Youth’s Book Reflections
?ဒဂုန်တာရာရဲ့ မြိုင်ကတော့ ရှမ်းမလေး။ပါးထက်မှာ ချယ်ရီရောင်သန်းပြီး အသားအရည် ဖြူဝင်းမွတ်တဲ့ရှမ်းမလေး။ရှမ်းပြည်မြောက်ပိုင်းမြို့တစ်မြို့က နယ်ခြားဝန်ထောက်တစ်ယောက်ရဲ့ ဇနီး။ကဗျာဂီတကို ချစ်မြတ်နိုးသူ။မြိုင်ကို တင်စားတာကတော့ ချယ်ရီပန်းတဲ့လေ..။ချယ်ရီလို ခူးဆွတ်သူကို စောင့်နေရော့သလား။
☁️နောက်တစ်ယောက်ကတော့ ဘိုဆန်ပြီး ခေတ်မီတဲ့ ကပြားမလေး အေမီ။လူနာတွေကို မိခင်နဲ့မခြား ယုယစွာပြုစုတတ်တဲ့သူနာပြုမလေးအေမီ။အေမီကိုတော့ တိမ်ပြာနဲ့ တင်စားသတဲ့။ဖမ်းဆုပ်လို့မရ၊ လွတ်လပ်အမှီခိုကင်းပြီး တစ်သဘောတည်းမရှိတာကိုဆိုလိုချင်သလားမပြောတတ်။
“xxxxxxxxxxxxချယ်ရီနီလော
တိမ်ပြာသောဟု မပြောတတ်အောင်
ရောယောင်ယှက်သန်း၊ စပ်ဖက်လွန်း၍
အဆန်းအသစ်၊ အရက်ဖြစ်သည်
မူယစ်မေ့မေ့၊ တစေ့စေ့။”
ဒီဝတ္ထုဇာတ်ဆောင် ကဗျာဆရာကိုနန်းနွယ်ရဲ့ မြိုင်နဲ့အေမီတို့နဲ့ခွဲခွါတဲ့အပြန်ခရီးမှာ စပ်ခဲ့တဲ့ကဗျာ။
ကဗျာချစ်သူတွေအတွက် ခံစားပြီးဖတ်လို့ကောင်းမယ့်ဝတ္ထု။စာထဲမှာပါသလို ရေးသူဆိုလိုချင်တဲ့အဓိပ္ပာယ်အတိုင်းပေါက်ရမယ်လို့မဟုတ် ဖတ်သူမှာ ကိုယ်ပိုင်ကိုယ့်အတွေးနဲ့ကိုယ် ဆက်စပ်တွေးလို့ရအောင် ကျယ်ဝန်းတယ်။ကြိုက်သလို အဓိပ္ပာယ်ကောက်ယူနိုင်တယ်။ ဝတ္ထုစထားပုံက မြိုင်တစ်ယောက် ကိုယ့်ဆီလာလည်မယ့် အမည်သာကြားဖူးပြီး အပြင်မှာမြင်တွေ့ချင်နေတဲ့ ကဗျာဆရာကိုနန်းနွယ်ကို အခုမြင်ရတော့မယ်ဆိုတဲ့အသိနဲ့ စိတ်ကူးယဉ်ပုံဖော်နေမိတာနဲ့စထားတယ်။
ဒီဝတ္ထုမှာ ကဗျာဆန်တဲ့ အသုံးအနှုံးတွေ ကြွယ်တယ်။ မေ ဝတ္ထုမှာလိုပဲ ဒီဝတ္ထုမှာ ရှုခင်းတွေကို ဥပမာတင်စားပုံတွေက သိပ်အသက်ဝင်တယ်။ ခရီးသွားရင်း တွေ့ရတဲ့မောရှမ်းအလှကို စာရေးသူက စာလုံးအနုအရွတွေနဲ့ စာပန်းချီခြယ်ပြထားတော့ စာကို ပန်းချီလို ခြယ်မှုန်းတယ်လို့တင်စားတာ မလွန်မှန်းခံစားမိတယ်။
ကိုနန်းနွယ်ရယ် မြိုင်ရယ် ဆုံစည်းမိကြတဲ့အခါ ကဗျာချစ်သူအချင်းချင်းဆိုတော့ သူငယ်ချင်းမေဂျာအောင်ထွန်းထက် မြိုင်နဲ့ပိုစကားကောင်းနေမိတာပေါ့။ဂီတနဲ့ကဗျာရဲ့သဘောတရားအမြင်စတာတွေကို စာရေးဆရာက ဇတ်ဆောင် ကိုနန်းနွယ်နဲ့ မြိုင်တို့ အပြန်အလှန်ဆွေးနွေးကြပုံနဲ့တင်ပြထားတယ်။ဒီထဲမှာ ဗိုလ်တေဇ ၊သခင်စိုး၊သခင်ဘစု တို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေကိုလည်း ဝတ္ထုထဲထည့်သွင်းပြီး သူတို့ရဲ့ရုပ်ပုံလွှာကို စာဖတ်သူအဖို့ နိုင်ငံရေးဗဟုသုတအလို့ငှါ တင်ပြပြန်တယ်။အိပ်မက်နဲ့လက်တွေ့ဘဝကို ချိတ်စပ်ပြတာမျိုးလည်းတွေ့ရတယ်။ဇာတ်ကောင်ရဲ့ခံစားမှုကို သူမက်တဲ့အိပ်မက်နဲ့ ဆက်စပ်ပြတာမျိုးပေါ့။
ဒဂုန်တာရာရဲ့အမှာစာမှာ ဒီဝတ္ထုကို အချစ်ဝတ္ထုအနေနဲ့ပိုလိုလားတယ်လို့ဆိုတယ်။ နိုင်ငံရေးဝတ္ထုမဟုတ်ဘူးဆိုပဲ။ဝတ္ထုထဲက ဇာတ်ဆောင် ကဗျာဆရာက နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ တစ်ထောင့်တစ်နေရာကပါဝင်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် အင်အားစုကြီးတွေ အဝေမတည့်ဘဲ ကွဲပြဲသွားကြတာကို ယူကျုံးမရခံစားခဲ့ရ စိတ်ဓာတ်တွေကျပြီးဝေနေခဲ့တယ်။သူဖြစ်ချင်တဲ့ အလယ်အလတ်ကျတဲ့ ခေတ်ပြောင်းတော်လှန်ရေးကြီးက သူ့ရှေ့မှာတင် အစိပ်စိပ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားတာကိုမြင်ရတော့ နိုင်ငံရေးအသိုင်းအဝိုင်းကို အပြီးတိုင်းကျောခိုင်းလိုက်တယ်။မေတ္တာကရုဏာအကြင်နာတရားရှိနိုင်မယ့်နေရာ ငြိမ်းအေးရာကို ငတ်မွတ်တမ်းတစွာ ဦးတည်သွားရင်း ဝတ္ထုကိုအဆုံးသတ်ထားတယ်။အဆုံးသတ်မှာအဝေးတစ်နေရာက “မြိုင်ရေ…မြိုင်”ဆိုပြီး မေဂျာအောင်ထွန်းရဲ့ အသံဟာ ကိုယ့်စိတ်ကို ကိုယ်လိမ်ညာခြင်းရဲ့ နိမိတ်များလားလို့လည်းတွေးထင်မိပါရဲ့…။
#bookreview
#မြိုင်
#ဒဂုန်တာရာ
#Youths_book_reflections
Keep Reading