Author's Profile Photo

Yara

17/11/2024

အိမ်ထောင်မှု...ဘုရားတည် (ဝတ္ထုတို)

9 mins read
Fiction
Entertainment
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

မျက်စိရှေ့မှာ မြင်ရတဲ့ ဖိတ်စာဖြူဖြူလေးကြောင့် သူမ အံ့အားသင့်သွားပါတယ်။ သူမရဲ့ အလုပ်စားပွဲပေါ် ကိုတင်သွားတဲ့ ဖိတ်စာလေးရဲ့ ပိုင်ရှင်က ဘယ်သူဖြစ်မလဲ။ စူးစမ်းချင်စိတ်နဲ့ သူမ ကောက်ကိုင်လိုက်တော့ ဖိတ်စာဆီက‌လာတဲ့ ရေမွှေးနံ့သင်းသင်းလေးကြောင့် မနက်ခင်းလေးက စိတ်ကြည်နူးစရာလေး ဖြစ်သွားပါတယ်။ 

"ဒေါ်မေရီလင်း အတွက်” ဆိုပြီး ရေးထားတဲ့ ဖိတ်စာပေါ်က နာမည်လေး ဖတ်ကြည့်မိမှ ကိုယ့်အသက်ကို သတိထားမိသွားပါတယ်။ အသက် ၃၀ ကျော်အမျိုးသမီးတစ်ယောက်ကို “ဒေါ်” ဆိုတဲ့ အသုံးအနှုန်းလေးသုံးတာ သင့်တော်တယ်လို့ တွေးမိပြီး တစ်ချက်ပြုံးမိသွားပါတယ်။ 

ဖိတ်စာပိုင်ရှင်ဘယ်သူဘယ်ဝါဆိုတာထက် ဝါကျွတ်ပြန်ပြီပေါ့လေ…လို့ သက်ပြင်းရှိုက်လိုက်မိပါတယ်။ 

“မောင်အာကာနှင့် မရွှေစင်မေ” ဆိုတဲ့ မင်္ဂလာမောင်နှံနာမည်ကို ဖတ်မိလိုက်တော့မှ တပည့်မလေး ရွှေစင်ဆိုတာ သဘောပေါက်သွားပါတယ်။ ဪ… ရွှေစင်တောင် အိမ်ထောင်ပြုပြီပေါ့လေ…။ စိတ်ထဲကတော့ နှမြောသလိုလိုရှိမိပေမယ့် ရွှေစင့် အသက်အရွယ်က အိမ်ထောင်ပြုနိုင်တဲ့ အရွယ်တစ်ခုကို ရောက်နေပါပြီ။

“မေရီ… မင်္ဂလာဆောင်ကို ဆက်ဆက်လာခဲ့ပါတဲ့…ရွှေစင် ကိုယ်တိုင်ပြောသွားတာ….” 

သူမ စားပွဲနဲ့ဘေးချင်းကပ်လျက်ရှိ မနွယ်က အပြုံး‌လေးနဲ့ နှုတ်ဆက်ပြီး ရွှေစင်လာသွားတဲ့အကြောင်းကို ပြောပြနေပါတယ်။ ဒီမနက် မေရီ ရုံးရောက်ရောက်ချင်း အရေးပေါ်အစည်းအဝေးရှိတာကြောင့် ရွှေစင်လာသွားတာကို မသိလိုက်ပါဘူး။ ရွှေစင်ကလည်း အရင်တုန်းက သူမလက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးသူတစ်ယောက်ပါ။ ချစ်သူရည်းစားတွေ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာပဲ ခိုးရာလိုက်ပြေးသွားပြီး အခုဝါကျွတ်ပြီဆိုမှ ဧည့်ခံပွဲပြန်လုပ်တဲ့သဘော။ 

အိမ်ထောင်သည် အမျိုးသမီးတို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူရဲ့”ဆည်တဲ့ကန်သင်း”အလုပ်ကလွဲလို့ အပြင်အလုပ်တွေ ဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသမီးထုထဲမှာ ရွှေစင်လည်း တစ်ယောက်အပါအဝင်ပါ။ အိမ်ထောင်ပြုတာနဲ့ လင်ယောက်ျားရဲ့ လက်ဝေခံ အဖြစ်နေရမယ့် ဘဝကိုတော့ မေရီလင်း တကယ်လက်သင့်မခံချင်။ 

“သွားရမှာပေါ့ မနွယ်ရယ်… ကိုယ့်တပည့်မလေးဆိုတော့… မနွယ်လည်း လိုက်ခဲ့လေ… အတူတူသွားတာပေါ့…။ 

“ မနွယ်တော့ လိုက်ဖြစ်မယ် မထင်ပါဘူး မေရီရယ်…အိမ်ကလူက ဒီသီတင်းကျွတ် ရုံးပိတ်ရက်ကို ကလောဘက်ခရီးထွက်မယ်တဲ့…သူ့ကို အချိန်ပေးပါ ပြောထားလို့…” 

