မောရိသျှ
ရုန်းထွက်ဖို့ မလွယ်ကူတဲ့ တဏှာရဲ့ လှည့်စားမှုတွေကြောင့်၊ ဘဝ ဟာ အမိုက်အမှောင်တွေ အကြားမှာ လွတ်မြောက်ဖို့ မလွယ်ကူတဲ့ အရာ ဖြစ်လာသလို၊ လွတ်မြောက်ဖို့တောင် မလိုတော့တဲ့ အခြေအနေ အထိ ပြောင်းလဲ သွားတယ်။
ဘဝ ဆိုတာ မက်မောစရာ ဖြစ်လာတယ်။ ဘဝဆိုတာ လိုချင်စရာ ဖြစ်လာတယ်။ ဆင်းရဲတဲ့ ဘဝပဲ ဖြစ်ဖြစ်၊ မွဲတေနေတဲ့ ဘဝပဲ ဖြစ်ဖြစ်၊ အသက်ရှင်မှု ဆိုတာနဲ့တင် ရချင်စရာ ဖြစ်သွားတယ်။ မကောင်းတာကို သိနေ လျက်နဲ့တောင်မှ ကောင်းတာကို ရအောင် လုပ်လို့ ရသေးတယ် ဆိုတဲ့ တလွဲအသိနဲ့ ဘဝကို တောင့်တကြတယ်။
အဲ့တော့ တဏှာဆိုတာက အပြစ် မဟုတ်တော့ဘဲ၊ အနှစ်သာရ ဖြစ်လာတယ်။ ဘဝ ဆိုတာက ဆင်းရဲမှု မဟုတ်တော့ဘဲ၊ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာတယ်။ စစ်ပွဲနဲ့တူတဲ့ ဘဝကို အနိုင်မဟုတ်ရင်တောင်၊ ရှင်သန်အောင် တိုက်ရဲမှ တန်ဖိုးရှိတဲ့ အနေအထား ဖြစ်လာတယ်။
တောင့်တမှု၊ စွဲမက်မှု၊ တပ်မက်မောမှုတွေရဲ့ စေ့ဆော်မှုအောက်မှာ ဘဝရဲ့ အဓိပ္ပါယ် အစစ် ပျောက်ဆုံးနေ ခဲ့တယ်။ ကောင်းခြင်း နဲ့ ဆိုးခြင်းမှာ အတိုင်းအတာတွေ ရှိလာတယ်၊ အကောင်းဆုံး ဆိုတာ ရှိသလို၊ အဆိုးဆုံးဆိုတာ ရှိလာတယ်။တစ်သတ်မှတ်တည်း သွားနေတဲ့ မျဉ်းဟာ ပြိုင်မျဉ်းတွေကြောင့် ရှုပ်ထွေးသွားတယ်။ အစွန်း မရှိသင့်တဲ့ ဘဝက အစွန်းနှစ်ဖက် အကြားမှာ ဟိုဘက်ကူးလိုက်၊ဒီဘက်ယိမ်းလိုက်နဲ့ပရမ်းပတာ ဖြစ်သထက် ပိုဆိုးရွားလာတယ်။
အကောင်း နဲ့ အဆိုးဆိုတဲ့ ဆန့်ကျင်ဘက် တရားကြောင့် ဘဝက ရှုပ်ထွေးသထက် ပိုရှုပ်ထွေးသွားတယ်။ အသက်ရှင်မှု ဆိုတာက တဏှာကြောင့် လူတွေကို လှည့်စားခဲ့ရာက၊ နောက်ဆုံးမှာ တစ်ချို့သော လူတွေ အတွက် ဘဝဆိုတာက ထောင်ချောက်တစ်ခုလိုမျိုး ခံစားလာမိကြတယ်။ အဲတော့ အစွန်းနှစ်ဖက်ရဲ့ အစွန်းကျဆုံး ကို ရောက်အောင် သွားလိုက်ရင် လွတ်လမ်း ရလိမ့်မယ် အတွေးမျိုး ထင်မြင်လာကြတယ်။
