Lin Wai Aung
သီတင်းကျွတ်လသည် မြန်မာပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်သည်။သီတင်းကျွတ်လ၏ မီးထွန်းပွဲတော်မှာထင်ရှားသည်။ဗုဒ္ဓဘာသာအားသက်ဝင်ယုံကြည်သူများအတွက် သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်ပေသည်။
မြတ်စွာဘုရားသည် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ဝါဆိုလပြည့်ကျော်၁ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့သည်။ထို့နောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှသင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာခဲ့သည်။ဤသည်ကို ရည်စူး၍ မီးစောင်းတန်း၊မီးမြင်းမိုရ်များထွန်းညှိကာ ဘုရားရှင်အားပူဇော်ကြခြင်းဖြစ်သည်။ထိုနေ့ကိုအဘိဓမ္မာအခါတော်နေ့ဟုလည်းသတ်မှတ်ခေါ်ဝေါ်ကြသည်။
လူ၊နတ်၊ဗြဟ္မာသတ္တဝါအပေါင်းတို့အား ဆင်းရဲဒုက္ခအပေါင်းမှ ကင်းလွတ်၍ နိဗ္ဗာန်ဟူသောဝိမုတ္တိသုခကိုရရှိစေရန်ရည်သန်တော်မူလျက်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သော တရားဒေသနာတော်အစဥ်သည် ဝိနည်း၊သုတ္တန်၊အဘိဓမ္မာဟူ၍ (၃)မျိုးရှိသည်။ဤသည်မှာ ပိဋကတ်(၃)ပုံပင်ဖြစ်သည်။
မြတ်စွာဘုရားရှိတော်မူစဥ်ကာလက ဝိနည်း နှင့် ဓမ္မဟူ၍ (၂)မျိုးသာရှိသည်။ထို့နောက်မြတ်စွာဘုရားလွန်တော်မူမှ ဝိနည်းအပြင်၊ဓမ္မကို (၂)ပိုင်းထပ်မံခွဲခြားလိုက်ခြင်းဖြစ်သည်။သုတ္တန်နှင့် အဘိဓမ္မာဟူ၍ဖြစ်သည်။ထိုတွင် အဘိဓမ္မာသည် သုတ္တန်ထက်သာလွန်ထူးခြားသည့်ဓမ္မဖြစ်သည်။သုတ္တန်တွင် သုတ္တန်ဝေဖန်နည်းဖြင့်သာဟောကြားထားသည်။အဘိဓမ္မာတွင်မူ သုတ္တန်ဝေဖန်နည်းအပြင်၊အဘိဓမ္မာဝေဖန်နည်း၊အမေးအဖြေနည်းများဖြင့်လည်းဟောကြားထားသည်။ထို့ကြောင့် လယ်တီဆရာတော်ဘုရားကြီးက အဘိဓမ္မာကိုလေ့လာလျှင် အဘိဓမ္မာကိုသာမက သုတ္တန်ကိုပါတစေ့တစောင်းလေ့လာပြီးသားဖြစ်ကြောင်း ချီးမွမ်းအားပေးခဲ့လေသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သောဓမ္မခန္ဓာပေါင်းမှာ (၈၄၀၀၀)ရှိသည်။ထိုတွင် ဝိနည်း နှင့် သုတ္တန်၌ ဓမ္မခန္ဓာပေါင်း (၂၁၀၀၀)စီရှိလေသည်။အဘိဓမ္မာတစ်ခုတည်း၌ပင်လျှင် ဓမ္မခန္ဓာပေါင်း (၄၂၀၀၀)ရှိလေသည်။ထို့ကြောင့် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သောတရားတော်တို့တွင် အဘိဓမ္မာသည် အကျယ်ပြန့်ဆုံးဖြစ်လေသည်။အဘိဓမ္မာကျမ်းသည် စာအုပ်ရေအားဖြင့်(၁၂)အုပ်ရှိပြီး၊စာမျက်နှာပေါင်း (၄၉၄၁)မျက်နှာရှိသည်။
