Author's Profile Photo

ဝဠာ

4/11/2024

သီတင်းကျွတ်ပြီ...မိုးလေကင်းလွတ်တော့မည်

12 mins read
Fiction
Creative
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

(၁)
သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ည၏လသည် သာလွန်းလှသဖြင့်ကြယ်ရောင်အများစုသည် လရောင်ကို မယှဉ်နိုင်ပဲ ကြယ်တစ်ပွင့်စ နှစ်ပွင့်စသာ ပြိုးပြိုးပြက်ပြက်မြင်ခဲ့ရသည်။တစ်ညလုံးမင်းမူစိုးစံခဲ့သော ဧကရီစန္ဒာသည် မနက်သုံးချက်တီးကျော်ကျော်တွင် တိမ်ညိုမင်းမဟာ၏ သေနကဗျူဟာမြောက်တိုက်ခိုက်မှုအောက်တွင် ဆုံးဆုံးမြုပ် ကွယ်ပျောက်ရပေပြီ။အောင်နိုင်သူတို့ထုံးစံမပျက် တီးခတ်သော စည်တော်သံ တအုန်းအုန်းမှာ သတ္တလောကတစ်ခုလုံး ညံနေသည်။လျှပ်ပန်းလျှပ်နွယ်တို့ကလည်း ကောင်ကင်နှင့်‌မြေကြီးကို ချိတ်ဆက်လျက်။
ကဗျာလေးစာလေးဝါသနာထုံသူပီပီ ‌အိပ်ယာထဲကွေးရင်း ရသမြောက်အောင် ရောက်တတ်ရာရာ တွေးနေမိသော်သော်လည်း ကျွန်တော်၏ရင်ထဲတွင်တော့ အပူလုံးကြီးစို့လာရပြန်သည်။ "မရွာပါနဲ့ဦးကိုရွှေမိုးရယ်...."။"ကိုရွှေမိုး"လို့သာ စိတ်ထဲက တရင်းတားလိုက်ရသော်လည်း သည်နှစ်မိုးသည် ရွှေမိုးငွေမိုးမဟုတ်၊ အဖျက်မိုးဖြစ်သည်။
" နှမ်းတွေအပွင့်အသီးဝင်ချိန်က သီးလုံးမိုးရေစုပ်ရအောင်၊ တစ်ပြိုက်နှစ်ပြိုက်တော့ ရွာပေးပါဆိုတုန်းက ပုစဉ်းသေးပေါက်သလောက်မျှပင် မကျသောမိုး။နောက်ပိုင်းအတွက်တော့ တော်သင့်ရုံ ရွာနိုင်ကောင်းရဲ့ရယ်လို့ မျှော်တွေးဆပြီး ပဲကြီး၊ပဲနက်၊ဝါ တွေကြိုကျဲပြီးမှ ယာတွေလယ်တွေမက တစ်ရွာလုံး တစ်နယ်လုံး ၊အို.....တစ်နိုင်ငံလုံးနီးပါး မြုပ်အောင်ရွာတဲ့မိုး။ဘဝတွေကိုဖျက်တဲ့မိုး။အသက်တွေကိုသုတ်သင်တဲ့မိုး။သူနာမည်ကဘာတဲ့....။ဪ...မိုခါ၊မိုခါ။သီတင်းကျွတ်လပြည့်နေ့မှ တစ်ကြော့ပြန်လာတဲ့မိုးကရော မိုခါလို သရမ်းဦးမှာလား။သူ့ထက်ကဲ ရွှေပြည်စိုးမှာလား။ဘုရား...ဘုရား ဒီတစ်ခါသာဆိုရင်တော့ ဘဝတွေက မတွေးရဲစရာပါလားနော်..."။
တွေးရင်း ပူရင်း ဘုရားတရင်း ကြက်တွန်ချိန်ကျော်လွန်ခဲ့ပြီ။ကြက်တွန်ချိန်‌ေကျာ်‌ေသာ်လည်း ကြက်တွန်သံမကြားရပါ။
"ရေမကြီးခင်က တစ်အိမ်လုံးမှာ ချမ်းသာတာဆိုလို့ လူငါးယောက်နှင့်ကြက်ဖတစ်ကောင်သာ ရှိခဲ့‌တယ်။စားစရာကလည်း ဦးလေးဘထင်ဆီက "နောင်ခါယာထဲလိုက်တာနဲ့ချေပါ"ရယ်လို့ တောင်းတောင်းပန်ပန်ပြောရင်း ယူထားရတဲ့ဆန်လေးနဲ့ ဆီလေးက စားရင်းသောက်ရင်း ဆန်(၁)ပြည်ခွဲလောက်နဲ့ ဆီ(၂၀)သားသာကျန်ခဲ့‌ေသးတယ်။ခုတော့ ရွှေကြက်ဖကြီးက ရေကြက်အသွင်ပြောင်းရင်း အကြောင်းမလှလို့ ကံကုန်ရှာပြီထင်ပ။ဆန်နဲ့ဆီက ဘယ်ဆီဘယ်ဝယ်။လူငါးယောက်ပင် မကွဲအောင် အနိုင်နိုင်ဖြစ်ခဲ့ရတာပဲလေ။ခုစားနေရတာက ရေဘေးအလှူရှင်တွေလှူခဲ့တဲ့ ဆန်နဲ့ဆီ။အလှူရှင်တွေအားလုံး ကျန်းမာပါစေ၊ချမ်းသာပါစေ၊ ကပ်ကြီး(၃)ပါးကျော်လွှားနိုင်ပါစေဗျာ။အင်း......ဆန်တောင်မှ ဒီနေ့တစ်နေ့စာပဲကျန်တော့ပါလား။ဆီကရော။ဆီကလည်း သိပ်မကျန်တော့။သားသမီးနှစ်ယောက်နဲ့ အဖေအိုကြီးကိုတောင်မှ မုန့်ဆီကြော်လေးကြော်မကျွေးနိုင်တဲ့နှစ်။အရင်နှစ်‌တွေက မုန့်လေးတော့ကြော်နိုင်အောင် ကြော်ကျွေးခဲ့တယ်။ခုများတော့...."