စကားသံအဆုံးမှာတော့ မနွယ်တစ်ယောက် ရယ်ကျဲကျဲလုပ်နေပါတယ်။ မနွယ်စကားရဲ့ အသွားအလာကို သူမ သဘောပေါက်တာ‌ကြောင့် အနည်းငယ်တော့ ရှက်သွေးဖြာသွားမိပါတယ်။ မနွယ်တို့ အိမ်ထောင်သက်က ၇ နှစ်၊ ၇ နှစ်အတွင်းမှာ သားသမီး မထွန်းကားတာကြောင့် နည်း‌လမ်းပေါင်းစုံသုံးပြီး သားသမီးလိုချင်နေရှာတာ။ အခုလည်း ဗေဒင်ဆရာတစ်ယောက်က နတ်တော်လမကျော်ခင် ရင်သွေးရလိမ့်မယ်ဆိုတဲ့ အဟောကြောင့် နှစ်ဦးသား ပျားရည်ထပ်ဆမ်းမယ့်သဘော။ 

“မေရီရော…ဒီနှစ်လည်း ဝါကျွတ်ပြန်ပြီနော်…ဘယ်တော့စားရမှာလဲ ဒေါ်အပျိုကြီး ??...” 

ထင်တော့ထင်မိသား… မနွယ်ရဲ့ စကားအနောက်မှာ သိပ်မကြာခင် ဒီလိုမေးလာလိမ့်မယ်လို့…။ ဒါကလည်း မေရီ့အတွက်တော့ နေသားကျနေပါပြီလေ…။ အပျိုကြီး ဆိုတဲ့ ဝေါဟာရကို အစကလုံးဝသဘောမတွေ့ခဲ့ ပေမယ့် အခုတော့လည်း ဒါက မိန်းကလေးတစ်ယောက်အတွက် ဂုဏ်ကျက်သရေ တစ်ခုပါလားလို့ တွေးမိပြီး ကျေနပ်သလိုလိုရှိလာပါပြီ။ 

အသက် ၃၀ ကို ၄ နှစ်စွန်းစွန်းရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်က အိမ်ထောင်ပြုမှ ဖြစ်မှာလား။ လူ့အသိုင်းအဝိုင်းမှာ အိမ်ထောင်ရှိရင် တကယ်ပဲ အမျိုးသမီးတွေက တင့်တယ်ပြီတဲ့လား။

တကယ်တော့ မေရီလင်းဟာလည်း မိန်းမတွေထဲက မိန်းမတစ်ယောက်ပါ။ ဘဝမှာ အပျိုကြီးလုပ်မယ်ဆိုပြီး ‌သူမ တစ်ခါမှ မတွေးခဲ့ဖူးပေမယ့် အိမ်ထောင်ပြုရမယ့်အရေးကိုတော့ တကယ်ကြောက်မိပါတယ်။ 

“ဒီလိုပါပဲ မနွယ်ရယ်…” 

အပြုံးချိုချိုလေးနဲ့ တုံ့ပြန်လိုက်ပြီးတော့မှ ရှေ့ဆက်မေးလာမယ့် စကားတွေကို ရင်မဆိုင်ချင်တာကြောင့် အနီးရှိ ဖိုင်တွဲတစ်တွဲကို ကောက်ယူပြီး ထထွက်လာခဲ့မိပါတယ်။ 

မေရီ့ဘဝမှာ အိမ်ထောင်ပြုရမှာကို အတော်လေးခါးသီးသလို ခံစားရပါတယ်။ သူမ ပတ်ဝန်းကျင်က အိမ်ထောင်ရှင် အတွဲဆယ်တွဲမှာ ၇ တွဲလောက်က ပြဿနာတွေ တနင့်တပိုးနဲ့။ သူမသူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်ထောင်ရေးပြဿနာတွေက မေရီ့ကို အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်အောက်ကို ဆွဲသွင်းခဲ့ကြတာလို့လည်း ဆိုနိုင်ပါတယ်။ 

ငယ်စဉ်ကတည်းက အိမ်ထောင်ရေးအဆင်မပြေတာနဲ့ သူမတို့အိမ်ကို ကလေးလက်ဆွဲပြီး ဆင်းလာတဲ့ အမေ့ညီမ သူမရဲ့အဒေါ်တွေ၊ မောင်နှမတွေထဲမှာ အငယ်ဆုံး ညီမတစ်ယောက်အဖြစ်နဲ့ ရင်လာဖွင့်တဲ့ အစ်ကို့မိန်းမ သူမယောင်းမ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် စိတ်ထိခိုက်ပြီး လမ်းခွဲခဲ့ကြတဲ့ အစ်မရဲ့ အိမ်ထောင်ရေး၊ စောစောစီးစီးအိမ်ထောင်ပြုသွားတဲ့ အရင်းနှီးဆုံးငယ်သူငယ်ချင်းမတစ်ယောက် ယောက်ျားဆုံးသွားလို့ ကလေးသုံးယောက်နဲ့ ကျန်ခဲ့ပုံတွေ…စတဲ့အကြောင်းရင်းများစွာက သူမကို အိမ်ထောင်ရေးဆိုတာ ဒီလိုဟဲ့ဆိုပြီး သရုပ်ပြနေကြပါတယ်။ ဒါကြောင့်လည်း သူမက လိုတာထက်ပိုပြီး အိမ်ထောင်ပြုရမှာကို တွန့်ဆုတ်နေခဲ့မိပါတယ်။ 

ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ သူမရဲ့အတွေးက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ ပိုပြီး သိသာထင်ရှားခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက တစ်စုံတစ်ဦးဟာ သူမကို အိမ်ထောင်ပြုဖို့အတွက် ခွန်အားတွေပေးခဲ့ဖူးပြီး အဲ့ဒီခွန်အားတွေကို သူမဆီကနေ ကိုယ်တိုင်ပဲ နှုတ်ယူသွားတာကြောင့်ပါ။ နုနယ်ပျိုမြစ်တဲ့ မိန်းမသားတစ်ယောက်ကို အခုလိုရင့်ကျက်တည်ငြိမ်အောင် ပြောင်းလဲပေးမှုရဲ့နောက်ကွယ်မှာ “အချစ်” မပါခဲ့ဘူးလို့ သူမပြောရင် လိမ်ရာကျမှာပေါ့။ 

“‌‌မေမေ…မေမေမှာလိုက်တဲ့ နဂါးမောက်သီး သမီးမတွေ့ဘူး…” 

ကလေးတစ်ယောက်လို ငြီးငြူပြီး လူကြားထဲမှာ ဖုန်းပြောနေတဲ့ သူမကို လူအချို့က ကွက်ကြည့်ကွက်ကြည့်။ ဒီအရွယ် မိန်းမသားတစ်ယောက် အမေဖြစ်သူနဲ့ ချွဲချွဲနွဲ့နွဲ့ စကားပြောနေတာကို မမြင်ဖူးကြလို့လား၊ အဲ့သလောက်ပဲ ထူးဆန်းနေလို့လား။ အခုအချိန်မှာ သူမအတွက် အထူးတလည် နွဲ့နှောင်းပြောလို့ရတဲ့သူက အမေတစ်ဦးတည်းပဲရှိပါတယ်။ 

မေမေက သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားကို နေ့ ၇ နံပါတဲ့ သစ်သီးကပ်ချင်တယ်လို့ပြောတာကြောင့် မေမေ့သဘောအတိုင်းပဲ သူမ city mart ကို ထွက်လာခဲ့လိုက်ပါတယ်။ ဒီနှစ်သီတင်းကျွတ် ရုံးပိတ်ရက်က ၅ ရက်ဆိုတော့ သူငယ်ချင်းစုံတွဲတွေ အလျှိုလျှို ခရီးထွက်သွားကြပြီ။ သူတို့ကြားထဲ မေရီလိုက်သွားရင်လည်း “အပျိုကြီး” ဆိုတာကို ခလုတ်တိုက်နေမှာစိုးတာကြောင့် အိမ်မှာပဲ နေရင်း အချိန်ကုန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ဝါကျွတ်ပြီးရင်လည်း ရွှေစင့်မင်္ဂလာဆောင်အတွက် လက်ဖွဲ့ဝယ်ပေးဖို့ရှိသေးတယ်။ ပြီးတော့ အစ်ကိုတို့ လင်မယားရယ်၊ တူလေးနဲ့ တူမလေးတွေလည်း အိမ်ကိုလာဖို့ရှိတာကြောင့် လိုအပ်တာတွေ ဝယ်ဖို့ သူမထွက်လာခဲ့လိုက်ပါတယ်။ ကားပေါ်မတက်ခင်ကတည်းက နေ့ ၇ နံနဲ့ စတဲ့ အသီးနာမည်တွေကို မေမေက တတွတ်တွတ်ရွတ်ပြီး မှာတယ်။ ပြီးတော့ မြန်မာမုန့်ကြိုက်တတ်တဲ့ အစ်ကိုနဲ့ယောင်းမအတွက်ရယ်၊ ကွက်ကီးကြိုက်တတ်တဲ့ တူလေးနဲ့ တူမလေးအတွက် ထောပတ်ကွတ်ကီးအပြင် မုန့်ထုပ်တွေကို မမောနိုင်မပန်းနိုင် မှာရှာပါတယ်။ ဒီတော့ 

“‌မေမေ…သမီးအတွက်ရော?..ငါ့သမီးလေးက ဘာကြိုက်တတ်တယ်၊ ဘာဝယ်ခဲ့ဆိုပြီး မမှာတော့ဘူးလား?...” လို့ မေမေ့ကို သူမ စနောက်လိုက်ပါတယ်။ 

