စောမြတ်နွယ်
လွန်ခဲ့တဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်လောက်ကပေါ့။ English စာ တတ်ချင်တာ အရူးအမူးဖြစ်နေတဲ့အချိန်ပေါ့ရှင်။
ကိုယ်က English စာကို အရူးအမူးဖြစ်နေပေမယ့် သင်ပေးမယ့် ဆရာကမရှိ။အဲ့ဒီခေတ်အခါက အခုလို online education တွေလည်း မပေါ်သေးဘူးပေါ့။
အဲ့ဒီတော့ Englishစာ တတ်ချင်ဇောနဲ့ vocabulary တွေ ကျက်၊ Grammar တွေလေ့လာ၊ ညဘက်တွေဆို ညတိုင်းလိုလို ၁၂နာရီပတ်ဝန်းကျင်လောက်မှ အိပ်ဖြစ်တယ်။
အဲ့ဒီအချိန်တုန်းက ကျက်ခဲ့တဲ့ တချို့ vocabulary တွေကို အခုအချိန်ထိ မမေ့ဘူး။
အခုလည်း Englishစာ လေ့လာနေတာပါပဲ။ဒါပေမယ့် ကြားထဲမှာ အချိန်အကြာကြီး ပြတ်သွားသေးတယ်။ စာသေချာပြန်လေ့လာဖြစ်တာက ဒီနှစ်ထဲကျမှပါ။
ပြောချင်တာက အဲ့ဒီအချိန်တုန်းက ကျက်ခဲ့တဲ့ vocabularyတွေကျ မှတ်မိနေပြီး ခုနောက်ပိုင်းမှတ်ထားတဲ့ အရာတွေကျ အဲ့တုန်းကစာတွေလောက် ဦးနှောက်ထဲမှာ မစွဲဘူး။
အဲ့ဒီတော့ ကျွန်မက ကျွန်မအဖေ့ကို အဲ့အကြောင်းပြောမိတာပေါ့။
" အဲ့အချိန်တုန်းက ကျက်ခဲ့တဲ့ စာတွေကျ မှတ်မိနေပြီးတော့ အခုနောက်ပိုင်းစာတွေကျ ဘာဖြစ်လို့ အဲ့စာတွေလောက် ဦးနှောက်ထဲမှာ မစွဲတာလဲလို့ မေးကြည့်မိတယ်။
အဲ့ဒီနေ့က ကျွန်မတို့အိမ်ကို ကျွန်မတို့ အိမ်နားနီးချင်း ဘကြီးတစ်ယောက်ကလည်း အိမ်အလည်လာတဲ့အချိန်နဲ့ကြုံတိုက်တော့ အဲ့ဘကြီးက ပြောပြတယ်။
အဲ့ဘကြီးအသက်က ၈၀ကျော်လောက်ရှိပြီ။အဲ့ဘကြီးက ဘာပြောပြလဲဆိုတော့
သူတို့ငယ်ငယ်ကလေးဘဝတုန်းက ယာထဲတောထဲမှာ ညအိပ်ညနေ နေပြီး တောင်ယာလုပ်ကြရတယ်။
အဲ့ဒီတော့ တောထဲမှာ ချက်ပြုတ်စားသောက်ဖို့ သုံးဖို့ ရေလိုအပ်တာပေါ့။ တောထဲဆိုတော့ ရေကလွယ်လွယ်ကူကူတော့မရဘူး။
ရေကန်ရှိတဲ့နေရာကို သွားပြီး ရေခပ်ကြရတယ်။ တောထဲက ရေကန်ဆိုတော့ ဖုံးအုပ်ထားလို့လည်း ရတာမဟုတ်ဘူးလေ။အဲ့ဒီတော့ ရေကန်ထဲမှာ ရေကန်ပတ်လည်မှာရှိတဲ့ သစ်ပင်တွေက ကြွေကျနေတဲ့ သစ်ရွက်တွေ အမှိုက်တွေရှိတာပေါ့။
အဲ့ဒီတော့ ရေခပ်တဲ့အခါ ရေရဲ့အပေါ်ယံမှာ ရှိနေတဲ့ အမှိုက်တို့ ရေမှော်တို့ကို ရေအိုးဖင်လေးနဲ့ ဖယ်လိုက်ရတယ်တဲ့။
အဲ့ဒီလို အမှိုက်တွေ ရေမှော်တွေ မရှိတော့တဲ့အခါ ရေကကြည်လင်နေပြီး ကိုယ့်အရိပ်ကိုတောင် ရေထဲမှာ ပြန်ကြည့်လို့ရတယ်တဲ့။
တကယ်လို့ ရေအပေါ်ယံမှာ ရှိနေတဲ့ အမှိုက်တွေ ရေမှော်တွေကို ဖယ်မပစ်ဘူးဆိုရင် ရေက နောက်နေတော့ ရေမှာ ဘာအရိပ်မှ မထင်နိုင်ဘူးတဲ့။
အဲ့ဒီသဘောအတိုင်းပဲတဲ့။ကိုယ်ရဲ့စိတ်မှာ
စိတ်ရဲ့အညစ်အကြေးတွေ ရှိနေမယ်ဆိုရင် နောက်ကျိနေတဲ့ရေမှာ အရိပ်မထင်သလိုပဲ ကိုယ့်ရဲ့စိတ်အာရုံမှာ ဘာကိုမှ ဖမ်းဆုပ်လို့မရနိုင်ဘူးတဲ့။
ဒါကြောင့်မို့ အဲ့ဒီအချိန်တုန်းက ကိုယ့်ရဲ့စိတ်မှာ စိတ်အညစ်အကြေးတွေမရှိဘဲ ကြည်လင်ကင်းစင်နေလို့ ကိုယ်ကျက်မှတ်သမျှဟာ ရေမှာအရိပ်ထင်သလို ဦးနှောက်ထဲမှာ စွဲစွဲ မြဲမြဲကျန်နေခဲ့တာတဲ့။
နောက်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကဆိုတော့ အခုလို အလုပ်အကိုင်လည်း အတည်တကျမရှိသေးတဲ့အချိန် နုငယ်တုန်းအချိန်ဆိုတော့ သေချာတာက သိပ်ပြီး ပူပင်သောက မရှိသေးတဲ့အရွယ်လို့ ပြောလို့ရတယ်။
အခုရောက်နေတဲ့အရွယ်နဲ့စာရင် စိတ်ဖိစီးစရာ များများစားစား မကြုံရသေးတော့ စိတ်အညစ်အကြေးမရှိသလောက် နည်းပါးသေးတဲ့ အရွယ်ပေါ့။
ဒါကြောင့်လည်း အဲ့ဒီအချိန်တုန်းက ဖတ်ခဲ့မှတ်ခဲ့တာလေးတွေက ဦးနှောက်ထဲစွဲနေတယ်ထင်ပါရဲ့။
ဒီနေရာမှာ စိတ်အညစ်အကြေးဆိုတဲ့အရာက ဘာကိုဆိုလိုတာလဲဆိုတာ ပြောပြပါရစေ။
အဲ့ဒီတော့ စိတ်အညစ်အကြေးဆိုတာ ဘယ်လိုအရာတွေကိုပြောတာလဲဆိုတော့ နီဝရဏတရား ၅ပါးလို့လည်း ခေါ်တယ်။
ဒီတရား (၅)ပါးကို ဝိပဿနာအားထုတ်ကြတဲ့သူတွေကတော့ သိပါလိမ့်မယ်။
အဲ့ဒီတော့ ဒီနီဝရဏတရား (၅)ပါးရှိနေရင် နိဗ္ဗာန်ကိုမျက်မှောက်မပြုမနိုင်ဘူး၊ မမြင်နိုင်ဘူးလို့ ဘုရားက ဟောထားတယ်။
နီဝရဏရဲ့ အဓိပ္ပာယ်က "ဆို့ပိတ်ခြင်း"လို့ အဓိပ္ပာယ်ရတယ်။ဘာတွေကို ပိတ်ဆို့တာလဲဆိုတော့ ကိုယ့်ရဲ့သန္တန်မှာ ကောင်းတဲ့စိတ်တွေ ကုသိုလ်စိတ်တွေ မဖြစ်ထွန်းနိုင်အောင် တရားသဘောနဲ့ပြောမယ်ဆိုရင် တရားအားထုတ်လို့မရနိုင်အောင် ဆို့ပိတ်ထားတဲ့အရာတွေလို့ပြောလို့ရတယ်။
အဲ့ဒါတွေက ဘာတွေလဲဆိုတော့
၁။ ကာမစ္ဆန္ဒ
၂။ ဗျာပါဒ
၃။ ထိန မိဒ္ဓ
၄။ ဥဒ္စစ္စ ကုက္ကုစ္စ
၅။ ဝိစိကိစ္ဆာ တို့ ဖြစ်ပါတယ်။
၁။ ကာမစ္ဆန္ဒ
လိုချင်စရာ ကာမဂုဏ်အာရုံတွေအပေါ်မှာ လိုချင်တပ်မက်နေတဲ့ စိတ်ဆန္ဒဖြစ်တယ်။ မျက်စိက လှတဲ့အရာလေးတွေ မြင်ရင် လိုချင်တယ်၊ရချင်တယ်။နားကသာယာ နာပျော်ဖွယ်အသံလေးတွေကြားရတာ နှစ်သက်တယ်။နှာခေါင်းက မွှေးကြိုင်တဲ့အနံ့တွေကို ရှူရှိုက်ရတာ ကြိုက်တယ်။လျှာက ကောင်းမွန်တဲ့အရသာတွေကို ခံစားချင်တယ်။ခန္ဓာကိုယ်က နူးညံ့တဲ့ အထိအတွေ့တွေကို ထိတွေ့ခံစားချင်တယ်။ တစ်ခါရပြီးလဲ ရောင့်ရဲခြင်းမရှိဘဲ ထပ်ခါထပ်ခါလိုချင်တယ်၊တောင့်တတယ်။စွဲလမ်းနေတယ်။