ကျွန်တော့အတွေးတွေက ဆက်ကာစပ်ကာအမျှင်တမ်းနေစဉ်မှာ ချစ်ဇနီးမရွှေမိက ငြိမ်အိပ်နေရာက လှုပ်လာသည်။ဟုတ်သည်။သူလည်းနိုး‌‌ေနပြီး တေွးမိတွေးရာတွေရင်း ငြိမ်နေခဲ့တာပဲဖြစ်မည်။မိုးကလည်း သည်းကြီးမဲကြီးရွာနေပေပြီ။အိမ်ရှေ့လမ်းမှာပင် ရေစီးသံ တဝေါဝေါ ကြားနေရပြီ။
"ကိုကံလှ၊ကိုကံလှ"
တစ်ရေးနိုးပြီး ပြန်အိပ်မရပဲ အိမ်ရှေ့ပေါက်ကတစ်ဆင့် မြင်ရသမျှပတ်ဝန်းကျင်ကိုကြည့်ရင်းလသာရာကနေ မိုးရွာလာပုံအဆင့်ဆင့်ကိုမြင်နေခဲ့ရတဲ့ ကျွန်တော် ကံမလှတဲ့ ကိုကံလှကို မရွှေမိက အိပ်ပျော်နေတယ်အထင်နဲ့ နှိုးနေပြန်သည်။ကျွန်တော်ကံမလှသမျှ သူတို့လေးတွေလည်းကံမလှရတဲ့ ချိသားစုတွေအတွက်လည်း စိတ်မကောင်းဖြစ်ရသည်မှာ အခါခါ။
"မရွှေမိ...ငါနိုးနေတာကြာပြီ"
"တော် ခုမနက် ဦးလေးဘထင် လယ်ကန်သင်းတင်အောင် သွားမယ်ဆိုတာ.."
"ဘယ်သွားဖြစ်တော့မလဲဟာ...."
"ဒါဆိုဘုန်းကြီးကျောင်းကို တရားနာရအောင် လိုက်ပါလား"
"မနာတော့ပါဘူး မရွှေမိရယ်၊ အဖေနဲ့ နင်တို့သားအမိတွေပဲသွားကြ၊ ငါ အိမ်ရှေ့တံခါးလုပ်ဖို့ ဝါးသွားခုတ်မယ်"
"ဒါဆို မျှစ်ပျံ(မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဝါးဖြစ်တော့မည့် မျှစ်အညွန့်ကို ချိုး၍ရ‌ေသာမျှစ်ကို မျှစ်ပျံဟု‌ေခါ်ကြသည်။)လေးဘာလေးချိုးရင်း ကျုပ်လည်းလိုက်မယ်၊ ကဲထမင်းထချက်အုံးမယ် တော်ရေ"
ရေမကြီးခင်ကတည်းက ပြုတ်ကျချင်နေသော အိပ်ရှေ့တံခါးသည် ရေကြီးသည့်အခါ ပြုတ်ကျပြီးရေနောက်ပါသွားခဲ့သည်။ရေကြီးပြီး တင်ကျန်ခဲ့တဲ့ နွံတွေကိုအိမ်မှာလည်း ရှင်းရင်၊ ရွာဘုရား၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာလည်းသွားပြီးရှင်းရင်း သီတင်းကျွတ်အခါရက်ရောက်ခဲ့ရသည်။ထို့ကြောင့် သည်နေ့မှ အလုပ်အားခိုက် အိမ်တံခါးအသစ်လုပ်ဖို့ရာ ခြေဦးလှည့်ရခြင်းဖြစ်သည်။
လင်သွားရာ နောက်ကပါတတ်သော မရွှေမိက ထမင်းချက်ထတော့ ကျွန်တော့လည်း အိပ်မပျော်သည့်အတူ ဓားသွေးရန် ထသည်။
"အဟွတ် အဟွတ် အဟင်း အဟင်း ၊ဖိုးကံတို့ မိရွှေတို့ရယ် မိုးကစွေကစွတ်နဲ့ ချော်လဲပြီး ဓားတွေဘာတွေပြတ်မှဖြင့်ကွာ၊ မသွားကြပါနဲ့လား"
အဖေက စိုးရိမ်တကြီးတားပြန်သည်။
"သွားမှဖြစ်မယ်အဖေ၊ မိုးပွင့်ရင် မရွှေမိက အငှားခေါ်သူရှိလိုက်ရမယ်၊ ကျုပ်က ဦးလေးဘထင်ယာမှာ အလုပ်လုပ်ရမယ်"
"အေးပါကွာ၊မြွေပါးကင်းပါးကစ အစစ အရာရာ ဂရုစိုက်ကြပေါ့ကွာ"
အိမ်ရဲ့ကျပ်တည်းလွန်းပုံ အလုံးစုံကို သိနေသောအဖေမှာ ဘာမျှဆက်မပြောနိုင်ရှာပါ။
"အဖေသာ သီတင်းကျွတ်လပြည့်နေ့ ဘုန်းကြီးကျောင်းလိုက်ပါ၊ က‌လေးတွေကိုလည်း အိမ်မှာသာ စိတ်ချလက်ချထားခဲ့နော အဖေ"
"အေး အေး ငါ့သား"
သည်လိုနှင့် ကျွန်တော်က အိမ်အောက်က ကျောက်တုံးပေါ်မှာ ဓားသွေးသည်။မရွှေမိက ကျန်တဲ့ဆန်လေးတစ်ရက်စာထဲက တစ်ဝက်ကျော်ကို ပြည်ဝင်ဒယ်အိုးအပိန်အရှုံလေးထဲထည့်ပြီး သံပြားဝိုင်းကြီးပေါ်မှာ ကျောက်ခဲသုံးလုံးဆိုင် လုပ်ထားသော မီးဖိုပေါ်မှာတည်သည်။ မနေ့က ညစာစားလို့ကျန်တဲ့ မန်ကျည်းသီးဆီပါကောင်းတယ်ချက်ကို ထပ်ဖြည့်ချက်ဖို့ရာ အိမ်ခေါင်းရင်းက မန်ကျည်းပင်ပေါ် တက်ရန်ပြင်သည်။
"ဟဲ့ ဟဲ့ ဟဲ့ မရွှေမိ မမြင်မှုန်ဝါး မိုးချော်ချော်နဲ့ဘာလုပ်မလို့တုန်း"
"မန်ကျည်းသီးတက်မလို့ပေါ့တော့ ၊သိသားနဲ့ပြောနေတယ်"
အလန့်တကြားထအော်သော လင်သားကို ငေါတ်ဆတ်ဆတ်ပြန်ပြောသည်။
"မိုးကချော်ကချွတ်နဲ့ဟာ"
"မိုးက အသည်းကြီးမဟုတ်တော့ပါဘူး၊ ရွာတယ်ဆိုရုံပါ‌တော်"
