သိုက်စိုးထွန်း(နတ်ရွာ)
“ရွှေကျောင်းဒကာ၊ ရွှေကျောင်းအမတို့ ကြားကြားသမျှဗျိုး…….
ဝါဝင်ဆွမ်းလောင်းပွဲကိစ္စဆွေးနွေးဖို့ တစ်အိမ်တစ်ယောက် သူကြီးအိမ်ကို ဒီကနေ့ည အစည်းအဝေး ကြွကြပါတဲ့ဗျိုး.....”
ရွာမှာတစ်ခုခုကြေညာစရာရှိရင် သူကြီးကရွာဆော်ခေါ်ပြီး ဗျိူးအဟစ်ခိုင်းလိုက်တာပါပဲ။ ရွာဆော် ကလည်း တစ်ရွာလုံးတစ်လမ်းဝင်တစ်လမ်းထွက် လှည့်ပတ်အော်သမျှအတွက် ဘယ်လိုအခကြေးငွေမျိုးမှ မရပါဘူး။ တစ်ခါတစ်လေလောက်ကောက်တဲ့ ခွဲရေးတွဲရေးလိုဟာမျိုးကနေတော့ ကင်းလွတ်ခွင့်ပေးတယ် ဆိုလားပဲ။ ဒါကလည်းသိပ်သေချာတဲ့ကိစ္စတော့မဟုတ်ပါဘူး။ တစ်အိမ်ဘယ်လောက်ဆိုရင် ရွာဆော်လည်း အများနည်းတူထည့်ရတာပါပဲ။ ဒီတော့ ရွာဆော်အလုပ်က စေတနာ့ဝန်ထမ်းအလုပ်ဆိုပါတော့။ ရွာဆော်ဆိုတဲ့စကားလုံးကိုတော့ “ကျေးရွာတွင် ရပ်မှုရွာမှုကိစ္စတို့၌ နှိုးဆော်သူ”လို့ မြန်မာအဘိဓာန်က ဖွင့်ပါတယ်။
ဟိုတုန်းကတော့ အကြောင်းကိစ္စတစ်ခုခုရှိတိုင်း ရွာဆော်ကိုသုံးပါတယ်။ ဗီဒီယိုဇာတ်ကားတွေထဲ ကလို မောင်းတော့မသုံးဘူး။ မောင်းထုတယ်ဆိုတာကျတော့ မီးရေးထင်းရေးလိုမျိုး အရေးပေါ် အခြေအနေမျိုးကျမှသုံးတာ။ လူကြီးအိမ်ကမောင်းထုလိုက်ပြီဆိုရင် တစ်အိမ်အိမ်မီးလောင်တာလား၊ ရေကန်ကျိုးကျတာလား၊ ရွာခြေကိုလူစိမ်းကပ်လို့လား စသည်ဖြင့် အထိတ်တလန့်ဖြစ်စရာ အကြောင်းတစ်ခုခုတော့ရှိနေပြီလို့ သိရမှာပေါ့။ ပုံမှန်ကိစ္စတွေအတွက်တော့ ရွာဆော်ကိုပဲသုံးတယ်။
ဗျိုးဟစ်သံကြားရင် လုပ်လက်စအလုပ်လေးတွေရပ်၊ ပြောလက်စစကားဝိုင်းလေးရပ်ပြီး ဘာမှန်းညာမှန်းသဲသဲကွဲကွဲသိအောင် နားစွင့်ကြရတယ်။ “ဪ၊ ဆွမ်းလောင်းကိစ္စတိုင်ပင်မလို့ပါကွာ” ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် နီးရာနီးရာပုဂ္ဂိုလ်ချင်း အတည်ပြုလိုက်ကြသေးတယ်။ ဒါမှမဟုတ် ဟစ်သွားတဲ့ ရွာဆော်ကိုယ့်အိမ်နားရောက်လာတဲ့အခါ သေချာအောင်ထပ်မေးလိုက်တာမျိုးလည်းရှိသေးတယ်။
