Author's Profile Photo

လက်ယျာ (Don't Care)

10/11/2024

အွန်လိုင်းငွေလိမ်ခြင်း(ကျားဖြန့်)

1 min read
General Knowledge
အွန်လိုင်းငွေလိမ်ခြင်း(ကျားဖြန့်)'s photo


ကျားဖြန့် လို့ခေါ်တဲ့ငွေလိမ်အဖွဲ့တွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။ မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် အလိမ်ခံလိုက်ရတဲ့သတင်းလေးတွေမိတာကြောင့် ဒီစာကိုရေးဖြစ်ပါတယ်။
သူတို့လိမ်ပုံလိမ်နည်းက အမျိုးမျိုးရှိပါတယ်။ အားလုံးမှာဆင်တူတာတစ်ခုကတော့ ကြပ်တည်းလာတဲ့ #လူတွေရဲ့လောဘစိတ် ကို အသုံးချကြတာပါ။

Whatapps / Telegram/ Viber စဖြင့် Social Network တွေကနေလိမ်ပါတယ်။ ပုံမှန်ဝင်ငွေရမယ့် အလုပ်တစ်ခု ကမ်းလှမ်းတယ်။ သူတို့ခိုင်းတဲ့အလုပ်ဆိုတာကလည်း ကလေးကစားသလို Youtube လေး Scribe လုပ်ပေးရုံ၊ Screenshot လေးရိုက်ပေးရုံလိုမျိုး အရမ်းကိုလွယ်ကူတဲ့ အလုပ်တွေပါ။

ပထမအဆင့်အနေနဲ့ သူတို့ခိုင်းတဲ့ ခုနကလို အရမ်းလွယ်တဲ့ဟာလေး သုံးလေးခုလုပ်ပေးလိုက်ရင် ဝင်ငွေစရပါတယ်။ အနည်းအကျဥ်းပေါ့။ ပြီးရင် သူတို့က မေးပါတယ်။ အလုပ်ဆက်လုပ်ချင်ပါသေးလားဆိုပြီး။ ပထမအဆင့်မှာ အရင်းအနှီးမလိုပဲ ငွေရခဲ့တော့ သားကောင်က လောဘအနည်းငယ်ရှိလာပါပြီ။ အမှန်တကယ်လည်း ငွေရထားတော့ ယုံကြည်စလည်းပြုလာပါပြီ။ ဒါနဲ့ ဒုတိယအဆင့်ကိုဆက်လုပ်မယ်ဖြစ်ရော။

ဒုတိယအဆင့်မှာ စပြီး ရင်းနှီးမြုပ်နှံရပါပြီ။ ပမာဏတစ်ခုကိုရွေး၊ ရင်းနှီးမြုပ်နှံပြီးရင် အဲ့ဒီရင်းနှီးမြုပ်နှံငွေရဲ့ ဘယ်နှစ်ဆအမြတ်ရပါမယ်ပေါ့။ ဒီအဆင့်မှာ ပထမအဆင့်ကလို မရိုးရှင်းတော့ပါဘူး။ သူတို့ခိုင်းတဲ့အလုပ်တွေကတော့ အတူတူပဲဆိုပေမယ့် ဒုတိယအဆင့်အလုပ်ထဲမှာ ရင်းနှီးငွေထပ်ထည့်ရမယ့် အဆင့်တစ်ခုပါလာပါပြီ။ ဒီမှာ သားကောင်အနေနဲ့ ထည့်ထားတဲ့ငွေကမရှုံးချင်၊ အလုပ်မပြီးရင်လည်း ငွေကထုတ်မရတော့ ရင်းနှီးငွေထပ်ထည့်လိုက်ရပါတယ်။ ဒီလိုနဲ့ ဒုတိယအဆင့်ရဲ့ အလုပ်တွေပြီးသွားတော့ သူတို့ပြောထားသလိုပဲ အရင်းရော၊ အမြတ်ပါပြန်ပေးပါတယ်။

ဒီ ဒုတိယအဆင့်မှာ Brain Wash စလုပ်လိုက်တာကို သတိထားမိစေချင်ပါတယ်။ အလုပ်သာြပီးအောင်လုပ်ရင် အရင်းရော အမြတ်ပါ ပြန်ရတယ်ဆိုတဲ့ ယုံကြည်စိတ်ဖြစ်လာအောင် Brainwash လုပ်လိုက်တာပါ။

သားကောင်အနေနဲ့ နှစ်ခါတောင်အမြတ်ရပြီးပြီဆိုတော့ လောဘတက်လာပြီ။ ဒီလိုနဲ့ တတိယအဆင့်တစ်ခုကို အလုပ်ဆက်လုပ်ကြပါတယ်။ ရင်းနှီးငွေအရင်ထည့်မယ်။ အလုပ်တွေလုပ်မယ်။ ဒီအဆင့်မှာ ဒုတိယအဆင့်ကလို ငွေထပ်ထည့်ခိုင်းတဲ့အလုပ်တွေပါလာပါပြီ။ ဒါပေမယ့် ဒုတိယအဆင့်မှာလို တစ်ခါတည်းမဟုတ်တော့ပါဘူး။ ထပ်ခါထပ်ခါ ထည့်ရတော့တာပါ။ မပြီးဆုံးနိုင်သော ရင်းနှီးမြုပ်နှံမှုကြီးဖြစ်သွားတာပါ။ ဒီအဆင့်မှာ အလုပ်အကုန်ပြီးအောင် လုပ်၊ တောင်းသမျှငွေထည့်ပေးလည်း အရင်းရော အမြတ်ပါ ပြန်မရတော့ပါဘူး။

အကြောင်းအရင်းက အလုပ်အကုန်လုပ်ပြီးသွားရင်တောင် ငွေထုတ်ချိန်မှာ Error တစ်ခုမဟုတ်တစ်ခု ဖြစ်အောင်လုပ်ထားကြလို့ပါ။ သတ်မှတ်ပမာဏ၊ သတ်မှတ်အချိန် စသဖြင့် Error တက်အောင် လုပ်ထားကြပါတယ်။ ပြီးရင် ဒီ Error ကို ပြန်ပြင်ဖို့ဆိုပြီး ရင်းနှီးမြုပ်နှံငွေ ထပ်တောင်းပါတယ်။ ဒီလိုပဲ သားကောင်ဟာ လိုက်လေမြုပ်လေဖြစ်ပြီး ဘယ်တော့မှ အရင်းရော၊ အမြတ်ပါ မမြင်ရတော့ပါဘူး။

ဒီလိုပုံစံမဟုတ်ပဲ ငွေလိမ်နေတဲ့နည်းတွေလည်းအများကြီးရှိပါသေးတယ်။ အလျဥ်းသင့်သလို ဆက်လက် ဖော်ပြပေးလိုက်ပါ့မယ်။

စာကြွင်း။ ဒီလိုကျားဖြန့်တွေကို ပြန်လိမ်တဲ့အဖွဲ့တွေလည်း ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ သူတို့ကို ယုံကြည်ချင်ယောင်ဆောင်တယ်။ ပထမအဆင့်အမြတ်ငွေရတဲ့အထိလုပ်တယ်။ ပြီးရင် ဆက်မလုပ်တော့ပါဘူး။ ဒီတော့ ဘာရင်းနှီးမြုပ်နှံငွေမှထည့်စရာမလိုပဲ အမြတ်ကျန်နေတာပေါ့?

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ပျော်စရာနေ့သူငယ်ချင်း တစ်ယောက်က မေးဖူးတယ် Content Writer ဆိုတာ ဘာလဲတဲ့?🤷🏻