Author's Profile Photo

ဂျာနယ်ကျော် မမလေး

30/10/2024

"လူထူးလူဆန်း (အပိုင်း - ၂)"

9 mins read
Fiction
"လူထူးလူဆန်း (အပိုင်း - ၂)"'s photo

အိမ်ပြောင်းခါစအိမ်ထောင်ပစ္စည်းများခင်းကျင်းပြင်ဆင်လျက်​ အလုပ်များနေလေသည်။“ ဦးအုန်းလာပါတယ်၊ သူလာနိုင်ပါသတဲ့လား​ခင်ဗျာ​” သူ၏ ရှေ့တော်​ပြေးဒရိုင်ဘာသည်အိမ်ပေါက်ဝ၌ရပ်လျက်ခွင့်တောင်းနေ၏။“ပြောလိုက်ပါရှင်၊လာနိုင်ပါတယ်လို့” ကျွန်မမှာ.အိမ်ဝ၌ရပ်လျက်​ အိမ်ရှင့်ဝတ္တရားအတိုင်းဆီးကြိုနေသည်။“ကျွန်တော်လာရမလား”သူ့ထုံးစံစဉ်လာကို​ မှတ်သားထားသော ကျွန်မက ပြုံး၍ ခေါင်း​ညိတ်လိုက်သည်။ ဖြည်းလေးစွာ လှမ်းလျှောက်လာစဉ် မြင့်မားသော သူ့ခန္ဒာကိုယ်ကြီးမှာ ကိုင်းနေလေသည်။ တွေ့စက အဝတ်အစားနှင့်ပင် သားရေအိတ်ကြီး ဆွဲလာလေသည်။အိမ်အောက်ထပ်၌ စာအုပ်ဗီရိုများ တန်းစီချကာ တောင်ပုံရာပုံ ဖြစ်နေသောစာအုပ်တွေမှာ ပီရိုထဲ မသွင်းရသေးဘဲ ရှုပ်နေလေ၏။ အိမ်ပေါ်ရှိ ဧည့်ခန်းဆောင်သို့ ခေါ်လာခဲ့ရသည်။အိမ်ဆေး
သုတ်ပြီးစ မခြောက်သေးသော ဆေးနံ့များမှာ စူးရှစွာ နံနေလေသည်။

“ခင်ဗျားအိမ်က​ အတော်ကောင်းသားပဲ”သူသည်​ မထိုင်ခင်အိမ်ပေါ်တွင်ဟိုဟိုသည်သည်လျှောက်ကြည့်နေလေ၏။လှေကားထိပ်ရှိ အခန်းထဲသို့ရောက်လျှင် ၀င်ဝင်ချင်း ဗီရိုနိမ့်နိမ့်တစ်ခုပေါ်၌တင်ထားသော ပန်း​ိုးကလေးထဲမှ ဖြူဖွေးသော နှင်းဆီပွင့်ခိုင်ကို လှမ်း​၍ စိုက်ကြည့်သည်။ အခန်းထဲ၌ခုတင်တစ်လုံး၊ မှန်ခုံတစ်ခုံ၊အဝတ်ဗီရိုမနိမ့်မမြင့်နှစ်လုံး၊ ဒိုဘီခြင်းကလေး
တစ်ခု၊ မျက်နှာသုတ်ပဝါ လှမ်းသည့် စင်နိမ့်ကလေးနှင့် စာအုပ်ထည့် မှန်ဗီရိုငယ်တစ်ခုရှိသည်။ အခန်း၏ ကြမ်းခင်းမှာဆေးရောင်တင်တိုက်ထား၍ပြောင်​လက်​နေလေသည်။

“ခင်ဗျားကဘာကြောင့်ကိုချစ်မောင်နဲ့ယူရတာလဲ၊ခင်ဗျားကို​ ချစ်မောင်နဲ့​ ယူဖို့​ မကောင်းဘူး” “ရှင်…” ကျွန်မကမျက်မှောင်ကုတ်၍မေးသည်။သူသည်မျက်​နှာကိုပင့်လျက်​ သိက္ခာဣန္ဒြေရင့်ရင့်နှင့်​ ရှိကာသူ၏ မျက်လုံးများမှာမျက်တောင်များစင်းကျလျက်အပြစ်​တင်မကင်း ကြည့်ရင်း ဆက်ပြောပြန်သည်။“ခင်ဗျား ဘိုနဲ့ယူဖို့ကောင်းတယ်”