အလှူမဏ္ဍပ်ဆောက်ဖို့ ရွာထဲကလူတွေကိုခေါ်တော့လည်း ရွာဆော်ပဲ။ နာရေးရှိလို့ အသုဘရှု ဖိတ်တော့လည်း ရွာဆော်ပဲ။ သာရေးနာရေး၊ ရပ်ရေးရွာရေး ဘယ်လိုအကြောင်းမျိုးပဲရှိရှိ ရွာဆော်က တစ်ရွာလုံးလှည့်ပြီး ဗျိုးဟစ်ရတာပါ။ တစ်ခါတစ်ခါ ရွာဆော်မအားလို့ သူကြီးကိုယ်တိုင် ဗျိုးလိုက်ဟစ်တာမျိုးလည်း ရှိလေရဲ့။ ဘယ်လိုအကြောင်းအရာကိုပဲကြေညာကြေညာ၊ နောက်ဆုံးမှာ ‘ဗျိုး’ဆိုတဲ့စကားလုံးနဲ့အဆုံးသတ်လေ့ရှိလို့ ဗျိုးဟစ်တယ်လို့ပဲပြောကြတော့တာပါ။ ဟန်းစပီကာမပါ၊ လော်စပီကာမပါ ဗလာသက်သက်ပင်ကိုသံနဲ့ အော်ရတာဆိုတော့ဘာတဲ့ဗျိုး၊ ညာတဲ့ဗျိုးဆိုပြီး ဗျိုးလေးနဲ့ အဆုံးသတ်လိုက်မှ အော်ရတာအားပါးတရရှိတယ် မဟုတ်လား။ အဲ့ဒီဗျိုးက အသံချဲ့စက်တွေပေါ်လာတဲ့အထိ အရှိန်ပါနေတုန်း။ အသံကိုချဲ့ပေးတဲ့ အသံချဲ့စက်ရဲ့ အလုပ်ကိုမေ့သွားပြီး မိုက်ကြီးပါးစပ်နဲ့တေ့ပြီး အရင်လိုမျိုး အားရှိပါးရှိအသံကုန်ဟစ်နေကြတုန်း။ တိုးတိုးလေးပြောရင် သိပ်မကြားရလောက်ဘူးလို့ စိတ်က ထင်နေတုန်း။
အသံချဲ့စက်ပေါ်လာတာက ရွာဆော်အတွက်သက်သာရာသက်သာကြောင်းဖြစ်ပေမဲ့ သူ့အလုပ် ကတော့ ရွာအတွက်မရှိမဖြစ်လိုအပ်နေတုန်းပါပဲ။ နာရေးကိစ္စလိုဟာမျိုးကျတော့ အသံချဲ့စက်နဲ့ကြေညာလို့ မသင့်ဘူးပေါ့လေ။ ဒီတော့ ရှေးထုံးအတိုင်းပဲ ရွာဆော်ကလိုက်ဟစ်ရတာပေါ့။ ဒါကရွာကလေးရဲ့ တရားဝင် သတင်းဖြန့်ချိရေးလုပ်ငန်းပေါ့။ ရွာဆော်နဲ့ကြေညာတယ်။ အသံချဲ့စက်နဲ့ကြေညာတယ်။
ပုံမှန်သတင်းဖြန့်ချိရေးလုပ်ငန်းတွေကို ရွာဆော်တို့၊ အသံချဲ့စက်တို့နဲ့လုပ်တယ်ဆိုတော့ ပုံမှန် မဟုတ်တဲ့သတင်းဖြန့်ချိရေးဆိုတာမျိုးလည်းရှိဦးမှာပေါ့လို့မေးစရာရှိတယ်။ ရှိသေးတာပေါ့။ မရှိလို့ ဘယ်ဖြစ်မလဲ။
“ကောင်မတွေ ညည်းတို့ဟိုသတင်းကြားပြီးကြပြီလားအေ့”
“ဘယ်သတင်းတုန်းတော့၊ အရင်းမရှိအဖျားမရှိ”
“ဟိုသတင်းအေ”
“လုပ်စမ်းပါဦးတော်၊ ကျုပ်တို့လည်းသိရအောင်”
ဒီလိုတိုးတိုးတိတ်တိတ်ကြိတ်ဖြန့်တဲ့သတင်းမျိုးကျတော့ ပဲကောက်ရင်း၊ စပါးရိတ်ရင်း၊ မြေပဲနုတ်ရင်း လက်ဆင့်ကမ်းကြတာပေါ့။ တစ်ခါတစ်ခါကျတော့လည်း မန်ကျည်းပင်ရိပ်မှာသန်းရှာရင်း၊ ရေချိုးဆိပ်မှာ ရေချိုးရင်းပေါ့။ ရွာဆော်နဲ့ဗျိုးဟစ်ကြေညာတဲ့သတင်းမျိုးကမှ အခန့်မသင့်လို့မကြားလိုက်မိတာမျိုး ရှိနိုင်သေးတယ်။ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်လက်တို့တဲ့သတင်းမျိုးကျတော့ တစ်ရွာလုံးကိုပျံ့ရော။ “ညည့်းမို့ ပြောပြတာနော်၊ သူများတော့လျှောက်မပြောလိုက်နဲ့”ဆိုပြီး အပိတ်အဆို့ လေးနဲ့ ပြောတယ်ဆိုပေမဲ့ ဘူးပေါက်တစ်ရာသာပိတ်ဖို့လွယ်၊ ပါးစပ်ပေါက်တစ်ပေါက်ပိတ်ဖို့မလွယ်ဘူးဆိုတဲ့ အတိုင်း သတင်းကတောမီးလိုပျံ့သွားတာပါပဲ။ “ညည့်းမို့ပြောတာနော်”ဆိုတဲ့စကားကိုကြားခဲ့တဲ့သူကလည်း နောက်ထပ်တစ်ယောက်ကို “ခင်ဗျားမို့ပြောတာနော်၊ တခြားလူတော့မပြောလိုက်နဲ့”ဆိုပြီး ထပ်ဖြန့်တာပဲ ဆိုပါတော့။ ဒါ့ကြောင့် ရွှတ်နောက်နောက်လူတွေက တစ်ခါတစ်ခါ လူများများသိစေချင်တဲ့စကားမျိုးဆို ခိုးကြောင်ခိုးဝှက်နဲ့ လက်ကုပ်ပြီး ပြောလိုက်ကြတာ။ အဲ့လိုပြောမှပိုပျံ့မှာမဟုတ်လား။
အမျိုးသမီးတွေက ကောက်စိုက်ရင်း၊ ပေါင်းပေါက်ရင်းသတင်းဖလှယ်ကြသလို လူငယ် ကောင်လေးတွေကျတော့ ရွာဦးဇရပ်မှာဝိုင်းဖွဲ့ထိုင်ရင်း၊ ညသန်းခေါင်သန်းလွဲ ကတ္တရာလမ်းပေါ် ကျောခင်း၊ ခေါင်းချင်းဆိုင်အိပ်ကြရင်း သတင်းပလင်းလေးတွေအပေးအယူလုပ်ကြတာပါ။ “ဟိုကောင်မလေးကတော့ ညနေကလှည်းလမ်းကြားထဲတွေ့တုန်း ပြုံးပြလိုက်တယ်ဗျမောင်”ဆိုတဲ့ အားတက်စရာစကားမျိုး။ “ငါ့ကောင်မလေးကတော့ ငါ့မြင်တာနဲ့ ဖွီဖွမ်နဲ့လုပ်သွားသေးသကွာ”ဆိုတဲ့ အားပျက်စရာစကားမျိုး။ လူငယ်တွေဝိုင်းကျတော့ ဘယ်လိုကိစ္စမျိုးထက်ပဲဖြစ်ဖြစ် ဒီအရေးကအရေးအကြီးဆုံးပဲမဟုတ်လား။ အကြံဉာဏ်တွေပေးကြယူကြ၊ ပေးတဲ့အကြံဉာဏ်အတိုင်းနောက်တစ်နေ့မှာ အကောင်အထည်ဖော်ကြ၊ အခြေအနေတွေကိုပြန်လည်သုံးသပ်ကြနဲ့ သူတို့အတွက်တော့ ဒီအရေးကိစ္စတွေက တကယ့်ကို မဟာ့မဟာ အရေးကြီးကိစ္စကြီးတွေမဟုတ်လား။
လူကြီးတွေပါတဲ့ဝိုင်းကျတော့ ဦးတည်ချက်ကတစ်မျိုးတစ်ဖုံကွာတာပေါ့။ ပရမတ်သံ၊ ဓာတ်သံ သိပ်မကြားရပေမဲ့ မေတ္တာရဲ့အကျိုးတို့၊ အာနာပါနရဲ့အကျိုးတို့၊ သာသနာတွင်းကုသိုလ်တို့ ဆိုတာမျိုး ပါတတ်ပါတယ်။ ပရိတ်အသင်းကလေးရဲ့ စုပေါင်းဝတ်ရွတ်မှုပြီးချိန်တွေမှာ ဝိုင်းဖွဲ့လေ့ရှိကြတဲ့ ရေနွေးဝိုင်း ကလေးပေါ့။ ညညဒီလိုစကားဝိုင်းကလေးတွေမှာပါဝင်နားထောင်ခွင့်ရတာကလည်း ကုသိုလ်တစ်မျိုး ထူးတယ်ပြောရမှာပါ့။ ဘာသာရေးအကြောင်းစကားဝိုင်းကလေးသိမ်းပြီးချိန်ကျမှ ရွာဦးကိုပြေ
Unlock to read this premium article with 10 points.