Jane Catherine - the storyteller
(၁) သက်တံပြောင်းပြန်
====================
https://youtu.be/PKoBTEcq8Ck?si=asgt8HtBqcJViQog
(သီချင်းနားထောင်ရင်း စာဖတ်ပါ)
မနေ့ညက ခြင်ထောင်လည်း မပိတ်၊ စောင်လည်းမခြုံဘဲ ဖုန်းကိုင်ပြီး အိပ်ပျော်သွားမိပါသည်။ မျက်လုံးဖွင့်ကြည့်ချိန်တွင်တော့ မနက်၆နာရီထိုးနေပါပြီ။ ဆောင်းရာသီမနက်လေအေးများလည်း တိုက်ခတ်နေပါပြီ။ ထိုအခါမှ ညကမခြုံလိုက်ရသောစောင်ကို တစ်ဝက်ဖြန့်ခြုံကာ နွေးနွေးကလေးဖြစ်အောင် နေပါသည်။ အနွေးဓါတ်ရအောင် လက်ဖဝါးနှစ်ဖက်ကို ပွတ်နေရင်း တစ်ခုသော ခပ်အေးအေးမနက်ခင်းတွင် နွေးနွေးကလေးဖြစ်ခဲ့သည့်အချိန်ကို ပြန်တွေးမိပါသည်။
အချစ်သည် သက်တံတစ်စင်း ဖြစ်ပါသည်။ လူကြီးလူငယ်မဆို သက်တံမြင်လျှင် ပျော်ကြပါသည်။ "ရေး.. "ဟုအော်ကာ ထမခုန်သည့်တိုင် ညင်သာသည့် အပြုံးတစ်ခုတော့ ပြုံးမိကြပါလိမ့်မည်။ (စိတ်ရှုပ်နေချိန်များတွင်တော့ သက်တံတွေ့လည်း သတိမမူမိသည်လည်း ဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မည်) အချစ်သည်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
ဖေဖော်ဝါရီလ၁၄ရက်၏ မြူခိုးဝေသော မနက်ခင်းတွင် အမွေးဖွားဖွားယုန်ကလေးတစ်ကောင်သည် သူနေထိုင်ရာ အသိုက်ကလေးမှ ခုန်ကာပေါက်ကာ ထွက်လာပါသည်။ သည်လိုနေ့မျိုးမှာ အပြင်ထွက်ရဖို့ တစ်လအလိုလောက်ကတည်းက ကြိုတင်အကွက်ချ စီစဉ်ထားခဲ့ရခြင်း ဖြစ်ပါသည်။ မည်သူမှ သံသယမဝင်အောင် ပိပိရိရိ ဉာဏ်ပြာ ဉာဏ်ဝါများသုံးနိုင်သည့် မိမိကိုယ်ကိုယ်လည်း ဂုဏ်ယူသည့်နှယ် ရွှင်မြူးနေပါသည်။
လူသွားလူလာခပ်များများမှတ်တိုင်တစ်ခုတွင် busကားပေါ်မှ ဆင်းလိုက်ပြီးနောက် ခုံတန်းကလေးမှာ မထိုင်ဘဲ လည်တိုင်ကို ဆန့်ကာ အရှေ့မှ ဖြတ်သွားသော ကားများကို လိုက်စစ်ဆေးနေပါသည်။ သူ့မှာ စိတ်အေးလက်အေးထိုင်နေဖို့ အချိန်နှင့် အခြေအနေမရှိပါ။ ပလက်ဖောင်းပေါ် ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်၊ ကားလမ်းမဘက်ကို မျှော်ကြည့်လိုက်၊ တစ်ချိန်တည်းမှာ ဖုန်းနဲ့ လုပ်စရာကျန်သည့် အလုပ်များကိုလည်း လုပ်နေလိုက်နှင့် ထိုင်နေသူများ မျက်စိနောက်အောင် လှုပ်ရှားနေပါသည်။
