သိုက်စိုးထွန်း(နတ်ရွာ)
ဘိုးဘွားမိဘ၊ လူကြီးသူမတွေကို ကန်တော့တဲ့အခါ “အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးခြင်းတို့နှင့် ပြည့်စုံပါစေ”ဆိုတဲ့ဆုမျိုးအပြင် “မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ”ဆိုတဲ့ဆုမျိုးလည်း ပေးလေ့ရှိကြတယ်။
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးခြင်းဆိုတဲ့ဆုပေးကတော့ “အဘိဝါဒနသီလိဿ၊ နိစ္စံဝုဎ္ဍာ ပစာယိနော။ စတ္တာရောဓမ္မာဝဎ္ဍန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ”ဆိုတဲ့ အာဋာနာဋိယသုတ်လာ ဒေသနာအတိုင်းပေးကြတာမို့ အများအားဖြင့် ကြားနေကျဆုပေးစကားပေါ့။ “မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားသနားပါစေ” ဆိုတဲ့ဆုပေးစကားလေးကိုတော့ ကြားခါစမှာ နည်းနည်း ထူးသလိုခံစားမိပေမဲ့ နောက်ပိုင်းကြာလာတာနဲ့အမျှ ဒီဆုပေးလေးကို ပိုပိုသဘောကျမိလာတယ်။
ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကီနယ်အတွင်း သက်ဆင်းလျှောက်လှမ်းကြရာမှာ လူချစ်လူခင်များဖို့၊ မိတ်ကောင်းဆွေကောင်းရှိဖို့ဆိုတဲ့ကိစ္စကလည်း အတော်လေးအရေးပါတဲ့ကိစ္စတစ်ခုဖြစ်နေတယ်။ အဋ္ဌက နိပါတ်၊ ဒီဃဇာဏုသုတ်မှာ ဒီဃဇာဏုဆိုတဲ့ ကောဠိယမင်းသားရဲ့မေးလျှောက်မှုအရ မြတ်စွာဘုရားက မျက်မှောက်ဘဝရော တမလွန်ဘဝမှာပါချမ်းသာကြီးပွားကြောင်းတရားလေးပါးကိုဟောတယ်။ အဲ့ဒီ လေးပါးက ဥဋ္ဌာနသမ္ပဒါ- ထကြွလုံ့လနှင့်ပြည့်စုံမှု၊ အာရက္ခသမ္ပဒါ- စောင့်ရှောက်ခြင်းနှင့်ပြည့်စုံမှု၊ ကလျာဏ မိတ္တသမ္ပဒါ- မိတ်ဆွေကောင်းရှိမှုနဲ့ သမဇီဝိတာ-မျှတစွာအသက်မွေးမှုတို့ပါပဲတဲ့။ မိတ်ဆွေကောင်းတွေ ရှိတာကို ချမ်းသာကြီးပွားကြောင်း အကြောင်းတရားတစ်ရပ်အနေနဲ့ဟောတော်မူခဲ့တာကို သတိပြုစရာပါ။
မိတ်ကောင်းဆွေကောင်းနဲ့ပတ်သက်လို့ မဟာဝဂ္ဂသံယုတ်၊ ဥပဎ္ဍသုတ်မှာဟောခဲ့တဲ့အချက်ကလည်း သတိထားဖို့ကောင်းနေပြန်တယ်။ အရှင်အာနန္ဒာက “အရှင်ဘုရား၊ မိတ်ဆွေကောင်းရှိသည်၏အဖြစ်သည်၊ အပေါင်းအသင်းကောင်းရှိသည်၏အဖြစ်၊ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏အဖြစ်သည် အကျင့်မြတ်ကို ထက်ဝက်ပြီးစေနိုင်ပါ၏”လို့လျှောက်တယ်။ ဒါကို ဘုရားရှင်က “အာနန္ဒာ ဤသို့မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်”လို့ နှစ်ကြိမ်နှစ်ခါတားပြီးမှ “မိတ်ဆွေကောင်းရှိသည်၏အဖြစ်၊ အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ်၊ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင်ပြီးစေနိုင်၏”လို့ မိန့်တော်မူတယ်။ ဒီအချက်တွေကိုထောက်ရင် ကြီးပွားရာကြီးပွားကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်း