Author's Profile Photo

Epub

11/11/2024

ပန်းသာမစာအု-သခင်ဘသောင်း

2 mins read
Book Review
Art
Novel
ပန်းသာမစာအု-သခင်ဘသောင်း's photo


မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အပျိုစင် ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့သာ တိုင်းတာတတ်တဲ့ လူ့အဖွဲ့အစည်း။ ယောကျ်ားတစ်ယောက်အတွက် ဘယ်လိုနေနေ အကြောင်းမဟုတ်ပေမယ့် မိန်းကလေးတစ်ယောက်အတွက် ကံအကြောင်းမလှလို့ အပျိုရည်ပျက်ခဲ့ရတယ်ဆိုရင် ဘဝတစ်သက်တာမှာ အသိုင်းအဝိုင်းကြား ခေါင်းဖော်ရဲစရာ အကြောင်းမမြင်တော့တဲ့ လူ့အဖွဲ့အစည်း။

လိုက်နာယုံကြည်ကြတဲ့ စကားပုံကိုက “ယောကျာ်းကောင်း မောင်းမတစ်ထောင်” လို့ဆိုပြီး “မိန်းမကောင်းတော့ တစ်ပွင့်ပန်” လို့ ဆိုသကိုး။ ဒီလို သတ်မှတ်ချက်တွေကို အရိုးစွဲ လက်ခံထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူလာဖြစ်တဲ့ ကံဆိုးရှာသူ “မစာအု” လေး။

မိမိကို အသက်ထက်မက ချစ်ခင်လှပါတယ်လို့ ဆိုလေသူကတောင် မိမိအပျိုမဟုတ်တာကို သိသွားတော့ ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရတဲ့ “မစာအု” လေး။

“ကိုဒေဝ” ဆိုတဲ့ လူငယ်နဲ့ “မစာအု” ဆိုတဲ့ မိန်းမငယ်လေးတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်လို့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတယ်။ လက်ထပ်ပြီးခါစမှာပဲ ကိုဒေဝက သူ မစာအုနဲ့ မတွေ့မီက တခြားအမျိုးသမီးတစ်ယောက်နဲ့ ငြိစွန်းဖူးကြောင်း ဝန်ခံတယ်။ ယောကျာ်းတစ်မျက်နှာ တစ်ကမ္ဘာမှတ်တဲ့ မစာအုလေးဟာ ကိုဒေဝကို လွယ်လွယ်ကူကူပဲ ခွင့်လွှတ်နိုင်ခဲ့တယ်။

လက်မထပ်ခင်ကတည်းက သူ့အကြောင်းကို ပြောပြဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ပြောဖို့အခွင့်မသာခဲ့တဲ့ မစာအုက ကိုဒေဝနဲ့ မဆုံခင် သူဌေးသားတစ်ဦးရဲ့ ခြေတော်တင် ခံခဲ့ရကြောင်း သနားစဖွယ်ဝန်ခံတော့ ကိုဒေဝက ဘာလုပ်တယ်ထင်သလဲ။ အချစ်နဲ့ အရိုးစွဲလက်ခံထားမှုနှစ်ခုကြား လွန်ဆွဲကြရင်းက ချစ်ခြင်းမေတ္တာက အရှုံးပေးလိုက်ရရှာတယ်။ မစာအုနဲ့ဝေးရာ ဂျားဗားကျွန်းအထိတောင် ထွက်သွားသတဲ့။

မစာအု အစော်ကားခံခဲ့ရတာက လော်လည်လို့မဟုတ်။ ဆင်းရဲလွန်းတော့ ဆွေရိပ်မျိုးရိပ်မကင်းလို့ ဖခင်ဖြစ်သူပြောတဲ့ သူဌေးအိမ်တော်မှာ အိမ်ဖော်သာသာ သွားနေထိုင်ရရင်းက အဖြစ်ဆိုးနဲ့ ကြုံလိုက်ရတာ။ ဆင်းရဲလွန်းလို့ နုံအလွန်းလို့ ငွေရှင်ကြေးရှင်ကို မလွန်ဆန်ရဲလွန်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ခြေတော်တင်ခံလိုက်ရတဲ့ မစာအု။ မိမိကို စော်ကားခဲ့တဲ့ “ပန်းသာမောင်မောင်” ဆိုသူရဲ့ အာဏာစက်အောက်က ထွက်ပြေးလာပြီးနောက် ရိုးရိုးသားသား လယ်သူမအဖြစ် အငှားလုပ်နေရှာသူ။

ကိုဒေဝနဲ့ လက်ထပ်ပြီး ချစ်ရတဲ့ လင်ယောကျ်ားက သူ့ကို မသတီလို့ စွန့်ခွာသွားပေမယ့် ချစ်ရသူအပေါ် မပြစ်မမြင်။ ကိုယ့်ကိုယ်သာ ပြန်အပြစ်တင်မိတဲ့ ရိုးသားရှာတဲ့ တောသူလေး။ ဆင်းရဲနုံချာလှတဲ့ဘဝမှာ တဝမ်းတခါးအတွက်၊ မိသားစုကို ထောက်ပံ့ဖို့အတွက် လယ်ပိုင်ရှင်တွေမှာ ရိုးရည်ရိတ်တဲ့ အလုပ်ကို ပင်ပန်းကြီးစွာ အခစား ဝင်လုပ်ရတယ်။