၁၅မိနစ်လောက်ကြာသော် ပလက်ဖောင်းဘေးသို့ ကားအဖြူလေးတစ်စီး ရောက်လာပါသည်။ ကားထဲမှ ဝက်ဝံက လက်ပြလိုက်သောအခါ အလုပ်များနေသည့် ယုန်ကလေးသည် ကြောင်တစ်ကောင်ကဲ့သို့ ဖျတ်လတ်ညင်သာစွာ ကားပေါ်ကို တက်လိုက်ပါသည်။ အနေအထားကို အလွန်ရင်းနှီးကျွမ်းဝင်နေပုံဖြင့် ကားမှန်ကြည့်ကာ ဆံပင်ဖွလိုက်၊ ကျောင်းကအကြောင်းမေးလိုက်၊ ရယ်မောလိုက် လုပ်နေပါသည်။ ၂စက္ကန့်လောက် အချိန်ပေးကြည့်လျှင်မူ သိပ်သဘာဝမဆန်သည့် ရယ်သံများနှင့် ပန်းရောင်သွေးနေသည့် ပါးပြင်များကို မြင်ရမည် ဖြစ်ပါသည်။ ဤခဏသည် သက်တံ၏ အနီရောင်ဖြစ်ပါသည်။
ရယ်လို့မဆုံးခင်မှာပင် သူတို့သွားမည့်နေရာသို့ ရောက်သွားကြပါသည်။ ကားပေါ်တွင်လည်း ငြိမ်ငြိမ်မနေသည့် ယုန်ကလေးက နည်းနည်းကသိကအောက်နိုင်သည့်ပုံဖြင့် ကားပေါ်မှ အမြန်ဆင်းလိုက်ပါသည်။ ရုပ်ရှင်ထဲမှ ချစ်သူတွေလို ကားတံခါးဖွင့်ပေးမည်ကြံထားသော်လည်း ထိုသတ္တဝါက လေလိုအလျင်ဖြင့် ဖောက်ခနဲခုန်ဆင်းသွားလေသောကြောင့် ချော်မလဲရုံတမယ် ကားပြင်ထွက်၊ မတ်တပ်ရပ်လိုက်ရပါသည်။ ခုန်ဆွခုန်ဆွသတ္တဝါက နောက်ထပ်ခြေတစ်လှမ်းမလှမ်းရသေးခင် အနောက်မှအသံတစ်သံ ထွက်လာပါသည်။
"ဓာတ်ပုံရိုက်ဦးမလား"
ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး ခဏစဉ်းစားလိုက်ပါသည်။ နောက် photo booth နား အိတ်ကို ဘယ်နားထားရမှန်းမသိ လက်ကို ဘယ်နားထားရမှန်းမသိ ကားယားကားယားရပ်နေပုံအမျိုးမျိုးတို့ ခေါင်းထဲ တဖျတ်ဖျတ် ပေါ်လာသဖြင့် သာမန်လူမျက်စိဖြင့် မမြင်နိုင်အောင် မြန်မြန်ခေါင်းခါလိုက်ပါသည်။
"အယ်. . ရပါတယ်"
ဝက်ဝံက သူ့အနားအမြန်ကပ်လာပြီး ကလေးချော့သည့်လေသံနှင့်
"ငါက ကားတံခါးဖွင့်ပေးချင်တာ၊ နင်က ခဏစောင့်ပါလား" ဟု ပြောပါသည်။
ယုန်က သူ့မျက်နှာကို မျက်လုံးချင်းမဆိုင်ဘဲ တစ်ချက်ကြည့်လိုက်ပြီး
"ငါက ကိုယ့်တံခါးကိုယ်ဖွင့်ရတာပဲ ကြိုက်တယ်"