အဲဒီ တလွဲ အတွေးနဲ့ ဘာပဲလုပ်လုပ် အဆုံးထိ လုပ်ကြသလောက်၊ တကယ်တမ်း အကျိုးဖြစ်လောက်တဲ့ အထိ အကျိုးရလဒ် မရဘဲ၊ လွတ်လမ်းကို ရှာတွေ့ရမယ့်အစား၊ အဆုံးသတ် မရှိတဲ့ အစွန်းရောက်မှုနဲ့အတူ၊ စမ်းတဝါးဝါးဖြစ်သွားပြီး၊ လမ်းပျောက်သွားကြတယ်။
နှစ်ထောင်နဲ့ချီ လမ်းပျောက်နေခဲ့ရာက ဗုဒ္ဓရဲ့ ဉာဏ်အလင်း အသိနိုးထလာမှုကြောင့် လမ်းစ ပြန်ရခဲ့ကြတယ်။ တဏှာဆိုတဲ့ အစွဲကို အနိုင်ယူနိုင်တဲ့ နည်းလမ်း၊ ဘဝဆိုတဲ့ အဆုံးမဲ့ သံသရာကနေ လွန်မြောက်နိုင်တဲ့ နည်းလမ်း၊ ဆင်းရဲမှုတွေကို အပြီးတိုင် အဆုံးသတ်နိုင်မယ့် နည်းလမ်း၊ အမှန်တရား လေးခုကို အခြေခံပြီး၊ သံသရာ စက်ကွင်းကြီးထဲကနေ လွတ်မြောက်သွားနိုင်ဖို့ ဂေါတမဗုဒ္ဓက လမ်းညွှန်နိုင်ခဲ့တယ်။
တဏှာ ဆိုတဲ့ အစွဲကို ပယ်နိုင်ဖို့က ပထမဆုံးခြေလှမ်းပါ။ အစွဲကို ပယ်တယ်ဆိုတာက အစွဲကို ဖြစ်ခွင့်ပေး ထားပြီး၊ တစ်ဖက်လှည့်နဲ့ ထိန်းချုပ်တာမျိုးပါ။ အပင်ကောင်းရဲ့ ရေသောက်မြစ်နဲ့တွယ်ပြီး ဖြစ်လာတဲ့ အဆိပ်နွယ်ပင်ကို တစ်ခါတည်း အမြစ်ဖြုတ် သတ်လိုက်လို့ မရပါဘူး။ အပင်ကောင်းပါ ပျက်စီးသွားနိုင်တယ်။ အဲဒီတော့ အဆိပ်နွယ်ပင်ကို ချက်ချင်း မခုတ်မသင်ဘဲနဲ့၊ အသီးအပွင့် မဖြစ်အောင်၊ အရွက်သစ်၊ ရွက်ညွှန့် မဝေ နိုင်အောင် သင်တုန်းတာမျိုးကို အစွဲပယ်တယ်လို့ ခေါ်တယ်။
အတင်းကာရော စိတ်ဇောကြီးနဲ့ အစွဲအလမ်း ဖြစ်နေတဲ့ စိတ်ဝသီကို ဖီဆီးမြိုသိပ်၊ တားလို့ မရပါဘူး။ စိတ်ပင်ပန်း သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။
လက်မောင်းကို ရစ်ပတ်ထားတဲ့ မြွေဆိုးကို အတင်းဖြုတ်ရင် ကိုက်ခံရနိုင်တယ်၊ အဲတော့ မာယာရှင်ကို ပရိယာယ်နဲ့ ပြန်လှည့်စားနိုင်ရမယ်။ တဖြည်းဖြည်းချင်း ရစ်ပတ်သိုင်းခွေ ထားတဲ့ မြွေဆိုးရဲ့ အားကို လျှော့သွားအောင် လုပ်ရမယ်။ သူ့အဆိပ်နဲ့သူ၊ သူ့သဘာဝနဲ့သူ လျှောသွားအောင် လုပ်ရမယ်။ ဘာလို့ မြွေဆိုးက ရစ်ပတ်ထားလဲ? ဆိုတာကို သိအောင်လုပ်ရမယ်။
