ဂျာနယ်ကျော် မမလေး
“ဘယ်သူလုပ်ပေးတာမှလည်း စိတ်တိုင်းကျတာ မဟုတ်ဘူး၊သူ့အတွက် လူတစ်ယောက် သက်သက်ကုန်နေတာ အဖေပဲ ဆက်တယ်”လှသင်သည် စိတ်ထဲကပြောပြီး ဆေးလိပ်ကို လက်ကြားညှပ်လျက် မှောင်ထဲတွင် ထွေးငိုင်နေပြန်လေသည်။
“အစ်မ..အစ်မ၊ တာဝန်တွေငါ့ခေါင်းပေါ်အကုန်လုံး ပုံတင်ခဲ့တယ်။ ငနီကလည်း ဆယ်တန်းမအောင်သေးဘူး၊ငကျားကလည်းကျောင်းပြေး၊ငဗိုကလည်းခုထက်ထိ ကလေးလိုပဲ ဘာမှမသိတတ်သေးဘူး။ ရင်ရင်၊ခင်ခင်နဲ့ အပုတို့ကလည်းမိန်းကလေးတွေ၊ အလှနဲ့ သူတို့ကလည်း တကျက်ကျက်ပဲ။
မလှသင်သည် ပူစရာတွေ တသီတတန်းကြီး တွေးလျက် တစ်ပူပြီးတစ်ပူဆင့်ပူနေတော့သည်။ အိမ်ရှေ့က မီးနီရောင်ဖြင့် ခြင်ထောင်တွေထဲတွင် အိပ်နေကြသော မောင်နှမခြောက်ယောက်ကို လှည့်ကြည့်လိုက်သည်။အနီနှင့် အကျားက တစ်ခြင်ထောင်၊ ရင်ရင်နှင့် ခင်ခင်ကတစ်ခြင်ထောင်၊ အပုနှင့် အဗိုမှာမလှသင်၏ ခြင်ထောင်ထဲတွင် ကန့်လန့်ဖြတ်အိပ်ပျော်နေကြလေ၏။
“အကျားနဲ့အဗိုတို့ကလည်းရှင်မပြုရသေးဘူး၊ ရင်ရင်တောင်အပျိုဖော်ဝင်လာပြီ။အပျိုပေါက်စအိမ်မှာ အစ်မ မရှိရင်တော့ ခက်ပါသေးတယ်” ကလေးတွေကို လှည့်ကြည့်နေပြီး သူ့ခေါင်းကို ယမ်းနေလေ၏။ ပြီးမှသက်ပြင်းချပြန်လျက် လက်ထဲက ဆေးလိပ်ကို မီးညှိပြန်ကာစိတ်ရှုပ်ရှုပ်ဖြင့် တစ်ဖွာပြီးတစ်ဖွာ ဆက်တိုက် ဖွာသောက်နေလေသည်။
အတန်ကြာမှ ဆေးလိပ်အဖွာရပ်ကာ အိမ်အတွက်စားရေးသောက်ရေး၊ချက်ပြုတ်ရေးကိုစဉ်းစားလိုက်ပြန်သဖြင့် ခေါင်းရှုပ်သွားပြန်သည်။ အလှတစ်ယောက်တည်း တစ်အိမ်လုံး တာဝန်ကို မလုပ်နိုင်ပေ။ တစ်ယောက်တည်းနှင့် တတ်နိုင်မည်လည်းမဟုတ်။ အလှမှာနဂိုကတည်းကအိမ်ခွဲနေချင်သူဖြစ်သည်။စက်ဝင်းထဲ၌ရှိသော အိမ်တွင်ပြောင်းနေရန်မောင်ပါကိုခဏခဏအပူတိုက်သည်။ အစ်မကို အသေအလဲကြောက်ရသောမောင်ဖြစ်၍သာမပြောင်းဝံ့ဘဲကြိတ်မှိတ်နေကြမှန်းသိလေ၏။ဆိုင်ဖြုတ်လိုက်၍လည်း မဖြစ်၊ ဆိုင်ထဲတွင် အရင်း ၁ဝ,ဝဝဝ လောက် မြှပ်ထားရသည်။ဆိုင်ကဝင်ငွေ၊ စက်ကဝင်ငွေဖြင့် အိမ်စရိတ်ကြီး လည်နေရသည်။ ဆိုင်ဖြုတ်၍လည်းမဖြစ်သေးပေ။
