Author's Profile Photo

တင်ညွန့်

29/03/2024

ဆရာဆိုသည်မှာ (၂) -------------------

2 mins read
Education
ဆရာဆိုသည်မှာ (၂)
-------------------'s photo


ကလေးတွေအတွက် တွေးပေးသူ

ဆရာဆိုသည်မှာ မိမိတပည့်များကို အစစ အရာရာ မိမိထက် သာစေလိုသူများဖြစ်ရန်လိုပါသည်။ ကလေးတိုင်း မတော်နိုင်ပါ။ ဆရာကိုယ်တိုင်လည်း အရာရာတော်ခဲ့သူ မဟုတ်ပါ။ ဆရာဆိုသည်မှာ ပညာချည်းသက်သက် သင်ရန် မဟုတ်ပါ။ ကျောင်းစားတော်အောင်လုပ်ပေးနိုင်မှ ဆရာမဟုတ်ပါ။ ဘဝကို ရင်ဆိုင်နိုင်စွမ်းရှိအောင်၊ အခက်အခဲမှန်သမျှ ကျော်ဖြတ်နိုင်စွမ်းရှိအောင်၊ စဉ်းစားမြော်မြင်တွေးဆဆင်ခြင် တတ်အောင် လေ့ကျင့် ပျိုးထောင်ပေးလိုက်နိုင်မှ ဆရာဖြစ်ပါသည်။ တခဏအတွက်မတွေး၊ ဘဝအတွက် တွေးကာ သင်ပေးနိုင်မှ ဆရာဖြစ်ပါသည်။

ဖြတ်ထိုးဉာဏ်ရှိသူ

ဆရာဆိုသည်မှာ ဖြတ်ထိုးဉာဏ်ကောင်းရသည်။ ဖြစ်ပျက်လာသည့် အခြေအနေ အရပ်ရပ်ကို လျှပ်တစ်ပြက် ဆုံးဖြတ်ပြီး ချက်ချင်းလုပ်ဆောင်နိုင်စွမ်းရှိရသည်။ ကျောင်းသား ကျောင်းသူ အများနှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ ဘယ်အချိန်တွင် ဘာနှင့် ရင်ဆိုင်ရမည်ဆိုခြင်းကို ကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အရေးပေါ်အဖြစ်အပျက်တွေ ဖြစ်လာတိုင်း ရင်ဆိုင်ဖြေရှင်းပြတတ်ရန်လိုသည်။
မိမိဆုံးဖြတ်ကာ တုံ့ပြန်မှုပေးလိုက်သည့် အရာကိစ္စတိုင်းသည်လည်း ကလေးများက သဘောပေါက် လက်ခံ နိုင်သည့် ကိစ္စမျိုးဖြစ်ရန်လိုသည်။

ဆရာဆိုသည်မှာ အချိန်ဆွဲပြီး သင်ကြားနိုင်သည်မဟုတ်။ ဘာသင်မည်ဟု ဆုံးဖြတ်ထားပြီးလျှင် သင်ကြား မည့်အရာများကို ပြင်ဆင်ထားရသည်။ ပြင်ထားသည်ကို အချိန်ကာလတစ်ခုအတွင်း ပြီးအောင်သင်ရသည်။ သင်နေသည်ကိုလည်း မည်မျှအထိ ပေါက်မြောက်နိုင်သည်၊ ဘာတွေသင်ဖို့လိုသည်၊ ဘာကိုသင်ဖို့မလို ဆိုသည်များကို အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေ ဆုံးဖြတ်သုံးသပ် လုပ်ဆောင်နိုင်သူများ ဖြစ်ရန်လိုသည်။

စဉ်ဆက်မပြတ် လေ့လာသင်ယူနေသူ

ဆရာဆိုသည်မှာ ထာဝရကျောင်းသားကြီးများဖြစ်ရန်လိုသည်။ ဆရာဆိုသည်မှာ ကလေးများကို ပြန်လည် သင်ကြားရန် တာဝန်ယူထားသူများဖြစ်သည်။ သင်ကြားခြင်းသည် သင်ယူခြင်းနှင့် ဆက်စပ်နေသည်။ ကိုယ်တိုင် သင်ယူလေ့လာထားခြင်း မရှိလျှင် ကိုယ်ပြန်လည် သင်ကြားနေခြင်းမှာ အသက်ဝင်ခြင်း ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သင်ကြားလိုသူသည် သင်ယူခြင်းကို အဆက်မပြတ်လုပ်နေရန်လိုသည်။