"နေအုံး နေအုံး၊ ငါတံချူလုပ်ပေးမယ်"
မိန်းမသားရယ်လို့ ဘယ်အသီးကိုမျှတံချူးနဲ့ မချူပဲ တက်စွတ်ချင်သည့် မရွှေမိကို တံချူလုပ်ပေးဖို့ တံစွန်းမြိတ်က ကြိုးနဲ့‌တွဲလွဲဆွဲထားသည့် အဝတ်လှန်းဝါးကိုကပျာကယာ ဖြုတ်ရသည်။ ဝါးအဖျားဘက်ကို ဓားနဲ့လက်တစ်ထွာလောက် ဓားရာပေးပြီး သစ်ကိုင်းအကျိုးလေးကို ဓားရာထဲထည့်ပြီး တံချူလုပ်ပေးလိုက်သည်။
တစ်နေ့လုံးစာထင်ပ။မန်ကျည်းသီးတွေကိုတစ်ပွေ့တစ်ပိုက်ချူသည်။ညကဟင်းကျန်နှင့်ရောပြီး အိုးပြည့်ခွက်လျှံချက်သည်။ မန်ကျည်းသီးအစားများ၍သာ ရင်ကျပ်မည်ဆိုပါက ဘာစီးပွားမှမရှိအောင်ကျပ်သော ဖိုးကံလှ‌တို့ မိသားစုသည် လှုပ်မရအောင်ကျပ်ကြပေလိမ့်မည်။ကံကောင်းသည်ပဲဆိုရမည်လော။အဘိုးကစ မြေးတွေအဆုံး တစ်ယောက်မျှ ဘာသံမှမကြားရ။မာလိုက်ကြတာမှ
ကံလှမိသားစုမှ သံလုံးမိသားစုလို့ အမည်ပြောင်းရမလို။
မရွှေမိ ဟင်းကျက်တော့ အဖေကလည်းထပြီးရေနွေးအိုးတည်သည်။
"အဖေ"
"အမေ"
အဖေကိုပိုချစ်သော သမီးကြီးနှင့် အမေကိုအချစ်ကဲသော သားငယ်က ညှိထားသည့်နယ် ပြိုင်တူနိုးပြီး ကစုတ်ကဖွားလေးတွေ ထလာကြသည်။
"ကဲ..သားနဲ့သမီး မျက်နှာသစ်ကြကွာ၊ မိုးရွာနေတယ် ချော်ကျမယ်၊အိမ်ရှေ့ကြမ်းပြင်မထွက်ကြနဲ့ အိမ်ထဲကပဲသစ်၊ အပေါက်ကျွံမယ် သတိထားနော်"
သတိထားဖို့သာပြောရသည်။ ကလေးများသည် ညအခါမီးမပါပဲတောင် ဒီကြမ်းပေါက်တွေကို ရှောင်တတ်နေကြပါပြီ။
"မျက်နှာသစ်ပြီးရင် သနပ်ခါးလူးကြကွာ"
မျက်နှာသစ်ပြီးတာကို ထိုင်ငေးနေကြသော သားနှင့်သမီးကို သနပ်ခါးလူးဖို့ စောင်ခေါက်ရင်း‌လှမ်းအော်ရသေးသည်။
ကျွန်တော်က စောင်များကိုခေါက်နေသည်။ မိသားစုများသော်ငြား ခေါက်စရာစောင်က များများမရှိ။သူတို့သားအမိသုံးယောက်ခင်းအိပ်တဲ့ စောင်စုပ်တစ်ထည်၊ဦးလေးဘထင် မသုံးတော့လို့ ပေးထားတဲ့ နှမ်းခါတဲ့အခါသုံးခဲ့တဲ့ တင်းထိမ်စောင်အနားပြဲတစ်ထည်၊သည်နှစ်ထည်သာရှိသည်။ကျွန်တော်က ခုချိန်ထိတော့ ပုဆိုးနဲ့ပဲ ကွေးရသည်။ဆောင်းသွင်းရင်တော့ နောင်ခါလာနောင်ဈေးပေါ့။အဖေ့အတွက်တော့ ရေဘေးအလှူရှင်တွေ လှူသွားတဲ့ စောင်နှစ်ထည်ရှိသည်။
အဖေက ဆူလာသောရေနွေးကို ပွေးရွက်ခြောက်ခပ်နေသည်။ ‌လက်ဘက်ခြောက်မဝယ်နိုင်၍ တောထဲကပွေးကိုင်းကိုခုတ်ပြီး အရွက်ကိုအခြာက်လှမ်းကာ ရေနွှေးထဲခပ်သောက်ရသည်။ပွေးရွက်လည်း သူတတ်စွမ်းသမျှတော့ မွှေးပါတယ်လေ။
မရွှေမိက ထမင်းဝိုင်းပြင်ပြီးသောအခါ ကလေးများလည်း သနပ်ခါးလူးပြီးသည်နှင့် အချိန်ကိုက်ဖြစ်သည်။
ငရုပ်သီးပင်မထည့်နိုင်သော မန်ကျည်းသီးချက်ကို အဖေကလည်း ရေနွေးကြမ်းနှင့်မျှောချသည်။သားနှင့်သမီးကလည်း ဘာမျှမပြောပဲ စားကြသည်။အမှန်တော့ သူတို့လေးတွေလည်း စားချင်ကြတော့မည်မဟုတ်ပါ။
စားသောက်ဆေးကြောပြီးသောအခါ ကျွန်တော်တို့လင်မယားက ဝါးခုတ်သွားဖို့ပြင်ဆင်သည်။ အဖေက ဘုန်းကြီးကျောင်းသွားရန်ပြင်သည်။ ကလေးတွေကို မိုးရေထဲထွက်မဆော့ဖို့၊ အိမ်မှာပဲစာကြည့်နေဖို့၊ နေ့လည်စာကို အချိန်မှန်စားဖို့၊ ရန်မဖြစ်ကဖို့၊ ကျွန်တော်တို့နှစ်ယောက်က ညနေ နေစောင်းမှ ပြန်လည်မည့်အကြောင်း မှာထားခဲ့ပြီး
တစ်ယောက်က ဓားမထမ်း၊ နောက်တစ်ယောက်က ထမင်းထုပ်ရွက်ပြီး ထွက်လာခဲ့ကြသည်။
(၂)