၂။ဗျာပါဒ
ကိုယ်ရယူပိုင်ဆိုင်ထားတဲ့ အရာတွေ ပျက်စီးသွားမှာ ဆုံးရှုံးသွားမှာကို စိုးရိမ်ပူပန်တဲ့စိတ်ဖြစ်ပါတယ်။မဖြစ်လာသေးတဲ့အနာဂတ်အတွက် တွေးပူနေမယ်၊ကိုယ်ချစ်သူခင်သူတွေနဲ့ ခွဲခွာရမှာကို စိုးရိမ်ကြောင့်ကြနေမယ်၊ပူပန်သောကများနေမယ်၊အမျိုးမျိုးတွေးပြီး စိတ်သောကရောက်နေမယ်။
၃။ ထိန မိဒ္ဓ
ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုကို စိတ်မပါတာ လုပ်ချင်ကိုင်စိတ်မရှိတာ စိတ်မပါလက်မပါ ပျင်းရိလေးတွဲ့နေတာဖြစ်ပါတယ်။
၄။ဥဒ္စစ္စ ကုက္ကုစ္စ
ကိုယ့်ရဲ့ စိတ်ဟာ ပျံ့လွင့်နေမယ်။တည်ငြိမ်မှုမရှိဘူး။ဘယ်အရာကိုမှ အာရုံစူးစိုက်လို့မရဖြစ်နေတာက ဥဒ္ဒစ္စ ဖြစ်ပြီး ဖြစ်ပေါ်လာတဲ့အရာတွေအပေါ် မကျေမနပ်ဖြစ်နေမယ်၊ ပူလောင်နေတယ်ဆိုတာ ကုက္ကုစ္စဖြစ်ပါတယ်။
၅။ဝိစိကိစ္ဆာ
ယုံမှားသံသယဝင်တဲ့စိတ်ဖြစ်ပါတယ်။ကိုယ်လုပ်တဲ့အလုပ်တစ်ခု ကိုယ်လျှောက်တဲ့လမ်း ကိုယ့်ရဲ့နည်းလမ်းက ဟုတ်ရောဟုတ်ပါ့မလားဆိုတဲ့ ယုံကြည်မှုလျော့နည်းလာတာ ၊ ရပ်တန့်ပစ်လိုက်တာမျိုးဖြစ်ပါတယ်။
ဒါကတော့ မြတ်စွာဘုရားဟောထားတဲ့ နိဗ္ဗာန်ကို မရောက်နိုင်အောင် ဆို့ပိတ်စေတတ်တဲ့ နီဝရဏတရား ၅ပါးဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ကျွန်မဆိုလိုချင်တာက နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ဖို့ကို ပြောချင်တာမဟုတ်ဘူး။
ဒီအရာတွေရှိနေရင် နိဗ္ဗာန်မှ မဟုတ်ဘူး ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်း အားထုတ်တဲ့နေရာမှာလည်း အဆို့အပိတ်ဖြစ်စေတယ်ဆိုတာလေးကို ပြောပြချင်တာပါ။
ကျွန်မတို့ ဘာပဲလုပ်လုပ် ဒီအပေါ်က ပြောသွားတဲ့ အချက်တွေ စိတ်ထဲမှာ ဖြစ်ပေါ်နေတယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုမှာ အာရုံစူးစိုက်ဖို့ အလွန်မတန်မှ ခက်ပါလိမ့်မယ်။
ဒီအရာတွေ စိတ်ထဲမှာရှိနေတာက စိတ်ကို ညစ်နွမ်းသွားစေတတ်တယ်၊ပူလောင်စေတယ်၊ကိုယ့်ရဲ့ စဥ်းစားတွေးခေါ်နိုင်တဲ့ ဉာဏ်တွေကို အားပျော့သွားစေနိုင်တယ်။
ဒါကြောင့်မို့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်မှာ နီဝရဏတရား (၅)ပါးစလုံး ကင်းစင်နေဖို့ လိုအပ်ပါတယ်။
#စောမြတ်နွယ်
2.11.2024
မှတ်ချက်။ ။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ နီဝရဏတရား (၅)ပါး တရားတော်မှ ထုတ်နုတ်ရေးသားပါသည်။
Keep Reading