PoMoNyeiAye
၂။ မိန်းမတစ်ယောက် မဖြစ်ချင်သော မိန်းကလေးတစ်ယောက်
" ကျွန်တော့် မိဘတွေ ကွာရှင်းခဲ့ကြတာ ကျွန်တော် ဆယ်တန်း အောင်တဲ့ နှစ်က "
" ဪ..."
မမက ထူးဆန်းတဲ့သူပဲ။ မမ မျက်ဝန်းတွေထဲမှာ ဘာကိုမှ ရှာမရဘူး။ အထင်သေးသွားမှာလား။ စိတ်ပျက်သွားမလား...။ စိတ်ရှုပ်သွားမှာလား။ မမ ကျွန်တော့်ကို သနားလာမှာလား ... အဲ့လို သိချင်စိတ်နဲ့ မမကို ကြည့်ပေမဲ့ မမက မျက်နှာအမူအယာ တစ်ချက်မှ ပြောင်းလဲမသွားခဲ့ဘူး။
ကျွန်တော့်ရဲ့ မချင့်မရဲစိတ်ကို မမရိပ်မိသွားတော့မှ မမက မျက်နှာအမူအယာမှာ လူသားဆန်တဲ့ ခံးစားချက်တစ်ခု ကပြာကယာ ထ တင်လိုက်တယ်။ မမဟာ အဲ့ဒီလို လူ။
" Sorry... အမက ဘာပြောပေးရမှန်း မသိ ဖြစ်သွားလို့။ နောက်ပြီး အမက သိနှင့်ပြီးသား... "
မမက ပြောဖူးတယ်။ ' အမက အတွေးအရမ်းများပေမဲ့ စကားအများကြီး မပြောတတ်ဘူး ' တဲ့။ မမဟာ လူတွေနဲ့ ဆက်ဆံရာမှာ အခက်ခဲရှိတဲ့သူလို့ ကိုယ်တိုင် ဝန်ခံဖူးခဲ့တာပဲ။ အခုလို ကိစ္စမျိုးမှာ မမဟာ သနားရမှာလား အားပေးရမှာလား ဆိုပြီး စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေမှာ အသေချာပါပဲ။
" အမကို ဘယ်သူ ပြောပြတာလဲ "
" ဟင့်အင်... မပြောပြပါဘူး။ အမ တွေးကြည့်မိတာပေါ့။ မင်း အရင် နေခဲ့တဲ့အိမ်ကို ဟိုတစ်ခါ ဖြတ်သွားတုန်းက ပြဖူးတယ်လေ။ နောက်ပြီး အဲ့ဒီအိမ်မှာ မင်းရဲ့ အမေကို တွေ့တယ်လေ။ မင်းကတော့ အဲ့ဒီမှာမှ မနေတော့ပဲလေ။ အခုနေနေတဲ့ အိမ်မှာ အဖေနဲ့ အတူတူနေနေတာမလား။ နည်းနည်း တွေးကြည့်မိတာပေါ့။ ကွာရှင်းထားတာမဟုတ်ရင် မိဘတွေ အဆင်မပြေကြဘူး ထင်တယ်လို့ တွေးထားတာ "
မမက အများကြီး ရှင်းပြပြီးမှ ရုတ်တရက် စကားကို အရှိန်သတ်ပစ်လိုက်တယ်။ မျက်နှာကို အောက်ချလို့...
