Author's Profile Photo

Yawnaka Kyawthu

10/11/2024

ဝါကျွတ်အခါ နှင့် ယောဓလေ့

8 mins read
Culture
Art
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
ဝါကျွတ်အခါ နှင့် ယောဓလေ့'s photo

သီတင်းကျွတ်အခါသမယရောက်လျှင်ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ဗုဒ္ဓဘုရားရှင်အား ဆီမီး၊ပန်း၊ရေချမ်းကပ်လှူခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဘိုးဘွားမိဘ၊ဆရာသမားနှင့်သက်ကြီးဝါကြီးများအား ကန်တော့၊ တောင်းပန်ခြင်းများ ပြုကြ၏။ ဗုဒ္ဓမြတ်စွာ
သည် မယ်တော်ဖြစ်ဖူးကျေးဇူးရှိခဲ့ဖူးသော နတ်သားကိုအကြောင်းပြု၍ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာမြတ်တရားကို ဟောကြားတော်မူ၍ မွေးကျေးဇူးဆပ်တော်မူခဲ့၏။ ထိုအခြင်းအရာကို အကြောင်းပြုကာ သီတင်းကျွတ်ကာလကို ကျေးဇူးဆပ်သော အခါဟု ပြောစမတ်ပြုကြသည်။မြန်မာနိုင်ငံအနှံ့အပြား၌ သီတင်းကျွတ်ပွဲတော်များကိုစည်ကားသိုက်မြိုက်စွာကျင်းပကြသည်။ ကျွန်တော်တို့ ယောဒေသ၏ သီတင်းကျွတ်ပွဲတော်များနှင့် ရိုးရာ
ဓလေ့များသည်ကား အခြားနေရာဒေသများနှင့်မတူ ကွဲပြားခြားနားပေသည်။
သီတင်းကျွတ်လပြည့်နေ့မတိုင်မီ လဆန်းရက်များကပင် ယောသူ၊ယောသားတို့သည် မုန့်ဆန်ထောင်းခြင်း၊ဆီမီးထွန်းရန်မီးကြာဆင်ခြင်း၊ အိုးစည်ပြိုင်ရန်အတွက် အိုးစည်သားရေကျစ်ခြင်း၊ တိုးရုပ်ကုံးခြင်း၊ ယိမ်းတိုက်ခြင်း၊ သံချပ်စပ်ခြင်းများဖြင့် အလုပ်ရှုပ်နေကြပေသည်။ သီတင်းကျွတ်ကာလသည် လယ်ယာစိုက်ပျိူးရေးလုပ်ကိုင်ကြသည့် ယောသားတို့အဖို့ လယ်ယာအလုပ် သိပ်မရှုပ်သည့် ကာလဖြစ်၏။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်ကို အခါမကျမီအချိန်ကပင် ကြိုတင်၍ ပြင်ဆင်နိုင်ကြသည်။ သီတင်းကျွတ်ကာလတွင် ယောဒေသ၏ ထူးခြားသည့် ဓလေ့များရှိသည်။
လဆန်း(၁၄)ရက်နေ့ ညနေတွင် ကလေးသူငယ်များသည် ဆန်၊အမွှေးတိုင်၊ဖယောင်းတိုင်၊ငှက်ပျောဖီး စသည်တို့ကို လွယ်အိတ်ထဲသို့ထည့်ကာ သက်ကြီးရွယ်အိုအိမ်များသို့ အိမ်စဉ်လှည့်၍ ဆန်တစ်ဇွန်း၊ဖယောင်းတိုင်တစ်ချောင်းမှစ၍ မိမိတတ်နိုင်သမျှ လှူကြ၏။ ဘိုးဘွားတို့မှလည်းဆုများပေး၍ သကြားလုံးနှင့်မုန့်မျိုးစုံတို့ကို ပြန်စွန့်ကြ၏။ညနေခင်း နေဝင်ချိန်အလှနှင့် ကလေးငယ်တို့၏ ပြုံးပျော်နေကြသည့်မြင်ကွင်းသည် ထပ်တူကျနေပေ၏။