ထိုသို့ အဘိဓမ္မာသည် သုတ္တန်ထက် အရေအတွက်အားဖြင့် သာလွန်ရုံသာမက ဟောကြားပုံနည်းစနစ်များလည်း သာလွန်နက်နဲ၍ အသေးစိတ်လေသည်။သုတ္တန်တွင် လူပုဂ္ဂိုလ်ဣန္ဒြေစရိုက်အလိုက်ကြည့်၍ မကောင်းမှုကိုရှောင်ရန်၊ကောင်းမှုကိုဆောင်ရန်၊စိတ်ကိုဖြူစင်အောင်ထားရန် စသဖြင့်သာ ဟောကြားထားသည်။အဘိဓမ္မာ၌မူ လူပုဂ္ဂိုလ်တို့၏စရိုက် ၊အကြိုက်ကိုလိုက်၍ဟောခြင်းမဟုတ်ဘဲ အရှိတရားသက်သက်ကိုသာ အတိအကျဟောပြောခြင်းဖြစ်သည်။
တစ်နည်းဆိုသော် အဘိဓမ္မာတရားသည် မိမိအကြောင်းကိုလေ့လာသောတရားဖြစ်သည်။မိမိ၏အကြောင်းဟုဆိုရာ၌ လူသားတို့သည် မိမိတို့၏အပေါ်ယံအကြောင်းတရားများကိုသာ သိကြသည်။သို့သော်အတွင်းအနှစ်သာရကိုမူမသိကြချေ။
မြတ်စွာဘုရားသည် သတ္တဝါ ခပ်သိမ်းတို့အား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ရန်အလို့ငှာ ဝိပဿနာဟူသည့်ကျင့်စဥ်ကို ဟောကြားတော်မူခဲ့သည်။ဤဝိပဿနာကျင့်စဥ်ကို ကျင့်ကြံအားထုတ်နိုင်ရန်အတွက် အဘိဓမ္မာကို လေ့လာသင့်ပေသည်။အဘိဓမ္မာတရားတော်၌ ရုပ်၊နာမ်တရားအကြောင်းများကို အသေးစိတ်ရှင်းလင်းဖော်ထုတ်ပြထားသောကြောင့် ဝိပဿနာကျင့်စဥ်ကိုအားထုတ်ရာတွင် များစွာအထောက်အကူဖြစ်စေနိုင်သည်။
ထိုအဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီး၊ရတနာရွှေအိမ်၌ ၇ရက်တိတိသီတင်းသုံးစံတော်မူစဥ် ဆင်ခြင်ခဲ့ခြင်းဖြစ်သည်။အဘိဓမ္မာကျမ်းကြီး(၇)ကျမ်းရှိလေသည်။၄င်းတို့မှာ-
(၁)ဓမ္မသင်္ဂဏီ
(၂)ဝိဘင်း
(၃)ဓာတုကတာ
(၄)ပုဂ္ဂလပညတ်
(၅)ကထာဝတ္ထု
(၆)ယမိုက်
(၇)ပဋ္ဌာန်းတို့ဖြစ်သည်။
ဓမ္မသင်္ဂဏီကျမ်းသည် ပရမတ္ထတရားများကို ရေတွက်ပေါင်းရုံးပြသောကျမ်းဖြစ်သည်။ဤကျမ်းတွင်ရုပ်၊စိတ်၊စေတသိက်စသည့် သဘာဝတရားများကိုအသေးစိတ်ရေတွက်ပြထားသည်။ဓမ္မသင်္ဂဏီကျမ်းတွင် စာမျက်နှာ (၂၉၈)မျက်နှာရှိသည်။
ဝိဘင်းကျမ်းမှာ ထိုဓမ္မသင်္ဂဏီကျမ်း၌ရေတွက်ပြထားသည်တို့ကိုသုတ္တန်နည်း၊အဘိဓမ္မာနည်း၊အမေးအဖြေနည်းတို့ဖြင့်ခွဲခြမ်းစိတ်ဖြာ၍အသေးစိတ်ဟောထားသောကျမ်းဖြစ်သည်။ပရမတ္ထတရားကို (၁၈)မျိုးခွဲခြား၍အသေးစိတ် ဖွင့်ဆိုရှင်းပြထားသည်။တစ်နည်းဆိုသော် ဝိဘင်းကျမ်းသည် ရှင်းလင်းဖွင့်ဆိုသောကျမ်းဖြစ်သည်။ဤကျမ်းတွင် စာမျက်နှာအားဖြင့် (၄၅၃)မျက်နှာရှိသည်။
