Author's Profile Photo

Leo(Nann)❤️

3/11/2024

ချစ်သောဧကရီ အပိုင်း(2)

2 mins read
Novel
Entertainment
Creative
ချစ်သောဧကရီ
အပိုင်း(2)'s photo

"ဘဘရေ........ဒီမှာကြည့်ပါဦး
ကတ်တလီယာ အပွင့်အကြီးကြီးလှလိုက်တာ။အုတ်ခဲရောင်ကြီး.....ဟိဟိ"

သျှင်နန်း က အနားမှာရှိသော ခြံစောင့် အလုပ်သမားကြီးကို လှမ်းပြောလိုက်ခြင်းပင်။

"ဟုတ်တယ်သမီးရေ.......အဲ့ဒါလေးကမနေ့ကမှပွင့်တာ။ခြံထဲမှာ အပွင့်တွေကအများကြီးဆိုပေမဲ့ ခုတလော အရောင်းရဆုံးကတော့ အဲ့ဒီအရောင်ပဲ။"

"ဒါဆို ဒါလေးတွေ များများမှာရမှာပေါ့"

"မောင်သက်ပြောတာတော့ ထိုင်းကိုorderတွေတင်ထားပြီးပြီတဲ့....။သမီးမေမေကို စာရင်းတင်ပြီးပြီလားတော့မသိဘူး။"

သျှင်နန်း၏ မေမေက သစ်ခွခြံကို အလုပ်သမားများဖြင့်သာ လွှဲထားခြင်းဖြစ်သည်။ မောင်သက်နှင့် ခြံစောင့် ဘကြီးမြိုင်တို့ကဆွေမျိုးမကင်းတွေဖြစ်ပြီး သစ်ခွခြံအတွင်းမှာပင် ပျဥ်ထောင်အိမ်ကလေးဆောက်ကာ နေကြသည်။နေစရိတ်၊စားစရိတ်ငြိမ်းနှင့်လစာပေးထားကာ ခြံကို ကြီးကြပ်ခိုင်းထားခြင်းဖြစ်၏။

"နန်းပြန်ရင် ဒန်ဒိုလေးတွေယူသွားချင်သေးတယ်။
ဘကြီး နန်းကိုကူညှပ်ပေးပါဦးနော်။"


"ဟုတ်ပြီလေ...ဘဘပဲညှပ်ပေးလိုက်မယ်၊
မညှပ်တတ်ရင် အပင်နာတတ်တယ်သမီး"


"ဟုတ်ဘဘ...ဒါဆို ဘဘပဲညှပ်ပေးပါ။
ဘုရားပန်းအိုးထိုးချင်လို့ အရိုးရှည်တာလေးတွေ လုပ်ပေးနော်"


ဘကြီးမြိုင်က ခေါင်းငြိမ့်ပြပြီး ဒန်ဒိုခင်းဘက်ထွက်သွားတော့သည်။
သျှင်နန်းတစ်ယောက် ကတ်တလီယာတွေ ဆက်ကြည့်ရင်းအက်စကိုဗန်ဒါတွေဘက်ကို တဖြည်းဖြည်းလျှောက်သွားနေတော့၏။

သျှင်နန်းက သူမပျင်းတိုင်း သူမမေမေပိုင်သောသစ်ခွခြံကြီးထဲလာပြီး ပန်းတွေလာကြည့်တတ်၏။သူမက မကြာမီ၁၈နှစ်ပြည့်တော့မည်ဖြစ်ပြီးနုနုယွယွကလေးနှင့် ရုပ်ရည်ကလေးကအစခန္ဓာကိုယ်သွယ်သွယ်လျလျကလေးအဆုံးလှသွေးကြွယ်နေသူကလေးပါ။ဆံပင်က ခါးလယ်လောက်ရှိပြီး  ရှေ့ဆံစတို့ကို ဖဲပွင့်ကလစ်ကလေးနှင့်နောက်မှာ ညှပ်သိန်းထားသည်ကပင် နန်းဆန်လှသည်။ဒီကနေ့တော့ သခွားရောင် ရင်ဖုံးဝမ်းဆက်ကလေးကို ဝတ်ထားသဖြင့်သူမ၏ ဖြူဝင်းနေသောအသားရောင်လေးကပို၍ပင်ဖြူဥလာ‌သယောင်ယောင်။