ဟု ခပ်မြန်မြန်ပြောပါသည်။ ထို့နောက် မပြေးရုံတမယ် သုတ်ခြေတင်သွားပါသည်။ အနောက်ကတစ်ယောက်ကလည်း ဟနေသော ပါးစပ်ကို အမြန်စိ၍ ကမ္ဘာ့လမ်းအမြန်လျှောက် ချန်ပီယံကို အမီလိုက်ပါသည်။
ယုန်က စာအုပ်ဆိုင်တံခါးကို ဖွင့်လိုက်ပါသည်။ အောက်ထပ်ရှိစာအုပ်များကို စိတ်မဝင်စားဟန်ဖြင့် အပေါ်ထပ်သို့ သူတို့ တက်သွားကြပါသည်။ စင်ပေါ်ရှိစာအုပ်တစ်အုပ်ကို ယူ၍ ပြတင်းပေါက်နားက စားပွဲဝိုင်းတွဲရက်ပါသည့် ထိုင်ခုံကလေးတွင် ထိုင်လိုက်ပါသည်။ ပြီးတော့ လောကကြီးကို မေ့သွားသည့်နှယ် စာဖတ်နေပါသည်။
ထိုအချိန် ဝက်ဝံက အနားကပ်ကာ တိုးတိုးမေးပါသည်။
"ဘာသောက်မလဲ"
ယုန်က စာအုပ်နှင့်မျက်နှာ မခွာဘဲ ပြန်ဖြေပါသည်။
"ဒီမှာ ဈေးကြီးတယ်၊ မတန်ဘူး"
ဝက်ဝံက မထိုင်သေးဘဲ ထပ်ပြောပါသည်
"ငါတိုက်ချင်လို့ပါ၊ တစ်ခုခုသောက်ပါ"
ယုန်က ဝက်ဝံနှင့် ဝေးရာဘက်သို့ ခေါင်းစောင်းလိုက်ပြီး ဖြေပါသည်။
"ငါ့မှာ ရေပါတယ်လေ"
ဝက်ဝံက ယုန်ခေါင်းစောင်းသည့်ဘက်ကို တိုးကာ ပြောပြန်ပါသည်။
"မဟုတ်ဘူးလေ၊ ဒီက တစ်ခုခုကို ပြောတာ"
အမွေးဖြူဖြူနှင့်ယုန်က သက်ပြင်းတစ်ချက် ချလိုက်ပါသည်။ ဝက်ဝံကိုလည်း ‘နင့်မှာ ဘယ်ကပိုက်ဆံရှိလို့လဲ’ ဟူသည့်အကြည့်မျိုးနှင့် ကြည့်လိုက်ပါသည်။ နောက် အလျှော့ပေးသည့်ပုံနှင့် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး flash၏ အမြန်နှုန်းဖြင့် ကောင်တာသို့ လျှောက်သွားပါသည်။ ပြီးတော့ မီနူးရှိ သောက်စရာတစ်ခုကို လက်ညှိုးထိုးလိုက်ပါသည်။ ဝက်ဝံက အဲဒါကို ဘယ်လိုအသံထွက်ရပါ့မလဲဟု စဉ်းစားရင်း ကျန်ခဲ့ပါသည်။ သိပ်မကြာခင် စားပွဲပေါ်ကို chamomile tea တစ်ခွက်ရောက်လာပါသည်။
ယုန်ကလေးက စာဆက်ဖတ်နေပါသည်။ ဝက်ဝံက သူ့ကို ခဏထိုင်ကြည့်ပါသည်။ ထို့နောက် သူလည်း စာအုပ်တစ်အုပ်သွားယူပါသည်။ စကားပြောဖို့ အကြောင်းရှာပါသည်။ သို့သော် အသည်းငယ်သည့်ယုန်ကလေးက စာအုပ်နှင့်မျက်နှာကို ကွယ်ထားသဖြင့် စကားစဖို့ အခွင့်အရေး မရပါ။ နောက်တော့ တစ်ခုကို သတိရဟန်ဖြင့် သူဖတ်နေသည့် စာအုပ် အကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။ နောက် နေ့လယ်အတန်းရှိသည့် ဝက်ဝံကို အတန်းလစ်ဖို့ ဆွဲဆောင်ပါသည်။ ဖုန်းခေါ်လျှင် တစ်ခွန်းမှ ပြန်မပြောတတ်သူက အခုတော့ အကြောင်းအချက်အလက် စုံစုံနှင့် စီကာပတ်ကုံး ဆွဲဆောင်နေပါသည်။ သိပ်မကြာခင် သူ့ကြိုးဆွဲရာကမည့် ထိုအညိုရောင်သတ္တဝါ က မငြိမ့်ချင်ငြိမ့်ချင်နှင့် ခေါင်းငြိမ့်လိုက်ရပါသည်။ ဤအချိန်သည် ယုန်ကလေးအတွက် အဝါရောင်ကလေး ဖြစ်ပါသည်။ ဟိုလို တောက်တောက်အဝါရောင်ကြီးမဟုတ်ဘဲ daffodilပန်းများကဲ့သို့ လန်းဆန်းစေသည့် အဝါရောင်ကလေး ဖြစ်ပါသည်။
စောစောက ကားမှတ်တိုင်နားကို ပြန်လာကြပါသည်။ ပလက်ဖောင်းပေါ်တွင် ခင်းကျင်းထားသော ကော်ဖီဆိုင်ရှိ ခုံတစ်ခုံတွင် သူတို့နှင့်ရွယ်တူယောက်ျားတစ်ယောက် ထိုင်စောင့်နေပါသည်။ စောစောကလိုပင် ယုန်ကလေးက ကားတံခါးအမြန်ဖွင့်၍ ဆင်းသွားပြန်ပါသည်။
"ငါက ဧည့်ခံနေလိုက်မယ်၊ နင်က ကားထိုးပြီး မြန်မြန်လာခဲ့" ဟူသည့် အသံသာ ဝဲကျန်လိုက်ပါသည်။
ကားထားပြီးပြန်လာချိန်တွင် ငယ်သူငယ်ချင်းများ၏ ရင်းနှီးမှုမျိုးနှင့် စကားဖောင်ဖွဲ့နေသည်ကို တွေ့လိုက်ရပါသည်။ ထို့နောက် အနောက်က shopping centreထဲသို့ ဝင်သွားကြပါသည်။ ယုန်ကလေးက ဝက်ဝံကို သုံးယောက်အလယ်မှာထားလိုက်ပြီး ဟိုဘက်ကြည့် ဒီဘက်ကြည့်လိုက်၊ စကားလည်း လှည့်ပြောလိုက် လုပ်နေပါသည်။ ထိုအချိန်သည် ဝက်ဝံကြီးအတွက် အစိမ်းရောင် ဖြစ်ပါသည်။ နေခြည်ဖြာသော နေရောင်အောက်မှ လန်းဆန်းသွားစေသည့် သစ်ရွက်စိမ်းရောင် မဟုတ်ပါ။ the Grinch၏ အစိမ်းရောင်မျိုး၊ ဒါမှမဟုတ် Oscar the Grouch၏ အစိမ်းရောင်မျိုး ဖြစ်ပါသည်။
နောက် ဈေးကြီးပြီး သိပ်စားမကောင်းသည့် နေ့လယ်စာကို အားနာပါးနာပြုံး၍ စားကြပါသည်။ စားနေချိန်တွင် ယုန်ကလေးက ဘေးမှာထိုင်စားနေသည့် ကောင်လေးကို ခပ်တိုးတိုးမေးပါသည်။
"ဒီအအေးကို နင်သောက်လိုက်ပါလား။ ငါအအေးသောက်ရင် လည်ချောင်းနာတော့မှာ"
"ရပါတယ်၊ ငါ့မှာ ပိုက်ဆံမပါဘူး"
"မဟုတ်ဘူး။ ငါရှင်းလိုက်မယ်လေ၊ နင်က အအေးသောက်လိုက်လေ၊ ဒီတိုင်းထားခဲ့ရင် နှမြောစရာကြီး"
"ရပါတယ်၊ ငါ့မှာ ရှင်းဖို့ မပါလာဘူး"