ကိုယ့်စိတ်ကို ပြန်သုံးသပ်ပြီး - ငါ ဘာကြောင့် ဒါကို လိုချင်နေမိတာလဲ။ ငါ ဘာကြောင့် အသက်ရှင်ချင်တာလဲ။ ငါ ဘာလို့ တမ်းတမ်းစွဲ ဖြစ်နေတာလဲ။ ငါ ဘာလို့ အငမ်းမရ ဖြစ်နေတာလဲ။ ရှိရင်းစွဲ စိတ်ကို အခြေခံပြီး၊ ကိုယ့်စိတ်ကို နားလည်အောင် လုပ်ရမယ်။
စာပေကျမ်းဂန်တွေထဲမှာ ပြောထားတဲ့အတိုင်း ရမ်းသန်း လက်ခံလိုက်မယ့်အစား၊ ကိုယ့်ကိုယ်ကို အဖြေ ရှာ နိုင်ရမယ်။ ဘာပဲလုပ်လုပ် ကိုယ့်လက် ကိုယ့်ခြေနဲ့ မလုပ်ဘဲ၊ အလွယ်လမ်း လိုက်တဲ့သူတွေ အတွက် အမှန် တရားဆိုတာရဲ့ တန်ဖိုးကို လုံးဝ သိနိုင်၊ နားလည်နိုင်မှာ မဟုတ်ပါ။ ကိုယ့်စိတ်နဲ့ကိုယ်၊ ကိုယ်တိုင် လုပ်ရဲ၊ ကိုင်ရဲ၊ ကျင့်ရဲ၊ ကြံရဲပြီးမှ သိခဲ့နားလည်ခဲ့တာကို ဆင်ခြင်သုံးသပ်နိုင်သူသာလျှင် ရဲတင်းသူ၊ အောင်နိုင်သူ အစစ် ဖြစ်ပါတယ်။
နားလည်တဲ့ “အသိ” ရှိပြီဆိုတာနဲ့၊ တဏှာ ဆိုတာကို ခွဲခြမ်းစိတ်ဖြာ တတ်ပါလိမ့်မယ်။ ဒါဆိုရင် အစွဲကို တဖြည်းဖြည်းချင်း ပယ်နိုင်လိမ့်မယ်။ အစွဲကို ပယ်တဲ့နေရာမှာ - အသေးအမွှားလေးက စပြီး ပယ်ရမယ်။ Will Power လို့ ခေါ်တဲ့ စိတ်စွမ်းအားကို အသုံးချတတ်ရမယ်။ ငါ ဒါကို မလုပ်ဘူး လို့ ဆုံးဖြတ်ထားရင် မလုပ် ဖြစ်အောင် ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ပြီး၊ တပ်မောမှု၊ တွယ်တာမှု၊ လိုချင်မှု၊ တောင့်တမှု စတဲ့ ကိုယ်ကျိုး မရှိတဲ့ အစွဲလေးတွေက စပြီး ပယ်တတ်အောင် ကျင့်ကြည့်ပါ။ အဲဒီ အစွဲလေးတွေ တခုပြီး တခု ပယ်နိုင်၊ ထိန်းနိုင် လာရင် စိတ်ရဲ့ တည်ကြည်မှု၊ ခိုင်မာမှု၊ အားရှိမှုကို လက်တွေ့ ခံစားရပါလိမ့်မယ်။