ဒီအခါ မေမေက “ ညည်းကိုယ်တိုင် သွားဝယ်တာပဲ ကိုယ်စားချင်တာ ကိုယ်ဝယ်ခဲ့ပေါ့ အေ…” လို့ လေသံပျော့လေးနဲ့ ပြောတော့ သူမ မေမေ့ခါးကိုဖက်ပြီး ရွှတ်ခနဲ နမ်းလိုက်ပါသေးတယ်။ 

မေမေပြောသလို သူမ ကားမောင်းပြီး ထွက်လာလာချင်းမှာပဲ အင်္ကျီဆိုင်တစ်ဆိုင်ကို ဝင်လိုက်ပါတယ်။ ပြီးတော့ သူမ စိတ်ကြိုက် အင်္ကျီဒီဇိုင်းအသစ်တွေကို လှည့်ပတ်ကြည့်ရှုလိုက်ပါတယ်။ လိုချင်တာတွေဝယ်ပြီးတော့ ဆိုင်ကိုလာတဲ့ ကောင်မလေးတွေ အချင်းချင်း  (...)ဆိုင်မှာ သီတင်းကျွတ် အထူးပရိုမိုးရှင်းရှိတယ်လို့ ပြောနေသံကြားလိုက်ပါတယ်။ ဒါကြောင့် အင်္ကျီဝယ်ပြီးပြီးချင်းပဲ သူမကားက အဲ့ဒီစားသောက်ဆိုင်ကို ဦးတည်လိုက်ပါတယ်။ 

ဆိုင်ထဲကို ရောက်တော့ ဟိုတစ်စု၊ဒီတစ်စုနဲ့ လူစည်ကားနေတာကို တွေ့ရပါတယ်။ တချို့ကတော့ မိသားစု၊ တချို့ကတော့ ၇-၈ ယောက်ရှိတဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူမကတော့ တစ်ယောက်တည်း။ သူမ ဝိုင်းနားမှာ ထိုင်တဲ့ စုံတွဲတစ်တွဲဆီက

“ငါစားချင်တာတောင်မစားပဲ… နင်ကြိုက်တာ မှာပေးထားတယ်လေ…နင်က နည်းနည်းမှ အလိုက်ကန်းဆိုးမသိ #$&€¢¥…..” 

မြည်တွန်တောက်တီးမှုတွေ အဆုံးမှာတော့ သူမပြုံးလိုက်မိပါတယ်။ တော်ပါသေးရဲ့…ငါကတော့ ဘယ်သူနဲ့မှ ညှိပြီးခွဲဝေစားသောက်နေစရာမလိုလို့…။ သူမက ကြားထဲကနေ နားနည်းနည်းပူသွား ရုံကလွဲလို့ အဆင်ပြေပါတယ်။ တစ်ခါတလေတော့လည်း တစ်ယောက်တည်းနေရတာ သာယာလိုက်တာ…‌ဆူညံပြီး ဂျီကျမယ့် သားသမီးတွေလည်းမရှိသလို…ဦးစားပေးလိုက်လျောရမယ့် သူလည်းမရှိ…ကိုယ်လုပ်ချင်တာ၊သွားချင်တာကို တိုင်ပင်စရာမလိုပဲ အခုလိုခြေဦးတည့်ရာ ထွက်လာလို့ရတယ်။ ပြည့်စုံတယ်ဆိုတာ အခုလိုခံစားမှုမျိုးဖြစ်လိမ့်မယ်လို့ သူမတွေးမိပါတယ်။ 

စားသောက်ပြီးတော့ ညှပ်နေကျဆံပင်ဆိုင်နဲ့ နီးတာကြောင့် ခဏဝင်လိုက်ပါသေးတယ်။ ဆံပင်ဆိုင်ရောက်တော့ မေမေက ဖုန်းခေါ်လာတယ်။ ပြန်လာနေပြီလားတဲ့…သမီး ဘာမှမဝယ်ရသေးဘူးလို့ ပြောလိုက်တော့ မေမေက မိုးမချုပ်စေနဲ့လို့ မှာပြီး ဖုန်းချသွားပါတယ်။ သိသိသာသာ ပြောင်းလဲမှုမျိုး မဟုတ်ပေမယ့် နည်းနည်းလောက်ဖြစ်ဖြစ် စိတ်ကျေနပ်အောင် ညှပ်လိုက်ရရင်ကို သူမက လူသစ်စိတ်သစ်ဖြစ်သွားသလို ခံစားရတယ်။ တစ်လတစ်ကြိမ်လောက်တော့ သူမ ဆံပင်ညှပ်ဖြစ်ပါတယ်။ တစ်ကိုယ်တော် လုပ်ငန်းဆောင်တာတွေ အပြီးမှာတော့ city mart ကို သူမရဲ့ကားလေး ဦးတည်ခဲ့ပါတယ်။ အပြင်မှာ အချိန်ဖြုန်းတာ နည်းနည်းများသွားတော့ သူမ ဝယ်ဖို့လာခဲ့တဲ့ ပစ္စည်းတွေက သိပ်ပြီး မကျန်တော့ပါဘူး။ အားလပ်ရက်ဖြစ်တာကြောင့်လည်း အကုန်မြန်တာ ဖြစ်ပါလိမ့်မယ်။ မေမေမှာလိုက်တဲ့ သစ်သီးတွေက သိပ်မစုံလင်ချင်တော့။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ မေမေ့ကို ဖုန်းခေါ်ပြီး အထွန့်တက်လိုက်ရသေးတယ်။ 

"စနေနံပဲ မေမေရယ်…ထောပတ်သီးဝယ်ခဲ့မယ်လေ…နော် မေမေနော်…နော်လို့ မေမေ..” 