မလှသင်သည်ဆေးလိပ်ကို ဆက်တိုက် ပြန်ဖွာနေပြန်ကာ အတော်ပူလာမှနားလိုက်သည်။ နားပြီး သူ့ခေါင်းကို သူ ကုတ်နေပြန်လေ၏။ဦးသာဖူး၏ ချောင်းသံကို ထပ်ကြားရသဖြင့် ရင်ထဲတွင် ဆို့လာလေသည်။ “ညည်းအဖေတော်ညကတစ်ညလုံးမအိပ်ရဘူး၊ ကိုက်လို့ ခဲလို့ တစ်ညလုံးနှိပ်ပေးရတယ်”
မနက်တိုင်း သတင်းပေးတတ်သော အစ်မ၏ မျက်နှာကို ကွက်ခနဲ မြင်ယောင်မိကာ မျက်ရည်များ စီးကျလာလေသည်။ “အစ်မ မလည်း တကတဲမှပဲ အဖေ့အတွက်နဲ့ပဲအချိန်ကုန်တာပဲ”ဟုငေါက်မိတာတွေကို အမှတ်ရကာ တစိမ့်စိမ့် ဝမ်းနည်းလာသည်။
“မသာရက်အတွင်းမို့ ခါးတယ်၊ ငန်တယ် ဘာမှမပြောသေးတာ။ ရှေ့လျှောက် အဖေတို့တော့ စားမကောင်းဘူး၊သောက်မကောင်းဘူးနဲ့ ဘယ်လောက်များ နားပူလိုက်မလဲ၊ ဒုက္ခပါပဲ”မလှသင်သည် ဦးသာဖူးအတွက် စိတ်ညစ်လာပြန်သည်။ စိတ်ညစ်လွန်း၍သေသောသူကို “ အစ်မတော့ အေးတာပဲ၊ ဝဋ်ကျွတ်တာပဲ” ဟု အောက်မေ့လိုက်မိသည်။အိမ်ပေါ်မှ ချောင်းသံသာမ
က ဦးသာဖူး၏ ညည်းသံကိုပါ ကြားလာရသည်။မလှသင်သည် ဆေးလိပ်ကိုချကာ အိမ်ပေါ်သို့ တက်သွားလေသည်။
အဖေ..အဖေ” ဟု ခုတင်ဘေးက ရပ်ခေါ်လိုက်သည်။ “ရေနွေးရေနွေး”ဦးသာဖူးသည်တဟင်းဟင်းညည်းနေသော ညည်းသံရှည်ကြီးကို ရပ်လျက်ရေနွေးတောင်းကာ ဆက်ညည်းနေ၏။
မလှသင်သည် အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်။ မီးဖိုထဲသို့ ဝင်သွားကာမီးမွှေးနေသည်။ ထင်းများ ရေစိုနေ၍ တော်တော်နှင့် မီးမတောက်၊ တစ်အိမ်လုံးရေနံဆီနံ့သာမိုးမွှန်နေလျက်ရေနွေးကလည်းတော်တော်နှင့်မဆူနိုင်။ အမြန်လုပ်နေကာမှ အနှေးဖြစ်လျက် မိုးလင်းခါနီးမှရေနွေးဆူလေတော့၏။“ကြာလိုက်တာဗျာ၊ ဒီမှာသေသေရတော့မယ်” “ထင်းတွေစိုနေလို့ ကြာနေတာ အဖေရဲ့”
သည်လိုအချိန်မျိုး၊ သည်လိုအခါမျိုးတွင်သည်လို အသံမျိုးကိုနောက်နောက်ကဘယ်တုန်းကမျှမကြားခဲ့ရဖူးချေ။ ဘယ်လိုမာန်မာန် ဒေါ်သီထံမှ ညင်သာသောအသံလေးသာ ကြားရစမြဲဖြစ်၏။ ဦးသာဖူးသည် နားထဲတွင် ခါးခါးကြီးဖြစ်သွားကာ“ပေးပေး ငါ့ဟာငါ ကပ်ပါ့မယ်”ဟု ပြောပြောဆိုဆို မလှသင်လက်ထဲမှ ရေနွေးအိတ်ကို အတင်းဆွဲယူလိုက်းလေ၏။
“အဖေကလည်းစိတ်ချည်းပဲ”ဟု မလှသင်က ပြန်ပြောလိုက်ချင်သည်။ပါးစပ်ဖျား၌ ရောက်လာသော ထိုစကားကိုအစ်မမရှိတော့သဖြင့်သာအသံမထွက်အောင် ညှာလိုက်ခြင်း ဖြစ်လေသည်။