ဆရာသည် သင်ယူခြင်းကို ရပ်လိုက်လျှင် သင်ကြားခြင်းက အသက်မပါတော့ပေ။ ကမ္ဘာလောကကြီးက ပြောင်းလဲနေသည်။ ခေတ်ကပြောင်းနေသည်။ နည်းပညာနှင့် တိုးတက်ဆန်းသစ်မှုများက အဆက်မပြတ် ဖြစ်နေသည်။ ခေတ်စနစ်နှင့်အညီ ပြောင်းလဲနေသည့် ပညာရေးဆိုင်ရာ သဘောတရား၊ နည်းပညာနှင့် သင်ကြားမှု သင်ယူမှုကို အထောက်အကူပြုပေးနိုင်သော ကိစ္စများကို ဆရာတို့ စိတ်ဝင်စားစွာ လေ့လာ နေရန်လိုသည်။

ဆရာဆိုသည်မှာ မိမိတို့ တပည့်များထံမှ ပြန်လည်လေ့လာသင်ယူရမည့်အရာများရှိနေကြောင်းလည်း သိထားစေချင်ပါသည်။ စာသင်ခန်းဆိုသည်မှာ အဖွဲ့အစည်း အသေးစားလေးတစ်ခုဖြစ်သည်။ စာသင်ခန်း သည် ဘဝတစ်ခု၊ လောကတစ်ခုဖြစ်သည်။ စာသင်ခန်းသည် ကမ္ဘာလောကကြီးကို ရင်ဆိုင်ရန် ပြင်ဆင် ပေးလိုက်ရမည့် နေရာတစ်နေရာဖြစ်သည်။ စဉ်ဆက်မပြတ် လေ့လာသင်ယူနေသော ဆရာများဖြင့်သာ စဉ်ဆက်မပြတ် လေ့လာသင်ယူနေသော ကျောင်းသားများကို မွေးထုတ်ပေးလိုက်နိုင်ပါသည်။

အပြန်အလှန်လေးစား တန်ဖိုးထားတတ်သူ

ဆရာဆိုသည်မှာ အရိုသေခံ၊ အလေးစားခံသက်သက်မဟုတ်ပါ။ ဆရာဆိုသည်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသူဖြစ်ရန်လိုသည်။ တာဝန်ယူမှု တာဝန်ခံမှု (Responsibility) ဆိုသည်မှာ ကျောင်းသားများအပေါ်လည်း အပြန်အလှန်လေးစားပြီး တန်ဖိုးထားတတ်ရန်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ကလေးများအပေါ် လေးစားစရာတစ်ခုဟူ၍ မြင်မထားသည့် ဆရာတစ်ယောက်သည် အပြန်အလှန် အနေဖြင့် ကလေးများထံက လေးစားမှုတုံ့ပြန်မှုများကို ရရန်မလွယ်ပေ။

မိဘများသည် ကျောင်းကို မိမိတို့သားသမီးအား လွှတ်လိုက်ပြီဆိုကတည်းက ယုံကြည်မှုတစ်ခုကို တည်ဆောက်လိုက်ကြခြင်းဖြစ်သည်။ ဆရာတွေအပေါ် သူတို့ယုံကြည်စွာဖြင့် မိမိတို့ သားသမီးများအား လွှဲအပ်လိုက်ခြင်းဖြစ်သည်။ ဆရာများကလည်း မိဘတို့ယုံကြည်မှုဖြင့် လွှဲအပ်လိုက်သည့်အပေါ် Responsibility ရှိသူများအဖြစ် မြင်ထားရန် လိုပါသည်။

ဆရာ၊ ကျောင်းသား၊ မိဘ အပြန်အလှန်လေးစား တန်ဖိုးထားရမှန်းမသိလျှင် သင်ကြားမှု သင်ယူမှု လုပ်ငန်း ဖြစ်စဉ်ကြီးမှာ အောင်မြင်နိုင်မည် မဟုတ်ပေ။ ဆရာတွေက ကလေးတွေကို ပညာလည်းတော် ကိုယ်ကျင့် တရားလည်းကောင်း၊ ကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲပေးနိုင်သူများ ဖြစ်စေရမည်ဟု တာဝန်ယူကာ သင်ကြားပေးလိုက်လျှင် ယုံကြည်မှုကို မဖောက်ဖျက်ရာရောက်သဖြင့် ဆရာ့တန်ဖိုးလည်း ပိုပြီး မြင့်မားလာစေနိုင်ပါသည်။

(Photo Credit: American University School of Education Online)

တင်ညွန့်

၂၆.၂.၂၀၂၄

Keep Reading

ထူးဆန်းတဲ့လောကBook Reviewနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲသူများပြောတိုင်းမယုံနှင့်စာသင်ကျောင်းသည် မြင်းဇောင်းမဟုတ်ထင်ရာမြင်ရာ ဝင်ပါကြသောအခါတက်ညီလက်ညီ ပန်းတိုင်ဆီသို့My Life Notesပညာရှိတို့စကား မှတ်သားစရာကဲ ဘာလုပ်ကြမလဲ