" Sorry... တစ်ခြားလူတစ်ယောက်အကြောင်းကို သေချာမသိပဲ ရမ်းပြီး ထင်ရာမြင်ရာ မတွေးသင့်မှန်း သိပါတယ် "
ကျွန်တော်က အခုဆို ဖေဖေ့လိုပဲ ဆရာဝန်ဖြစ်ဖို့ ဘယ်နှစ်နှစ်မှ မလိုတော့ဘူး။ မိတ်ဆွေပေါများတဲ့ မိဘတွေကြောင့်ရော... ကျောင်းကလူတွေရောနဲ့ ကျွန်တော့်မှာ အသိပေါများခဲ့တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်လာခဲ့ပြီ။ ဟိုအရင်က ဘာမှ မသိတဲ့ ကလေးတစ်ယောက် မဟုတ်တော့တာ သေချာတယ်။
ဒါပေမဲ့ မမကတော့ အခုမှ လူတောထဲကို တိုးဖို့ ထွက်လာခဲ့တဲ့ သူတဲ့။ မမက ဆယ်တန်းအောင်ပြီး မမတို့နယ်မြို့ကလေးမှာပဲ ကွန်ပျူတာ တက္ကသိုလ်တက်ခဲ့တယ်။ ဘွဲ့ရတော့ လုပ်ငန်းခွင်မဝင်ပဲ တက်ချင်တဲ့ သင်တန်းတွေပဲ တက်နေခဲ့ပြီး အခုမှ မြို့ပြကို ခြေဆန့်လာခဲ့သူတဲ့။
" ဘာမှ မဖြစ်ပါဘူး။ အမကို အရင်ထဲက ကျနော် ပြောပြထားရမှာ "
" ဟင့်အင်... မလိုပါဘူး။ အဲ့လိုကိစ္စဆိုတာ လူတကာကို ပြောပြစရာ မလိုပါဘူး... "
မမကလေ ရုတ်တရက် နီးကပ်လွန်းနေပြီလို့ ခံစားလာရရင် နောက်ကို ဆုတ်သွားတတ်တာ။
" အမက လူတကာမှ မဟုတ်တာ "
အဲ့ဒီစကားကို ကြားတော့ မမက ပြုံးတယ်။ ခါတိုင်းလိုပါပဲ။ ကြည်နူးပျော်ရွှင်တဲ့ အပြုံးမျိုးမဟုတ်ပဲ ကလေးတစ်ယောက်ကို ချစ်စနိုးနဲ့ကြည့်သလိုမျိုး ကျနော့ကို ကြည့်ကာ ပြုံးပြနေတာ။ မမရဲ့ အရာအားလုံးနီးပါးကို ကျနော် သဘောကျပေမဲ့ အဲ့ဒီလို အကြည့်နဲ့ အဲ့ဒီလို အပြုံးမျိုးကိုတော့ ကျွန်တော် တကယ် မကြိုက်ဘူး။ အဲ့ဒီလိုအချိန်ဆို ကျွန်တော်ဟာ မမအတွက် တကယ် ကလေးတစ်ယောက်ပဲလားလို့ အမြဲ တွေးမိတယ်။ ကျွန်တော်ဟာ မမဘဝထဲမှာ ပိုပြီး ကြီးမားတဲ့ ပုံရိပ်တစ်ခု ဖြစ်ချင်တယ်။
မမကတော့ ကျွန်တော့်ရှေ့မှာ သူမရဲ့ ဘယ်လိုပုံစံကိုချပြနေတာလဲ ကျွန်တော် သေချာမသိဘူး။ မမ ပြသမျှကိုပဲ ကျနော် မြင်နေရတာ။
" ၉နာရီကျော်ပြီနော် "
ဖုန်းက နာရီကို ကြည့်ကြည့်နေတာ ခဏခဏရှိပြီဆိုတာ ကျနော် မြင်ပါရဲ့။ ဒါပေမယ့် နည်းနည်းလောက် ပိုပြီး မမနဲ့ အတူရှိနေချင်တာနဲ့ ပြန်မယ့်အကြောင်းကို စကားမစခဲ့တာ။ နောက်ဆုံးတော့လည်း ပြန်ရမှာပါပဲ။
