သိုက်စိုးထွန်း(နတ်ရွာ)
“စာလေးဘာလေးနည်းနည်းရေးပါတယ်”လို့ ပြောမိတဲ့အခါတိုင်း “ဘာစာတွေများရေးသလဲ” ဆိုတဲ့ မေးခွန်းမျိုးအမေးခံရလေ့ရှိပါတယ်။ မေးတဲ့သူကပေါ့ပေါ့ပါးပါး စကားအချိတ်အဆက်မိရုံ လောကွတ် သဘောလောက် ထည့်ပြောတဲ့သူမျိုးဆိုရင်တော့ ကြည့်ကျက်ဖြေလိုက်လို့ အဆင်ပြေပေမယ့် တချို့ကျတော့ တကယ်ကိုအလေးအနက်မေးကြတာ။ ဒီလိုဆိုတော့ ကိုယ့်မှာပြန်ပြောစရာအဖြေက တိတိကျကျ ရှိမနေပြန်ဘူး။ အတွေးအမြင်တွေရေးတယ်လို့ပြောရမလိုလို၊ အတွေ့အကြုံတွေရေးတယ်လို့ ဆိုရမလိုလို၊ ဓလေ့ထုံးစံတွေကို ဖွဲ့နွဲ့တယ်လို့ဖြေရှင်းရမလိုလို၊ လူမှုဆက်ဆံရေးလိုလို၊ စီမံခန့်ခွဲမှုလိုလိုနဲ့၊ လိုလိုတွေနဲ့သာ ယောင်လည်လည်ဖြစ်နေရော။
စာရေးဆရာဆိုတဲ့အသုံးအနှုန်းနဲ့တွဲကြည့်ရမယ့်အထဲမှာရော ကိုယ်ပါနေပြီလား၊ မပါနိုင်သေးဘူးပေါ့။ စာရေးခြင်းနဲ့ အသက်မွေးတဲ့သူကို စာရေးဆရာလို့ခေါ်ရင်တော့ ကိုယ်ကသေချာပေါက်မပါ။ စာပေ သက်သက်နဲ့ အသက်မွေးဖို့ ကြိုးစားမကြည့်ဝံ့တာက ကိုယ့်အစွမ်းအစကိုယ် မယုံဝံ့တာကြောင့် ဖြစ်နိုင်သလို တခြားတခြားသော အကြောင်းကြောင်းတွေကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ပေါက်ပေါက်မြောက်မြောက် ဖြစ်လာနိုင်မယ့်လက်မရှိလောက်ဘူးလို့ ကိုယ့်ကိုယ်ကိုသံသယရှိနေတာက အရင်းခံအကြောင်းတစ်ရပ် ဖြစ်မှာပေါ့။
စာရေးဆရာမဟုတ်၊ ဒါပေမဲ့ရေးတော့ရေးနေတယ်။ ဘာတွေရေးနေသလဲ။ ဖျော်ဖြေရေးလား၊ ဖျော်ဖြေရေးဆိုရင် ကိုယ်ရေးတဲ့စာက စာဖတ်သူကို ဘယ်လောက်တောင် ဖျော်ဖြေပေးနိုင်လို့လဲ၊ ဘယ်လို ရသတွေပေးနေသလဲ၊ ရသဖန်တီးမှုအတတ်ပညာ၊ အနုပညာမှာဘယ်လောက်များ ကျွမ်းကျင်တတ်မြောက် နေလို့လဲ။ ပညာပေးလား၊ ဒါဆိုရင်လည်း ဘယ်လိုပညာမျိုးတွေ ပေးနိုင်သလဲ၊ ကိုယ်က ဘာပညာတွေ တတ်ထားလို့လဲ၊ ဘယ်နယ်ပယ်မှာကိုယ်ကျွမ်းကျင်သလဲ၊ ပြန်လည်မျှဝေနိုင်လောက်တဲ့အထိရော ကျွမ်းကျင်ရဲ့လား။ ဒီလိုမေးကြည့်တော့လည်း ရေရေရာရာမဖြေတတ်ပြန်ဘူး။ သေသေချာချာမမေးရင်တော့ ဟိုလိုလိုဒီလိုလိုနဲ့ ပေတံတစ်ခုခုနဲ့သေချာထောက်ကြည့်လိုက်မှ ထောက်စရာနေရာက ပျောက်ပျောက် သွားရော။