"ညည်းက လျှောက်သွားနေတာကိုး…အချိန်လင့်နေမှဝယ်တော့ ရှိတဲ့ဟာပဲ ဝယ်ခဲ့တော့အေ…” 

ဖုန်းထဲက မေမေ့အသံက သူမကိုစိတ်ဆိုးနေပုံမရပေမယ့် လိုတာမရတဲ့ ကလေးလို အားမလိုအားမရဖြစ်နေပုံပင်။ ဒါပေမဲ့ မေမေက သူမဘာလုပ်လုပ်ခွင့်လွှတ်ပြီးသား လူတစ်ယောက်ပဲလေ။ သူမကလည်း ဒီနေ့မှ စိတ်ကူးတည့်ရာ လျှောက်လုပ်ချင်စိတ်တွေ ပေါ်နေတာ။ အခုလည်း မေမေမှာတာတွေ ဝယ်ပြီးတော့ Seasons Bakery ထဲဝင်ပြီး ကော်ဖီသောက်ချင်စိတ်ကဖြစ်နေပြန်ပြီ။ 

ဒီတော့လည်း သူမ ခြေလှမ်းတွေက ကော်ဖီဆိုင်ထဲသို့။ဆိုင်ထဲရောက်တော့ ကော်ဖီနဲ့အတူ စားနေကျ အသားညှပ်ပေါင်မုန့် စားမယ်ဆိုပြီး ထွက်လာခဲ့တော့ ပေါင်မုန့်ကတစ်လုံးပဲရှိတော့တယ်။ ရှိတဲ့တစ်လုံးကို ညှပ်နဲ့ဆွဲယူမယ်လုပ်တော့ တခြားညှပ်တစ်ချောင်းက သူမရှေ့မှာပဲယူသွားတယ်။ 

“ဆောရီးနော် အန်တီ…သမီး စားချင်လို့ ယူသွားလိုက်မယ်နော်…ဟီးဟီး…” 

ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ ၉-၁၀ နှစ်အရွယ် ကလေးမလေးက သွားဖုံးလေးပေါ်အောင် ပြုံးတုံ့တုံ့လုပ်ပြီး  ခေါင်းလေးငုံ့ကာ သူမကို တလေးတစားဆက်ဆံသွားတာလေးက ချစ်စရာ။ သူမလည်း ခေါင်းလေး အသာအယာညိတ်ပြလိုက်ပြီး ကလေးမလေးရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်မိတော့ counter မှာ ရပ်ကြည့်နေသူတစ်ဦးစီ အကြည့်ရောက်သွားပါတယ်။ 

ကြည်လင်နေတဲ့ သူမရဲ့စိတ်အစဉ် အနည်းငယ်တုန်လှုပ်သွားမိပါတယ်။ အံ့ဩမှုက အသွေးအသားထဲထိ စိမ့်နေအောင် စီးဆင်းသွားပြီး အတိတ်ကာလတစ်ခုဆီကို သူမရဲ့ အတွေးတွေက ပြေးလွှားသွားပါတယ်။

“ကိုကို တို့ လက်ထပ်ကြရအောင်…” 

အသံအဆုံးမှာ မေရီအံ့အားသင့်သွားပါတယ်။ ရုတ်တရက်ပြောလာတဲ့ ကိုကို့အသံက မာကျောပြတ်သားလို့။ လက်ထပ်ဖို့ကိစ္စကို သူမတို့နှစ်ဦးနဂိုတည်းက တိုင်ပင်ထားခြင်းမရှိ။ ချစ်သူသက်တမ်း ၅ နှစ်အတွင်းမှာ သူမတို့ စီစဉ်ထားတဲ့ အနာဂတ်က ဒီလိုမဟုတ်။ ကျောင်းတုန်းကတည်းက စတင်ခဲ့တဲ့ သူမတို့ အချစ်ဇာတ်လမ်းက အခုချိန်ထိ အများအားကျစရာဖြစ်နေပါသေးတယ်။ ငယ်သူငယ်ချင်းတွေကြားထဲမှာလည်း သူမတို့နှစ်ယောက်ရဲ့အကြောင်းက စံတင်လောက်စရာ။ 

