Author's Profile Photo

Leo(Nann)❤️

3/11/2024

ချစ်သောဧကရီ အပိုင်း(5)

2 mins read
Novel
Entertainment
Creative
ချစ်သောဧကရီ
အပိုင်း(5)'s photo

ယနေ့ည ဘယ်လိုဖြစ်သည်မသိ။ အခန်းထဲမှာကုမ္ပဏီက ဖိုင်တွေစစ်နေရင်း
အိပ်ချင်စိတ်က တဖွားဖွားဖြစ်နေ၏။
ကော်ဖီတွေသောက်တာလည်း ၂ခွက်ပင်ရှိနေပြီ။

အိမ်တော်ထိန်း ဦးကိုကိုပင် မအိပ်သေးလောက်ပေ။၈နာရီဆိုတာ ဧကရာဇ်အတွက်တော့ အိပ်ရန်စောသေးသည်။

ခါတိုင်းဆိုလျှင် ဒီအချိန် ဘယ်လိုမှ မနေသေး။ယနေ့တော့ မျက်လုံးများပင်စင်းနေချေပြီ။
စစ်လက်စ ဖိုင်တွဲတွေကို သိမ်းပြီး
ကိုယ်လက်သန့်စင်ကာအိပ်ယာဝင်ရန်ပြင်လိုက်သည်။

ရာသီဥတုက အနည်းငယ် အိုက်စပ်စပ်ဖြစ်နေသဖြင့် မအိမ်မီ ခန်းဆီးတွေကိုအကုန်လိုက်ချည်ခဲ့လိုက်သေး၏။
ဧကရာဇ်၏အခန်းမှာ အပြင်ဘက်သို့ထွက်၍ လေညှင်းခံနိုင်သည့်ဝရံတာကလေးရှိသည်။
ခန်းဆီးတွေကိုဆွဲချည်ရင်း ကောင်းကင်ထက်ကလပြည့်ဝန်းကို ငေးလိုက်မိသေးသည်။

"ဪ....လပြည့်ညပါလား"

ထိုအခိုက် အေးစိမ့်စိမ့် လေတစ်ချက်ဝှေ့လိုက်ရာ အိုက်စပ်နေသောအခြေအနေကို ခေတ္တမျှဖြိုခွင်းသွားလေ၏။ထို့နောက်လေနှင့်အတူပါလာသော ညမွှေးပန်းနံ့ ကအဆုတ်ထဲကိုစိမ့်နေအောင်ဝင်သွားလေသည်။ပန်းနံ့ကြောင့်လားပင်မသိ။
တစ်ချက်မျှ "ဟွား"ခနဲ သမ်းမိသွားသေး၏။

ကုတင်ပေါ်သို့ လှဲလိုက်ကာ ခေါင်းအုံးနှင့်ထိလိုက်တယ်ဆိုလျှင်ပဲ အိပ်မောကျသွားတော့သည်။မအိပ်မီနောက်ဆုံးကြားလိုက်ရသည်က

ဝရံတာဘက်မှ ငှက်တစ်ကောင်၏ အတောင်ပံတစ်ဖျတ်ဖျတ်ခတ်သံသာ........။

------------------------------------------------

"ခမ်းစာ...ခမ်းစာ....."

နှုတ်ခမ်းမှ တဖွဖွရွတ်ရင်း မေ့နေရာမှပြန်သတိဝင်လာသည်။
ဝါးဆစ်ခေါက်သံ နှင့်ကန်းပုလွေမှုတ်သံသဲ့သဲ့ကိုဦးစွာကြားလိုက်ရသည်။

တစ်ချိန်ထဲမှာပဲ ကျောဘက်မှ အောင့်တောင့်တောင့် ဝေဒနာကို ခံစားမိလိုက်၏။
သူရိန်မင်းခေါင်တစ်ယောက် နံနက်ခင်းရောင်နီမပျို့ခင်က အဖြစ်အပျက်ကိုပြန်
အမှတ်ရလာခဲ့သည်။

ခမ်းစာ၏ ခြေထောက်ကို လဲသွားသောမြင်း၏ကိုယ်ဖြင့်ပိသွား၍
စိုးရိမ်ပြီး သတိလက်လွတ်ဖြစ်သွားချိန်
ကန်ညာ စစ်သည်တစ်ဦးထံမှ မေ့မျောစေသော အဆိပ်အပ်ဖြင့် မှုတ်ခြင်းခံလိုက်ရခဲ့သည်ပင်။

ယခု သတိပြန်ရတော့ လက်ပြန်ကြိုးတုတ်ခံရလျက် ဒူးထောက်လျက်သားအနေအထားဖြစ်နေပြီး   ပတ်ဝန်းကျင်ကလည်းအတော်ပင်လင်းနေပြီ။ဘယ်နှစ်ချက်ထိုးအချိန်ဖြစ်နေမည်လဲ မပြောတတ်။ဤဒေသက မြူထူသောဒေသဖြစ်သဖြင့် မြူခိုးတို့ကမစဲသေး။

"အား.....ကျွတ်...ကျွတ်"

မေ့မျောနေခဲ့စဥ်အတွင်း ဒူးထောက်လျက်ပုံစံဖြင့် အဘယ်မျှကြာခဲ့သည်မသိ။ညောင်းကိုက်နေကာ တစ်ကိုယ်လုံးကိုရိုက် ချေထားသကဲ့သို့ရှိ၏။
မင်းခေါင်က မျက်လုံးကိုသေချာဖွင့်ပြီး
ကြည့်လိုက်တော့ မိမိဟာ ကန်ညာတပ်စခန်းက အကျဥ်းသားဖြစ်နေပြီဖြစ်ကြောင်းသိလိုက်၏။ အနီးမှာ မြှားတံတစ်ချောင်းကိုကိုင်ကာ ဓားဖြင့် စာလုံးတွေထွင်းနေရင်းစောင့်ကြပ်နေသူ တစ်ဦးကိုလည်းတွေ့လိုက်ရသည်။ထိုသူက
မင်းခေါင်ကိုသာ စူးစူးကြီးစိုက်ကြည့်နေ၏။

ထို့နောက် ခေါင်းထဲသို့ဝင်လာသည်က....