ကိုကံလှအဖေ ဦးကံဆောင်သည် မနက်ကတည်းက ဘုန်းကြီးကျောင်းကို ထွက်လာပြီး ဥပုသ်စောင့်၊တရားထိုင်ရင်း နေ့လည်စာကိုလည်း ‌ဘုန်းကြီးကျောင်းမှာပဲစားသည်။ဒါက သီတင်းကျွတ်လပြည့်နေ့မှမဟုတ်၊ ဥပုသ်နေ့တိုင်သည်အတိုင်းပဲနေခဲ့သော ဦးကံဆောင်၏ထုံးစံဖြစ်သည်။ ညနေစောင်းသောအခါ ပေါက်ပြဲနေသောထီးရွက်နှင့် လက်ကိုင်ရိုးကျိုး‌ေနသည့် ထီးဒုက္ခသည်ကို‌ေစာင်းပြီး အိမ်ပြန်သည်။
အိမ်ပြန်ရောက်သောအခါ မြေးမကြီးက စာကြည့်နေသည်။မြေးငယ်လေးက အိပ်မောကျ‌ေနသည်။
"ဘယ်လောက်ပဲ မိုးထဲမကစားဖို့မှာခဲ့မှာခဲ့ကလေးပီပီအ‌ဆော့သန်တဲ့ဒီကလေး တစ်နေကုန်ကစားပြီး မောမောနှင့်အိပ်နေတာဖြစ်မယ်"
မြေးတွေအကြောင်းသိသော ဦးကံဆောင် စိတ်ထဲက တွေးနေလိုက်သည်။
"ဘဘ သမီးထမင်းအိုးတည်မလို့ ပြင်သေးတယ်၊ ဒါပေမယ့် ဆန်ကနည်းနည်းလေးမို့ အကုန်ချက်ရမှာလား ချန်ရမှာလားမသိလို့ ဘဘကိုစောင့်နေတာ"
"မနက်က ထမင်းတွေကျန်သေးလား ကလေးမ"
"မကျန်တော့ဘူး၊ အကုန်စားလိုက်တာ ဘဘ"
"မှန်း.....ဘဘကြည့်ပါအုံးမယ်၊ ဆန်ကတစ်နပ်စာပဲသမီးရဲ့ အကုန်သာချက်လိုက်ကြရအောင်ကွာ၊ နော"
ပြောပြောဆိုဆိုပင် မြေးမလေးက ဆန်ဆေးဖို့ပြင်သည်။ ဦးကံဆောင်က မီးမွှေးသည်။
"ဂျုံး"
"အမလေး....."
" ခွပ်"
အသံသုံးသံက ရှေ့ဆက်နောက်ဆက်ပေါ်လာရာ ဦးကံဆောင်တစ်ယောက် အလန့်တကြားထကြည့်လိုက်သည်။မြေးမလေး၏ခြေတစ်ဖက်သည် ကြမ်းပေါက်ကျွံနေသည်။
"ဟဲ့ ဟဲ့ ၊ငါ့မြေး"
"ကြမ်းကကျိုးပြီး ကျွံကျသွားတာ ဘဘ၊ ဆန်တွေလည်း လွတ်ကျလို့ အောက်မှာဖိတ်ကုန်ပြီ"
ကတုန်ကယင်ဖြင့် ထကြည့်သော ဦးကံဆောင်ကို ငိုသံပါလေးနှင့်ပြောသည်။ကြမ်းပြင်ကကြမ်းတွေက နှစ်တွေညောင်းနေပြီး ဆွေးနေပေပြီ။ရေကြီးတာနှင့် မိုးရွာတာနှင့်ရောပြီး ပွလာကြပြီး အနင်းဒဏ်မခံနိုင်ပဲ နင်းလိုက်သောအခါ ကျိုးခြင်းဖြစ်သည်။ဆန်ခွက်သည် မြေကြီးပြင်က ရေကွက်ထဲမှာမှောက်နေပြီး ဆန်တွေက ကျဲပြန့်နေပြီ။ ‌နောက်ထပ် ချက်စရာလည်းမရှိတော့။
"သမီးတော်တော်နာသွားလား၊ဘာဖြစ်‌သွားသေးလဲ၊ မှန်းစမ်း၊ ဘဘကိုခြေထောက်ပြစမ်း"
"ဘာမဖြစ်ဘူးဘဘ၊ ပွန်းရာလေးပဲ နည်းနည်းထင်သွားတာ"
မြေးမလေးသည် ‌အိမ်အောက်ကိုဆင်းပြီး ဆန်စိမ်ခွက်ကိုကောက်သည်။
လျှပ်စီးကြီးကြောင်းသည် ကမ္ဘာကြီးကို ထက်ခြမ်းခွဲတော့မည့်အလား ထင်းထင်းကြီးလက်သွားသည်။
"ဂျဒိန်းဒိန်းဒိန်းဒိန်းးးးးးး"
"ဝေါ........................"
မပြီးနိုင်သော ကပ်မိုးက ဒေါသတစ်ကြီးရွာချလာပြန်သည်။
"မိုးကရွာလာပြန်ပကော....ကလေးတွေပြန်မလာသေးပါလား၊ ဝါးစည်းတွေနဲ့ ဓားမကြီးနဲ့ ၊ ဘုရား ဘုရား တပည့်တော်သားလေး ဘေးမသီ ရန်မခပဲ အိမ်ကိုချောချောမွေ့မွေ့ ပြန်ရောက်လာပါစေ၊ ထမင်းကမချက်ရသေး၊ ဆန်ကလည်း မရှိတော့၊ ရွှေမိတစ်ယောက်တော့ ဒီအဖြစ်ကိုတွေ့ရင် မျက်နှာပျက်အုံးမယ်၊ ငိုများငိုအုန်းမလားမသိဘူး၊ ဒီကလေးမက အသည်းပျော့တယ်၊ဒါပေမယ့် ကလေးတွေကိုလည်းမဆူရက် ငါ့ကိုလည်း မငြူစူပါဘူးလေ..၊ငါ့ချွေးမလေးလည်း ဘေးရန်ကင်းပါစေ"
"ဂျဒိန်းဒိန်းဒိန်း....ဂျိန်း ဂျိန်း"
ဦးကံဆောင်တစ်ယောက် သားနဲ့ချွေးမကို စိတ်ပူပြီး စိတ်ထဲကနေ ဆုတွေတောင်းရင်း မိုးကလည်း လောလောပြီးရွာလာသည်။
"အင်း....ဟင်း ဟင်း၊ဘဘ ဖေဖေတို့မရောက်သေးဘူးလား"
တစ်နေကုန်ကစားပြီး အိပ်မောကျနေတဲ့‌ မျောက်လောင်းလေးတောင် မိုးချုန်းသံကြောင့်နိုးလာပြီး အဖေနှင့် အမေကိုမေးနေပြီ။
"လမ်းမှာနေလောက်ရောပေါ့ကွ၊ ထ ထ"
ပြောသာပြောရသည် ဦးသားဆောင်ရင်ထဲတွင်တော့ ပူလှပြီ။ စိုးရိမ်လှပြီ။မျှော်လှပြီ။
"ဂျဒိန်းဒိန်းးးးးးး"
ကပ်မိုးမှ ကပ်မိုးအစစ်ရယ်ပါ။
တောထဲတောင်ထဲတွင်တော့...........