အိမ်ပြန်လမ်းမှာ မမဟာ လမ်းတလျောက်ကိုပဲ ငေးလိုက်လာတယ်။ တစ်ခုခုကို ပြောချင်နေမှာဆိုပေမဲ့ အဲ့ဒီအတွေးတွေကို စကားလုံးပုံစံပြောင်းပြီး စီနေရင်း နောက်ဆုံးမှာ မပြောတော့ဖို့ကိုပဲ ရွေးချယ်လိုက်ပြီ ထင်ရဲ့။ လမ်းဘေးက ကြော်ငြာဆိုင်းဘုတ်တွေ ဗီနိုင်းတွေ တွေ့တော့ ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်တယ်။ မမဟာ သူ့ကို ဘေးမှာ ထားပြီးတောင် အလုပ်ကို တွေးနေနိုင်သေးတယ်ဆိုပြီး စိတ်ထဲမှာ ကြိတ်ကာ အားမလိုအားမရ ဖြစ်ရသေးတယ်။ မမက Graphic designer ။ အဲ့ဒီအလုပ်ကြောင့်ပဲ မမနဲ့ ကျနော်တွေ့ခဲ့ရပြီး အခုလို ဆက်တွေ့နေရသေးတာပဲလို့ ကိုယ့်ကိုကိုယ်ပဲ ပြန်ပြီး စိတ်လျော့လိုက်ရတယ်။
ကျွန်တော် ကြည့်နေတာ သိတော့ မမဟာ နှုတ်ခမ်းလေးတွေကွေးကာ ပြုံးပြလို့... ဘာမှတော့ ဆက်မပြောဘူး။
" Design လှလို့လား... Inspiration ယူဖို့ ရိုက်ဝာာပေါ့" ၕ
" ဟင့်အင်.... အမဆွဲထားတဲ့ design လေ။ ကိုယ့်လက်ရာကို အခုလို အပြင်မှာ မြင်ရတာ သဘောကျလို့ အမှတ်တရ သိမ်းထားမလို့... လှတယ်နော်"
ခုနက ရိုက်ထားတဲ့ ဖုန်းထဲက ဓာတ်ပုံကို ထောင်ပြပြီး ပြုံးနေတဲ့မမဟာ ကလေးတစ်ယောက်လိုပဲ။ ကျွန်တော် ဒီမိန်းကလေးကို ပိုင်ဆိုင်ချင်လိုက်တာများဗျာ။ မမကတော့ ကျွန်တော့်အတွေးတွေကို သိမယ်မထင်ဘူး။ သိချင်စိတ်လည်း ရှိလိမ့်မယ် မထင်ဘူး။ ကျွန်တော်တစ်ယောက်ထဲပဲ ကျယ်လောင်စွာ တွေးတောမိခဲ့တာပါ။
" အဲ့ဒါဆို နောက်တစ်ခေါက် ဘယ်တော့ တွေ့ကြမလဲ "
မမတို့အိမ်ရှေ့ကားရပ်တော့ မမကို နှုတ်ဆက်ရင်း နောက်တစ်ခေါက် သေချာပေါက်တွေ့ရဖို့ကို ကျွန်တော်ကပဲ အမိအရ ချိန်းဆိုရတယ်။
" ဟင်... နောက်တစ်ခေါက် "
မမဟာ မောပန်းနေတဲ့လူတစ်ယောက်လို မငြီးတွားရုံတမယ်ပါပဲ။
" ဟိုဟာ အမကလေ... အမက..... အလုပ်တွေ ရှုပ်နေမှာ။ မင်းအပ်ထားတဲ့ အလုပ်ရော... တစ်ခြား အများကြီး ရှိသေးတာ။ အလုပ်ပြီးရင် အမဆက်သွယ်လိုက်မယ်နော် "