တစ်မိသားစုလုံး ငတ်ပြတ်လုနီးပါး ဖြစ်လာတော့ မိသားစုဝန်ဟာ သမီးကြီးဖြစ်တဲ့ မစာအုအပေါ် ပုံကျလာခဲ့တယ်။ ဆင်းရဲနွံထဲက ရုန်းထွက်နိုင်ဖို့ ကမ်းမမြင် လမ်းမမြင် ဖြစ်လာတဲ့အခါ၊ မိမိ သစ္စာရှိစွာ စောင့်စားနေတဲ့ ချစ်ရသူ လင်ယောကျ်ားက နှစ်လရှည်ကြာ စွန့်ခွာသွားတဲ့အခါ၊ မိမိ အသွေးအသားကို ကိုက်ခဲစားသောက်ဖို့ ကျားချောင်း‌ ချောင်းနေတဲ့ သူဌေးသား “ပန်းသာမောင်မောင်” ရဲ့ အာဏာစက်ကို မလွန်ဆန်နိုင်တဲ့အခါ သူပြန်မသွားချင်တဲ့ ဘဝတစ်ခုဆီကို ခုန်ချလိုက်ရတဲ့ မစာအု။ မိသားစုအတွက် အရာရာကို စွန့်လွှတ်အနစ်နာခံလိုက်ရတဲ့ မိန်းမသားတစ်ယောက်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ “တစ်သေကို နှစ်သေ ဖြစ်စေရမည်” ဆိုတဲ့ မတရားတဲ့ ဥပဒေကြောင့် ဘာမှလျှောက်လဲပိုင်ခွင့်မရှိပဲ ရုံးတော်ရဲ့အမိန့်နဲ့ နရသိန်ထောင်တွင်းမှာ မသေမချင်း ကြိုးကွင်းစွပ်၍ အသတ်ခံလိုက်ရတဲ့ “ပန်းသာ မစာအု”။

သနားစဖွယ် ရင်နာစဖွယ် ဇာတ်လမ်းဇာတ်ကွက်များနဲ့အတူ မိန်းမသားတွေအပေါ် တဆင့်နိမ့်သတ်မှတ်ခံထားရတဲ့ အရိုးစွဲယုံကြည်မှုတွေ၊ ဓနရှင်တို့ရဲ့ ဆင်းရဲသား လူတန်းစားတွေအပေါ် အနိုင်ကျင့်နှိပ်စက်မှုတွေ၊ တရားမျှတမှုမရှိ ပြင်းထန်လှတဲ့ ဥပဒေတွေ စတဲ့ ရိုက်ခတ်မှုမျိုးစုံထဲက ရုန်းကန်ရှင်သန်ရတဲ့ သူဆင်းရဲ မြန်မာအမျိုးသမီးတစ်ယောက်အကြောင်း။

ဆရာ “သခင်ဘသောင်း” ရေးဖွဲ့ထားတဲ့
“ပန်းသာ မစာအု” ဝတ္ထုကြီးဟာ နှစ်ကာလရဲ့ တိုက်စားမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ တကယ့်ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

၁၉၃၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ပေမယ့် အခုချိန်အထိ အကောင်းဆုံး မြန်မာဝတ္ထုတွေထဲမှာ နေရာယူထားနိုင်ဆဲ။ အကြိမ်ကြိမ်အခါခါ ပြန်လည်ထုတ်ဝေနေရဆဲပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ်ရှစ်ဆယ်ကျော်က မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နေပုံထိုင်ပုံ၊ ယုံကြည်မှု ဓလေ့ထုံးစံနဲ့အတူ ဆင်းရဲကျပ်တည်းလှတဲ့ တောနေလူတန်းစားတို့ရဲ့ ဘဝအခက်အခဲ၊ ရုန်းကန်ကြိုးစားရတာတွေကို ဖွဲ့နွဲ့ပုံဖော်ထားတဲ့နေရာမှာ အချိန်ကာလ နောက်ခံကားကိုမေ့ပြီး ကိုယ်တိုင်မျက်မြင်ကြုံတွေ့လိုက်ရသလို ခံစားရစေပါတယ်။

မှားယွင်းတဲ့ ယုံကြည်မှုတစ်ခု ဖြစ်နေပါစေ။ လူ့အဖွဲ့အစည်းတစ်ခုလုံးက အမှန်လို့ လက်ခံထားကြရင် အမှားဟာ အမှန်ဖြစ်သွားရတတ်တာက ထုံးစံပဲလား။

ယောက်ျားတစ်ယောက်ရဲ့ အပြုအမူကို အလွယ်တကူ နားလည်ခွင့်လွှတ်ပေးနိုင်ကြပေမယ့် မိန်းကလေးတစ်ယောက်အတွက်ဆိုရင် ကြီးလေးတဲ့ပြစ်မှုလို့ ဘာ့ကြောင့် တဖက်စောင်းနင်း သတ်မှတ်ထားရတာပါလဲ။ မှားယွင်းတဲ့ အုပ်ချုပ်မှုစနစ်နဲ့ ဓလေ့ထုံးတမ်းရဲ့ သတ်မှတ်ချက်အောက်မှာ လူးလိမ့်နေအောင် ခံစားနေရရှာတဲ့၊ အမှောင်ထုနွံထဲ နစ်မြှပ်သွားရရှာတဲ့ မိန်းကလေးတွေ ဒီကမ္ဘာမှာ ဘယ်လောက်အထိ များပြားနေမှာပါလိမ့်။

သနားစရာ “မစာအု” လေးရဲ့ဘဝထဲ စီးမျောပျော်ဝင်မိရင်း ခံစားချက်ပေါင်းစုံတို့ရဲ့ ရိုက်ခတ်ဖိစီးမှုနဲ့အတူ အတွေးဝင်္ကပါထဲ ကျက်စားမျောလွင့်နေမိပြန်ပါပြီ။ ။

Crd_ငြိမ်းပန်

Epub file download _https://www.dropbox.com/scl/fi/jpzduw4vipcg21azhbmhr/.EPUB?rlkey=s9xf606djymk5u07hewp2ez2v&st=10ne4ukx&dl=0

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)