(၃)
“နင်သိတဲ့အတိုင်းပဲ၊ ငါ့အဖေက ကြေးများတယ်၊ သူ့စိတ်ကြိုက်ကို လုပ်ပေးနိုင်မှ တော်ကာရယ်။ သည်းခံနိုင်ပါ့မလား။ လခတော့ တစ်လ ၆၀ ပေးမယ်”ဘုမသည် ဖွဲနုပုံပေါ်ဆောင့်ကြောင့်ထိုင်လျက် ခေါင်းငုံ့နေလေ၏။ ဘုမမှာအသက် ၃၅ နှစ်အရွယ် အသားညို၏။ မေးရိုးကားကား၊နှာတံပြားပြားနှင့် ရုပ်ရည်ကြမ်းတမ်းသည်။မျက်နှာပေါက်…ဘယ်လိုဆိုးဆိုး ဆန်တစ်အိတ်ထမ်းနိုင်သောခွန်အားကို မလှသင်က ပိုသဘောကျသည်။
“တော်တော့လူလည်း အိမ်မခေါ်ဝံ့ဘူး။ညည်းဆိုတော့ ညည်း အဖေကလည်း စက်ထဲက အလုပ်သမား၊ အကြောင်းသိ။ ညည်းမှာလည်း အမေမရှိ၊ ညီအစ်မကိုမောင်နှမများတော့သည်းခံတတ်မယ်ဆိုပြီး ခေါ်ရမှာ။ တို့အတွက်က အရေးမကြီးဘူး၊ အဖေ့အတွက်က အရေးကြီးတာ”
မလှသင်သည်ဦးသာဖူးဒဏ်ဘုမကုန်းခံရန်စကတည်းက လမ်းခင်းပြီးပြောနေလေ၏။ ဘုမ ငုံ့နေရာမှ မရဲတရဲ မော်ကြည့်သည်။ ဖြူဝင်းနေသောမလှသင်၏ မျက်နှာမှာနုညက်နေလေ၏။ ပြေပြစ်သွယ်လျသော လက်ချောင်းကလေးမှ စိန်လက်စွပ်ရောင်သည် တဖျတ်ဖျတ်တောက်နေသည်။ မလှသင်၏ တစ်ကိုယ်လုံးကိုသိမ်းကျုံးကြည့်လျက်ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် နုဖတ်နေသော ူဌေးသမီးကို စကားပြောရမှာရွံ့နေလေသည်။
“သည်းခံနိုင်ပါတယ်မမရယ်။ကျွန်မငယ်ငယ်ကတည်းကအမေ့ဘက်ကပိုက်ဆံချမ်းသာတဲ့ ဆွေမျိုးတွေအိမ်မှာ နေခဲ့တာပါ။ လုပ်တတ်ကိုင်တတ်ပါတယ်” သူမသည်ခပ်ရွံ့ရွံ့ပြောပြီးခေါင်းငုံ့နေလေသည်။ဘုမဘေးတွင်မြေကြီးပေါ်၌ဆောင့်ကြောင့်ထိုင်နေသောဘုမအဖေ စက်အလုပ်သမားဦးဆိုင်သည် မလှသင်ကမ်းပေးလိုက်သော ငွေစက္ကူများကို တုန်တုန်ယင်ယင်ဖြင့် လှမ်းယူလိုက်သည်။
“ရော့..ငါးလအတွက် ၃ဝဝကျပ်” ရာတန်ဝတ္ထုနှစ်ချပ်သုံးချပ်ထပ်ထားသည်ကို တစ်ခါမှ မကိုင်ဖူးခဲ့၍ လက်ထဲရောက်လာသော ရာတန်စက္ကူထပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက်..“ပြောမရလိုမရရိုက်ပါဗျာ”ဟုအာလုပ်သံကြီးဖြင့်ပြောကြားလိုက်လေ၏။
ဘုမသည်ဦးသာဖူးအိမ်သို့ရောက်သည့်နေ့မှစ၍စက်ထဲတွင် ဆန်အိတ်ထမ်းခဲ့သည်ထက် ဦးသာဖူး၏ ဝေယျာဝစ္စလုပ်ရသည်က နှစ်ပြန်သုံးပြန် ပိုမို ပင်ပန်းသည်ဟု ထင်မိ၏။ တစ်နေ့လုံးဖင်မချရဘဲ ဇယ်ဆက်သလိုလုပ်နေရလျက်ညဘက်လည်း ရေနွေးအိတ်ကပ်ပေးရသဖြင့် အိပ်ပျက်ရသေး၏။