အဘိဓမ္မာ၏တတိယမြောက်ကျမ်းဖြစ်သော ဓာတုကထာကျမ်းတွင် ဓမ္မသင်္ဂဏီ၊ဝိဘင်းကျမ်းတို့၌ ဟောကြားခဲ့သောပရမတ္ထတရားများကို ခန္ဓာနည်း၊ဓာတ်နည်း၊အာယတနနည်းတို့ဖြင့်ဝေဖန်ဟောကြားထားသည်။ဤတွင် ဓာတ်သည် ခန္ဓာ၊အာယတနတို့ထက် အရေအတွက်အားဖြင့် များသောကြောင့် ''ဓာတုကထာကျမ်း''ဟုမည်ပေသည်။ဓာတုကထာကျမ်းတွင် စာမျက်နှာ (၁၀၀)ရှိလေသည်။
စတုတ္ထကျမ်းကြီးဖြစ်သောပုဂ္ဂလပညတ်တွင်မူပုဂ္ဂိုလ်အမျိုးအစားများကိုခွဲခြားသတ်မှတ်ကာ အမည်ပေးဟောတော်မူသောကျမ်းဖြစ်သည်။ဤကျမ်းကြီးဟောတော်မူရခြင်းအကြောင်းမှာ ''ပညတ်ဟူသည် အမှန်တရားမဟုတ်၍ အသုံးမဝင်သောတရားမျိုးဖြစ်သလော''ဟူသည့် ပရမတ်လွန်အစွန်းရောက်နေကြသော နတ်ဗြဟ္မာတို့၏ သံသယကိုဖြေဖျောက်ရန်အတွက် ဟောတော်မူရခြင်းဖြစ်လေသည်။ထို့ကြောင့်ပုဂ္ဂလပညတ်ကျမ်းတွင် ပညတ်တို့၏အရေးပါပုံ၊သမုတိသစ္စာနယ်ပယ်တွင် အမှန်ဖြစ်ပုံစသည့်အခြင်းအရာများကို ကွဲပြားစေရန်အလို့ငှာဟောတော်မူခဲ့သည်။ဤကျမ်းတွင် စာမျက်နှာ ( ၈၅)မျက်နှာသာရှိ၍ ပုဂ္ဂလပညတ်အပါအဝင် ပညတ်(၆)ပါးကိုခွဲခြားရှင်းပြထားသည်။
ကထာဝတ္ထုမှာမူ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့ခြင်းမဟုတ်ပေ။ဘုရားရှင်ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် တတိယသင်္ဂါယနာတင်ပွဲတွင် ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်မြတ်က ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ဤကျမ်းမှာမြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်သုတ္တန်များ၌ ပရမတ္ထသစ္စာနှင့် သမုတိသစ္စာတို့ကို အယူမလွဲအောင် အဘိဓမ္မာနည်းဖြင့် ညှိနှိုင်းဟောကြားသောကျမ်းဖြစ်သည်။ဘုရားရှင်ကိုယ်တော်တိုင်က ''ငါဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း၂၁၈နှစ်ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿမည်သောရဟန်းသည် ကထာဝတ္ထုကျမ်းကို ဟောလိမ့်မည်''ဟုဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့် အဘိဓမ္မာကျမ်း၌ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ဤကျမ်းမှာ စာမျက်နှာ (၄၅၄)မျက်နှာရှိ၍စိတ်ဝင်စားစရာကောင်းသောကျမ်းတစ်ကျမ်းဖြစ်လေသည်။