ယုန်ဖြူကလေးက မျက်စိနှစ်ဖက်ကို မှိတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပါသည်။ ထို့နောက် နှမြောတသ သုံးကြိမ်ဆိုကာ သောက်ချလိုက်ပါသည်။
ကမ္ဘာ့ကြောင်တောင်တောင်အနိုင်ဆုံး နေ့လည်စာဧည့်ခံမှုပြီးသွားပြီးနောက် အနောက်တိုင်းစတိုင် ဧည့်သည်ကို ပွေ့ဖက်၍ နှုတ်ဆက်ပါသည်။ ဝက်ဝံက ဘေးနားတွင် မျက်နှာစူပုတ်ပြီး ကြည့်နေပါသည်။ ‘ငါ့ကိုကျ လက်တောင် မကိုင်ဘဲနဲ့’ ဟုလည်း ဒေါသထွက်လိုက်ပါသေးသည်။
ဧည့်သည် ထွက်ခွာသွားပြီးနောက် ယုန်ဖြူကလေးက ပေါ့ပါးသွားဟန်ဖြင့်
"အဲ.. ဒါဆို ငါ ဒီနားကပဲ ကားစီးသွားလိုက်မယ်နော်။ တာ့တာ"
"မဟုတ်ဘူးလေ ငါလိုက်ပို့ပါရစေ"
"အိမ်အထိလိုက်ပို့မှာ မို့လို့လား"
"ကားမှတ်တိုင် ၂မှတ်တိုင်စာလောက်ပေါ့"
"အဲဒါဆို ဘာထူးမှာလဲ။ ငါဒီနားကပဲ ပြန်မယ်လေ။ အလုပ်ရှုပ်သက်သာတယ်"
"ဟာ ငါလိုက်ပို့ပါရစေ၊ လုပ်ပါ"
ဝက်ဝံက တောင်းပန်တိုးရှိုးသည့်ဟန်ဖြင့် ပြောပါသည်။ သေသေချာချာကြည့်လျှင်တော့ သူ့မျက်လုံးများက ရုပ်ရှင်ထဲကလို puppy eyesလေးလို ဖြစ်နေသည်ကို မြင်ရပါမည်။
ချစ်စရာကောင်းသော puppy eyesများသည် ယုန်ဖြူမလေး၏ ခေါင်းထဲတွင်တော့ အနိုင်ကျင့်ဗိုလ်ကျသည့် မျက်လုံးများအဖြစ် ပြောင်းသွားပါသည်။
"ပြီးတာပါပဲဟယ် သဘော သဘော"
ကားပေါ်ရောက်၍ သိပ်မကြာခင် ဝက်ဝံထံ ဖုန်းဝင်လာပါသည်။ (အလိုက်ကန်းဆိုးဆိုတာ ဘာမှန်းမသိသည့် သူငယ်ချင်းထံမှ ဖြစ်ပါသည်)
"ဟယ် ဆရာရောက်နေပြီ သိလား။ နင့်ကို မေးနေတယ်။ အတန်းထဲ အမြန်လာ"
ဖုန်းချပြီးချိန်တွင် ဝက်ဝံမှာ သိသိသာသာ ဂနာမငြိမ်ဖြစ်လာပါသည်။ ချွေးစေးများလည်း ပြန်လာသည်။ airconဖွင့်ထားသော်လည်း ချက်ချင်းပူအိုက်လာပါသည်။
ယုန်မလေးဘက်ကို နည်းနည်းယိမ်းလိုက်ပြီး
"ဟာ အဲဒါဆို ငါနင့်ကို ဒီနားမှာ ချပေးလိုက်မယ်နော် နင်ဆင်းလိုက်"
"ဟဲ့ ဒီနားမှာ ကားမှတ်တိုင်မှ မရှိတာ။ ငါက ဘယ်လိုပြန်ရမှာလဲ" ယုန်ကလေးက ငါ အစကတည်းက မပြောဘူးလား ဆိုသည့်ပုံစံဖြင့် ပြန်ကြည့်ပါသည်။
"ဒီနားက လမ်းလျှောက်လို့ ရပါတယ်။ ဆင်းလိုက်နော်"