ဦးသာဖူးသည် မလှသင် ပြောသည်ထက် ဇီဇာကြောင်သေးသည်ဟု ထင်မိသည်။ အိပ်ရာထဲမှ သူ ထနိုင်ခဲ့လျှင် မီးဖိုထဲသို့ဝင်လာတတ်ပြီးဟင်းအိုးပြင်ရန်သူ့အကြိုက်လာပြပေးသည်။အိပ်ရာထဲမှမထနိုင်သည့်အခါများတွင် ဟင်းအိုးတွေအခန်းထဲသို့ ယူသွင်းလာခိုင်းကာ သူ့ရှေ့မှောက်တွင် နယ်ရဖတ်ရ ပြင်ရလေ၏။
အဝတ်လျှော်ရာတွင်လည်းလာကြည့်၏။မီးပူတိုက်ရာတွင်လည်းလာကြည့်၏။သူနှင့် ပတ်သက်သမျှ အစစဘယ်လိုလုပ်ကိုင်ပေး၍မှ စိတ်တိုင်းမကျ အားမရနိုင်ဘဲ နေရာတကာ၌ ပါလေ၏။ မလှသင်မှာ နံနက်လင်း၍ အိမ်မှထွက်သွားရာ နေဝင်မိုးချုပ်မှ ပြန်လာရသဖြင့် အဖေနှင့် ဘုမတို့ ဘယ်လိုစခန်းသွားနေကြသည်ကို အလှထံ၌ သတင်းမေးရ၏။ ဘုမ စိတ်မရှည်ပုံပေါ်နေပြန်လျှင်ဘုမကိုစိတ်ရှည်အောင် ချော့မော့ပြောဆိုရသည်။
ဦးသာဖူးသည်ဒေါ်သီ၏ လက်ရာခြေရာကို ဘုမ လိုက်မီရန်နားပူလောက်အောင်နေ့ရှိသရွေ့မာန်မဲသင်ကြားနေလေ၏။ မလှသင်သည် ဆိုင်ထွက်နေရခြင်းက နားအေးသည်ဟုထင်မိ၏။ဘုမလုပ်ပေးသော အလုပ်တစ်ခုသည်ဘယ်အခါမျှတစ်ခါနှင့်မပြီး၊နှစ်ခါနှင့်မပြီးချေ။ သုံးလေးခါ ထပ်လုပ်ပေးပြီးမှ ရချေသည်ချည်းဖြစ်နေသဖြင့် မလှသင် စိတ်တိုကာ သူ့အဖေနှင့် ခဏခဏ စကားများရလေ၏။
“အစ်မမဟုတ်ဘူးအဖေရဲ့၊သူလည်းဒါလောက်ပဲ လုပ်တတ်တော့မပေါ့။အစ်မလိုတော့ ဘယ်သူမျိုးမှ အဖေ့ကို လုပ်မပေးနိုင်ဘူး” “နင်အသာနေစမ်း၊နင်တို့ ချက်တာလျှော်တာမဟုတ်ဘူး၊သူကချက်တာလျှော်တာ။ ငါဖြစ်သလိုမစားနိုင်ဘူး။ ငါဖြစ်သလိုမဝတ်နိုင်ဘူး။ နားညည်းရင်နားပိတ်ထားကြ”
ဦးသာဖူးသည် ကြေးများနိုင်သမျှ များပေးမှ ဘုမချက်တာ စားဖြစ်လာသည်။ ဘုမ လျှော်တာ ဝတ်ဖြစ်လာသည်။ဘုမသည် သုံးလလောက်ကြာလျှင် ဒေါ်သီ၏ ခြေရာကို တစ်နေ့တခြားမီလာရလေ၏။ မသေခင်စပ်ကြား ကောင်းကောင်းဝတ်မည်၊ ကောင်းကောင်းစားမည်ဟု သူ့တရားနှင့် သူဒေါ်သီ၏ခြေရာကိုဘုမမီလာနိုင်အောင်ဦးသာဖူးသည် တတ်နိုင်သရွေ့ အားထုတ်ကြိုးပမ်းသင်ကြားပြသနေတော့သည်။