မမဟာ နောက်ထပ် ဘာကိုမှ ဆက်ပြောခွင့်မရတော့အောင် ထွက်ပြေးသွားပြီ ဖြစ်ပါတယ်။ အိမ်ပြန်လမ်းမှာတော့ မမနဲ့ ပထမဆုံး တွေ့ခဲ့တဲ့နေ့အကြောင်း ပြန်စဉ်းစားမိတယ်။
မမကို စတွေ့တာ မေမေ့ကြောင့်။ မေမေက စာအုပ်တိုက်တစ်ခုမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်နေရင်း သူတက်ခဲ့တဲ့ တက္ကသိုလ်ရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် တက္ကသိုလ်မဂ္ဂဇင်းကိုလည်း အယ်ဒီတာ လုပ်ပေးဖြစ်ခဲ့တယ်။ အဖေတူသား ကျွန်တော်ဟာ အမေ့သွေးလည်း ပါတာမို့ ကဗျာတို စာတို ရေးတတ်မှန်း မေမေသိထားတော့ ကျွန်တော့်ကို စာမူတောင်းတာကြောင့် မဂ္ဂဇင်းထွက်ချိန်မှာ စာမူရှင်အနေနဲ့ သွားခဲ့ရသေးတယ်။ အစက အလုပ်ရှုပ်တာမို့ တက်ဖို့ ငြင်းနေခဲ့ရင်း သားအလိမ္မာကို မိတ်ဆွေတွေရှေ့ ပွဲထုတ်ချင်တဲ့ မေမေ့တောင်းဆိုမှုကြောင့် ကျွန်တော် အဲ့ဒီပွဲကို တက်ခဲ့ရတယ်။ မေမေ့ကို ကျေးဇူးတင်ရမယ်။ မမကို ကျွန်တော် အဲ့ဒီမှာ တွေ့ခဲ့တာလေ။ မမကလည်း သူ့အဒေါ် အကူညီတောင်းတာကြောင့် မဂ္ဂဇင်း မျက်နှာဖုံးနဲ့ အတွင်း ဒီဇိုင်းတွေအတွက် ကူညီပေးဖြစ်ခဲ့တယ်တဲ့။ စတွေ့တုန်းက ကျွန်တော့်ထက်မငယ်ရင် ရွယ်တူပဲလို့ တွေးမိတဲ့အထိကို မမက သေးသေးကွေးကွေးလေး။ ကျွန်တော်ကပဲ စပြီးမိတ်ဆက် ကျွန်တော်ကပဲ လိုက်ကပ်ခဲ့ရတဲ့ မမဟာ အခုထိတော့ ဝေးဝေးပြေးတဲ့ အချစ် ဖြစ်နေတုန်းပါပဲ။
အခုလို ဆက်တွေ့ခွင့်ရဖို့ ကျွန်တော်ကပဲ ကြံဖန်ခဲ့ရတာ။ လူတကာနဲ့အဆင်ပြေပြေမပေါင်းသင်းတတ်တဲ့ မမဟာ မေမေ့လို အမျိုးသမီးကြီးတွေနဲ့ကျ ထူးဆန်းစွာ အဆင်ပြေနေခဲ့တယ်။ မေမေ့ အကူညီကြောင့်ပဲ လိပ်စာကဒ်ရခဲ့ပြီး ဆက်သွယ်ဖို့ အကြောင်းပြချက် ရှာရပြန်တယ်။ မိဘတွေရဲ့ အိမ်ထောင်ရေးကြောင့် ရည်းစားမထားနိုင်ခဲ့တဲ့ကျွန်တော်ဟာ မမကို အရူးအမူးဖြစ်နေတာသာသိရင် ဖေဖေ ဘာပြောလိမ့်မလဲ။ မေမေကတော့ သဘောတွေ ကျနေလို့ရယ်။
" သားဖေဖေရဲ့ဆေးခန်းအတွက် ကြော်ငြာတို့ လမ်းကမ်းစာစောင်တို့ ဘာတို့မလိုဘူးလား။ မင်း မမကို အလုပ်အပ်လို့ရတယ်လေ... "
မင်း မမ....
