Author's Profile Photo

သျှားမီးငယ်~

3/11/2024

ဝေယျောစနကျောက်စိမ်းစေတီတော်ကြီးသို့ ဘုရားဖူးတစ်ခေါက်

2 mins read
Culture
Travel
ဝေယျောစနကျောက်စိမ်းစေတီတော်ကြီးသို့ ဘုရားဖူးတစ်ခေါက်'s photo

မင်္ဂလာပါချစ်ရတဲ့စာဖတ်သူလေးတို့ရေ....
ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးဟာ ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့နိုင်ငံဖြစ်တာကြောင့် တန်ခိုးကြီးဘုရားစေတီပုထိုးပေါင်းမြောက်များစွာကိုတည်ထားကိုးကွယ်လျက်ရှိတယ်ဆိုတာ ကျွန်မတို့အသိဘဲမဟုတ်လားရှင်?။ဒီလို တန်ခိုးကြီးဘုရားစေတီတော်ကြီးတွေထဲမှ “ဝေယျောစန ကျောက်စိမ်းစေတီတော်ကြီး”ဟာလည်း တစ်ဆူအပါအဝင်ဘဲဖြစ်ပါတယ်ရှင်။လွန်ခဲ့တဲ့ October 2ရက်{တော်သလင်း လကွယ်}နေ့က မြစ်ငယ်မြို့လေးဘက်က ဘုန်းကြီး‌ကျောင်းလေးတစ်ခုမှာ ကျွန်မတို့တွေ ဆွမ်းကပ်အလှူလေးသွားရောက်ကုသိုလ်ပြုလုပ်ဖြစ်ခဲ့ပါတယ်ရှင်။အပြန်လမ်းမှာ “ဝေယျောစန ကျောက်စိမ်းစေတီတော်ကြီး”ကို ဘုရားဖူးအလည်အပတ်ဝင်ဖြစ်ခဲ့ကြပါတယ်ရှင်။အဝေးကနေ လှမ်းမျှော်မြင်တွေ့နေရတဲ့ ကျောက်စိမ်းစေတီကြီးဟာ လွန်စွာမှ ကြည်ညိုဖွယ်ရာကောင်းလှပါတယ်။ဖူး‌‌မြော်ချင်စိတ်တို့တဖွားဖွားဖြစ်စေလာသည်မှာ အတိပင်။ရင်ပြင်ပေါ်မတတ်ခင် မေမေက ရွှေပန်း၊ငွေပန်းလှူဖို့ ဝယ်ယူပြီး အလှူပြုလုပ်ခဲ့ပါတယ်။ဝေယျာ‌ဝစ္စအတွက်လည်း သျှားနှင့်မေမေတို့ အလှူငွေတွေ ထည့်လှူကုသိုလ်ပြုခဲ့ကြပါတယ်ရှင်။အနီးကပ်ဖူးမျှော်ရတဲ့ကျောက်စိမ်းစေတီတော်ကြီးဟာ ပို၍တောင် သပ္ပာယ်လှ‌သော ခံစားချက်ကို ရရှိစေပါတယ်ရှင်။သျှားတို့တွေက မွန်းတည့်ချိန်မှ ရောက်ရှိခဲ့တာမို့ နေတွေ တအားပူပြီး ခြေတွေတအားပူနေသော်ငြားလည်း ကျောက်စိမ်းစေတီတော်ကြီးရဲ့ ဘုရားအရိပ်အာဝါသဟာ အေးမြလှပါတယ်ရှင်။ကျောက်ပြင်ကြီးအနားရောက်တဲ့အခါမှာတော့ ကျွန်မတို့တွေ သနပ်ခါးသွေးပြီး ပါးကွက်လေးနှစ်ဖက်ကွက်ခဲ့ကြသေးတာပေါ့ရှင်။“ငြိမ်းချမ်းသာယာကျောက်စိမ်း လိုဏ်ဂူတော်”ဝင်ရောက်ကြည့်ရှုတဲ့အခါမှာတော့ ဝင်ပေါက်ဝက နဂါးမင်းကြီးကိုလည်း ရေသပ္ပာယ်ခဲ့ကြပါသေးတယ်။လိုဏ်ဂူထဲကို ဝင်ဝင်ချင်းမှာပင် ရေသံတွေတလျှောက်ကြားရပါတယ်။ပြောကြတာက ကျောက်စိမ်းရေတဲ့။ရောဂါအန္တာရာယ်ကင်းဝေးတယ်လို့လည်း ပြောကြတယ်။ကျွန်မတို့ တိုင်းပြည်ရဲ့ အဖိုးအနဂ္ဂထိုက်တန်သည့် ကျောက်စိမ်းလက်ကောက်များကိုလည်း မြင်တွေ့ခဲ့ရသလို ကျောက်စိမ်းထမင်းဝိုင်းကိုလည်းရှုမြင်ခဲ့ရပါတယ်။လိုဏ်ဂူတစ်ခုလုံးမှာ မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာများ၊ကနုတ်များ၊ကျောက်စိမ်းပစ္စည်းများ.....အစရှိသည်ဖြင့် ပြင်ဆင်ထားလျက်ရှိကာ မျက်နှာကြက်များမှာပင် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားပါတယ်။ကျွန်မတို့ရဲ့ ဤဘဒ္ဒကမ္ဘာမှာ ငါးဆူမြောက်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားကိုလည်းဝင်ရောက်ဖူးမြော်ခဲ့ကြပါတယ်ရှင်။ဒီစေတီတော်ကြီးကို အုတ်၊ကျောက်၊သဲ...စသည်တို့ကိုအသုံးမပြုပါဘဲ မြန်မာပြည်တွင်းထွက် ကျောက်စိမ်းအရိုင်းတုံးတွေကိုသာ သွေးဖြတ်ပြီးတည်ထားကိုးကွယ်ထားတယ်ဆိုတာဟာ အလွန်တရာမှ အံ့ဩဖွယ်ရာကောင်းလှပါတယ်ရှင်။“ဝေယျောစန”ဆိုတာဟာ အေးမြခြင်း၊ငြိမ်းချမ်းခြင်း၊ကျက်သရေမင်္ဂလာရှိခြင်း၊ဆုတောင်းပြည့်ခြင်း၊ကျန်းမာခြင်း...အစရှိသည်ဖြင့် အဓိပ္ပာယ်ရိပ်မြူးလျက်ရှိပါတယ်။ထပ်မံ၍.......
ကျောက်စိမ်း၏ ဂုဏ်အင်္ဂါ(၃)ရပ်တို့မှာ