ကိုကိုက သူမထက် လပိုင်းလောက်ပဲ ကြီးတာပါ။ မေဂျာတူ၊ အတန်းတူသူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ် ပြောင်းလဲသွားကြတာ။ ကိုကို့ဘဝမှာ သူမက အချစ်ဆုံးသူဖြစ်သလို သူမအတွက်လည်း ကိုကိုက အားကိုးလောက်စရာ တစ်ဦးတည်းသောသူ။ အရာရာမှာ အလျှော့ပေးသည်းခံတတ်တဲ့ ကိုကိုကြောင့် သူမတို့နှစ်ဦးကြားမှာ အများကြီးညှိယူစရာလည်း မလို။ သူတို့နှစ်ဦးရည်ရွယ်ထားတာက အလုပ်ဝင်ပြီးလို့ အခြေတကျဖြစ်တဲ့အခါ နိုင်ငံခြားမှာ ဘွဲ့လွန်ဆက်တက်ဖို့ ပြင်ဆင်ကြမယ်။ ကိုကိုက car showroom တစ်ခုဖွင့်ဖို့ စဉ်းစားနေသလို သူမနဲ့အတူ ဘွဲ့လွန်ဆက်တက်ပါ့မယ်လို့လည်း ကတိပေးထားပြီးသား။ နှစ်ဖက်မိဘတွေကလည်း သဘောတူလိုက်တာမှ သူ့ကိုဆိုရင် “သား သား” နဲ့ မေမေ့ပါးစပ်ကမချ၊ သူမကိုဆိုလည်း “သမီးလေး” လို့ ကိုကို့မိဘတွေက ခေါ်ကြတယ်။ 

သူမလည်း ကိုကို့ကိုချစ်တယ်၊ ချစ်တာမှ ကိုကို့ရဲ့ အယုအယနဲ့ နွေးထွေးမှုတွေက သူမကို ချည်နှောင်ထားသလို သူမရဲ့ ချွဲနွဲ့ပျော့ပျောင်းမှုလေးကလည်း ကိုကို မငြင်းရက်စရာ။ ဒါပေမဲ့ သူမရဲ့ အစွဲတစ်ခုကတော့ ဘယ်နည်းနဲ့မှ ချွတ်လို့မရ။ အဲ့ဒါက သူမ အိမ်ထောင်မပြုချင်။ အိမ်ထောင်ရေးဆိုတဲ့ ကျော့ကွင်းကြီးထဲကို မိုက်မိုက်မဲမဲ ခုန်မချလို။ သူမ ကိုကို့ကို ချစ်ပေမယ့် သူမအတ္တနဲ့ ကြောက်ရွံ့မှုကိုလည်း လက်မလွှတ်နိုင်။ 

" ဗြုန်းစားချည်း ကိုကိုရယ်…လင်း လွတ်လွတ်လပ်လပ်နေချင်သေးတယ်။ ပြီးတော့ ကိုကို့ကို လင်း ပြောဖူးသလိုပဲလေ…။ အိမ်ထောင်မပြုချင်ဘူး၊ အိမ်ထောင်ရှင် မိန်းမတစ်ယောက် မလုပ်ချင်ဘူး…” 

ကိုကိုက အားမလိုအားမရ စုတ်တစ်ချက်သပ်လိုက်ပြီး သူမရဲ့ ပခုံးနှစ်ဖက်ကို ဆွဲလှည့်လိုက်ပါတယ်။ 

"လင်း ရာ…. ကိုကို လင်းနဲ့ အတူနေချင်ပြီ… ကိုကို့ကို မယုံဘူးလား?... ကိုကို့အိမ်ကလည်း ပြောနေပြီ ဘယ်တော့ အိမ်ထောင်ပြုမှာလဲတဲ့… ကိုကို့ သူငယ်ချင်းတွေကြားမှာလည်း အချိန်ကြာကြာတွဲပြီး မယူသေးတာ ကိုကိုတို့ပဲရှိတယ်။ လင်းရဲ့ အဲ့ဒီအစွဲကြီးက ဖျောက်ပစ်ဖို့ အချိန်တန်ပြီ။ ကိုကို့လက်ကို ရဲရဲကြီး ဆုပ်ကိုင်ပြီး နှစ်ယောက်တစ်ဘဝ တည်ဆောက်ရအောင်ကွာ… လင်းကို ကိုကို မခွဲနိုင်ဘူး၊ နေ့ရက်တိုင်း၊ အချိန်တိုင်း မြင်ချင်နေမိတယ်….။ ဒီဝါကျွတ်ရင် လက်ထပ်ရအောင်ပါ…”

“လင်း စဉ်းစားပါရစေဦး ကိုကိုရယ်… လင်း အဆင်သင့်မဖြစ်သေးဘူး…” 

