တင်ညွန့်

ဦးခင်သော်တစ်ယောက် ပန်ကရိကင်ဆာဝေဒနာကို ခံစားနေရသည်။ ဆရာဝန်က လူနာလာကြည့်ရင်း သူ့ဇနီးဖြစ်သူကို ပြောသွားသည်။
“လွန်ရော နေရလှမှ နှစ်ပတ်လောက်ပါပဲ။ လူနာအလိုဆန္ဒတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးလိုက်ပါ”
ဆရာဝန်ပြန်သွားသော် ဇနီးဖြစ်သူက ခင်ပွန်းသည်၏ ခုတင်ဘေးတွင်ထိုင်လိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
ဦးခင်သော်က အိပ်ရာထက်တွင်လှဲပြီး သူ့ဇနီးကို ပြုံးကြည့်နေသည်။
ဒေါ်မြင့်မူက မျက်ရည်တွေ စီးကျလာသည်ကို သုတ်လိုက်ရင်း
“အဖေကြီးရေ ဘယ်လို လုပ်ကြမလဲ”
“ဘာတတ်နိုင်မလဲကွယ် … အကြောင်းတရားက ဖြစ်လာမှတော့ လက်ခံလိုက်ကြတာပေါ့”
“ဒီလိုကြီးတော့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ အဖေကြီးရယ်။ ဘာမှမတတ်နိုင်တော့ဘူးတဲ့လား”
“ငါလည်း ဆရာဝန်တစ်ယောက်ပါအမေကြီးရယ် ငါ့အကြောင်း ငါသိနေပါတယ်”
“နှစ်ပတ်လောက်ပဲတဲ့လား။ နှစ်ပတ်ပဲ အသက်ရှင်တော့မှာတဲ့လား။ လူတစ်ယောက်အသက်ဟာ အဲဒီလောက်နဲ့ ပြီးသွားတော့ မှာလားရှင်”
“အမေကြီး ငါရောဂါဖြစ်ပြီး ခံစားနေရတာ နှစ်နှစ်ရှိနေပြီ။ ဒီလောက်ပဲတော်ပါပြီ”
“အဖေကြီး ဘာတွေဖြစ်ချင်သလဲ … ဘာတွေလုပ်ချင်သလဲပြော”
“ခုချိန်မှာ သားနဲ့သမီး ပြန်လာကြရင်ကောင်းမှာပဲနော်”
“ကျွန်မလှမ်းခေါ်လိုက်မယ်။ နင်တို့အဖေ လူ့လောကမှာ နေရလှ နှစ်ပတ်ပဲလို့ ပြောလိုက်မယ်”
“မပြောပါနဲ့ … အဲဒီလိုကြီးတော့ မပြောလိုက်ပါနဲ့။ မနေ့ကတောင် သားနဲ့ သမီးဆီကို ဖုန်းဆက်သေးတယ်။ သူတို့ ပြန်လာလို့မရသေးဘူးတဲ့။ ဒီဇင်ဘာပိတ်ရက်လောက်မှ ပြန်လာနိုင်မယ်တဲ့”
“ဒီဇင်ဘာက ၈ လလောက်လိုသေးတယ်လေ။ အဖေကြီးက နှစ်လပဲနေရတော့မှာ။ ဒီလိုလုပ်မယ်။ နင်တို့ အဖေက အမွေတွေခွဲပေးမယ်ဆိုပြီး ခေါ်လိုက်ရအောင်”
“အမွေဆိုလို့ ဒီအိမ်နဲ့ ဒီခြံပဲရှိတာ။ သူတို့က မက်မယ်မထင်ပါဘူး။ ငါသေရင် မင်းက ဒီအိမ်နဲ့ခြံကို ရောင်းလိုက်ပါ။ ပြီးတော့ သမီးဆီမှာဖြစ်ဖြစ်၊ သားဆီမှာဖြစ်ဖြစ် သွားနေလိုက်ပါ။ ဒီအိမ်နဲ့ခြံဟာ မင်းအတွက်ပဲ ဖြစ်သင့်ပါတယ်”
“အဖေကြီးရယ် ဘာပြောရမှန်း မသိတော့ပါဘူးရှင်”
ဒေါ်မြင့်မူက သူ့ခင်ပွန်းကိုဖက်ပြီး ငိုနေသည်။
တစ်ပတ်ကျော်ကျော်တွင် ဦးခင်သော်အခြေအနေက ပိုဆိုးလာသည်။ ဆေးရုံတင်ရသည်။ ဆေးရုံမှာပင် ဦးခင်သော်တစ်ယောက် ကွယ်လွန်သွားသည်။