ကျွန်မသည်​မျက်မှောင်ကုတ်လျက်ပင်​ မျက်လုံးများမှေး၍ တစ်ခဏလောက်စူးစိုက်၍ ရေးကြည့်လိုက်သည်။ရှင်ပြောစရာလားဟုပြောလိုက်သော်လည်းပြောနေသည့်​ သူအရာသည်​ ကျွန်မ၏မျက်နှာပေါ်၌ ပေါ်၏။သူသည် ပြောပြီး လူကို ဂရုမထားသကဲ့သို့ မှန်​တင်ခုံပေါ်၌ ခင်းကျင်းထားသော ပစ္စည်းများကို လှမ်းကြည့်ပြန်သည်။“ဘာဖြစ်လို့လဲရှင့်”

ကျွန်မအားဖျက်ခနဲလှည့်ကြည့်သည်။ကျွန်မ၏ တည်တည်တင်းတင်းမျက်နှာထားသည် သူ့အား ခပ်ရှန့်ရှန့်ဖြစ်သွားစေသည်။ သူသည် ပြုံးလျက် ချိုချိုသာသာ လျော့ချလေသည်။“ခင်ဗျား နေပုံထိုင်ပုံက သိုဆန်လို့ ပြောတာပါဗျာ” “ဪ..”ကျွန်မက မျက်နှာထားလျှော့လိုက်သော်လည်းစိတ်ထဲ၌ မရှင်းလင်းပေ။ဘိုဆန်တယ်ဆိုသော အဓိပ္ပာယ်ကို နားမလည်ချေ။ ဘိုဆန်တယ် ထင်မြင်လျှင်လည်းဘိုဆန်တယ်သာ ပြောဖို့ရာရှိ၏။ “ဘိုနဲ့ယူဖို့ကောင်းတယ်”ဟု ပြောစရာမရှိ။ ရင့်ရင့်သီးသီး အတွန့်တက် ပြောနည်းမျိုးကို စိတ်ထဲ၌ အလျှင်း မနှစ်သက်။ သူ့အားဘယ်လိုလူများလဲဟု အကဲခတ်လိုက်သည်။

“ခင်ဗျား​ ပေါင်ဒါဘူးတွေ​ လူးတာတော်တော်ပိုက်ဆံကုန်မှာပေါ့။အလှပြင်တော့ဘာထူးလို့လဲဗျာ၊ဒါတွေသုံးတာပိုက်ဆံဖြုန်းတာပဲ”ကျွန်မသည် သူ့ကို အမျိုးမျိုး အကဲခတ်မိသည်။သည်လူသည် ကိုယ်နှင့်ဆိုင်သည့်ကိစ္စဖြစ်စေ၊ မဆိုင်သည့်ကိစ္စဖြစ်စေ ပြောချင်လျှင် မထောက်မထား အားမနာပါးမနာ ပြောတတ်သည့်သူဟု ထင်လိုက်၏။

လူကြည့်တော့ အတော့်ကို ယဉ်သလိုလိုနှင့် ရိုင်းချင်လျှင် ရိုင်းမည့်သူဟုလည်း မှတ်လိုက်၏။ အပြောချိုမယောင်ယောင်ဖြင့် အပြောဆိုးမည့်သူဟုလည်း တွေးလိုက်၏။စကားပြောရ အတော်ကျပ်မည့်သူပါတကားဟု မှတ်ချက်ချကာ သူ့ဗီဇနှင့် သူပဲလေဟု ဖြေတွေးကြည့်တော့မှ စိတ်ထဲအနှောက်အယှက်ကင်းသွားလေသည်။