လပြည့်နေ့ နံနက်စောစောတွင်မူ ဘိုးဘွားတို့သည် ကလေးငယ်များလောင်းလှူထားသော မိမိရရှိထားသည့် ဆန်တို့ကို ချက်ပြုတ်၍ ရွာဦးကျောင်းသို့ အရုဏ်ဆွမ်းအဖြစ် ပြန်လည်ကပ်လှူကြ၏။ လပြည့်နေ့တွင် ဥပုသ်သီတင်းဆောက်တည်ကာ ရွာရှိ မိမိတို့၏ မိကြီး၊ဘကြီး၊ဦးကြီးဦးလေး၊အရီး၊မိထွေး ၊ ဆရာသမားအစရှိသည့် သက်ကြီးဝါကြီး ကျေးဇူးရှိဖူးသည့် ပုဂ္ဂိုလ်များကို ကန်တော့တောင်းပန်ကြ၏။
လပြည့်နေ့အရုဏ်မတက်မီတွင် ရွာသူရွာသားတို့သည် အခါပေါ်ဝက်သားဟင်း၊ချဉ်ပေါင်သနပ်၊အရွက်စုံကြော်၊ ဘူးဖရုံဟင်း၊ မန်ကျည်းစိမ်းဆီစိမ် အစရှိသည့် အညာဟင်းလျာတို့ကိုချက်ပြုတ်၍ ရွာဦးကျောင်းသို့ ဦးစွာပထမ အရုဏ်ဆွမ်းကပ်ကြသည်။ ရွာဦးဘုန်းတော်ကြီးကျောင်းတွင်မက ရွာအရှေ့၊အနောက်၊တောင်၊မြောက်မကျန် သက်ကြီးရွယ်အို အိမ်များသို့ အဟာရဒါနအဖြစ် ကုသိုလ်ပြုကြပြန်သည်။လျှပ်စစ်မီး ကောင်းစွာမရသည့် တောနယ်ယောနယ်ဖြစ်သည့်အလျောက် ဆွမ်းပို့လာသူများကောင်းစွာမြင်နိုင်ရန် ဆီမီးတိုင်များ ကို အိမ်တိုင်း ထွန်းညှိထားကြသည်။ အရုဏ်ဦးအချိန်ဆီမီး‌ရောင်စုံ အလှကြားတွင် ဆွမ်းအုပ်၊ဆွမ်းလင်ပန်းများ ခေါင်းပေါ်ရွက်လျက် တစ်အိမ်တက်ဆင်း ကုသိုလ်ပြုနေကြသော သနပ်ခါးပါးကွက်ကြားများနှင့် ယောသူတို့၏အလှသည်ကား လွမ်းမောဖွယ်ကောင်းပေစွ။ ကျွန်တော်ငယ်စဉ်က မိမိ၏အဘိုးအဘွားကို အကြောင်းပြုကာ စားပွဲခုံ‌ပေါ်တွင် ဟင်းလျာများ အပြည့်ဖြစ်နေသည့် သီတင်းကျွတ်လပြည့်နေ့သည် အမှတ်ရဖွယ်တည်း။သီတင်းကျွတ်အခါသည် ယောသူ၊ယောသားတို့အဖို့ ကျေးဇူးသိသော၊ကျေးဇူးဆပ်ကြသော ကာလဖြစ်ပေ‌တော့သည်။
သီတင်းကျွတ်လျှင် ယောဒေသတွင် ပျော်ရွှင်ဖွယ်ကောင်းသည့် ‌ရိုးရာဓလေ့ပွဲတော်များရှိ၏။အိုးစည်ပြိုင်ပွဲ၊သနပ်ခါးပါးတို့ပွဲတို့သည် ထင်ရှား၏။
အိုးစည်ပြိုင်ပွဲသည် အခမ်းအနားများဖြင့် ဆုငွေများသတ်မှတ်ကာ ပြိုင်ဆိုင်ကြသည့်ပွဲမျိုးမဟုတ်ပါ။ အိုးစည်အဖွဲ့တို့သည် တစ်ရွာမှတစ်ရွာ လှည့်လည်ကာ ကပြဖျော်ဖြေကြရသည်။ လူထုမှ မိမိတို့ရွာသို့ ရောက်ရှိလာသည့် အိုးစည်အဖွဲ့တို့၏တင်ဆက်မှုကို ကြည့်ကာ“မည်သည့်အိုးစည်ဝိုင်းသည် ယ‌ခုနှစ်အတွက် အကောင်းဆုံး”ဟုသတ်မှတ်ပေးခြင်းဖြင့်“အိုးစည်ပြိုင်”