ခေါင်းမညိတ်သလို ခေါင်းလည်းမခါတဲ့ သူမရဲ့စကားက ကိုကို့ရဲ့ ဆန္ဒကို လိုက်လျောလိုက်တယ်လို့ ကိုကိုထင်နေပုံရပါတယ်။ အဲ့နောက်ပိုင်းကစပြီး ကိုကို့အသိုင်းအဝိုင်းကြားထဲမှာ ဝါကျွတ်ရင် လက်ထပ်မယ်၊ ဝါကျွတ်တာနဲ့ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ စကားက ပျံ့နှံ့သွားပါတော့တယ်။ 

"လင်း သဘောမပါပဲ ကိုကိုလျှောက်ပြီး မစီစဉ်ပါနဲ့ဦး…။ အိမ်ထောင်သည်ဘဝကို လင်းမကြိုက်ဘူး။ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် ဘဝကို အဆုံးမသတ်ချင်ဘူး၊ လင်း အများကြီး ကြိုးစားချင်သေးတယ်။ လင်းဘဝကို ယောက်ျားတစ်ယောက်ရဲ့ ဘဝထဲမှာ မြုပ်နှံပစ်လိုက်ဖို့ လင်းဘယ်တုန်းကမှ မတွေးမိခဲ့ဘူး….” 

သူမ စကားက အနည်းငယ်လွန်သွားမှန်းသိလိုက်ပါတယ်။ ဒါပေမဲ့ ပြန်ပြင်လို့မှ မရတော့ပဲ။ ကိုကိုအတော်လေး စိတ်ထိခိုက်ပြီး ဒေါသထွက်သွားပုံရပါတယ်။ 

“ကိုကို အလုပ်ကိစ္စနဲ့ စင်ကာပူသွားစရာရှိတယ်။ အဲ့ဒီကပြန်လာမှ ကိုကိုတို့ ဆက်ဆွေးနွေးကြတာပေါ့…” 

ကိုကိုက စင်ကာပူကို အလုပ်ကိစ္စနဲ့ ထွက်သွားတာကတစ်ကြောင်း၊ သူမ အပေါ် စိတ်ကသိကအောင့်ဖြစ်ပြီး ဒေါသဖြစ်သွားတာကတစ်ကြောင်းကြောင့် သူမ နေမထိ ထိုင်မသာ ဖြစ်ခဲ့ရပါတယ်။ သူမ အသိုင်းအဝိုင်းက လူတွေနဲ့ တိုင်ပင်ကြည့်လိုက်တော့လည်း ဒါက သဘာဝတစ်ခုသာဖြစ်ကြောင်း၊ စိတ်အစွဲတစ်ခုကြောင့်နဲ့ ချစ်သူကို လက်လွှတ်မှာလားဆိုတဲ့အကြောင်း၊ မေမေ့ကို ပြောပြတော့ မေမေက သူမကို ဆူလိုက်တာဆိုတာ၊ ဒါကြောင့် သူမ ကိုကို့သဘောအတိုင်း ဝါကျွတ်ရင် လက်ထပ်ဖို့ကိစ္စကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ဒါပေမဲ့ သူမကို စိတ်ဆိုးသွားတဲ့ ကိုကိုကတော့ စင်ကာပူရောက်နေတဲ့ နှစ်လအတွင်း လုံးဝအဆက်အသွယ်မလုပ်ခဲ့ပါဘူး။ ကိုကို့အသိုင်းအဝိုင်းက လူတွေပြောတော့လည်း ဝါကျွတ်တာနဲ့ လက်ထပ်မယ်လို့ သူတို့ကို ပြောသွားတဲ့အကြောင်းကလွဲလို့ မသိခဲ့ရပါဘူး။ ဝါကျွတ်ဖို့ နှစ်ပတ်အလိုမှာတော့ ကိုကို အိမ်ပြန်ရောက်နေပြီဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်။ ဒါကြောင့် ဒီအပတ်ရုံးပိတ်ရက်မှာတော့ ကိုကို့အိမ်လိုက်သွားကာ လက်ထပ်ဖို့ကိစ္စကို သဘောတူတယ်လို့ ခေါင်းညိတ်ဖို့ သူမစီစဉ်ထားလိုက်ပါတယ်။ 

ဒါပေမဲ့ သူမ ကိုကို့ဆီမရောက်ခင် သူမဆီကို အရင်ရောက်လာတာက “လင်း အတွက်” ဆိုတဲ့ စာသားလေးနဲ့ ဖိတ်စာတစ်စောင်။ ဖွင့်ကြည့်လိုက်တော့ “ မောင်တည်ကြည်ခန့် နှင့် မမိုးမာလာ တို့၏ မင်္ဂလာဧည့်ခံပွဲ” တဲ့ သူမ မျက်ဝန်းအစုံတို့ ပျာဝေသွားပြီး ရင်ဘတ်ထဲကနေ စူးခနဲနာကျင်မှုတစ်ခုကို ခံစားလိုက်ရပါတယ်။ ကိုကိုက ကတိတည်တဲ့ လူသားတစ်ယောက်ပဲ… ဝါကျွတ်ရက် လက်ထပ်မယ်ဆိုတဲ့အတိုင်း သူလက်ထပ်ခဲ့ပါတယ်…သတို့သမီးကတော့ တခြားတစ်ယောက်ပေါ့…။ 