အစွဲတွေကို ပယ်တတ်လာရင်၊ စိတ်စွမ်းအားလည်း အားကောင်းလာပါလိမ့်မယ်။ အဲတာကို သမာဓိအားကောင်းလာတာလို့ မှတ်ပါ။ သမာဓိ အား ရှိလာရင် စိတ် ရဲ့ တင်းကြပ်မှု၊ ချုပ်တည်းမှုတွေက အဓိပ္ပါယ်ရှိ လာပြီး - ကိုယ့်ဘဝ အတွက် တကယ် အကျိုးရှိတာကို မြင်တတ်၊ ကြည့်တတ်၊ လုပ်တတ်လာပါလိမ့်မယ်။
ဗုဒ္ဓ ဟောကြားခဲ့တဲ့ ဓမ္မဟာ - ရိုးရှင်းပြီးသားပါ။ ယုံကြည်စရာလည်း မလိုအပ်ပါဘူး။ ကိုးကွယ်စရာလည်း မလိုအပ်ပါဘူး။ သက်ဝင်မှုလည်း မလိုအပ်ပါဘူး။ လုပ်ကြည့်ချင်တဲ့ စိတ်ရှိရင် လိုက်လုပ်ကြည့်ပါ၊ ကိုယ့် အတွက် အကျိုးရှိလို့ ဆက်လုပ်ချင် လုပ်လိုက်ရုံပါပဲ၊ ယုံကြည်မှ အလုပ်ဖြစ်တဲ့ ဓမ္မ မဟုတ်သလို၊ ကိုးကွယ်ထားမှ ဓမ္မရဲ့ ပန်းတိုင်ကို ရောက်နိုင်တာလည်း မဟုတ်ပါ။
လက်တွေ့ကျတဲ့ အရာမို့ ဓမ္မလို့ ခေါ်တာပါ။ အကြောင်း ရှိလို့ အကျိုးဆက် ဖြစ်လာတာကို ဓမ္မလို့ ခေါ်ပါတယ်။ ယုံကြည်ဖို့၊ ကိုးကွယ်ဖို့၊ ဆည်းကပ်ဖို့၊ သက်ဝင်ဖို့အတွက် ရှိလာတဲ့ ဓမ္မ မဟုတ်ပါ။ ဂေါတမ ဗုဒ္ဓက ဟောလို့ ဓမ္မ ဖြစ်လာတာလည်း မဟုတ်ပါ။
ဂေါတမ ဗုဒ္ဓဟာ ဓမ္မကို မြင်နိုင်ခဲ့လို့သာ ဗုဒ္ဓ ဖြစ်လာတာပါ။ ဒါပေမဲ့ ဗုဒ္ဓသာ ဓမ္မကို မမြင်ခဲ့ရင် ဓမ္မဆိုတာကို သိကြမှာ မဟုတ်တဲ့အတွက်၊ ဗုဒ္ဓကို ကျေးဇူတင်တဲ့အနေနဲ့ ရှေ့ဦးထားတာ ဖြစ်ပါတယ်။
ဓမ္မသည် ဘာသာ မဟုတ်ပါ။ ထုံးတမ်း မဟုတ်ပါ။ အစဉ်အလာ မဟုတ်ပါ။ လိုက်နာစရာ မလိုအပ်ပါ။ လက်တွေ့ ကျကျ ကျင့်ကြံမှ နားလည်နိုင်မယ့် အရာမျိုး ဖြစ်ပါတယ်။ တစ်ပါးသူရဲ့ စေ့ဆော်မှုကို အခြေခံပြီး လိုက်လုပ်ရမယ့် အရာမျိုး မဟုတ်ပါ။ ကိုယ်ပိုင် အတွေး၊ ကိုယ်ပိုင် အသိ၊ ကိုယ်တိုင် လုပ်ထားတဲ့ လုပ်ရပ်ကို အခြေခံနိုင်မှ အကျိုးဆက် ပေးနိုင်တဲ့ အရာမျိုး ဖြစ်ပါတယ်။ ဓမ္မဟာ အမိုက်မှောင်ကို ခွင်းမယ့် အလင်းရောင် တံခါး သော့ ဖြစ်ပါတယ်။
#မောရိသျှ
⸻ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - အဝိဇ္ဇာအမှောင်မှ လွန်မြောက်ကျင့်ကြံခြင်း
Keep Reading