(၃)
တစ်တောလုံး တစ်တောင်လုံး ပိန်းပိတ်အောင်မှောင်နေသည်။‌တခါတခါ လက်လိုက်သော လျှပ်စီးသည် ခေါင်းပေါ်တည့်တည့်ကို မိုးကြိုးပစ်ချတော့မည့်အလား စူးရှရှည်လျားလှသည်။တောတောင်၏ဘာသာဘာဝပဲ့တင်သံကြောင့် မိုးချုန်းသံများကလည်း အရှိထက်ပို၍ရှည်ကြာသည်။ကျွန်တော်နှင့် မရွှေမိသည် တစ်နေ့လုံးမိုးဖြန်းထားရုံမျှမက ယခုမိုးကြီးပါမိကြသောကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းနေပေပြီ။‌‌မိုးရေစိုသောဒဏ်ကြောင့် အသားအရေများပင် နူးပြီးတွန့်နေသည်။တစ်နေ့လုံးမိုးစိမ့်စိမ့်သာရွာသောကြောင့် တစ်ယောက်နှင့်တစ်ယောက်သည် ခေါ်သံကြားရုံခပ်ဝေးဝေးမှာ ရှိနေကြသည်။ကျွန်တော်ကလည်း ချောပေ့ဖြောင့်ပေ့ဆိုသော ဝါးများကိုရှာကြံ၍ခုတ်နေသည်။မရွှေမိကလည်း ရနိုင်သမျှမျှစ်ပျံများကို တထွေးတပိုက်ချိုးနေသည်။ဝါးရုံမှိုများကို ဖက်ရွက်ကြီးများဖြင့်ထုပ်နေသည်။ယခုမိုးကြီးရွာသောအချိန်၌ တစ်ယောက်နှင့်တစ်ယောက်သည် အလွန်ဆုံးဆယ်ပေသာ အဝေးခံတော့သည်။သို့သော် တော၏ပင်ကိုယ်အရိပ်ကို မိုးမှောင်ကျသောအခါ တစ်ယောက်နှင့်တစ်ယောက် ခပ်ရေးရေးမြင်ရအောင် အတော်ကြည့်ယူရသည်။
ခုတ်ထားသောဝါးများမှာ များလွန်း၍နောက်တစ်နေ့ပါ လာသယ်ရမည်။ဟင်းချက်စရာတွေကလည်း အလျှံပယ်ရနေပေပြီ။ ပြန်ရန်သာရှိတော့သည်။
"မရွှေမိရေ....ပြန်ရအောင်ဟေ့"
"ခဏလေးတော်ရေ၊ ဒီတစ်ချောင်းချိုးလိုက်အုံးမယ်၊အမလေးမြင့်လွန်းလို့ တုတ်နဲ့လှမ်းရိုက်နေရတယ်တော်"
"အေး၊အေး၊ ငါ ဆင်းနှင့်ပြီး ဝါးပုံနားမှာစောင့်နေမယ်၊ တောင်ကမ်းပါးရံက နိမ့်ပေမယ် မိုးရွာထားတော့ချော််တယ်နော်၊ နင့်မှာလည်းဓားမြှောင်ကြီးနဲ့ သေချာဂရုစိုက်ဆင်းခဲ့"
ပြောကြောဆိုဆိုနှင့် ကျွန်တော်သည် ဓားမကြီးကိုဓားအိမ်ထဲထည့်လွယ်ကာ နောက်ဆုံးခုတ်ထားသောဝါးကို ‌ကမ်းပါးရံမှတဆင့်‌ေလျှာချလိုက်ပြီး ကိုယ်တစောင်းအနေအထားဖြင့် ဂရုစိုက်ဆင်းသည်။
"အမလေး၊ ကိုကံလှရေ......"
"ဝေါ........."
"မိန်းမ ၊ မိန်းမ....."
"အား.........."
"မရွှေမိ"
"........."