တွဲလောင်းကျနေသောသစ်ခွပန်းအိုးတွေကြားမှာ ပန်းတွေနှင့်အပြိုင်လှပနေလေ၏။

ထိုစဥ်......
သစ်ခွပန်းကိုယ်တိုင်လာဝယ်သော
ဒေါ်မြကေသီက ခြံထဲလိုက်ကြည့်ရင်းသျှင်နန်းကိုတွေ့သွားသည်။

"အယ်....သမီးလေးလည်းရောက်နေတာပဲ"

"ဟင်......အန်တီမြ၊ပန်းလာဝယ်တာလား။"

"ဟုတ်ပါ့ရှင်။သစ်ခွပင်ပျိုလေးတွေလည်းလိုချင်သေးတာမို့ ကိုယ်တိုင်လာလိုက်တာ။"

"အန်တီမြနဲ့ဆုံတုန်း စကားလေးဘာလေးပြောရမယ်၊ဒီသစ်ခွခင်းထဲက ပိုးသတ်ဆေးနံ့တွေနဲ့၊လာ...လာ ဟိုဘက်သွားကြစို့။"

ထို့နောက် ဒေါ်မြသီတာကိုခြံ၏တစ်နေရာရှိ သစ်ပင်အောက်ကအလုပ်သမားတွေနားဖို့လုပ်ထားသော

သစ်သားခုံတန်းဆီသို့ခေါ်သွားလိုက်သည်။

သျှင်နန်းမိဘတွေနှင့် ဒေါ်မြသီတာတို့မိသားစုက အတော်လေးခင်ကြပါ၏။သျှင်နှောင်းငယ်ငယ်လေးထဲက  ဒေါ်မြသီတာတို့ခြံထဲ အလည်သွားပြီး ဆော့နေကြ။ဒေါ်မြသီတာကလည်း သျှင်နန်းကို သမီးလေးတစ်ယောက်လိုချစ်သည်မို့ ဒီအရွယ်ရောက်သည်အထိ အရိပ်တကြည့်ကြည့်နေလာခဲ့သည်။ဒီအလှပဂေး ကလေးမကလေးကသူမ၏မျက်စိရှေ့တွင်ပင်ကြီးပျင်းလာခဲ့သည်မဟုတ်လား။


"သျှင်နန်းလေးနော် ၊အန်တီမြတို့အိမ်တောင်လာမလည်တာကြာပြီ"

"ဟဲဟဲ ....လာလည်မှာပေါ့အန်တီမြကလဲ။သမီးသင်တန်းလေးတွေနဲ့ အလုပ်ရှုပ်နေတာကြောင့်မလာဖြစ်တာပါ။"

သျှင်နန်း အားနာသွားသဖြင့် စကားကိုဖာထေးကာပြောလိုက်ရခြင်းပင်။
ဟုတ်တော့လည်းဟုတ်ပါသည်။

ဒေါ်မြသီတာတို့အိမ်ကို သျှင်နန်းမရောက်ဖြစ်တာ နှစ်နဲ့ချီနေပါပြီ။
ကိုးတန်းဖြေပြီးကတည်းက မရောက်ဖြစ်ခဲ့‌တာပါ။ဆယ်တန်းမှာတော့ စာတွေနဲ့လုံးပန်းရင်း ဘာကိုမှ ဂရုမစိုက်အားခဲ့တာပေါ့။သျှင်နန်းရဲ့မိဘများကတော့ အဝင်အထွက်မပျက်ခဲ့ကြပါဘူး။
သို့ပေမဲ့ သျှင်နန်းအတွက်တော့ အနည်းငယ်စိမ်းသွားသလိုပါ။