ဦးသာဖူးက ငါးခြောက်ဆိုလျှင် ဖုတ်ပြီးသား အဆင်သင့်၊ ဦးသာဖူးက ဖျာဆို ခင်းပြီးသား အဆင်သင့်၊ ဦးသာဖူးကရေနွေးဆိုကျိုပြီးသား အဆင်သင့်၊ ဦးသာဖူး၏ အကြိုက်ကို ဘုမ အကုန်လုံးလိုက်၍ လုပ်ပေးနိုင်သော အချိန်အခါသည် တဖြည်းဖြည်းရောက်လာလေဘ၏။အိမ်တွင်ဦးသာဖူး၏ မာန်သံမဲသံ၊ ညည်းသံညူသံများ စဲသွားလျက် နားအေးပါးအေးရှိလာသော အချိန်အခါသည် ရောက်လာလေ၏။
(၄)
မလှသင်သည် နံနက်စောစော ဈေးသွားရန်အဝတ်လဲနေလေသည်။ အလှသည် အခန်းထဲသို့ ဝင်လာကာ မျက်နှာကို မရဲတရဲကြည့်လျက် မပွင့်တပွင့်အသံဖြင့် အနားကပ်ပြောလိုက်သည်။“မမထဘီတွေ သူမလျှော်နိုင်ဘူးတဲ့” “ဘာပြောတယ်”
မလှသင်၏အသံသည် တစ်ခန်းလုံး ကျားဟိန်းသလို ဟိန်းသွားလ၏။တစ်လုံးထက်တစ်လုံး မာကျောပြတ်တောင်းလှလ၏။မျက်လုံးကြီးပြူးလျက်နှုတ်ခမ်းတင်းတင်းစေ့ထားသော လှေသင်၏မျက်နှာထားကို အလှသည် ကြောက်ရွံ့သဖြင့် ဘယ်လိုပြန်ပြောရမှန်းမသိအောင် ခက်နေလေ၏။
အလှ အခက်ကြုံနေသော ပုံပန်း အမူအရာများကို ကြည့်လျက် မလှသင်သည် ချာခနဲ အခန်းထဲမှ ထွက်သွားကာ မီးဖိုထဲသို့ တန်းဝင်သွားလေ၏။“ဟဲ့… ဘုမ၊ ခုနက အလှကို ဘာပြောလိုက်တယ်”မီးဖိုထဲ၌ သူမသည် ပေါင်မုန့်လှီးနေလေ၏။ ပေါင်မုန့်လှီးနေသောဓားကိုကိုင်ထားကာတစ်ခွန်းမှ ပြန်မပြောဘဲ မျက်နှာပျက်ပျက်ဖြင့် မီးဖိုနံရံကို ကြည့်စရာမရှိ လှမ်းစိုက်ကြည့်နေလေ၏။ ဘုမ မျက်နှာပျက်နေပုံကို မလှသင်က မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ဘုမ မျက်နှာပျက်ခြင်းသည် စိတ်ညစ်၍များ မျက်နှာ မကောင်းတာလားဟု အဖြေရှာသောအကြည့်မျိုးဖြင့် စူးစူးစမ်းစမ်းကြည့်သည်။ စူးစိုက်ကြည့်လိုက်မှ ဘုမ၏မျက်နှာသည် စိတ်ညစ်၍ မျက်နှာမကောင်းသော ပျက်ခြင်းမျိုးမဟုတ်မှန်း သိလိုက်၏။ ဘုမ၏မျက်နှာသည် အဓိပ္ပာယ်တစ်မျိုးဆောင်ပြနေလေသည်။နံရံသို့ ကြည့်နေသော မျက်လုံးများသည် မကျေနပ်ယောင်၊ စိတ်ဆိုးယောင် ဘာမှမရှိဘဲ တစ်စုံတစ်ခုကို နက်နဲစွာစဉ်းစားနေသကဲ့သို့ မျက်တောင်များစင်းနေလျက် မျက်တောင်မခတ် စိုက်နေလေသည်။ ပြားနေသော နှာတံမှာပွနေလျက်ပါးစပ်အနေအထားနှင့် မေးအနေအထားတို့မှာ ပုံပန်းပျက်ကာသိသိသာသာ မခိုး မခန့်ဖြစ်နေလေသည်။