သိပ်လှတဲ့ နာမ်စားကလေးပါပဲဗျာ။
" မင်းမမက သိပ်တော်တာနော်။ အလုပ်လုပ်တာလည်း တော်တယ်။ စေတနာပါတယ် "
မေမေ့ကျေးဇူးနဲ့ ကျွန်တော်ဟာ မမကို ဒီလို ဆက်တွေ့ခွင့်ရနေတာပါပဲ။ ကျွန်တော်အနေနဲ့ဆို မမဟာ ဘယ်လိုမှ ထပ်မဆုံနိုင်မယ့် ရေစက်ကလေးပါပဲလေ။
ကားမောင်းရင်း မေမေ့ဆီဖုန်းခေါ်ဖြစ်တယ်။
" ဟယ်လို မေမေ "
" ပြော.... သား "
" မေမေ့ကို ကျေးဇူးတင်မလို့ "
" အလို... ညကြီးမင်းကြီး ငါ့သားက ငါ့ကို ဘာတွေ ကျေးဇူးတင်မလို့လဲ "
" မမနဲ့ တွေ့အောင် လုပ်ပေးခဲ့လို့ "
" အမလေးတော်.... ဒါငါ့သား ကောင်းစည်သူအောင် ဟုတ်ပါရဲ့ နော် "
" မေမေ့ သားပါဗျာ "
" အဖြေ ရခဲ့လို့လား။ ဟင်... တွေ့တာ မကြာသေးဘူးလားလို့။ နင်တို့တွေ ငါမိတ်ဆက်ပေးခဲ့တာ ငါတောင် မသိလိုက်ပဲ ရည်းစား ဖြစ်ကြပြီလား "
" ဟာ... မေမေကတော့ဗျာ။ အဲ့ဒီအဆင့်ထိ မရောက်သေးပါဘူး။ သုံးလေးခါပဲ တွေ့ရသေးတယ်။ စကားပြောတုန်းဗျ... ဒီချိန်ဖွင့်ပြောလို့ကတော့ ဟင့်အင် ပဲ ပြန်ရမှာ။ နောက်ပြီး သူက ပြောသေးတယ်။ သူက မချစ်တတ်ဘူးတဲ့။ တစ်ယောက်ထဲနေမှာတဲ့ "
မေမေက ဖုန်းထဲမှာ ရယ်နေခဲ့တယ်။
" သား... မိန်းကလေးတွေဆိုတာ ခံစားချက်သိပ်နူးညံ့တဲ့သူတွေ။ မချစ်တတ်တဲ့ မိန်းကလေးဆိုရင်တောင် အချစ်ခံချင်တာကတော့ အားလုံးနဲ့အတူတူပဲ။ သား ဖွင့်ပြောတာ အချိန်ကိုက်ဖို့ လိုတယ်နော်။ စောလို့မရဘူး... နောက်ကျလို့ မရဘူး...."
စောလို့ မရဘူး။ နောက်ကျလို့ မရဘူး။
အဲ့ဒီစကားကို ကျနော် နားလည်ခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မမဟာ ဒီအချိန် ဖွင့်ပြောရင် သေချာပေါက် ငြင်းမယ့်သူဆိုတာကို ကျွန်တော် သိတယ်။
မမကို စတွေ့တုန်းက မေမေ့မျက်နှာနဲ့မို့ ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံတာဆိုတာ ကျနော် ရိပ်မိတယ်။ မမက အပြင် သွားဖို့ခေါ်ရင် သုံးခါခေါ်မှ တစ်ခါလိုက်တယ်။ ဒါပေမယ့် ပြောဖူးသမျှ အရာရာကိုတော့ မှတ်မိနေတတ်တာ ထူးဆန်းတယ်။ အတွေးလွန်တတ်သူလို့ ပြောထားတာမို့ မမဟာ ကျွန်တော် တစ်ခုခုပြောလိုက်ရင် အဲ့ဒီစကားအပေါ်မှာ ဆက်တိုက် တွေးတောနေတော့မှာ သေချာတယ်။ တစ်ခါတလေ စကားတွေ အများကြီးပြောပြီး နောက်တစ်နေ့ကျရင်တော့ ရှာမရအောင်ကို ပျောက်နေတော့တာပါပဲ။ ကျွန်တော်နဲ့ တွေ့ပြီး နောက်တစ်ရက်ဆို သေချာပေါက် ဖုန်းနဲ့ရော Message နဲ့ပါ ဆက်သွယ်လို့ မရတတ်ဘူး။ နောက်တော့ အပြင်မှာ ဖမ်းလို့ မိခဲ့ရင် ပျောက်ချက်သားကောင်းနေခဲ့တာ သူမဟုတ်သလို ပုံစံမျိုးနဲ့ ရယ်ပြ နှုတ်ဆက်တတ်တယ်။ မမကို ကျွန်တော် ဒီလို ပုံစံမျိုးနဲ့ နားလည်ထားတယ်။ ဒါပေမဲ့ မမဟာ သူမြင်စေချင်တာပဲ ကျွန်တော့်ကို ပြတယ် ထင်ပါရဲ့။
ဘယ်လိုပဲဖြစ်ဖြစ် မမကို ကျွန်တော် သဘောကျတယ်။ အဲ့ဒါကြောင့်...
" မမ...."