“ကျွန်မလုပ်ကိုင်ရှာဖွေနေတဲ့အထဲမှာပေါင်ဒါဘူးဝယ်ဖို့လည်းပါတယ်ရှင့်”ကျွန်မမှာ သူနှင့် အံကျသွားမည့် ကိုက်လျော်ညီသော အဖြေကို တွေးဖြေလိုက်သည်။ဖြေပြီး စိတ်ထဲတွင် ပေါ့ပါးသွားလေသည်။ သူသည် ရယ်မောလျက် ဟိုအခန်း၊သည်အခန်း ကြည့်ရှုပြီး ဧည့်ခန်း၌ ဝင်ထိုင်သည်။

“၁၉၄၆ခုနှစ်က​ ရှင့်ကို​ ကျွန်မအိပ်မက်မက်တယ်။အိပ်မက်ထဲမှာ​ချိုင်းထောက်ကြီးနဲ့တွေ့ရလို့ဒိုင်ယာရီထဲမှာတောင်ရေးထားလိုက်တယ်၊ရှင့်ခြေထောက်ဘာဖြစ်လို့လဲ”ဘိလပ်တွင်နေစဉ်ပြေးရင်း လဲသွား၍ ခြေ​ထောက်ဝေဒနာရပုံကို​ ပြောပြကာ​ “ဖြစ်စက ကျွန်​တော်တောင် ချိုင်းထောက်နဲ့ လျှောက်ရတယ်၊ အခုမှ သက်သာလာလို့ဒီလိုလျှောက်နိုင်တာ"ဟုဆက်ပြော​သည်။

“ခင်ဗျား နေ့စဉ် ဒိုင်ယာရီရေးသလား” “ဟုတ်ကဲ့၊ ကျွန်မ ရေးပါတယ်” “ဘာတွေရေးသလဲ၊ ဘယ်လိုရေးသလဲ” “နေ့စဉ် တွေ့ကြုံခံစား ထင်မြင်ချက်တွေကို လျှောက်ရေးတာပေါ့။ စိတ်ကူးတွေနဲ့ ဝေဖန်ချက်တွေ ရေးတဲ့အခါစိတ်ကူးရသလို၊စိတ်ထဲဝေဖန်မိသလို ပွင့်ပွင့်လင်းလင်း ရေးတာပဲ။ ကျွန်မ ဒိုင်ယာရီရေးတာ စိတ်ဝင်စားတယ်”

“ကျွန်တော်နဲ့​ စတွေ့တဲ့နေ့က​ ကျွန်တော့်အကြောင်းခင်ဗျားရေးမှာပဲ။အကောင်းရေးသလား၊အဆိုးရေးသ​လား...ပြောစမ်းဗျာ”သူသည် မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်လျက် စူးစမ်းထောက်လှမ်းသောမျက်​လုံးဖြင့် စစ်မေးနေသည်။“ကျွန်မရေးတဲ့ ဒိုင်ယာရီထဲက စာကြောင်းတွေဟာ ဘယ်သူမှ သိဖို့မရှိဘူး။ဒိုင်​ယာရီရေးကတည်းက ကျွန်မ အဓိဋ္ဌာန်၊ ပြဋ္ဌာန်းချက်နဲ့ ရေးတာကြောင့် အကောင်းအဆိုး ပြောမပြနိုင်ပါဘူးရှင့်”

“သူလိုလူစာအုပ်ကစိတ်ကူးယဉ်စာပေပဲဗျ”ကျွန်မကပြုံးနေသည်။စာပေမွေ့လျော်သူ၊ စာအလွန်ဖတ်သူဟု သူ့သတင်းအစအန ကြားဖူးခဲ့သည်။အနောက်နိုင်ငံစာပေနှင့်ပတ်သက်သော သူ၏ထင်မြင်ချက်တွေကို ကြားနာရသည်။စာရေးဆရာများကိုလည်း ဝေဖန်ပြော၏။ စာအုပ်များများဖတ်ပုံရသည်။ ဘိလပ်တွင်စစ်မဖြစ်ခင်ကာလကတည်းက ကြာမြင့်စွာ ရောက်နေ၍ သူ့တွင် မြန်မာစာအုပ် အစုံမရှိကြောင်းပြောရင်း ကျွန်မစာအုပ် ဒိုင်ယာရီမှ မြန်မာစာအုပ်စာရင်းကို တောင်း၍ပြလိုက်သည်။

ကလေးတွေမှာအိမ်တွင်မရှိ၊ကျောင်း၌ဘော်ဒါနေကြ​၍ကျောင်းပိတ်ရက်နှင့်ကိုက်ကာထမင်းစားဖိတ်လိုက်လေသည်။ထမင်းလာစားမည့်နေ့၌ ကျွန်မမှာ မီးဖိုထဲတွင် အလုပ်များနေ၍ မမကြီးကို​ အိမ်ဝ၌ အစောင့်​ထားရသည်။ လာနိုင်ပါသလားဟု ရှေ့တော်ပြေး ဒရိုင်ဘာကလေးလာမေးရင် အိမ်ပေါက်ဝ၌ ခွင့်ပေးရမည့်သူတစ်ယောက် ရှိနေဖို့လို၏။

ကလေးများ​ လကုန်အိမ်ပြန်၊ စနေကျောင်းပိတ်ရက်အိမ်ပြန်လာကြ၍ယနေ့လာမည့်ဧည့်သည်နှင့်တွေ့ကြရန်ပြောကြားထားသည်။သူသည် အပေါ်ပင်နီအင်္ကျီချွတ်ခဲ့ကာ​ ရှပ်အင်္ကျီအဖြူနှင့်​ စာအုပ်များပွေ့ပိုက်လျက်သူ့ထုံးစံစဉ်လာအတိုင်း ဧည့်ခန်းထဲသို့ ရောက်​လာ၏။

“သူက ခင်လေးမြင့်ပါ၊ သူက မောင်သိန်းတန်၊ ဟိုလူက မိုးဟိန်း”ကလေးများနှင့် မိတ်ဖွဲ့ပေးလိုက်သည်။ ကလေးတွေလည်း ဧည့်ခန်းထဲရှိအသီးသီး သူ့ကုလား​ထိုင်နှင့်သူ ငြိမ်သက်စွာ ဝင်ထိုင်လိုက်ကြသည်။ကျွန်​မ၏အစ်မဝမ်းကွဲမမကြီးလည်း ဝင်ထိုင်သည်။ “အိမ်​သားတွေအားလုံး ခေါ်ပါဗျာ” ဟု မထိုင်ခင်က သူကဆို၍ ကျွန်မ၏တူမလေးများနှင့် ကံဘဲ့မှ ဒေါ်ဒေါ့်သမီး စုစုကိုပါ ခေါ်ထုတ်ပြီး ထိုင်ခိုင်းရသည်။

သူသည်ဝိုင်းထိုင်နေကြသောလူစုအနက်ကျွန်မသားကလေးနှစ်ယောက်ကိုရှေးဦးစွာစ၍စကားပြောလေသည်။“ကျွန်တော်လာတာ ခင်ဗျားတို့ မေမေကို လာပြီးပိုးတာမဟုတ်ပါဘူး။ ပိုးတယ်လို့မထင်ကြပါနဲ့နော်၊ ပိုးဖို့လာတာ မဟုတ်ပါဘူး။ ကျွန်တော့်မိတ်ဆွေ ကိုချစ်မောင်ရဲ့ မိသားတစ်စုကို လာတွေ့တာပါ”

ဧည့်ခန်းထဲ၌ ဝိုင်းထိုင်နေကြသော လူတစ်စုအနက် အစ်မကြီးနှင့် အထူးသဖြင့်တူမ၊ ညီမတို့မှာ မျက်နှာ​များ နီမြန်းကုန်လျက် ခေါင်းမဖော်ဝံ့အောင် ဖြစ်သွားကြ၏။“ကျွန်တော်၊ ခင်ဗျား” နှင့် အပြောခံနေကြရသည့် အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ် သားက​လေးနှစ်ယောက်မှာ သူရှင်းပြောသည့်အဓိပ္ပာယ်ကို အလျှင်း ဘာမှနားမလည်ကြ။ မျက်လုံးကလေးတွေ ပေကလတ် ပေကလတ်ဖြင့် ကြည့်လျက်နားထောင်နေကြသည်။ ခင်လေးမြင့်မှာ သူ့မျက်နှာကို ငေးစိုက်ကြည့်နေ၏။

