ရော်ရမ်းလွမ်းသီ အတိတ်ဆီ" ဒါလေးကတော့ ချစ်ဖို့ကောင်းတဲ့ အတိတ်အကြောင်းလေးပေါ့။ ပေါ့ပေါ့ပါးပါးလေးရေးလာရင်းနဲ့ လေးနက်တဲ့ချစ်စရာရေးဟန်လေးနဲ့အဆုံးသတ်ထားပေးထားလို့ နောက်ဆုံးစာကြောင်းလေးတွေ သိပ်သဘောကျမိတယ်။ "မိုက်မှားခြင်း လမ်းစေရာ" ဒီဝတ္ထုလေးကတော့ ၂၀၂၀ခုနှစ်၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုစာပေပြိုင်ပွဲမှာ တတိယဆုရထားတဲ့ စာမူလေးပါ။ ဒီဝတ္ထုလေးမှာလှစ်ဟပြထားတဲ့အချက်လေးတွေက အမျိုးသမီးတွေအကြမ်းဖက်ခံရမှုပပျောက်ဖို့အကြောင်းသာမကဘဲ အမျိုးသမီးတစ်ဦးရဲ့ သတ္တိ၊ မိခင်တစ်ယောက်ရဲ့ အားကြီးတဲ့မေတ္တာနဲ့ လူသားတစ်ဦးရဲ့ လူပီသမှုတွေကိုပါ ပူးတွဲမြင်လိုက်ရတာပါ။ တတိယဆုထက်တောင် ပိုကောင်းတဲ့ဆုကိုရသင့်တဲ့ ဝတ္ထုတိုလေးပါပဲ။ "သည်းလှည့်ပါမိုး" ဒါလေးကတော့ "အိမ်"ဆိုတဲ့ ဝတ္ထုလေးလိုပါပဲ။ မိသားစုမေတ္တာအပြည့်အဝရတဲ့ ဇာတ်လမ်းမျိုးလေး။ ဒါမဲ့ "အိမ်"နဲ့မတူတာကကျ ဒီဝတ္ထုမှာ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ခြင်းမကင်းစွာ ဖတ်ရမှာ။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြိုကွဲပျက်စီးသွားတဲ့ဘဝတွေအကြောင်း နောက်ခံရေးသားထားတဲ့ ဝတ္ထုတော်တော်များများ ကျွန်မဖတ်ဖူးပေမဲ့ ဒီမှာကကျ မထင်မှတ်ထားတဲ့ ဇာတ်သိမ်းလေးနဲ့သိမ်းပေးထားပြီး မြှုပ်ကွက်လေးတွေနဲ့ ဆွဲခေါ်သွားလို့ ပိုသဘောကျရတယ်။ "ရှင်သန်ရစ်လေသော" ဒါလေးကတော့ ဝတ္ထုကြောရိုးလေးရော၊ ရေးသားဟန်လေးရော၊ ပေးချင်တဲ့ message လေးရော တကယ်ကြိုက်ပါတယ်။ ဒါမဲ့ ဒီမှာအဓိက သတိထားမိတဲ့အချက်က စာရေးသူရဲ့ကလောင်စွမ်း ဘာကြောင့်ထက်လဲဆိုတာ သိသွားသလိုရှိတယ်။ ဟိုတလောကပဲ မမဆူးခက် အဘိဓမ္မာစာမေးပွဲဖြေဖို့ မုန်တိုင်းရက်တွေထဲတောင် ရောက်အောင်သွားတဲ့အကြောင်း ပို့စ်လေး ဖတ်မိတယ်။ အဲ့ဒီစာမေးပွဲတွေ ဖြေလာကြတဲ့ မူရင်းအကြောင်းက ဒီဝတ္ထုလေးထဲက အရှင်ဝိမလ္လ ကြဲချပေးခဲ့တဲ့ မြင့်မြတ်တဲ့မျိုးစေ့တွေနဲ့အတူတူပဲဖြစ်ရမယ်လို့လည်း တွေးမိတယ်။ ဒီလိုမျိုး အဘိဓမ္မာတွေ၊ ပါဠိစာပေတွေကြေလို့လည်း (စာအုပ်ရှေ့ဆုံး စာရေးသူရင်တွင်းစကားထဲက အကြောင်းအရာတချို့နဲ့ဆက်စပ်ကြည့်ရရင်) မမဆူးခက်ရဲ့ မြန်မာဓလေ့၊ မြန်မာဘဝ ပုံဖော်မှုအရေးအသားတွေက သူ့ကို ကလောင်သစ်လို့မထင်ရလောက်အောင် မြန်မာဝေါဟာရကြွယ်ဝတဲ့ အရေးအသား အညက်ညောအပြေပြစ်ဆုံးဖြစ်စေတာလို့ ယူဆမိပါတယ်။ နောက်ပြီး အသက်မွေးဝမ်းကျောင်းပညာအပြင် ဘာသာရေးဘက်မှာပါ လေးနက်တဲ့လုပ်ဆောင်မှုရှိတဲ့ မမဆူးခက်ကို ပိုလေးစားအားကျမိပါရဲ့လေ။ "မြစ်မင်းဧရာစီးမြဲသာတည့်" ဒါလေးကတော့ စာအုပ်နာမည်လေးဖြစ်နေလို့ ဒီဝတ္ထုအကြောင်း ထည့်မပြောတော့ပြီမို့ ကိုယ့်ဘာကိုယ်ပဲ ဖတ်ကြည့်တော့နော်။ စာအုပ်တစ်အုပ်လုံးကို ဖတ်ပြီးသွားလို့ အနှစ်ချုပ်သဘောပြောရမယ်ဆိုရင်တော့ ကလောင်သစ်မို့ သာမာန်အရေးအသားလို့မထင်ပါနဲ့။ အရေးအသားရော၊ ဆွဲခေါ်နိုင်စွမ်းရော အားကောင်းတဲ့ ကလောင်သစ်တစ်ခုပါ။ ကျွန်မကတော့ မမဆူးခက်ရဲ့ အရေးအသားတွေကို ဘာလို့သဘောကျလဲဆိုတော့ အပြောဟန်ရော၊ အရေးဟန်ရော ပိုင်နိုင်တယ်၊ သဘာဝပတ်ဝန်းကျင်ရှုခင်း ပုံဖော်ရေးသားနိုင်မှုကလည်း ပီပြင်တယ်၊ ဝတ္ထုတိုတစ်ပုဒ်အတွင်းမှာ အားလုံးခြုံငုံပြီး ပေးချင်တဲ့messageကို အစွန်းမရောက်စေဘဲ ဘက်မျှအောင် သဘာဝကျကျ တင်ပြပေးနိုင်လို့ တကယ်လေးစားမိတယ်။ ကျွန်မအတွက်ကတော့ ဝတ္ထုရှည်ထက် ဝတ္ထုတိုရေးရတာ ပိုခက်တယ်လို့ ခံစားမိတာမို့ ဝတ္ထုတိုတွေအများကြီးကို အပုဒ်တိုင်း အကောင်းဆုံးဖြစ်အောင် လစ်ဟာမှုမရှိ ရေးသားနိုင်တဲ့ မမဆူးခက်ကို အရင်ကထက် ပိုလေးစားအားကျမိပါတယ်။ ဝတ္ထုရှည်တွေလည်း ရေးသားဖန်တီးပြီး စာပေခရီးလမ်းမှာ အောင်မြင်တဲ့မှတ်တိုင်ကောင်းတွေ စိုက်ထူခဲ့ကာ တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်အောင် အားမလျှော့ဘဲ ဆက်လျှောက်သွားပါလို့ မမဆူးခက်သို့ ရင်တွင်းစကားလေး ပြန်လည်ပေးပို့ရင်း အဆုံးသတ်ပါရစေ။ စာဖတ်သူတို့လည်း မမဆူးခက်ရဲ့ ဒီဝတ္ထုတိုစုစည်းမှုစာအုပ်လေးကို ဝယ်ယူအားပေးဖတ်ရှုကြပါဦးနော်...ဖတ်ကြည့်လို့ လုံးဝနောင်တမရစေမယ့် တန်ဖိုးရှိတဲ့စာအုပ်လေးပါလို့ ကျွန်မ အာမခံပါတယ်။ အားလုံးပဲ ကြည်လင်ချမ်းမြေ့ကြပါစေရှင့်။ . . . #စာရေးသူ_ဆူးခက်ထွဋ် #စာညွှန်းရေးသူ_အိမ့်အိမ့်ရာဇီhttps://d37prn8pxyven1.cloudfront.net/2ca7ee40495f40dcaeddb30f20ca98e0/img/2024-12-16T13:59:50.663161.jpg
Keep Reading