ကျွန်တော့်ပင်ဝါးပုံနားမရောက်မီ လျှပ်တပြတ်ဖြစ်
အဖြစ်အပျက်ကြောင့် ကျွန်တော်မျက်လုံးများပြာသွားသည်။မရွှေမိနာမည်ကို အော်လိုက်သံကလည်း
မည်မျှကျယ်သွားသည်မသိ။ကျွန်တော်တို့မသိလိုက်ပဲ အတောင်မိုးရေစိုပြီး နားနေသောငှက်တွေတောင် ကလူးကလဲ မနိုင့်တနိုင် ထပျံသွားကြသည်။ကိုယ်တစောင်းဆင်းနေသော ခြေထောက်များကလည်း ပြေးဆင်းမိပြီးမရွှေမိအနား တမ်းရောက်သွားသည်။
"မိန်းမ၊ မိန်းမ၊ မရွှေမိရေ"
ကျွန်တော်သတိထားမိသမျှတော့ တုန်ယင်နေသောကိုယ်နှင့် စည်းချက်ညီကာ အသံများကလည်း
အက်ကွဲတုန်ခါနေသည်။ပါးပေါ်မှာစည်းကျနေတာက မျက်ရည်တွေလား၊ မိုးပေါက်တွေလား မသဲကွဲတော့ပါ။
(၄)
"ကံလှ ဘာဖြစ်တာလဲ"
"‌ရွှေမိက ဘာဖြစ်လို့ထမ်းလာရတာလဲ ကံလှ"
"ဟဲ့ ဟဲ့ ဝါးခုတ်ဆိုသွားတာ ဘာဖြစ်လာကြတာတုန်း"
မိုးရွာနေလို့ အိမ်အပြင်ကိုဘယ်သူမှ ထွက်မမေးကြသော်လည်း အိမ်ထဲကလှမ်းအော်သံများက တစ်ယောက်တစ်ပေါက်။သို့သော် ကျွန်တော်တစ်ခွန်းမှ မဖြေနိုင်။ပခုံးပေါ်မှာ ဝါးစည်းအစား မရွှေမိပါလာသည့်အတွက် အိမ်ရောက်ဖို့ပဲ စိတ်စောနေခဲ့သည်။
"အမေ"
"အဖေ ၊ အမေကဘာဖြစ်လာတာလဲဟင်"
သားနှင့်သမီးက စိုးရိမ်တကြီးမေးပြီး ငိုကြကုန်ပြီ။
"သား၊ဘာဖြစ်လာကြတာတုန်း အဖေ့ကိုပြောပါအုံး"
ကျွန်တော်သည် အသက်ရှူဝအောင် အရင်ရှူနေရသည်။ထိုအခိုက် ပြိုလုဆဲဆဲ ကျွန်တော်တို့အိမ်လေးပေါ်မှာ လူတွေပြည့်လာကြသည်။
"တောင်ခါးပန်းရံပေါ်မှာ မျှစ်ပျံကို တုတ်နဲ့လှမ်းရိုက်ချိုးရင်း ခြေချော်ပြီးလျှောကျလာတာ၊ အောက်ရောက်ခါနီးမှ လှိမ့်ကျပြီး ကျုပ်ခုတ်ထားတဲ့ဝါးပုံပေါ်ကျသွားတာ"
အဖေသည် မရွှေမိကိုစမ်းသပ်နေသည်။
"ဝါးပုံပေါ်ကျတာကံကောင်းတယ်ပြောရမယ်သား၊ သူသတိလစ်နေတုန်းပဲရှိသေးတယ်၊ကျောက်ခဲပေါ်ကျရင် မတွေးဝံ့စရာပဲ"
"ဟင် ဟင် ၊ဟုတ်ရဲ့လားအဖေရယ် သားစမ်းကြည့်အုံးမယ်၊ တောထဲမှာတုန်းက သူအသက်မရှိတော့ဘူးနော်၊ ခေါင်းထဲအတွင်းကြေကြေ ကြေပြီးသွားရှာပြီမှတ်တာ"
ကျွန်တော်သည် ပါးစပ်က တတွတ်တွတ်ပြောရင်း စမ်းကြည့်သည်။ဟုတ်သည်။မရွှေမိမသေသေးပါ။တောထဲမှာတုန်းက မိုးရေဒဏ်အေးတာတွေနှင့် လျှပ်တပြတ်ဖြစ်သွားတာတွေနှင့်ရောပြီး ထူပူကာ အထင်မှားနေခဲ့တာဖြစ်မည်။ခုမှဟင်းချနိုင်တော့သည်။သားနှင်းသမီးမှာလည်း အငိုတိတ်ပြီး ကြောင်ကြောင်လေးတွေကြည့်နေကြသည်။
"ကဲ ကဲ ကောင်မလေးတွေ ရွှေမိကို အဝတ်လဲပေးကြစမ်းဟေ့၊ ကံလှလည်း အဝတ်လဲအုံး၊ယောက်ျားသားတစ်ယောက်လောက် ဆရာပင့်ခဲ့ကွာ၊ကျန်တဲ့သူတွေအောက်ဆင်းကြအုံး၊ ရွှေမိကို အဝတ်လဲပေးပါစေအုံး"
ဦးလေးဘထင်က ဘယ်အချိန်ရောက်နေသည်မသိ၊ အသံကြားမှ သူရောက်နေတာ သတိထားမိသည်။
"နေအုံးမှောင်နေပြီ၊ ဒီအိမ်မှာဖယောင်းတိုင်လည်း ရှိမှာမဟုတ်ဘူး၊ မျိုးသာ သွားငါ့အိမ်က ဖယောင်းတိုင်နှစ်တိုင်ယူခဲ့၊ ဘက်ထရီအိုးက ဆိုလာညှပ်တွေဖြုတ်ပြီး မီးထွန်းခဲ့အုန်း"
ဦးလေးဘထင်က ကောင်လေးတစ်ယောက်ကို ထပ်ဆင့်ခိုင်းလိုက်ပြန်သည်။
ဆင်းရဲသူက ဆင်းရဲဖို့ဝဋ်ကြွေးမကုန်သေးသမျှ ဆင်းရဲနေမည်။ကြိုးစားသမျှလည်း ကျွန်တော်တို့လို လူကလွဲပြီးဘာမျှ မချမ်းသာသူတို့အဖို့ရာ ချမ်းသာဖို့ရာအလှမ်းဝေးလှသည်။အများသူငါလို နိုင်ငံခြားသွားပြီး ငွေရှာချင်သည်ဆိုဦး၊ ရရာစာစား ဝါးဝါးမျိုမျိုဘဝတွေမို့ ဘယ်သူမှငွေထုတ်မချေးခြင်ကြပါ။ပေါင်နှံစရာကလည်း လူကလွဲပြီး ဘာမျှမရှိပဲလေ။ဦးလေးဘထင်တို့လို ချမ်းသာဖို့ကံပါလာသူတွေ အဖို့ရာမှာလည်း တစ်ရွာလုံးရေမြုပ်တာတောင် အိမ်ကအမြင့်ပိုင်းမှာရှိတာကြောင့်တစ်ကြောင်း နှစ်ထပ်အိမ်မြင့်မို့တစ်ကြောင်း အောက်ထပ်သာမြုပ်ခဲ့သည်။နောက်ပိုင်းစိုက်ထားတဲ့ သီးနံတွေဆုံးရှုံးတာ၊ လယ်ပေါင်တွေကျိုးကုန်တာကလွဲလို့ သူ့မှာရေဘေးကြောင့် ဆုံးရှုံးသွားတာသိပ်မရှိ။