ဟူ၍ဖြစ်လာသည်။ အိုးစည်အဖွဲ့တွင် အဖွဲ့ဝင် (၁၀)ယောက်မှ (၁၅)ယောက်အထိ ပါဝင်သည်။
လူငယ်ရှိသော၊ငွေကြေးတတ်နိုင်သော ကျေးရွာများက အိုးစည်အဖွဲ့ထွက်ကြပြီး တစ်နှစ်လျှင် (၂၀)အဖွဲ့အထိ ထွက်တတ်သည်။ သီတင်းကျွတ်လဆန်းရက်မတိုင်မီကပင် အိုးစည်အသံစမ်းခြင်း၊ တိုးရုပ်ကုံးခြင်း၊ သံချပ်စပ်ခြင်း၊ ယိမ်းတိုက်ခြင်းများ ပြုကြရသည်။ လဆန်းရက်ရောက်ပြီဆိုလျှင် အိုးစည်အဖွဲ့သည် မိမိကျေးရွာတွင် ပထမဆုံးကပြကြပြီးနောက် အခြားကျေးရွာများသို့ ရွာစဉ်လှည့်၍ ကပြကြသည်။ ကျေးရွာအတွင်းသို့မဝင်မီ ရွာအဝင်မှစ၍ အိုးစည်တိုင်သံပေး၍ ဝင်ရသည်။ ရွာခံလူထုမှလည်း အိုးစည်သံကြားလိုက်သည်နှင့် ကလေးလူကြီးမကျန် ရွာဦးကျောင်းသို့ အိုးစည်ပွဲကြည့်ရန်သွားကြ၏။ အိုးစည်အဖွဲ့သည် ရွာဦးဆရာတော်ကို ပူဇော်ကန်တော့ကာ ခွင့်ပန်ပြီးနောက် ကျောင်းပေါ်၌သော်လည်းကောင်း ကျောင်းမြေကွက်လပ်၌သော်လည်းကောင်း သင့်တင့်သည့်အခင်းအကျင်း၌ စတင်၍ကပြကြသည်။ အိုးစည်ပြိုင်တွင်အဆင့်များစွာရှိသည်။ ပထမဆုံး ရတနာသုံးပါး ကန်တော့ရ၏။ပြီးနောက် ယိမ်းကခြင်း၊သံချပ်တိုင်ခြင်း ၊ပြဇာတ်ခင်းခြင်း နှင့် တိုးရုပ်ကခြင်းများ အစဉ်အတိုင်း ပြုကြသည်။
ဖန်ကျောက်ရောင်စုံစီခြယ်ထားသော အိုးစည်တို့ကိုလွယ်ကာ သံပြိုင်တီးလျက် ယိမ်းကနေကြသော လူငယ်တို့အား ကြည့်ရသည်မှာ အားတက်ဖွယ်ကောင်းလှသည်။အိုးစည်အသံအ‌နေအထားကို နှေးချည်မြန်ချည် တီးလျက် ခြေကွက်ကို ရှေ့တိုးနောက်ဆုတ်ထိုးလျက် ယိမ်းကရသည်။
အိုးစည်ကိုလွယ်လျက် ကိုယ်ကို တစ်ပတ်ရမ်းလျက် ခြေကွက်ကိုထိုးလျက် မာန်ပါပါဖြင့်ယိမ်းကကြရသည်။ထို့နောက် ကျေးရွာတို့၏ လိုအပ်ချက်၊ အားနည်းအားသာချက် ၊ ပညာရေး၊လူမှုရေး၊စီးပွားရေး၊ ယဉ်ကျေးမှုတို့ယုတ်လျော့လာမှုတို့ကို သံချပ်စပ်၍သံချပ်တိုင်ကြသည်။