ကျွန်မနေရာတွင်အခြားမုဆိုးမတစ်ယောက်သာဆိုကဘယ့်နှယ်များနေမည်မသိ။ပူထူသွားချင်လည်းသွားမည်။မျက်နှာမထားတတ်အောင်ရှက်ချင်လည်းရှက်သွားမည်။အတော်အနေရအထိုင်ရကျပ်ပေလိမ့်မည့်ကိစ္စမျိုးတည်း။ကျွန်မမှာဤအခက်အခဲမျိုး စိုးစိမျှ မကြုံ၊ ရင်ထဲတွင် အလိပ်လိပ်တက်လျက်ရယ်ချင်လှခြင်းကို အတင်းအောင့်နေရ၏။ သူ့ကိုယ်သူ ဟုတ်လှပြီ၊ ယဉ်လှပြီဟုများပြောဆိုနေလေသလားဟု ရင်ထဲတွင် အလိပ်လိပ်တက်လျက် ရယ်ချင်နေခြင်းဖြစ်​သည်။

ကျွန်မသားတွေနားလည်မှုရှိကြအောင်စိုးရိမ်ကြီးစွာဖြင့်“ကျွန်တော်၊ခင်ဗျား”နှင့်ရှင်းလင်းအစီရင်ခံနေသောသူ၏ယဉ်ကျေးမှုသည်တူမလေးနှင့်စုစုတို့ မျက်​နှာမဇော်ဝံ့ဘဲ အနေခက်အောင် နှလုံးတုန်စေ၊ ရင်ဖိုစေ၏။မမကြီးမှာကျွန်မကို​ အားနာစွာဖြင့်မကြည့်ဘဲ ဆေးလိပ်ကို တွင်တွင်သာဖွာနေသည်။

သူသည် တည်ကြည်ရိုးသားလှသော မျက်နှာဖြင့် နှုတ်က မအပ်မရာပြောဆိုပြီး ဣန္ဒြေအပြည့်နှင့် ငြိမ်သက်သွားလေ၏။

ဧည့်ခန်းမှာဆိတ်ငြိမ်နေသည်။“ကျွန်တော့်အဖေ သေတော့ကျွန်တော့်အမေဟာ ကျွန်တော့်ကို မဖွားရသေးဘူး။ကျွန်တော်​ ငယ်ငယ်က​ ကျွန်တော်တို့အိမ် ယော​က်ျားလာရင် သိပ်မကြိုက်တာပဲ”ဟုကျွန်မဘက်သို့ လှည့်ပြောလေသည်။

“ကျွန်မသားကလေးတွေကတော့ ဒီလိုသဘော မရှိကြဘူး။ အိမ်ကို ယောက်ျားမိတ်ဆွေသင်္ဂဟများလာရင် ဦးလေး၊ ဦးလေးနဲ့ သိပ်ချစ်ခင်တတ်ကြတာပဲ”သူ့စကားကြားရမှအားလုံးပြန်လည်၍နေသာရာထိုင်သာရာရသွားကြကာထိုနေ့ နေ့လယ်ဘက်တွင် သက်သတ် လွတ်ထမင်းတည်ခင်းကျွေးလိုက်သည်။ကျွန်မမှာဘောက်ထော်မှလမ်း၄၀တိုက်သို့နေ့စဉ်သွားကာဂျာနယ်ဆက်ထုတ်နေသည်။ ထိုအချိန်က ဂျာနယ်ကျော် အယ်ဒီတာ ကိုစောဦး ထွက်လိုက်၍ ဂျာနယ်ကို ဇဝနနှင့် ဆက်ထုတ်နေရလေသည်။