မျိုးသာနှင့် ဆေးဆရာက ရှေ့ဆက်နောက်ဆက်ဆိုသလို ရောက်လာကြသည်။ဆရာက မရွှေမိကို သွေးပေါင်တိုင်းသည်။ဆေးထိုးပေးသည်။သတိရလာရင်တိုက်ဖို့ ဆေးပေးခဲ့သည်။လူနာကို နွေးနွေးထွေးထွေးထားဖို့ မှာကြားသည်။ဆေးဖိုးကို အဆင်ပြေမှပေးမှပေးဖို့ ဆရာကပြောတော့ ကျွန်တော်မောင်ကံလှတစ်‌ယောက် အားနားစွာပင် ကျေးဇူးတင်စကားကို အခါခါပြောမိသည်။ ဆရာ့ကိုပင့်လာသော တစ်ယောက်ကပဲ ပြန်လိုက်ပို့ပေးသည်။
ထို့နောက် တစ်ယောက်ပြန်၊ နှစ်ယောက်ပြန်နှင့် အိမ်ပေါ်မှာ ကျွန်တော့မိသားစုနှင့် ဦးလေးဘထင်သာကျန်တော့သည်။
"ကဲ ငါလည်းပြန်မယ် ကံလှ၊ဖယောင်းတိုင်တော့ ငါကူညီတာပါ၊အဲ့အတွက် ဘာမှလုပ်ပေးစရာမလိုဘူးငါ့ကောင်"
လူပျိုကြီးပီပီ ကပ်စေးနှဲသော ဦးလေးဘထင်က ဖယောင်းတိုင်နှစ်တိုင်ကို ကူညီတာပြောတော့လည်း ကျေးဇူးတင်ရပြန်သည်။သူအိမ်အောက်ရောက်မှ ကလေးတွေကို ထမင်းကျွေးဖို့သတိရသည်။အဖေက ဦးပုသ်‌သည်မို့ ညစာမစားပေ။မရွှေမိကတော့ တစ်အိမ်လုံးကစောင်တွေကို အပိုင်စားလျက်။
"အဖေထမင်းချက်ထားသေးလား"
သမီးလေးက မျက်နှာငယ်လေးဖြင့် သူ့အဘိုးကို အားကိုတကြီးကြည့်နေသည်။
"မြေးမလေးလေ ဆန်ဆေးရင်းကြမ်းပေါက်ကျွံကျလို့ ဆန်တွေလည်းဖိတ်သွားလို့ အဖေထမင်းမချက်ရသေးဘူး သားရယ်"
ပေါက်တဲ့နဖူး မထူးဘူး။ အိမ်အောက်ကိုအပြေးတစ်ပိုင်းဆင်းပြီး ခြံဝက ဦးလေးဘထင်ကို လှမ်းခေါ်ရသည်။
"ဦးလေးရယ် ကူညီမိလက်စနဲ့ ကူညီပါအုံးဗျာ၊ထမင်းချက်စရာဆန်မရှိလို့ ကလေးတွေထမင်းမစားရသေးဘူးဗျာ၊အဲ့ဒါပြီးမှ အလုပ်လုပ်ပေးပါ့မယ်၊ဆန်လေးနည်းနည်းလောက် ကူညီပါအုံးဗျာ"
"မင်းတို့မှာလည်းခက်တာပဲ ကံလှရယ်၊ကဲကဲလိုက်ခဲ့"
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ..."
အသံတုန်အောင် ဝမ်းသာရပြန်ပါသည်။
"ရော့၊ဆန်ချေးတဲ့သူတွေအတွက်ထားတဲ့ ဆန်ကကုန်နေလို့ ဆန်ကွဲပဲယူသွားတော့ကွာ၊ အလုပ်တော့ ပြီးမှကြည့်လုပ်ပေးပေါ့"
"ဪ..............."
ကလေးတွေ ဘာမျှမစားရသေးတာကိုတွေးပူပြီး "ဪ"နှင့်သာအဆုံးသတ်လိုက်ရသည်။ရှည်ရှည်ဝေးဝေး‌မတွေးနိုင်ပဲ သုတ်ခြေတင်ရတော့သည်။
"ဝေါ......"
ကျေးဇူးရှင်မိုးရယ် အိမ်ရောက်အောင်တောင် မနေပဲသည်းချလိုက်ပြန်ပြီ။ပြေးရပြန်ပေါ့ ငကံလှရယ်.....။
ဆန်ကွဲထမင်းကို ရေခမ်းချက်ပြီး ၊ မနက်က မရွှေမိ မမြင်မှုံဝါးနှင့်ချူပြီး မချက်ပဲချန်ထားတဲ့မန်ကျည်းသီးကိုပဲချက်ရပြန်သည်။သူရှာထားတဲ့ မျှစ်နဲ့မှိုတွေက ဟင်းအိုးရဲ့အဝေးမှာ။ထမင်းဟင်းကျက်တော့ သားနှင်းသမီးကိုထမင်းကျွေးသည်။ကျွန်တော်ကတော့လူမောစိတ်မောဖြစ်နေသူမို့ စားချင်စိတ်လည်းမရှိ ဆာတယ်လို့လည်း မခံစားရပါ။
"သား မင်း‌လည်းစားလေကွာ"
အဖေက ကျွန်တော်ပါ နာမကျန်းဖြစ်မှာစိုး၍စားစေချင်သည်။"ဆာမှစားလိုက်ပါ့မယ်"လို့ အဖေ့ကိုပြောဖို့ကြံရွယ်နေစဉ် သားလေးပြောလိုက်သောစကားကြောင့် စို့နစ်ရပြန်ပါသည်။
"ဆန်အမေကြီးကမွေးတဲ့ ဆန်သားလေးတွေကို သားမစားချင်ဘူး အဖေ"တဲ့။
"သားရယ် ငါ့သားနဲ့ သမီးကိုအဖေက ဆန်အကောင်းစားတွေပဲချက်ကျွေးချင်တာပေါ့"
စိတ်ထဲမှပဲ ‌ပြန်ပြောမိလိုက်သည်။
ထမင်းစားပြီးသောအခါ ပထမဖယောင်းတိုင်ကကုန်သွားပြီး နောက်တစ်တိုင်က တစ်ဝက်သာကျန်တော့သည်။အဖေက ဘုရားရှိခိုးနေသည်။
မိုးရွာနေသောကြောင့် ရွာဦးဘုရားကိုသွားပြီး ဆီမီးမထွန်းနိုင်ကြသော်‌လည်း အိမ်တွေမှာထွန်းကြသည် ထင်သည်။အိမ်နီးချင်းအိမ်တွေမှာ မီးထွန်းတာမြင်နေရသည်။
"ဖေဖေ သမီးတို့မီးမထွန်းရတော့ဘူးပေါ့နှော်"
သမီးက သနားကမားပြောရှာပြန်သည်။ယော‌ကျ်ားလည်း ဘာသားနဲ့ထုထားတာမို့လဲ။ကျွန်တော်လည်းခံစားတတ်သည်။မျက်ရည်ခိုးကျမိသည်။
"အင်း အင်း ဟင်း......"