"အယ်....အန်တီ့ကို မေမေဖိတ်ပြီးပြီလားမသိဘူး။နောက်လမှာနန်းရဲ့မွေးနေ့ရှိတယ်ရယ်....ဆက်ဆက်လာခဲ့နော်အန်တီမြ"

"သမီးမေမေကကြိုပြောထားပြထားပြီးပါပြီ။အန်တီမြလည်း သျှင်နန်းလေးမွေးနေ့ကိုမှတ်မိပါတယ်ကွယ်။"

"ဒါနဲ့ ဘဘမြတ်ကောနေကောင်းရဲ့လား..."

"ကောင်းပါ့ရှင်....သမီးလေးလာမလည်လို့တောင်သမီးဘဘကပြောနေသေးတာ။
သားဧကရာဇ်တောင်ဒီအပတ်ထဲ အပြီးပြန်လာမယ်ဆိုလား"

"ဟင်....ဟုတ်လား"


ဦးငယ်နိုင်ငံခြားပြန်လာတော့မည်ဆို၍ သျှင်နန်း မျက်လုံးကလေးဝင်းလက်သွားသည်။

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်နှင့်အတူ ဝမ်းသာရိပ်တို့ကပျောက်ကွယ်သွားပြန်သည်။

"ဦးငယ်က နန်းကိုမှတ်မိမှာတောင်မဟုတ်ဘူး"

"သားက သျှင်နန်းလေးကို မှတ်မိမှာပါ။ကိုယ့်ညီမလေးကို မေ့မှာမဟုတ်ပါဘူး။"

ဒေါ်မြသီတာတစ်ယောက် ပြုံးရယ်လျက် သျှင်နန်းကိုပြောလိုက်၏။


ဦးငယ်ဆိုသူ သျှားဧကရာဇ်က  သျှင်နန်းထက်  ၁၁နှစ်မျှကြီးသည်။
ဧကရာဇ် လူပျိုပေါက်အရွယ်မှာ သျှင်နန်းကတော့ ကလေးလေးအရွယ်ဖြစ်ပြီးပြေးလွှားဆော့ကစားတုန်းရှိသေး၏။

သျှင်နန်းအသက်၁၀နှစ်လောက်မှာ ဧကရာဇ်က Londonကိုထွက်သွားခဲ့သည်။အဲ့ကတည်းက မတွေ့ဖြစ်ကြတော့သည်မို့သျှင်နန်းအဖို့ဦးငယ်၏ရုပ်ကိုတောင်မေ့လုလုဖြစ်နေပြီမဟုတ်လား။

ထိုနေ့က သျှင်နန်းနှင့်ဒေါ်မြသီတာတို့နှစ်ယောက်ရောက်ရာပေါက်ရာများပြောရင်း သစ်ခွခြံတွင်သာ အချိန်ကုန်နေခဲ့တော့၏။

ဆက်ရန်........


-------------------------------------------------

အဆုံးထိဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတစ်ဦး
တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
ဝေဖန်အကြံပြုထောက်ပြလိုပါက
Leoရဲ့ Tg acc[  @Nanthirihlai ]
သို့လာရောက် အကြံပြုနိုင်ပါပြီရှင့်။

အားလုံးကိုအစဥ်လေးစားလျက်...

Leo

Keep Reading

တစ်ကျွန်းစံ၏အပြန်လမ်းချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 25ဘဝမှာနောင်တမရစေဖို့ ရွေးချယ်ရမယ့် အရာများမပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေမိစ္ဆာကျွန်းEnglish Speakingတိုးတက်ချင်ရင် ဒီအချက်တွေ လုပ်ဆောင်ပေးပါ🩷 𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚ကိုယ်ပိုင်ဝေဒနာရဟန်းတန်မဲ့ လန့်ခဲ့သည်စိတ်ဒေါသဖစ်နေတဲ့အခါ ဒေါသထွက်နေတဲ့ အချိန်မှာ စကားမပြောပဲ နေလိုက်တာဟာ ...