ညနေ သုံးနာရီလောက် လမ်း ၄ဝ တိုက်သို့ သူရောက် လာသည်။ ဘိလပ်မှ သူ့မိတ်ဆွေလေဘာအမတ် “ဝစ်ဒရူးဝယတ်” က စာပေအနုပညာရှင်များနှင့် တွေ့ဆုံချင်သည်ဆို၍ ဆရာဇော်ဂျီအိမ်တွင် ညနေချိန်းထားကြောင်း ပြောလာကာ ကျွန်မကို လိုက်ခဲ့ရန် လာခေါ်လေ၏။

သူ၏ကားထဲတွင်ဆရာဒဂုန်နတ်ရှင်၊မဟာဆွေပါလာလေသည်။ကျွန်မမှာအလုပ်တိုက်ကထလိုက်သွားရသည်။ ဆရာဇော်ဂျီအိမ်၌ စာရေးဆရာများနှင့်​ အနု​ပညာရှင်များ ဖိတ်ထားသရွေ့ လူစုံလာကြသည်။ မျက်နှာဖြူဧည့်သည်နှင့် အနုပညာသည်တို့ တွေ့ဆုံနှီးနှော စကားပြောကြသည်။ ဆရာမင်းသုဝဏ်က သူ့မိတ်ဆွေအား မဲဇာတောင်ခြေရတုကို သံနေသံထားနှင့် ရွတ်ပြနေလေ၏။

ဆရာဇော်ဂျီက​ “သူလိုလူ” စာအုပ်ဖတ်ကောင်းကြောင်းဝေဖန်သဖြင့်ကျွန်မက“သူလိုလူစာအုပ်ကိုကိုအုန်းကစိတ်ကူးယဉ်စာပေလို့ပြောတယ်ဆရာ”ဟုပြောလိုက်သည်။ဆရာဇော်ဂျီကရယ်မောကာ“တို့ ဒီလိုမဝေဖန်ပါဘူးဟာ” ဟု ဆိုလေ၏။ဆွေးနွေးပွဲက မိုးချုပ်မှပြန်ကြရသည်။စာရေးဆရာများကို သူ့ကားနှင့်တင်ခဲ့ကာပြန်လိုက်ပို့ပေးနေသဖြင့် ကြန့်ကြာနေ​သည်။ ကျွန်မနေသော ဘောက်ထော်ကိုနောက်ဆုံးမှ ပို့နိုင်သည်။

မြို့ထဲတွင်​ အသီးသီးပို့ပြီးနောက်​ ကျွန်မကို​ ပို့ရန်ဘောက်ထော်ဘက်သို့မသွားခင်သူကပြောသည်မှာ... “ခင်ဗျားလည်းထမင်းမစားရသေးဘူး၊ သူ့(ဒရိုင်ဘာ) လည်း မစားရသေးဘူး။ဒီတော့ ခင်ဗျားတို့နှစ်ယောက် ဆန်းကဖီးပေါ် သွားစားကြ။ ကျွန်တော် ကားထဲကစောင့်နေမယ်လေ”

ဆန်းကဖီး၌ဒရိုင်ဘာနှင့်အတူနှစ်ယောက်ထမင်းစားခိုင်းနေ၏။“မစားချင်ဘူးရှင့်”ဟုအတင်းငြင်းဆန်ရလေသည်။ဘယ်လိုလူပါလိမ့်ဟုစိတ်ထဲ၌ မတွေးတတ်အောင်ဖြစ်မိသည်။ထိုအချိန်ကမော်တော်ကား ရောင်းလိုက်၍ ကျွန်မတွင် မော်တော်ကား မရှိမှန်းသိသဖြင့် သူ့ကားကို ယူသုံးနိုင်ကြောင်း ပြောကာ ကျွန်​မ သွားလိုရာသို့ သွားရန်ကားပို့ပေးသည်။