မရွှေမိသတိလည်လာသည်။
"မရွှေမိ မရွှေမိ ၊နင်သတိရလာပြီ၊ဘာမှစိတ်မပူနဲ့ ငါ့ရှိတယ်နော်၊ နင်နေပြန်ကောင်းသွားမှာ မရွှေမိ"
"ကျုပ်မျှစ်ချိုးရင်း မျှစ်ကကျိုးကျလာတော့ နောက်ကိုအရှိန်လွန်ပြီးချော်သွားတာ ကိုကံလှ"
"အေးပါ ထားလိုက်တော့ နင်ခုသတိရလာပြီ‌ပဲ စကားတွေသိပ်မပြောနဲ့အုံး၊ပင်ပမ်းပြီးခေါင်းတွေမူးနေအုံးမယ်"
"ကလေးတွေရော ထမင်းစားပြီးပြီလား၊ဟင် ....မိုးတွေရွာနေတော့ ဆီမီးမထွန်းရတော့ဘူးပေါ့၊ဒီမိုးကလည်းတော်...."
"ဘာမဖြစ်ပါဘူးမေမေရ ခုလည်းမေမေ့ဘေးနားမှာမီးထွန်းထားရတာပဲ၊ မိုးရွာတာလည်းစိတ်မပူပါနဲ့၊သားတို့မြန်မာစာမှာသင်ရတယ်၊ သီတင်းကျွတ်ပြီ၊ မိုးလေကင်းလွတ်တော့မည်တဲ့၊ဒီတစ်ခါရွာပြီးရင်‌‌ေတာ့ ရွာမှာမဟုတ်တော့ပါဘူး၊ရေလည်းမကြီးလောက်‌တော့ပါဘူး"
ဒီလိုဆိုတော့ သားလေးက လူကြီးလေးလို ပြောတတ်နေပြန်ပါသည်။
"အေး ဟုတ်သကွာ...၊ငါ့‌ေမြးပြောတာမှန်တယ်၊သီတင်းကျွတ် မိုးကျွတ်တဲ့၊ ရှေးလူကြီးတွေပြောကြတယ်"
အဖေကပါ သူ့မြေးကိုထောက်ခံနေပြန်ပါသည်။
"မေမေ အသာလေးပြန်အိပ်နေလိုက်နော်၊သမီးတို့ထမင်းစားပြီးပါပြီ"
မရွှေမိက သမီးစကားနားထောင်ပြီး မျက်လုံးမှေးလျက် အငြိမ်နေလိုက်သည်။
ဖယောင်းတိုင်ကုန်သွားပြီးမီးငြိမ်းသွားသည်။ဒီညတော့ လူနာဆီမှာပဲစောင်တွေစုနေသောကြောင့် ကျန်တဲ့သူများက ဖြစ်သလိုစက်တော်ခေါ်ရမည်။
တစ်နေ့တာသာကုန်သွားသည်။မိုးကအပြီးစဲသွားသည် မရှိလိုက်။အခါကြီးရက်ကြီးမှာ မုန့်ကြော်မစားရင် ဆီခမ်းတတ်တယ်‌လို့ အမေရှိစဉ်က ပြောဖူးသည်။မတတ်နိုင်။ထမင်းတောင်မှ အနိုင်နိုင်မို့ မုန့်ကြော်စားဖို့မတတ်နိုင်ပါ။မိုးပွင့်ရင်
ဦးလေးဘထင်ဆီမှာ လုပ်အားနှင့်‌အကြွေးဆပ်ရမည်။ဆေးဆရာကို ဆေးဖိုးဆပ်ရမည်။ ကလေးတွေကကျောင်းဖွင့်တော့မည်။ သားနှင့်သမီးကို သူများတွေလိုမုန့်ဖိုးမပေးနိုင်သောကြောင့် စိတ်မကောင်းဖြစ်ရသည်။ဪ.....အရင်ကြွေးတွေမကျေခင် ကျွန်တော်တို့ ထမင်းနပ်မှန်အောင် ဘယ်လိုစားကြရမည်လဲ။ဟူး......မတွေးချင်။ဖြစ်နိုင်ရင် ဘာမှမတွေးချင်တော့ပါ။
ရေဘေးကြောင့် အသက်ရှူရပ်သူတွေက ရပ်ကုန်ကြပြီ။ကျန်တဲ့သူတွေက အသက်ရှူကျပ်ကျန်ခဲ့ရသည်။ထိုသူများထဲတွင် နဂိုကတည်းက အသက်ရှူကျပ်ခဲ့ရသောကျွန်တော်တို့က ကိုဗစ်တုန်းကလည်းကိုဗစ်မို့၊ ရေဘေးလည်းရေဘေးမို့ ဆတိုးကျပ်ရသည်။
"သီတင်းကျွတ်ပြီ
မိုးလေကင်းလွတ်တော့မည်"တဲ့။
သားလေးတို့ကျောင်းစာတဲ့။သီတင်းကျွတ်ပါပြီ။ကပ်မိုးကပ်လေတွေလည်း လွတ်ပါစေ။အို.....ကပ်ကြီးသုံးပါးလုံး အမြန်လွတ်ပါစေ။မြန်မာပြည်ကြီးလည်း သာယာဝပြောပါစေ။ကမ္ဘာကြီးလည်း ငြိမ်းချမ်းပါ‌စေ။ အတ္တသားပီပီဆုတောင်းပါရစေ။
"ကျွန်တော်တို့မိသားစုရဲ့ ဆင်းရဲမှုသီတင်းပတ်တွေကျွတ်ပြီး ဒုက္ခမိုး၊သောကလေပြင်းတွေမှ အမြန်ဆုံး လွတ်မြောက်ပါရစေ........"
ဝဠာ
#သီတင်းကျွတ်၊တန်ဆောင်တိုင်စာပေပြိုင်ပွဲ





Keep Reading

𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚မြန်မာပြည်မြောက်ပိုင်းဂျက်ကီချန်းဘဝအကြောင်းတကယ်မရှိသောနှစ်များသုံးနှစ်သုံးမိုးသည်းခြေကြိုက် စာအုပ် ၆ အုပ်နိုးတစ်ဝက်အိပ်မက်မာယာဘုံတောင်ပံမဲ့သင်းကွဲတေးဆိုငှက်အရှေ့ကနေဝန်းထွက်သည့်ပမာ