“ဟဲ့ မေးနေတာ ပြောစမ်း” မလှသင်သည် ဘုမ၏ မျက်နှာပေးကို မကြည့်ချင်သော အကြည့်မျိုးဖြင့် ကြည့်လျက် ရင်ခေါင်းထဲတွင် ကြွလာသောအလုံးကြီးကို အောင့်အည်းမျိုထားကာ မျက်မှောင်ကြုတ်မြဲ ကြုတ်၍ မေးသည်။
ဘုမသည်ဘာတစ်ခွန်းမျှပြန်မပြောချေ။တစ်ချိန်ထက်တစ်ချိန် မျက်နှာသာ သုန်မှုန်လာလေသည်။နံရံကိုစိုက်နေသော မျက်လုံးများသည် အတန်ကြာမှ မျက်တောင်ခတ်လာလျက် နံရံမှ မျက်လုံးခွာ လိုက်ပြီးနောက် ပေါင်မုန့်အပိုင်းကို စိုက်ငေးကြည့်နေ ပြန်သည်။
“ငါ မေးနေတာ မကြားဘူးလား” သည်အခါတွင် မလှသင်၏ အသံမှာခုနစ်အိမ်ကကြားလောက်၏။မလှသင်၏ ဖြူဖွေးနေသော မျက်နှာမှာ ချက်ချင်းရဲနီလာလေသည်။ မျက်မှောင်ကြုတ်လျက် မျက်ခုံးနှစ်ဖက် တစ်ဆက်တည်းဖြစ်အောင် ကွန့်ထားပုံမှာ နဖူးပေါ်တွင် တင်းကြီးတစ်ကောင် သွားနေသည့်အတိုင်းပင်။
ဘုမသည် မီးဖို တစ်ဆောင်လုံး သိမ့်သိမ့်တုန်တက်သွားသောအသံကြောင့်ဖျတ်ခနဲပေါင်မုန့်မှမျက်လုံးခွာလိုက်သည်။ လက်တစ်ဖက်က ဓားကိုလည်း ချလိုက်၏။ ထို့နောက်ထိုင်ရာမှထကာ မလှသင်ကို တစ်ရက်မျှ မကြည့်ဘဲ မီးဖိုထဲမှ ထွက်သွားရန် မြန်မြန်ခြေလှမ်းလိုက်လေသည်။
“ဟဲ့… ကောင်မ ငါမေးနေတာ ဘာလူပါးဝတာလဲ”ဘုမသည် လှည့်၍မျှ မကြည့်ချေ။ မလှသင်သည် ဒေါသခြောင်းခြောင်းထွက်ကာ ဘုမ ဘာဖြစ်မှန်းမသိ၍ အလွန်အမင်း အံ့အားသင့်လျက် တဆတ်ဆတ်တုန်နေလေသည်။ မိမိဘေးမှ ဖြတ်ထွက်သွားသော ဘုမကိုကြည့်ရင်း မီးဖိုပေါက် ကျောခိုင်းထားသော ကိုယ်ကို ဘေးစောင်းပြင် ရပ်လိုက်သည်။ ဘုမအပေါက်နားသို့ မရောက်မီအပေါက်ဝ၌ ဦးသာဖူးသည် လာရပ်နေလေသည်။
“ဘာဖြစ်တာလဲ”ဤမေးခွန်းကိုဦးသာဖူးပါးစပ်မှ မည်သူ့ကိုမေးမှန်းမသိ မေးလိုက်သည်။ဘုမသည် ဦးသာဖူး အပါးရောက်ကာမှ “ထဘီမလျှော်လို့တဲ့” ဟု ငိုသံပါပါနှင့်ပြောကာ မီးဖိုထဲမှ မြန်မြန်ထွက်သွားလေ၏။“ကိုယ့်ထဘီ ကိုယ်လျှော်ကြပေါ့”
သည်တော့မှ ဦးသာဖူးသည် မလှသင်၏ မျက်နှာကိုတည့်တည့် ကြည့်ပြီး ပြောလိုက်သည်။ တစ်စုံတစ်ယောက်ကမျက်လုံးနှစ်ဖက်ကို တအားပိတ်ရိုက်လိုက်သကဲ့သို့ပင် မလှသင်၏မျက်လုံးများသည် မီးဝင်းဝင်းတောက်သွားလေသည်။ အခိုင်းအစေဘက်က လိုက်ပြောရပါ့မလား ဟု ဒေါသူပုန်ထသွားလေသည်။ အလွန် တရာခံပြင်းသွားသဖြင့် ပြန်ပြောရန် အသံမထွက်နိုင်အောင် ဖြစ်နေစဉ် ဦးသာဖူးက အသံလေးလေးနှင့် ဆက်ပြောပြန်သည်။