သံချပ်ကိုဆိုရင်း ယိမ်းက ကရင်းဖြင့် အိုစည်ဝိုင်းသည် ပို၍ မြိုင်လာတတ်သည်။ သံချပ်ကို နားထောင်ကြရသော ကျေးရွာလူထုအဖို့ မိမိတို့၏လိုအပ်ချက်တို့ကို သိမြင်လာကာ တရားရစေသည်။ (၅၅၀)လာဇာတ်တော်များကိုလည်း ပြဇာတ်ငယ်အဖြစ် ပြန်လည်တည်ဆောက်ကာ ကျေးရွာလူထုကို မှတ်သားစရာကျန်စေရန် ကပြကြသည်။ နောက်ဆုံးအနေဖြင့် တိုးချော့တေးကိုသီဆို၍ အိုးစည်ကို ယဉ်ယဉ်တီးကာ “တိုးအက” ကို ကပြကြသည်။ ဖွေးဖွေးဖြူသော လည်ဆံမွှေးတဖားဖားနှင့် တိုးရုပ်သည် ခေါင်းကိုမော့လျက်၊ ကိုယ်ယမ်းလျက်၊ ခွေ၍ထိုက်လျက်၊ ထ၍ခုန်လျက်နှင့် အိုးစည်စည်းချက်နှင့်အတူ ယဉ်စွာကပြကြသည်။ ကလေးရောလူကြီးပါမကျန် နှစ်ခြိုက်ကြ၏။ ရှေးယခင်က “လုံးတိုးနှင့် ကတိုး ”နှစ်မျိုးရှိသည်ဟု မှတ်သားရသည်။ “တိုး”ဟူသည် မြက်နုစား၍ ဆားငန်ရေကြိုက်သည့် သိုးတစ်မျိုးပင် ဖြစ်သည်။ “တိုး”သည် “တိုးနယား”ကို အဖျားဆွတ်၍ ခေါ်ခြင်းဖြစ်သည်။ တိုးရုပ်သည် ရှမ်းပြည်မှ လူနှစ်ယောက်ဝင်ကရသည့် တိုးနယားရုပ်မျိုးမဟုတ်ပါ။ လူတစ်ယောက်သာ ဝင်ကရသည်။ လျှော်တို့ဖြင့်ကျစ်ကာ တိုးရုပ်ကိုကုံးသည်။ “လုံးတိုး”သည် တိုးလုံးပွဲတွင် ခွန်အားဗလယှဉ်ပြိုင်ရန်ဖြစ်ပြီး “ကတိုး”သည် ကပြဖျော်ဖြေရန်အတွက်ဖြစ်သည်။“လုံးတိုး”ကို ဦးချိုမပါကတုံးထားရပြီး “ကတိုး”ကို ဦးချိုအမောက်ဖြင့် လှလှပပတန်ဆာဆင်ရသည်။ ဦးခေါင်းကို သစ်သားဖြင့်ထွင်း၍ ပါးစပ်ကို လှုပ်၍ရစေရန် အရှင်ပြုလုပ်တပ်ဆင်ကြသည်။ ထိုပါးစပ်ပေါက်မှ “တိုးကသူ”ကိုဆု‌ချနိုင်သည်။ ကိုယ်ကိုမူ ဝါးနှီးဖြင့် ခေါင်းလောင်းသဏ္ဌာန်ယက်၍ တိုးလျှော်ကုံး၍ ဆင်ကြသည်။ တိုးရုပ်တို့ကို ဘုန်းတော်ကြီးများမှဦးစီး၍ အရုပ်လုပ်တတ်သည့်လူကြီးများ၊လူငယ်များမှ ဝိုင်းဝန်း၍ တိုးရုပ်ကုံးရသည်။ ယောနယ်ရှိဘုန်းကြီး
ကျောင်းများတွင် တိုးရုပ် နှစ်စီးမှ သုံးစီးအထိ ထားတတ်ကြသည်။ တိုးလုံးရာတွင် သန်မာထွားကြိုင်းသည့်လူရွယ်နှစ်ယောက်သည် “လုံးတိုး”တစ်ရုပ်ချင်းစီသို့ဝင်ကာ တိုးလုံးကြရသည်။ တိုးလက်တန်းကို မြဲမြံစွာကိုင်ကာ ဦးခေါင်းတွင် ဖောက်ထားသော မြင်ပေါက်မှ တဖက်“တိုး”၏ အမူအရာကိုကြည့်၍ လုံးရသည်။ တိုးလုံးရာတွင် ခြေဖြင့် မခတ်ရ မကန်ရပေ။ ကိုယ်ဖြင့်တိုက်ခြင်း၊ခုန်ခြင်း၊ကျွဲခတ်ခြင်း၊ ဆင်ဝှေ့ဝှေ့ခြင်း၊စသဖြင့် တိုးလုံးနည်းစနစ်(၈၀) ဖြင့် တိုးလုံးရသည်။ တိုးလက်တန်းကို မြဲမြဲမကိုင်ထားနိုင်ဘဲ တိုးရုပ်ကျွတ်ကျသူသည် ရှုံးနိမ့်သည်။ တိုးလုံးပွဲကိုကြည့်ရသည်မှာ ရင်သတ်ရှုမောဖွယ်ကောင်းလှသည်။ တိုးလုံးပွဲတွင် အနိုင်ရသူသည် မိန်းမပျိုလေးများ၏ အလေးပေးခြင်းကို ခံရသည်။