သုတမဟုတ်၊ ရသမဟုတ်ဆိုရင် ကိုယ့်စာတွေဖတ်ပြီး စာဖတ်သူက ဘာတွေရလာမှာလဲ။ အသိပညာ၊ ဗဟုသုတတွေတိုးလာမှာလား။ ဘာတွေရမလဲ၊ ဘာတွေရမလဲ။ ဒီမေးခွန်းရဲ့အသံက ကြာလေကျယ်လေ ဖြစ်လာတယ်။ အသိပညာတွေထပ်ဆင့်ဖြန့်ဖြူးနိုင်လောက်တဲ့ပညာရှင်မျိုးလည်းမဟုတ်၊ ရသစာပေဖန်တီးမှု မှာ ကျွမ်းကျင်ပိုင်နိုင်တဲ့စာရေးဆရာလည်းမဟုတ်။ ဒါဖြင့် ကိုယ်ရေးတဲ့စာတွေကို ဘယ်သူတွေက ဘာအကြောင်းကြောင့်ဖတ်ဖို့လိုဉီးမှာလဲ။ ဘာ့ကြောင့်ဖတ်ရမှာတဲ့လဲ။ ဒါလည်း သေချာပြောဖို့ ခက်နေပြန်ရော။ (ဒီလိုကြော်ငြာကောင်းပုံမျိုးနဲ့တော့ ရောင်းအားကတက်ဉီးတော့မှာပဲ။) ဒီလိုအနေအထား မျိုးမှာ ကိုယ့်စာတွေကိုလက်ခံဖော်ပြပေးနေတဲ့ အယ်ဒီတာတွေနဲ့ ရေးသမျှဖတ်ပေးနေတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်မိပါရဲ့။ သူတို့တွေရဲ့ကျေးဇူးကြောင့်ပဲ စာရေးဆရာယောင်ယောင်ဘာယောင်ယောင်နဲ့ စာပေနယ်ရဲ့ အောက်နားကထောင့်ကွေးလေးမှာ ခပ်မှိန်မှန်လေး နေရာယူခွင့်ရနေတာလေ။ ကိုယ့်စာတွေ ဖတ်နေတဲ့သူတွေကလည်း အများအားဖြင့်တော့ ကိုယ့်ရဲ့ဆရာသမားတွေ၊ မိတ်ဆွေတွေပါ။ ပရိတ်သတ် ဆိုတာမျိုးမဟုတ်ပါဘူး။
ပြောချင်တာလေးတွေရှိတော့ရှိပါရဲ့။ ပို့ချင်တဲ့သတင်းစကားလေးတွေ ပို့တော့ပို့နေဖြစ်ပါရဲ့။ ရောက်၊ မရောက်ဆိုတာကျတော့ ကိုယ်ပြောနိုင်တဲ့ကိစ္စမျိုးမဟုတ်ပြန်။ ဘာပဲပြောပြော ဆက်တော့ပြောနေရ ဉီးမှာပေါ့။
ကိုယ့်စာဖတ်တဲ့သူရလာမယ့်အကျိုးတရားကို သေချာမပြောနိုင်သေးဘူးဆိုရင် စာရေးတဲ့ ကိုယ်ကိုယ်တိုင်အတွက်ရော ဒီလိုစာတွေရေးလိုက်လို့ ဘယ်လိုအကျိုးတွေရနေသလဲလို့ မေးဖို့ လိုလာပြန်တယ်။ ဒါကမေးသင့်တာပေါ့။ အနည်းဆုံး ဒီမေးခွန်းမျိုးလောက်အတွက်တော့ တိကျတဲ့ အဖြေတစ်ခုရှိနေသင့်တာပေါ့။ စာမူခလား၊ ဒါကလည်း ဖြစ်ဖြစ်မြောက်မြောက်မဟုတ်။ ကျော်ကြားမှုလား၊ ပိုတောင်ဝေးပါသေးတယ်။ တခြားလူမပြောနဲ့၊ ကိုယ့်အနီးအနားကလူတချို့ကတောင် ကိုယ်စာရေးတယ် ဆိုတာမသိကြ။ ငါသိတယ်၊ ငါတတ်တယ် ဆိုတဲ့အကြောင်းကိုပြချင်လို့ရေးတာလား၊ ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ ဟိုတုန်းအခါကတော့ တချို့ကိစ္စတွေမှာ တချို့သူတွေထက် ကိုယ်ကပိုနားလည်နေ သလိုလို ထင်ခဲ့မိပေမဲ့ ဒီအထင်က ကိုယ့်အထင်သက်သက်သာဖြစ်နေခဲ့ကြောင်းကို ကြာလေ သဘောပေါက်လေဖြစ်လာတယ်။ အချိန်တွေကြာလာလေလေ၊ တစ်ယောက်နဲ့တစ်ယောက်ကြားက ခြားနားမှုက ပိုပြီးပါးလာလေလေလို့ မြင်လာတယ်။ အထူးပြုလေ့လာတဲ့နယ်ပယ်အလျောက် ကွာဟချက် ကလေးတွေတော့ ရှိသေးတာပေါ့လေ။ ဒါလေးတစ်ခုပဲ ကျန်မယ်။ ဒါလေးတစ်ခုကလည်း အရေးမကြီးတာတော့ မဟုတ်ဘူးပေါ့။
ဘာအတွက်ရေးနေသလဲ။ ဘာတွေမျှော်လင့်နေသလဲ။ ကိုယ့်အတွက် တိတိကျကျမိမိရရ ပြောနိုင်မယ့် အဖြေတစ်ခုရှာဖို့က ခက်နေတုန်းပဲဆိုတာ တွေ့ရပြန်တယ်။ သေချာတာတစ်ခုကတော့ ရေးချင်လို့ရေးနေတယ်ပေါ့။ ယာယီအားဖြင့်ကတော့ ဒီလောက်ပဲပြောနိုင်လိမ့်မယ် ထင်တယ်။ စာဘာ့ကြောင့် ရေးသလဲ၊ ရေးချင်လို့။ ဒီလိုဆိုတော့ ငါ့တော့တော့ပြောလိုက်တယ်လို့တချို့ကထင်သွားလေမလားမသိဘူး။ အမှန်တော့ ရိုးရိုးသားသားဖြေကြည့်လို့ရလာတဲ့အဖြေပါပဲ။ ဘာ့ကြောင့်ရေးချင်သလဲဆိုတာကိုတော့ ထပ်မေးဖို့လိုလာ ပြန်တယ်။ အနီးစပ်ဆုံးအဖြေတစ်ခုရှာကြည့်တော့ စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခု ရချင်လို့ စာရေးချင်စိတ်တွေဖြစ်နေတယ်ဆိုတာလေးက အကြောင်းပြချက်တစ်ခုအနေနဲ့ ပါနေသလို တွေ့မြင်ကြားသိ၊ ခံစားမိတာလေးတွေ၊ တွေးတောကြံစည်မိတာလေးတွေထဲက ဒီအတွေ့အကြုံ၊ ဒီအတွေးအကြံလေးတွေကို တော့ဖြင့် ကိုယ့်တစ်ယောက်တည်းအတွက် သိမ်းမထားဘဲ ကျန်တဲ့သူတွေကိုလည်း ပြန်ပြောပြဉီးမှ သင့်လိမ့်မယ်ဆိုတဲ့ အတွေးလေးပေါ်ပေါ်လာလို့ရေးမိတာလည်း ပါပါတယ်။ မျှဝေချင်စိတ်လို့ ပြောနိုင်မယ် ထင်ပါရဲ့။ ကိုယ်သိထားတာလေးတွေ လက်ဆင့်ကမ်းပေးချင်တဲ့စေတနာလေးလည်း ပါပါတယ်။ တချို့ကိစ္စလေးတွေက ဒီအတိုင်းသိမ်းထားတာမျိုးထက် ပြောပြလိုက်တာက နည်းနည်းဖြစ်ဖြစ် ပိုအကျိုးရှိလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်မိနေတယ်ဆိုပါတော့။ နည်းနည်းလောက်ပါပဲ။ သိပ်အများကြီး မမျှော်လင့်ပါ။
မျှဝေချင်တာကတော့ဟုတ်ပြီ။ ကိုယ်မျှဝေချင်တဲ့အကြောင်းအရာ၊ ကိုယ်ပြောချင်တဲ့အချက်အလက်၊ ကိုယ်ပြချင်တဲ့အခင်းအကျင်း
Unlock to read this premium article with 10 points.