မိုးတွေအေးပြီး အုံ့မှိုင်းနေတဲ့ နေ့တစ်နေ့မှာ ကျွန်တော် အဲ့ဒီနာမ်စားကို ရဲရဲဝံ့ဝံ့ခေါ်ခဲ့ပြီး...
" ကျွန်တော် မမကို မြင်မြင်ချင်း ချစ်မိသွားတာကို သိလား "
မမသိမှာမဟုတ်ပါဘူး လို့ထင်ခဲ့ပေမဲ့...
" သိပါတယ် "
မမျှော်လင့်ထားတဲ့ အဖြေကို ကျွန်တော် ရခဲ့ပါတယ်။
" အစထဲက မင်း အမကို သဘောကျနေတာမှန်း သိခဲ့တယ် "
ကျွန်တော်ကတော့ မမကို တကယ်ပဲ မသိခဲ့သေးဘူးကိုး...
" မင်းကရော မသိခဲ့ဘူးလား။ အမက ဘာလို့ မင်းနဲ့ ရင်းနှီးဖို့ အမြဲ ငြင်းနေခဲ့ရလဲ ဆိုတာလေ... "
" လူတွေနဲ့ ရင်းရင်းနှီးနှီးနေရတာ မကြိုက်လို့မလား "
" ရှုံးရမှာကို မုန်းလို့... တစ်ယောက်ယောက်ကို ချစ်မိသွားကြရင် လူတွေက ရှုံးသွားကြတော့တာပဲ။ အမက အောင်မှာ သေချာတဲ့စာမေးပွဲကိုပဲဖြေတယ်။ ဆုရမှာ သေချာတဲ့ ပြိုင်ပွဲကိုပဲ ပြိုင်တယ်။ လူတစ်ယောက်ကို ချစ်မိရင် သံယောဇဉ်တွယ်မိသွားရင် အမ ကိုယ့်ဘဝကိုယ် မပိုင်ရတော့ပဲ ရှုံးသွားမှာကို မုန်းတယ် "
ကျွန်တော်ဟာ မျှော်လင့်ချက် တကယ်မဲ့သွားခဲ့ပြီ။ မမဟာ မချစ်တတ်တာမှ မဟုတ်ဘဲ။ မချစ်ချင်တာ။
" လူတွေ ချစ်ကြတာမှာ အရှုံးအနိုင်ရှိလို့လား မမရာ "
" ရှိတယ်။ အမက အဲ့လို လူလေ။ ရှုံးရမှာ မုန်းတဲ့လူ။ တစ်စုံတစ်ယောက်ကိုချစ်ဖို့ လုံလောက်တဲ့ ခွန်အား၊ သတ္တိ၊ စိတ်အားထက်သန်မှု ဘာတစ်ခုမှ ရှိမနေဘူး။ အမကလေ... လူတစ်ယောက်ကို ချစ်ပေးနိုင်မယ့် လူမျိုး မဟုတ်ဘူး သိလား "
ဒီလောက် မျှော်လင့်ချက်မဲ့ပြီး ရက်စက်တဲ့ ငြင်းဆိုမှုမျိုး ဒီကမ္ဘာမှာ ရှိသေးလို့လား။ မမျှတလိုက်တာ...
" အမက ချစ်မိသွားကြတဲ့ မိန်းမတွေကိုလည်း မုန်းတယ်။ နာကျင်နေတာကိုတောင်မှ သည်းခံနေကြတဲ့ မိန်းမတွေ၊ ခွင့်လွှတ်ပေးရင်း ခွင့်လွှတ်နေတဲ့ မိန်းမတွေ၊ ရှုံးပြီးရင်း ရှုံးနေကြတာတောင်မှ သူတို့ကပြောကြတယ်။ ချစ်မိသွားလို့တဲ့... အမ အဲ့လို မိန်းမ မဖြစ်ချင်ဘူး... ဟင့်အင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး "
ဒါဟာ မမရဲ့ ဖုံးကွယ်ထားတဲ့ ပုံစံ နောက်တစ်မျိုးပဲ ထင်ပါရဲ့။ မချစ်ချင်ဘူးတဲ့လားဗျာ...
#ပိုမိုငြိမ်းအေး
#ရှင်သန်ပန်း၂
Keep Reading