“ကတိုး”ကိုမူ ဘုရားပွဲ၊ကျောင်းပွဲ၊ကထိန်ပွဲတို့တွင် ကပြရန်အတွင် ယဉ်ယဉ်လှလှဆင်ရသည်။ တိုးအကကိုကြည့်ရသည်မှာ ကြည်နူးဖွယ်ပင်။ ခေတ်အခြေအနေများကြောင့် “တိုးလုံးပွဲ”တို့သည် (၂၀၀၀)ပြည့်နှစ်မတိုင်မီအချိန်များကပင် ပျောက်ကွယ်သွားခဲ့ရလေပြီ။“လုံးတိုး”ပျောက်ကွယ်ကာ“ ကတိုး”သာ ကျန်ရှိတော့သည်။ အိုးစည်ဝိုင်းတို့ ကပြပြီးနောက် ရွာခံလူထုမှ ထမင်းကျွေးခြင်း၊ မြေပဲ၊ ကြက်သွန်ဖြူ၊ ဆန်အစရှိသည့်လက်ဆောင်ပစ္စည်းများနှင့် ဆုတော်ငွေများကို မိမိသဘောကျလျင်ကျသလို ဆုချခြင်းတို့ ပြုကြသည်။ အိုးစည်ပြိုင်တို့သည် လဆန်းရက်များမှ သီတင်းကျွတ်လပြည့်ကျော်သည်အထိ လှည့်လည်၍ကကြသည်။ မိမိတို့ရရှိလာသော ဆုလက်ဆောင်တို့ကို ကထိန်ခင်းခြင်း၊ ဥပုသ်ဆွမ်းကျွေးခြင်း၊ တံတားပြင်ခြင်း၊ မရှိသူအားပေးကမ်းခြင်း အမှုတို့ကို ပြုကြသည်မှာ အိုးစည်အဖွဲ့တို့၏ အလှပဆုံးသော အခြင်းအရာတစ်ခုဖြစ်ပေသည်။ ယခုအချိန်တွင်ကား ယောနယ်တွင် သီတင်းကျွတ်ရောက်တိုင်း အိုးစည်အဖွဲ့ထွက်သည့်ရွာပင် ရှားခဲ့လေပြီ။ အကြောင်းမှာမူ လူငယ်လူရွယ်များသည် မိမိတို့ ချစ်သော၊မြတ်နိုးသော ရပ်ရွာကိုစွန့်ခွာ၍ နိုင်ငံရပ်ခြားနှင့် မြို့ကြီးပြကြီးများသို့ စီးပွားရှာ ထွက်ကြရသဖြင့် ယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းရန်လစ်ဟင်းသွားကြရသောကြောင့်ဖြစ်သည်။ ချစ်စဖွယ်ကောင်းသည့် ယောတို့၏အိုးစည်သံသည် မှေးမှိန်လျက် ရှိသည်။
အိုးစည်ပြိုင်ပွဲနှင့်အတူ ထင်ရှားသည့်ပွဲမှာ “သနပ်ခါးပါးတို့ပွဲ” ဖြစ်သည်။ ယောနယ်တွင် သီတင်းကျွတ်လျှင် ထေရ်ကြီးဝါကြီးသည့်ဆရာတော်ကြီးများကို ရွာလုံးကျွတ်စုစည်းလျက် သွားရောက်၍ ကန်တော့ကြသည့်အစဉ်အလာရှိသည်။ သွားရောက်မည့်ကျေးရွာသို့ နံနက်ကတည်းကပင်ရောက်အောင်သွားကြသည်။ မိမိတို့၏ ဦးကြီး၊ဒေါ်ကြီးအစရှိသည့် ဆွေမျိုးအိမ်များ၊ မိတ်ဆွေအပေါင်းအသင်းအိမ်များတွင် တည်းခိုကြသည်။ ရပ်ဝေးရှိ ဆွေမျိုးများကိုပါ တစ်ပါတည်း ကန်တော့ပြီး