  1. ကြာရှည်ခံခြင်း
  2. ရှားပါးခြင်း

ကျောက်စိမ်း၏ ယုံကြည်မှု(၇)မျိုးမှာ



  1. ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း
  2. တရားမျှတသောစိတ်ဓာတ်ရှိခြင်း
  3. မိမိကိုယ်ကို မိမိ နှိမ့်ချသော နိဝါတ တရားရှိခြင်း
  4. အသိအလိမ္မာဉာဏ်ပညာကြီးမြင့်ခြင်း
  5. ဘေးအန္တရာယ်ကင်းခြင်း
  6. စီးပွားဥစ္စာတိုးပွားခြင်း.....စသည်တို့ဖြစ်ပါကြောင်းလည်းသိရှိခဲ့ရပါတယ်။

ဤခမ်းနားကြီးကျယ်ထည်ဝါလှပါသော ဝေယျောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးအား ဘုရားဒါယကာ ဦးစိုးနိုင်+ဘုရားဒါယိကာမ ဒေါ်အေးအေးခိုင်တို့မှ တည်ထားကိုးကွယ်ထားပါတယ်ရှင်။နိုင်ငံတော် ဩဝါဒစရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ဘုရားဒါယကာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုးနိုင်မှဒီဇိုင်းရေးဆွဲ၍ ကျောက်စိမ်းအသားကျောက်တန်ချိန်(၃၀၀)လှူဒါန်းပြီး အများပြည်သူအလှူငွေဖြင့် စေတီတော် ဂေါပကအဖွဲ့မှ တည်ဆောက်ခဲ့ပါသည် ဟု ကမ္ဗည်းမော်ကွန်းကျောက်စာ ရေးထိုးခဲ့ပါတယ်ရှင်။စေတီတော်မြတ်ကြီးအား ၁၃၇၈ခုနှစ်၊ပြာသိုလဆန်း ၆ရက်(3.1.2017)မှာ ပန္နက်စတင်ရိုက်၍ ၁၃၇၉ခုနှစ်၊ပြာသိုလဆန်း ၁၃ရက်(30.12.2017)တွင် ပြီးစီးခဲ့ပါတယ်။အချိန်လည်း သျှားတို့မှာ သိပ်မရတာကြောင့် ကျောက်စိမ်းစေတီကြီးမှာ နှံစပ်အောင်တောင်မဖူးမြော်မလည်ပတ်ရသေးဘဲ ရင်ပြင်ပေါ်ကဆင်းကာ အမှတ်တရပစ္စည်းအချို့ ဝယ်ယူပြီး အိမ်ပြန်ခရီးနှင်ခဲ့ကြရပါတယ်ရှင်။အပြန်ခရီးမှာ သျှားရဲ့သိစိတ်၊မသိစိတ်တို့ကပါ ခိုင်မာစွာဆုံးဖြတ်လိုက်သည်က စိတ်မပါစွာကျောခိုင်းခဲ့ရသည့် ကျောက်စိမ်းစေတီတော်ကြီးကို နောက်တစ်‌ခေါက်ထပ်မံ၍ အေးအေးဆေးဆေးလာရောက်လည်ပတ်ဖူးမြော်ဦးမည်။အိမ်အပြန်လမ်းတလျှောက်မှာ ရှုမျှော်မဆုံးလှမ်းမြင်တွေ့နေရတဲ့ စစ်ကိုင်းတံတားကြီးနှင့်စစ်ကိုင်းတောင်ကြီးရှိရာကိုလည်းရောက်အောင်သွားဦးမည်။ကျက်သ‌ရေမင်္ဂလာအဖြာဖြာအပေါင်းနှင့်ပြီးပြည့်စုံစွာ လှပတင့်တယ်ပြီး ကမ္ဘာ့အဖိုးတန် သတ္တိကျောက်စိမ်းများကို မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာများနှင့် ပေါင်းစပ်တည်ထားသောဝေယျောစန ကျောက်စိမ်းစေတီတော်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ဆင်ရွာမြင်းမှူးကျေးရွာမှာတည်ထားကိုးကွယ်လျက်ရှိတာကြောင့် မန္တလေးသို့ ရောက်ရှိပါက ဝေယျောစန ကျောက်စိမ်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကုသိုလ်ပြုရင်း သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။

စာဖတ်သူအားလုံးအပေါင်းကို အစဉ်လေးစားစွာ ကျေးဇူးတင်လျက်.......?

?️~သျှား{3.11.2024}
#SARPHAT
#MANDALAY

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