" ဒီနားကို ငါတစ်ခါမှလည်း မရောက်ဖူးဘူး။ ကားမှတ်တိုင်လည်း မရှိဘူး။ လမ်းလည်းမလျှောက်ချင်ဘူး။ နင် ကျောင်းကို ပြန်မှာမဟုတ်လား။ ငါလည်း အဲဒီရောက်မှ ဆင်းမယ်။"
ပေါင်ပေါ်တင်ထားသည့် ကျောပိုးအိတ်ကို ဖက်လိုက်ပါသည်။ အလျှော့မပေးတော့မည့်နှယ် နှုတ်ခမ်းကို တင်းတင်းစေ့ထားပါသည်။
အလျင်လိုသည့်အခါမှ လမ်းကလည်း ပိတ်နေပါသည်။ ဝက်ဝံပါးစပ်မှ "အတန်းလွတ်တော့မယ်" ဟု တတွတ်တွတ် ရေရွတ်နေပါသည်။ ယုန်မလေးကလည်း "တောင်းပန်ပါတယ်ဟယ်" ဟု ပြန်ပြောနေပါသည်။
ယုန်မကလေး၏ သည်းခံနိုင်စွမ်းကုန်ခါနီးအချိန်လောက်တွင် ကျောင်းသို့ ရောက်သွားပါသည်။ ဝက်ဝံက သူ့ခန္ဓာကိုယ်ကြီးကို မနိုင့်တနိုင်သယ်ကာ အတန်းကို သုတ်ခြေတင်သွား၊ ယုန်ကလေးကလည်း လျှောက်နေကျလမ်းအတိုင်း နားကြပ်တပ်ကာ မှတ်တိုင်သို့လမ်းလျှောက်၊ ကားစီးကာ မူလလာရာ အသိုက်အမြုံသို့ ပြန်သွားပါသည်။ (ဪ.. မေ့တော့မလို့ ကားပေါ်မှာတော့ လည်ချောင်းက ရှတတဖြစ်လာလို့ အိတ်ထဲကပဝါထုတ်ပြီး လည်ပင်းမှာ ပတ်လိုက်ရသေးသတဲ့)
နောက် အိမ်ပြန်ရောက်လို့ စကားပြောသည့်အချိန်တွင် အသံမထွက်တော့ပါ။ ဟဲ့ ဘယ်လိုဖြစ်ရတာလဲ။ အဲလိုနဲ့ ဆေးခန်းသွားပြီး ပြန်အလာတွင် စာပို့ကာ ရန်တွေ့ပါသည်။ သီချင်းလည်း မဆိုနိုင်ပါ၊ စကားလည်း မပြောနိုင်ပါ။ အချစ်သည် ခရမ်းရောင်ကြီး ဖြစ်ပါသည်။ အနီလည်း မဟုတ် အပြာလည်း မဟုတ်၊ ဘာမှန်းမသိသည့် ခပ်မှိုင်းမှိုင်း ခရမ်းရောင်ကြီး ဖြစ်ပါသည်။
ထိုညမှစ၍ သူတို့နှစ်ယောက် ဘယ်သောအခါမှ စကားမပြောကြတော့ပါ။ တွေ့လည်း မတွေ့ကြတော့ပါ။ ဖြတ်သွားဖြတ်လာပင် မဆုံကြတော့ပါ။
အချစ်သည် သက်တံတစ်စင်းပင် ဖြစ်ပါသည်။ သဘာဝအံ့ဩဖွယ်တစ်ခု ဖြစ်ပါသည်။ လှပ၍ ပြီးပြည့်စုံပါသည်။ ပြီးတော့ ကျွန်မတို့ လှမ်းမမီနိုင်သည့် ကောင်းကင်ပေါ်တွင် ရှိပါသည်။
သူများ၏ ကြုံတွေ့ခဲ့ဖူးသော သက်တံများသည် ပြန်တွေးလိုက်တိုင်း လွမ်းဆွတ်စရာ ဖြစ်ပါသည်။ ဒေါသထွက်၍ ဝမ်းနည်းစရာလည်း ဖြစ်တတ်ပါသည်။
သို့သော် ကျွန်မ၏ သက်တံကတော့ ပြောင်းပြန်ဖြစ်ပါသည်။ ရယ်ရပါသည်။
Keep Reading