တောအလုပ်ဖြင့်အလုပ်ရှုပ်သဖြင့် မတွေ့ဆုံဖြစ်ကြသည် သူငယ်ချင်းများနှင့်လည်း တွေ့ကြရသဖြင့် ဝမ်းသာပျော်ရွှင်ကြရသည်။ ညနေခင်း နေဝင်ချိန်ရောက်သည်နှင့် ရွာဦးကျောင်းသို့ လှူဖွယ်ပစ္စည်းများ၊ “မီးကြာ”များကိုင်လျက် ရွာဦးကျောင်းသို့ ဧည့်သည်ရောအိမ်ရှင်ပါမကျန်အတူတကွ ဘုန်းကြီးကန်တော့ရန်သွားကြသည်။ ယောနယ်၏“မီးကြာ”သည်ထူးခြား၏။ “မီးကြာ”တွင် မှန်ရောင်စက္ကူဖြင့်ပြုလုပ်ထားသော ကြာမီးခွက်လေးခုပါရှိသည်။ထိုကြာခွက်လေးခုတွင် ‌ဖယောင်းတိုင်ထွန်းရသည်။ ကြာခွက်လေးခု၏ ဗဟိုတွင် ကြာဖူးတစ်ခုပါရှိသည်။ကြာခွက်လေးခုသည် ပွင့်တော်မူပြီးသော ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ကဿပဘုရားနှင့်ဂေါတမဘုရား မြတ်ဘုရားလေးဆူကို ရည်ညွန်းပြီး ဗဟိုတွင်ရှိသော ကြာဖူးသည် ပွင့်တော်မူလတ္တံ့သော အရိမေတ္တေယျ မြတ်စွာဘုရားအားရည်ညွန်းကာ ပြုလုပ်ပူဇော်ထားခြင်းဖြစ်သည်။ မီးကြာကိုကိုင်ကာ ဘုရားပူဇော်ခြင်းဖြင့် နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားအား ဖူး‌တွေ့နိုင်ရန် ကုသိုလ်ပြု၍ကြိုးစားကြပါ၊ မကောင်းမှုရှောင် ကောင်းမှုဆောင်ကြပါဟု တိုက်တွန်းသည့်သဘောဖြစ်သည်။ နံနက်ကတည်းကပင် ရွာခံလူပျိုအပျိုများက ကြည့်မှန်ကြီးများ၊သနပ်ခါးရည်ဘူးများ၊ဖယောင်းတိုင်များ၊ မီးကြာများကို စုဆောင်း ပြင်ဆင်ထားကြရသည်။ ဘုန်းကြီးကန်တော့ရန် ဧည်သည်များထွက်လာပြီဆိုသည်နှင့်တပြိုင်နက် ရွာခံလူငယ်တို့သည် စုဆောင်းထားသည်များကို ယူဆောင်‌၍ ရွာဦးကျောင်းတွင် စုစည်းကြသည်။ ထို့နောက် အစီအစဉ်ချ၍ သနပ်ခါးပါးတို့ပွဲကိုအစပြုကြသည်။ ရွာခံလူပျိုနှစ်ယောက်သည် ကြည့်မှန်ကို တဖက်စီကိုင်၍ထောင်ကာ ရွာခံအပျိုနှစ်ယောက်မှ သနပ်ခါးဘူးကိုင်၍ လူပျိုနှစ်ယောက်၏ ဘေးတွင် နေရာယူထားရသည်။ အလင်းရစေရန်အတွက် မှန်ဘောင်ပေါ်တွင် ဖယောင်းတိုင်ကို ထွန်းညှိထားရ‌သည်။‌ ဖယောင်းတိုင်မီးရောင်ဖြင့် လှပနေသော မီးမှန်တန်းကြီးသည် ကျောင်းမုခ်ဦးဝမှ ကျောင်းလှေခါးအထိဖြစ်သည်။ ဘုန်းကြီးကန်တော့ရန်ရောက်လာကြသော ဧည့်သည်တို့သည် မီးကြာတို့ကိုကိုင်ဆောင် ကာ ထိုမှန်တန်းကြီးကို ဖြတ်လျက် ကျောင်းပေါ်သို့ တက်ကြရမည်ဖြစ်သည်။