အတွက်ဆိုရင် မိတ်ကောင်းဆွေကောင်းတွေရှိဖို့က အတော်ကိုအရေးကြီးတယ်လို့မှတ်ယူနိုင်မှာပါ။ ကလျာဏ မိတ္တနဲ့ပေါင်းလို့ အားလုံးပြီးစေနိုင်တယ်ဆိုတော့ သူ့ဆန့်ကျင်ဘက် ပါပမိတ္တနဲ့ပေါင်းမိပြန်ရင်လည်း အားလုံး ပျက်စီးစေနိုင်တယ်လို့လည်း တစ်နည်းအားဖြင့်မှတ်ယူနိုင်မှာပေါ့လေ။ ဒီတော့ ဆောင်သင့်တဲ့ မိတ်ကောင်းဆွေကောင်းကို ဆောင်နိုင်ဖို့လိုသလို ရှောင်သတဲ့သူကိုလည်း ရှောင်နိုင်ဖို့လိုဦးမယ်ထင်ပါရဲ့။
မိတ်ကောင်းရှိမှ၊ အမှီကောင်းရှိမှ ကြီးပွားတိုးတက်တယ်ဆိုတဲ့အယူအဆက လူမှုပတ်ဝန်းကျင်မှာ လည်း အများစုလက်ခံထားတဲ့အယူအဆပါ။ အရည်အချင်းက သာမန်ဖြစ်ပေမဲ့ အမှီကောင်းရှိလို့ ကြီးပွား သွားသူတွေ၊ အရှင်မွေးလို့ နေ့ချင်းကြီးသွားသူတွေအများကြီးရှိပါတယ်။ ဒီလူတွေကလည်း ရှေးဆုတောင်း ကောင်းခဲ့လို့ တစ်နည်းအားဖြင့် ပစ္စုပ္ပန်နေ့စဉ်ဘဝမှာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်မှုမျိုးနဲ့ နေထိုင်ကျင့်သုံးနိုင်သူတွေဖြစ်နေကြလို့ဆိုတာမျိုးကိုလည်း ယေဘုယျအားဖြင့် တွေ့မြင်ရ မှာပါ။ ယေဘုယျလို့ ဆိုလိုက်တဲ့အတွက် ခြွင်းချက်တော့ရှိမှာပေါ့လေ။
ကိုယ့်မှာအရည်အချင်းဘယ်လောက်ရှိရှိ လူချစ်လူခင်ကနည်းနေရင် “ဒီကောင် တော်တော့တော်ပါရဲ့ ကွာ၊ သိပ်ထောင့်မကျိုးဘူးကွ”ဆိုပြီး ချောင်ထိုးလိုက်တာမျိုး၊ မသုံးတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒီ့ထက်ပိုပြီး တစ်ဆင့်တိုးလာရင်တော့ အမြင်ကတ်ပုဒ်မတပ်ပြီး တစ်နည်းနည်းနဲ့ပြဿနာရှာတာမျိုးတွေအထိ ဖြစ်သွားနိုင်တာမျိုးပါ။ ပုဒ်ထီးပုဒ်မတွေဆိုတာမျိုးက အလွန့်အလွန်ကြီးလေးလှပါတယ်ဆိုတဲ့ ပုဒ်မကြီးတွေ ဘယ်လိုပဲတပ်တပ် အလျှောက်ကောင်းတော့အထောင်းသက်သာဆိုသလို ကျိုးကြောင်းဆီလျော်တဲ့ ခုခံချေပမှုနဲ့ တုံ့ပြန်လိုက်ရင် ကွင်းလုံးကျွတ်အထိတောင်လွတ်မြောက်သွားနိုင်ပေမဲ့ အမြင်ကတ်ပုဒ်မ ဆိုတာကြီးများသုံးလိုက်ပြီဆိုရင်တော့ သိကြားမင်းဆင်းကယ်ရင်တောင် လွတ်ဖို့ခက်သွားနိုင်တာမျိုးပါ။
တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးက လူတချို့ကိုခေါ်ပြီး “မင်းတို့ ငါမေးတာကို မှားအောင်ဖြေကြ၊ မှန်ရင်တော့သေဒဏ်ချမယ်”လို့ ပြောလိုက်သတဲ့။ သူမေးတဲ့မေးခွန်းက “လူမှာအပေါက်ဘယ်နှပေါက် ပါသလဲ”ဆိုတဲ့မေးခွန်း။ ပထမတစ်ယောက်ကဖြေတယ်။ “မှန်ပါ့ဘုရား၊ လူတွေမှာ အပေါက်တစ်ပေါက်တည်း ပဲ ပါပါတယ်ဘုရား”။ “အင်း၊ လူတစ်ယောက်မှာ ပါးစပ်တစ်ပေါက်ပဲပါတာဆိုတော့ မင်းပြောတာမှန်တယ်၊ ဒါ့ကြောင့် သတ်စေ”တဲ့။ မလွတ်ဘူးပေါ့။ တစ်ပေါက်တည်းလို့ဖြေတာ အဖြေမှန်လို့သေဒဏ်ကျတယ် ဆိုတော့ နောက်တစ်ယောက်က “နှစ်ပေါက်ပါဘုရား”လို့ဖြေလိုက်တယ်။ ဒါလည်း “အင်း၊ စားတာက တစ်ပေါက်၊ စွန့်တာကတစ်ပေါက်၊ မှန်သားပဲ၊ သတ်စေ”တဲ့။ နောက်တစ်ယောက်က သုံးပေါက်လို့ဖြေတယ်။ “နှာခေါင်းကနှစ်ပေါက်၊ ပါးစပ်ကတစ်ပေါက်၊ ဒါလည်းမှန်တယ်၊ သတ်စေ”တဲ့။ လာခဲ့နောက်တစ်ယောက်။ “လေးပေါက်”။ “နားကနှစ်ပေါက်၊ နှာခေါင်းကနှစ်ပေါက်၊ လေးပေါက်၊ မှန်တယ်၊ သတ်စေ”တဲ့။ တစ်ပေါက်၊ နှစ်ပေါက်၊ သုံးပေါက်၊ လေးပေါက်၊ အကုန်မှန်တယ်ချည်းလုပ်နေတော့ နောက်တစ်ယောက်က ငါးပေါက်လို့ ဖြေတယ်။ “စောစောက နားနှစ်ပေါက်၊ နှာခေါင်းနှစ်ပေါက်နဲ့ ပါးစပ်တစ်ပေါက်နဲ့ပေါင်းရင် ငါးပေါက်၊ ဒါလည်း မှန်တာပဲ၊ သတ်စေ” ဖြစ်ပြန်ရော။ ခြောက်ပေါက်လို့တစ်ယောက်ကဖြေတော့ “ဒွါရခြောက်ပေါက်ဆိုတာ ရှိတယ်မဟုတ်လား၊ အဖြေမှန်တဲ့အတွက် သတ်စေ”တဲ့။ နောက်တစ်ယောက်ကတော့ “လူမှာအပေါက်တွေ မရေမတွက်နိုင်အောင်ရှိပါတယ်ဘုရား”တဲ့။ “အိမ်း၊ မွေးညင်းပေါက်တွေပါရေတွက်ရင်တော့ မရေမတွက် နိုင်ဘူးဆိုတာ မှန်သကွဲ့၊ ဒါ့ကြောင့် သူ့ကိုလည်းသတ်စေ”တဲ့။ နောက်ထပ်တစ်ယောက်ကျတော့ “မှန်ပါ၊ လူမှာအပေါက်တစ်ပေါက်မှမပါပါဘူးဘုရား”တဲ့။ ဒီတော့ ဘုရင်လည်းအကျပ်ရိုက်သွားတာပေါ့။ “တစ်ပေါက်မှမပါဘူးဆိုတော့ အဖြေကမှားတော့မှားတယ်၊ ဒါပေမဲ့သတ်စေ”တဲ့။ အမြင်ကတ်လာပြီဆိုမှတော့ ဘယ်လိုဖြေရှင်းချက်မျိုးမှလက်မခံဘူးဆိုတဲ့သဘောထင်ပါရဲ့။ ထားပါတော့။
မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားသနားပါစေဆိုတဲ့ဆုမျိုးမပြည့်တဲ့သူကို ကြီးတဲ့သူက ချီးမြှင့် မြှောက်စားဖို့ ခြေလှမ်းကလေးလှမ်းမိရင်တောင်မှ သူ့ကိုမကြည်တဲ့၊ အကြံပေး၊ ဆွေးနွေးခွင့်ရှိတဲ့သူ တစ်ယောက်ယောက်က “ဒီနေရာနဲ့ သူနဲ့တော့ မသင့်တော်သေးပါဘူးထင်ပါတယ်” ဆိုတာမျိုး စကားလေး တစ်လုံးနှစ်လုံးလောက် ခုပေးလိုက်ရင် ပွဲကပျက်သွားရော။ ဒီလိုပြောလို့ လူချစ်လူခင်များခြင်းရဲ့ အကျိုးကျေးဇူးက နိမ့်စေ၊ မြင့်စေဆိုပြီး လုပ်လို့ရတဲ့အဖွဲ့အစည်းမျိုးမှာပါနေတဲ့သူတွေနဲ့ပဲဆိုင်တယ်လို့ မဆိုလိုပါဘူး။ ဘယ်လိုနေရာမျိုးမှာရှိတဲ့သူဖြစ်ဖြစ်၊ ဘယ်လိုအလုပ်အကိုင်မျိုး လုပ်ကိုင်တဲ့သူအတွက်ပဲ ဖြစ်ဖြစ် ဒီကိစ္စကအရေးကြီးပါတယ်။ ဈေးရောင်းဈေးဝယ်လုပ်မလား၊ ဈေးနှုန်းချင်း၊ ကုန်ပစ္စည်း အရည်အသွေးချင်းတူရင် ဆက်ဆံရေးအဆင်ပြေတဲ့သူရောင်းတဲ့ဆိုင်မှာပဲ ဝယ်ချင်ကြတာပါ။ အနုပညာ အလုပ်လုပ်မလား၊ လူချစ်လူခင်များတဲ့သူတွေပဲ ထင်ပေါ်ကျော်ကြားမှု၊ အောင်မြင်မှုကို ရနိုင်ကြတာပါ။
ချုပ်ကြည့်လိုက်ရင် ဘဝမှာ ကျန်တဲ့အချက်တွေအရေးပါသလို မိတ်ကောင်းဆွေကောင်းရှိဖို့၊ လ
Unlock to read this premium article with 10 points.