ဂျပန်မှသမီးနှင့် အမေရိကမှသားတို့ ပြန်ရောက်လာကြသည်။
“မင်းတို့လည်း အဖေသေမှရောက်လာကြတော့တာပဲနော်” ဟုပြောကာ ဒေါ်မြင့်မူတစ်ယောက် ငိုရုံမှတစ်ပါး မတတ်နိုင်ပါ။
သူတို့အဖေ ရက်လည်ပြီးချိန်တွင် သားနှင့်သမီးနှစ်ယောက်ပြန်သွားကြသည်။
“မေမေ … အိမ်နဲ့ခြံကို မေမေ့စိတ်တိုင်းကျစီမံပါ။ သားတို့အတွက် ဘာမှထည့်မစဉ်းစားပါနဲ့။ မေမေ စဉ်းစားရမှာက မေမေ့သမီးနဲ့သွားနေမလား၊ သားနဲ့လာနေမလားဆိုတာပဲ။ မေမေ့ မြေးတွေကလည်း မေမေ့ကို တွေ့ချင်ကြတယ်”
“မေမေ သမီးနဲ့လာနေပါနော်။ မေမေ့ မြေးတွေကလည်း မေမေ့ကိုတွေ့ချင်တာပေါ့”
ဒေါ်မြင့်မူက သားနှင့်သမီးတို့၏ စကားတွေကိုကြားပြီး မျက်ရည်တွေဝဲနေမိသည်။
နေ့တိုင်း သူ့ခင်ပွန်းကို လွမ်းစိတ်နဲ့ ငိုရသည်။ အိမ်ကြီးကလည်း တဖြည်းဖြည်းတိတ်ဆိတ် အထီးကျန်လာသည်။
နောက်ဆုံးတွင် သူ့အိမ်နှင့်ခြံကိုရောင်းရန် ဆိုင်းဘုတ်ထုတ်ချိတ်လိုက်သည်။
ထိုဆိုင်းဘုတ်လေးသည် သူ့ခင်ပွန်း ကြိုတင်ရေးပေးသွားသည့် ဆိုင်းဘုတ်ဖြစ်သည်။
ဆုံးဖြတ်ချက်တွေ ပိုင်နိုင်စွာချပြီး သူအိမ်ကထွက်ခွာခဲ့သည်။
သူလာသည့်နေရာမှာ သီလရှင်ကျောင်းကြီးတစ်ကျောင်းဖြစ်သည်။
ထိုနေ့တွင်ပင် သူသည်လောကီအဝတ်နှင့် ဆံပင်တွေကိုပယ်က သီလရှင်ဘဝကို အပြီးအပိုင် ခံယူသွားသည်။
သူ့သားနှင့်သမီးက ဖုန်းအကြိမ်ကြိမ်ဆက်ကာ သူတို့မိခင်နှင့် ဆက်သွယ်သည်။ သို့သော် မည်သူမျှ ဆက်သွယ်၍ မရပါ။
ခရစ်စမတ်မတိုင်မီ သားနှင့်သမီးရောက်လာကြသည်။ သူတို့အဖေနှင့်အမေအိမ်သည် အခြားသူတစ်ဦးက ပိုင်ဆိုင်သွားသည်။ ထိုသူထံမှ အဆက်အသွယ်ရပြီး သားနှင့်သမီးက သီလရှင်ကျောင်းကိုလိုက်လာကြသည်။
“ဒကာလေးနဲ့ ဒကာမလေး အကောင်းဆုံးကို ရွေးချယ်လိုက်တာပါ။ သံယောဇဉ်ဆိုတာ စောစောပြတ်နိုင်လေ၊ ပိုကောင်းလေပါ။ အိမ်ရောင်းရငွေတွေ မရှိတော့ဘူး။ ဒီမှာကျောင်းဆောက်လိုက်ပြီ”
“သားငွေမလိုပါဘူးမေမေ”
“သမီးလည်း ငွေမလိုပါဘူးမေမေ”
“အေးပါ အလိုအပ်ဆုံးကို မင်းတို့မိခင်က ရွေးချယ်သွားတာလို့မှတ်လိုက်ပါ။ ကဲပြန်ကြတော့။ ဖုန်းမဆက်နဲ့။ ဖုန်းမသုံးတော့ဘူး။ သွားကြ သွားကြ”
သားနှင့်သမီးကို ဦးစွာကျောခိုင်းပြီး သူတို့မိခင်ကထွက်သွားသည်။
သူတို့က မိခင်ကြီးကို ကန်တော့ကာ ငေးငိုင်ပြီးကျန်ခဲ့သည်။
တင်ညွန့်
၁၇.၃.၂၀၂၆
Keep Reading