ထို့နောက်''ယမိုက်ကျမ်း''သည် အနုလုံနှင့် ပဋိလုံ၊အမေးနှင့် အဖြေ၊သန္နိဋ္ဌာန်နှင့် သံသယဟူ၍ အစုံစုံတို့ကို ဟောကြားတော်မူသောကျမ်းဖြစ်သည်။သမုတိသစ္စာနှင့် ပရမတ္ထသစ္စာတရားတို့ အချင်းချင်း ဆက်သွယ်ကြပုံ၊သြကာသလောကကြီးနှင့် ထိုသစ္စာတရားနှစ်ပါးတို့ဆက်သွယ်ကြပုံတို့ကို ယမိုက်နည်းဖြင့်ဆက်လက်ဟောကြားခြင်းဖြစ်သည်။ယမိုက်ကျမ်းတွင် ပထမတွဲ၊ဒုတိယတွဲနှင့် တတိယတွဲဟူ၍ (၃)တွဲရှိပြီး၊စာမျက်နှာအားဖြင့်(၉၁၁)မျက်နှာရှိသည်။
နောက်ဆုံးကျမ်းတော်ကြီးဖြစ်သော ပဋ္ဌာန်းကျမ်းတော်ကြီးကိုမူ ဗုဒ္ဓဘာသာဝင်အများစုတို့ ရင်းနှီးကြလေသည်။ထိုပဋ္ဌာန်းကျမ်းတော်ကြီးတွင် လေးနက်ကျယ်ပြန့်မှုအရ( ၃)မျိုးခွဲထားသည်။၄င်းတို့မှာ-
(၁)အတိဝိတ္ထာရ ဒေသနာ
(၂)အတိ သင်္ခေပဒေသနာ
(၃)နာတိ ဝိတ္ထာရ နာတိသင်္ခေပဒေသနာတို့ဖြစ်သည်။
အတိဝိတ္ထာရဒေသနာဟူသည် မြတ်စွာဘုရား တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သော ပဋ္ဌာန်းဒေသနာတော်အပြည့်အစုံဖြစ်သည်။အတိသင်္ခေပဒေသနာသည် မြတ်စွာဘုရားရှင်မှ ရှင်သာရိပုတ္တရာအား အတိုချုပ်ဟောကြားတော်မူခဲ့သောဒေသနာဖြစ်သည်။
ယခုလက်ရှိ ထေရဝါဒဗုဒ္ဓသာသနာတော်၌ဟောပြောသင်ကြားလျက်ရှိသော ဒေသနာတော်မှာ နာတိ ဝိတ္ထာရ နာတိသင်္ခေပဒေသနာတော်ဖြစ်သည်။ဤသည်မှာ ရှင်သာရိပုတ္တရာမှ ရဟန်း၅၀၀ အား ဟောကြားတော်မူခဲ့သည့် မကျဥ်းမကျယ် ပဋ္ဌာန်းဒေသနာတော်ကြီးဖြစ်လေသည်။ဤဒေသနာတော်ကြီးသည် အဆုံးမရှိနက်နဲလှသည်။အကြောင်းတရားတို့၏ သတ္တိကိုဖော်ပြ၍ အကြောင်းနှင့်အကျိုးဆက်သွယ်ပုံတို့ကိုအနန္တနယဖြင့်ရှင်းလင်းပြသောကျမ်းဖြစ်သည်။ယင်းကျမ်းတွင် အတွဲ (၅)တွဲရှိပြီး၊စာမျက်နှာ (၂၆၄၀)ရှိလေသည်။
အချုပ်အားဖြင့်ဆိုသော် အဘိဓမ္မာတရားတော်ကြီးသည် အဆုံးမရှိ၊ခက်ခဲနက်နဲသည့်ကျမ်းတော်ကြီးဖြစ်သည်။ထို့ကြောင့်ပင် ဗုဒ္ဓသာသနာတော်ကွယ်လျှင် အဘိဓမ္မာမှစ၍ကွယ်လိမ့်မည်ဟု အဋ္ဌကထာ၌ဆိုထားလေသည်။ထို့ကြောင့် သာသနာမကွယ်ပရလေအောင် သီတင်းကျွတ်လပြည့်ည၌ မြတ်စွာဘုရားရှင်အား ဆီမီးများဖြင့် ပူဇော်ကြရန်သတိရသကဲ့သို့ ဘုရားရှင်၏ အဆုံးအမတရားတော်ဖြစ်သည့် အဘိဓမ္မာတရားတော်ကိုလည်း မမေ့မလျော့လေ့လာလိုက်စားသင့်ကြောင်း တိုက်တွန်းလိုက်ရပါတော့သည်။
#LinWaiAung
Keep Reading