“ဒီနေ့ကစပြီး ကိုယ့်ထဘီကိုယ်လျှော်ကြ၊ အိမ်အလုပ်လည်း တစ်ယောက်တစ်လက်စီလုပ်ကြ၊ နောက်ပြီး...”ဦးသာဖူး၏ စကားမဆုံးမီမလှသင်၏အသံသည်သူကိုယ်တိုင် ဘယ်နေရာက ဘယ်ပုံထွက်လာမှန်းမသိအောင်စူးစူးဝါးဝါးကြီးထွက်သွားလေသည်။
“ကိုယ့်ထဘီကိုယ်လျှော်ဝတ်ရအောင် သူက သခင်မမို့လို့လား”အမှန်စင်စစ် မလှသင်သည် ဤစကားကို ဒေါသအလျောက် တမင် ငေါ့ပြောလိုက်ခြင်း ဖြစ်သည်။တမင်ရွဲ့ပြောလိုက်ခြင်းဖြစ်သည်။“အေး…အရင်ကလို“ကျွန်မ”တော့မဟုတ်ဘူး”မလှသင်မှာ ရင်နှစ်ခြမ်း ပွင့်ထွက်သွားလေ၏။ အလွန်ဆိုးရွားသော မျက်နှာထားဖြင့် ခြံပြင်ကြိတ်လိုက်သည်။ ခိုင်းတဲ့စေတဲ့သူဘက်မှ လိုက်၍မျက်နှာသာပေးရပါ့မလားဟုစောစောကဦးသာဖူးအပေါ်ရိုးရိုးပဲဒေါပွသွားသည်။ဒေါပွလွန်း၍ငေါ့ပြောလိုက်ခြင်းဖြစ်သည်။ ငေါ့ပြောလိုက်ကာမှ ဦးသာဖူးက အတိအလင်း ကြေညာလိုက်လေသဖြင့် မလှသင် ဆောင့်ခုန်လိုက်လေသည်။
“အဖေက လက်စသတ်တော့ ဒီသပေါက်မအကြောင်း ဒီနည်းနဲ့ ကျွန်မကိုနားဖောက်တယ်ပေါ့လေ” “အေး သိရင်လည်း ပြီးရော”ဦးသာဖူးသည် သူ့သမီး၏ဒေါသကို ကောင်းကောင်းသိသဖြင့် သည်စကားကို သည်မျှနှင့် ရပ်မှဟု ယူဆကာ ချာခနဲ လှည့်ထွက်သွားလေသည်။
“တယ်ကောင်းပေါ့လေ၊ အမေသေလို့မှ အရိုးမဆွေးသေးဘူး၊ ကိုယ့်အိမ်က“ကျွန်မ” ကိုယ်ပြန်ယူတယ်။ဘုရားမှတ်လို့ကိုးကွယ်ပါတယ်၊ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဘယ်သူမှမသိအောင် တယ်ပြီး ပိရိကြပါလားဟင်”
မလှသင်သည် သူ့ အဖေကြားအောင် အော်ပြောလေသည်။အော်ပြောပြီးမှသူ့အမေကိုတိုင်တည်ကာ အော်ငိုလေသည်။ ထို့နောက်ဘုမကိုအော်ဆဲနေလေ၏။ မလှသင်၏အခန်းထဲမှ အလှမှာ နေစရာမရှိအောင်ဖြစ်ကာ ဆတ်ဆတ်တုန်နေလေသည်။ ကလေးခြောက်ယောက်စလုံး ကျောင်းမသွားကြသေး၍မျက်စိသူငယ်နှင့် အလှကို ဝိုင်းကိုင်ဆွဲထားကြသည်။
ဦးသာဖူးသည် အိမ်ပေါ်ထပ်သို့ တက်သွားကာ ပက်လက်ကုလားထိုင်ပေါ်၌ထိုင်ချလိုက်သည်။ဘုမသည်ပက်လက်ကုလားထိုင်နား၌ လာကပ်ထိုင်ကာ တရှုပ်ရှုပ်ငိုလျက် ဦးသာဖူး၏ခြေသလုံးကို ဆုပ်နယ်ပေးနေလေသည်။
Keep Reading