မှန်တန်းကိုဖြတ်သည်နှင့် ရွာခံလူငယ်တို့က မှန်ဖြင့်ကာဆီးကာ ရွာခံအပျိုတို့မှ ဧည့်သည်၏ ပါးပေါ်သို့ သနပ်ခါးဖြင့်တို့ပေးကြသည်။ ဧည့်သည်သည် မှန်ကို ကြည့်၍ တို့ပေးလိုက်သော သနပ်ခါးကို ညီစေရန်ပြင်ဆင်ရသည်။အိမ်ရှင်တို့မှ ဧည့်သည်တို့အား စနှောက်ခြင်းသဘောမျိုးဖြစ်သည်။ ဧည့်သည်သည် လူပျိုအပျိုဖြစ်ပါက မှန်ဖြင့် အချိန်ခဏကြာကြာတားဆီးခြင်းခံရပြီး ပါးပေါ်တွင် သနပ်ခါးအရာထင်ကာ အိမ်ရှင်နှင့်ဧည့်သည် အပျိုလူပျိုတို့အကြား မျက်လုံးချင်းအကြည့်ဆုံစေ၏။ သနပ်ခါးပါးတို့ပွဲသည် ယောလူငယ်တို့ကို အချင်းချင်း ရင်နှီးချစ်ခင်မှုကိုရရှိစေသည်။ မီးကြာခွက်တို့၏ရောင်စုံမီးအလှနှင့် မီးမှန်တို့၏အလင်းရောင်အကြားတွင် သနပ်ခါးဖြင့် လှပနေသော ယောပျိုဖြူတို့၏အလှသည် ပို၍ ပေါ်လွင်လာသည်။သီတင်းကျွတ်လရောက်တိုင်းမီးရောင် စုံတို့ဖြင့်လှပသော အပြုံးရွှင်သည့်သနပ်ခါးပါးတို့ပွဲကို ရပ်ဝေး၊နိုင်ငံခြားသို့ ရောက်နေကြသည့် ယောလူငယ်တို့သည် လွမ်းကြစမြဲပင်။ သနပ်ခါးပါးတို့ပွဲတွင် အကြည့်ချင်း ဆုံးစည်းခဲ့ရသည့် မျက်လွှာလေးကိုလည်းကောင်း၊ သနပ်ခါးတို့ပေးလိုက်ရသည့် ပါးပြင်လေးကိုလည်းကောင်း ပိုင်ဆိုင်လိုက်ရသည့် အချစ်ပုံပြင်များသည်လည်းယနေ့တိုင် ပြောစရာအဖြစ်တည်ရှိလျက်ပင်။ ဤကဲ့သို့ တစ်ရွာနှင့် တစ်ရွာ စည်းလုံးခြင်း၊ ရင်းနှီးချစ်ခင်ခြင်း ရရှိစေသော ယောလူငယ်တို့၏ သနပ်ခါးပါးတို့ပွဲကို ယနေ့တိုင်ကျင်းပကြပြီး ယောလူငယ်အဖွဲ့၏ကြိုးစားမှုဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ ကဲ့သို့သော မြို့ပြများတွင် ကျင်းပသော တိုင်းရင်းသားပွဲတော်များတွင် ဖော်ထုတ်ပြသနိုင်ခဲ့သည်။ “The Money Drop Myanmar” ကဲ့သို့သော ဗဟုသုတဉာဏ်စမ်းသည့် TV Show မျိုးတွင်လည်း ထည့်သွင်းမေးခွန်းထုတ်သည်ကို ကြည့်ခဲ့ရဖူးသည်။သတင်းဌာနများမှလည်း ဗီဒီယို၊ဓာတ်ပုံ မှတ်တမ်းများရယူကာ ဖော်ပြကြသည်။မြန်မာ‌အဆိုတော်ကြီး ဒေါ်မာမာအေးသည် သနပ်ခါးပါးတို့ပွဲ သီချင်းကို သီဆိုခဲ့ဖူးသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံသည့်အလျောက် ယဉ်ကျေးမှုဓလေ့များသည်လည်း