"ခမ်းစာ.....မင်းဘယ်မှာလဲ.....။"

ထိုစဥ် လူတစ်စုနှင့် သူ့ထံသို လျှောက်လာသော လူကောင်ထွားထွားကြီးကို တွေ့လိုက်ရသည်။ ထိုသူထက် လူကောင်ထွားသူကို မင်းခေါင် အရင်က တစ်ခါမျှမတွေ့ဖူးခဲ့။ လည်ပင်းတွင် ကျားစွယ်ကြီးကိုဆွဲထားသော ထိုလူကောင်ကြီးကို စောစောက မင်းခေါင်အားစောင့်ကြည့်နေသော လူငယ်က ဒူးတစ်ဖက်ထောက်လျက် ဘယ်ဘက်ရင်အုံပေါ် လက်တီးဆုပ်ကာကပ်ထားသောအနေအထားဖြင့် အရိုအသေပေးလိုက်သည်။

"သခင့်ကို နှုတ်ခွန်းဆက်ပါတယ်။အသင့်ကျွန် တင်းတုန်းဒီလူစိမ်းကိုအချိန်မလပ်စောင့်ကြည့်လျက်ရှိကြောင်းပါ။သခင်ကြီးက ဘယ်သူ့ကိုမှ သူ့အနားအကပ်မခံဖို့ အမိန့်ပေးထားပါတယ်။
သခင်လာတာကဘာကြောင်းကြောင့်များလဲ"

"ဒီမြေပြန့်သားကို လာကြည့်တာ...ငတင်းတုန်း။ငါ့အဖ နင့်ကိုတာဝန်ပေးထားမှန်းငါသိတယ်။
ငါ့နှမကို ခေါ်သွားတာ ဘယ်လိုကောင်လဲဆိုတာလာကြည့်တာ။"

ပြောရင်း ထိုလူကောင်ကြီးက မင်းခေါင်ကို
နှုတ်ခမ်းတစ်ဖက်စောင်းနေအောင်ပြုံးကာ
စိုက်ကြည့်လာသည်။

"ဪ.......သူရိန်မင်းခေါင်ဆိုတာ ဒီလိုကောင်ပေါ့...ဟုတ်လား.....ဟားဟားဟား"

မိမိကိုဟားတိုက်နေသဖြင့် စူးရဲသောမျက်လုံးအစုံဖြင့်ပြန်ကြည့်လိုက်ရာ

"ငါ့နှမက....အမြင်တော့ရှိသားပဲ။ ဒါမဲ့ ဉာဏ်မသုံးတာပဲပြစ်ချက်ရှိတာ။ဒီလို သာမညကောင်ကို ရွေးတာအံ့တယ်။အပြစ်ကြီးကြီးပေးရမယ်"

မင်းခေါင် အကြောများပင်တုန်ခါသွားသယောင်ယောင်ဖြစ်ကာ......

"ခမ်းစာကို ဘာမှလုပ်ဖို့ မစဥ်းစားနဲ့......။သူ့မှာအပြစိမရှိဘူး။"

"ငမင်းခေါင်.....နင့်ကိုယ်နင်သာ အရင်ပူဦး။
နှောင်ကြိုးတည်းထားတာတောင်
လေတိုက်နေတုန်း....အာဂပဲ....ဟားဟားဟား"

ထိုအခိုက် သူတို့အနားကို နောက်ထပ်တပ်သားနှစ်ယောက်ရောက်ရှိလာ၏။ထိုထဲမှတစ်ယောက်ကို မင်းခေါင် သေချာမှတ်မိနေသည်။ခမ်းစာကို
ပြန်လိုက်ခေါ်ကြတဲ့ အထဲက အဖွဲ့ခေါင်းဆောင်ဖြစ်နေသဖြင့် မျက်လုံးအစုံက ထိုသူဆီသို့သာအကြည့်မြဲလျက်နေ၏။

"သခင်ကယာကို သခင်ကြီးက ခေါ်ခိုင်း လိုက်လို့ပါ။ပျားဖယောင်းနမိတ်ဖတ်မှာမို့ စုရပ်ကို တန်းလာခဲ့ဖို့ မှာလိုက်ပါတယ်"

"ငါ လာခဲ့မယ်လို့ပြောလိုက်"

သူတို့အားလုံးအသီးသီးထွက်သွားကြတော့စောစောက မင်းခေါင်ကိုစောင့်ကြပ်နေသောတပ်သားနှင့် မင်းခေါင်တို့နှစ်ဦးသာကျန်ခဲ့တော့သည်။

မင်းခေါင်စိတ်ထဲမှာတော့
"ခမ်းစာ ဘယ်ရောက်နေမလဲ"
သာတွေးနေမိသည်။

ဆက်ရန်.....


-------------------------------------------------

အဆုံးထိဖတ်ပေးကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်။


အားလုံးကိုအစဥ်လေးစားလျက်.....


Leo


Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသာဘဝ (Episode-2)မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