မျက်ဝန်းအိမ်က လှိမ့်ဆင်းလာတဲ့ မျက်ရည်စကို လူမမြင်အောင် မျက်တောင်တွေကြားထဲ ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး သောက်လတ်စ ကော်ဖီခွက်ကို ဆက်သောက်နေလိုက်မိပါတယ်။ မကြာခင် သူမရှေ့က ထိုင်ခုံအလွတ်ဆီကို လူတစ်ယောက် လာဝင်ထိုင်ပါတယ်။ မော့ကြည့်စရာမလိုအောင် သေချာတာက သူပဲ…။ 

"နေကောင်းတယ်နော် လင်း…အဲ..အဲလေ…မေရီလင်း…” 

သူမ ပြုံးပြလိုက်ပါတယ်။ အရင်တုန်းကလိုဆိုရင် ကိုကို့ပခုံးပေါ် မှီနွဲ့ပြီး “ဘာလို့ အခုမှ လာတာလဲ?...” လို့ ထုရိုက်ပစ်ပြီး ရှိုက်ကြီးတငင်ငိုကြွေးမိမှာ အမှန်။ အခုတော့ သူမ ခံနိုင်ရည်ရှိသွားပါပြီ။

"ကောင်းပါတယ် ကိုကို….” 

သူ့လိုတော့ နာမ်စားတစ်ခုကို ပြောင်းပစ်ဖို့ သူမ မကြိုးစားမိပါ။နေသားကျပြီးသား အခေါ်အဝေါ်တစ်ခုက ပြန်ပြင်လို့မှမရပဲ။ ဒီအတိုင်းပင် တစ်ချိန်တုန်းက သူမပိုင်ဆိုင်ဖူးတဲ့ အရာတစ်ခုဆိုတာကို မှတ်မှတ်ထင်ထင်ရှိနေတဲ့သဘော။ 

"တစ်ယောက်တည်းပဲလား?...” 

“ ဟုတ်ကဲ့ အေးအေးဆေးဆေး တစ်ယောက်တည်းပါပဲ…။ ကိုကိုရော အိမ်ထောင်သည်ဘဝမှာ ပျော်နေမှာပေါ့….” 

အိမ်ထောင်သည်ဘဝက ကိုကိုအလိုချင်ဆုံးဘဝပဲ မဟုတ်လား။ သူမဆီက မရနိုင်ဘူးလို့ တွက်ထားတဲ့ အိမ်ထောင်သည်ဘဝကို တခြားမိန်းမဆီက ရယူလိုက်နိုင်တာဆိုတော့ ပျော်နေလိမ့်မယ်လို့ တွက်ထားပြီးသားပါ။ အခုပဲကြည့်လေ ကိုကို့ရဲ့ ကလေးက ၉-၁၀ နှစ်တောင်ရောက်နေပြီ။ 

သူမ အမေးကို ကိုကိုမဖြေပါ။ မျက်ဝန်းအိမ်ထဲမှာ အရည်ကြည်တို့စုလာတာကို တွေ့လိုက်ရပါတယ်။ မဖြေချင်လို့လည်း ဖြစ်နိုင်သလို၊ မဖြေနိုင်တာလည်း ဖြစ်နိုင်တာမို့ သူမ ဆက်မမေးတော့ပါဘူး။ အဟောင်းတွေက အသစ်ပြန်မဖြစ်ချင်တာကြောင့် သူမ ထိုင်နေရာကနေ အထုပ်အပိုးတွေ‌ဆွဲပြီး ထရပ်လိုက်ပါတယ်။ ပြီးတော့ ကိုကိုရှေ့ကနေ ကျောခိုင်းပြီး လှည့်ထွက်လိုက်တော့မှ နောက်ကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ 

“ မပျော်ဘူး…။ ကိုကို ကျေနပ်ပျော်ရွှင်တယ်လို့ တခါမှ မခံစားခဲ့ရဘူး။ ဘာလို့လဲဆိုတော့ ကိုကို့ရဲ့ ပျော်ရွှင်မှုက ထာဝရကျောခိုင်းသွားတာကိုး….” 

ကွဲအက်တိမ်ဝင်သွားတဲ့ ကိုကို့အသံကြောင့် သူမရင်ထဲ လှစ်ခနဲဖြစ်သွားပါတယ်။ ဒါပေမဲ့ သူမ ရှေ့ကိုပဲ ဆက်လှမ်းခဲ့ပြီး နောက်ကိုတော့ ဘယ်တော့မှ ပြန်မကြည့်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

#Yara

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်ချစ်ရသူရဲ့သွေးရှန်ဂရီလာတစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲအဆိပ်“အရှင်ထွက်”တစ်ကျွန်းစံ၏အပြန်လမ်းအဆိပ်