များစွာဖြစ်တည်လျက်ရှိ၏။အိုးစည်ပြိုင်နှင့် သနပ်ခါးပါးတို့ပွဲတို့သည် ယောနယ်၊ ယောလူမျိုးတို့၏ အမှတ်သညာပင်ဖြစ်သည်။အကွက်ဆန်းဖြင့်ယက်လုပ်သော “ပိတ်အင်္ကျီနှင့်ယောလုံချည်”သည် ယောလူမျိုးတို့၏ သင်္ကေတဖြစ်သည်။ ဗမာ(၉)မျိုးတွင်ပါဝင်သော ယောလူမျိုးတို့၏ ယဉ်ကျေးမှု‌ဓလေ့များသည် မြန်မာပြည်သူလူထုအတွက် ယနေ့အထိပင် လူသိနည်းနေသေး၏။ ယော‌ဒေသ ကို မြန်မာလူထုမှ လက်ခံထားကြသည်မှာ စုန်း၊ကဝေပေါသော အရပ်ဒေသဟူ၍ပင်။စုန်းပြုစားခံရမည်စိုး၍ အခေါ်အပြောမလုပ်သော သူများကိုပင်ကြုံခဲ့ရဖူးသည်။စုန်းကဝေပုံပြင်များသည် ယောနယ်တွင်မက မြန်မာနိုင်ငံ အနှံ့အပြားတွင်ရှိကြပါသည်။သို့သော် ရိုးသားသော ယောလူမျိုးတို့နေထိုင်ရာ ယောဒေသကို ဇာတ်အိမ်တည်၍ ဂမ္ဘီရ၊သရဲ၊တစ္ဆေဝတ္ထုများ၊ဇာတ်လမ်းများ ကိုရေးကြသည့် ပေါပေါပဲပဲ စာရေးသူများကြောင့် ယောလူမျိုးတို့အပေါ်အထင်အမြင်မှားစေခဲ့ရသည်။ ချင်းတောင်တန်းကြီးနှင့် ပုံတောင်၊ပုံညာတောင်တန်းကြီးအကြားတွင် နေထိုင်ကြသော ယောလူမျိုးတို့သည် ဆက်သွယ်ရေးခက်ခဲခြင်း၊ ပြည်မကြီးနှင့် အလှမ်းကွာခြင်းတို့ကြောင့် အရာရာနောက်ကျကျန်ရစ်ခဲ့ရ၏။ သို့သော် တိပဋိကဓရ တိပိဋကကောဝိဒ ဘွဲ့ရ ပိဋကတ်သုံးပုံဆောင် “တိပိဋကယောဆရာတော်ကြီး”ကဲ့သို့သော ပုဂ္ဂိုလ်ထူးမျိုး ပေါ်ထွက်ခဲ့ပါသည်။ ယောလူမျိုးတို့သည် ယနေ့တိုင် ရှေးဗမာကြီးတို့ပြောဆိုသော ဗမာလေယူလေသိမ်းသံကို ယနေ့တိုင်ပြောဆိုနေကြသည့် ရှေးဗမာကြီးများဖြစ်ကြပါသည်။ယောတို့၏ဓလေ့၊ယောတို့၏ယဉ်ကျေးမှုတို့သည် လူသိနည်းနေကြ၏။ထိုယဉ်ကျေးမှုဓလေ့ရိုးရာများကို လူသိများစေရန်အတွက်လည်းကောင်း ယောလူမျိုးတို့၏ အမှတ်သညာဖြစ်သော အိုးစည်ပြိုင်ပွဲနှင့် သနပ်ခါးပါးတို့ပွဲ တို့ကို မပျောက်ပျက်စေရန်အတွက်လည်းကောင်း ထိန်းသိမ်း၊စောင့်ရှောက်၊လက်ဆင့်ကမ်းကြရမည်မှာ ယောလူမျိုးတိုင်းအတွက် တာဝန်ရှိပေသည်။

မေတ္တာဖြင့်
ယောနကကျော်သူ
Photo Credit
Myanmar Digital News
Facebook

Keep Reading

အနောက်တိုင်းက ပြဿဒါးအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )​ပျောက်ကွယ်မသွားတဲ့သကြန်အ​မွေအနှစ်များကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