လဆန်း ၂ ရက်နေ့ တစ်နေ့၌ သူ့ကားကိုယူကာ သ​င်္ချိုင်းသို့ သွားလေသည်။သုသာန်မှ အိမ်သို့ပြန်လာခဲ့ပြီး ညနေဘက်၌ စာအုပ်ပေးရန် အိမ်သို့ သူပေါက်လာသည်။“ခင်ဗျား ကြံတောသွားတယ်ဆို” “ဟုတ်ကဲ့၊ကျွန်မ ကိုကို့ဂူသွားကန်တော့ပါတယ်။လဆန်း ၂ ရက်နေ့တိုင်းပဲ သွားပါတယ်”

သူသည် ကျွန်မမျက်နှာကို မျက်လုံးပြူးစိုက်၍ ကြည့်လိုက်ကာ ဆိုတော့ပြောတော့မည့် အရိပ်အယောင်များမှာ မျက်နှာ၌ ပေါ်လာလေသည်။“ခင်ဗျား ဗုဒ္ဓ​ဘာ​သာ မဟုတ်ဘူးလား၊ ခရစ်ယာန်တွေသာ ဒီအလုပ်မျိုး လုပ်တာဗျ။ အဲသလို ခင်ဗျား အမြဲတမ်း သင်္ချိုင်းသွားကန်တော့နေရင်တော့ ကျွန်တော်ထင်တယ်၊ ခင်ဗျားကို ဘယ်ယောက်ျားမှ ယူမှာမဟုတ်ဘူး၊ စိတ်ချ”

ကျွန်မမှာဣန္ဒြေမဆည်နိုင်တော့ဘဲဟက်ဟက်​ပက်ပက်ရယ်မောမိသည်။တကယ့်စေတနာကြီးနှင့်ပြောရမှန်းမသိ၊မပြောရမှန်းမသိစွတ်ပြောပုံကိုရယ်မောရခြင်းဖြစ်သည်။သင်္ချိုင်း​ အမြဲတမ်းသွားလို့​ မယူတဲ့ ယောက်ျားမျိုးကို ကျွန်မက လွမ်းစရာလားရှင်”

ကျွန်မအား မိတ်ကောင်းဆွေကောင်း ပီသစွာ စိတ်စေတနာကောင်းနှင့် ပြောသွားသော သူ့သတိ​ပေးချက်မှာတွေးမိတိုင်း အခါခပ်သိမ်း ရယ်မောရတော့​သည်။သူ့၌ သူများနှင့်မတူအောင် ထူးသောအချက်များရှိ၏။ မြန်မာကြည့် မကြည့်၊မြန်မာတွေး မတွေး၊ မြန်မာပြော မပြော၊ မြန်မာ့စရိုက် မြန်မာ့ဓလေ့နှင့် ဆန့်ကျင်ဖီလာသော အချက်များဖြင့် သူများနှင့်မတူအောင် ထူးလည်းထူး၏၊ ဆန်းလည်းဆန်း၏။

အိမ်၌တူကလေးမောင်စိုးလွင်ဖျားနေလေသည်။တစ်ညသ၌မောင်စိုးလွင်အတော်နေမကောင်းဖြစ်နေ​၍ တစ်ညလုံးမအိပ်ရပေ။ကျွန်မမှာနောက်တစ်နေ့တစ်​နေ့လုံးခေါင်းကိုက်လျက်ခေါင်းကိုမထူနိုင်အောင် ဖြစ်နေလေသည်။အိမ်ပေါ်ထပ် အပြင်ခန်းတွင် လေလာလာ အိပ်ရာခင်းလျက် တစ်နေ့ခင်းလုံးလှဲခွေနေ​သည်​။ ညနေ သုံးနာရီလောက်၌ မှေးခနဲဖြစ်သွားစဉ် အိမ်ပေါ်သို့ လူတက်လာသံများ ကြားရ၍ ခေါင်းထူကြည့်လိုက်ရာ ကျွန်မ အစ်မကြီးနှင့် ဦးအုန်းတို့ ဖြစ်နေ၏ ။

ဦးအုန်းသည်​ ကျွန်မနေရာနှင့်​ ခပ်လှမ်းလှမ်းရှိပက်​လက်ကုလားထိုင်နား၌ရပ်လျက်“လှဲနေပါ၊ခင်ဗျား နေမကောင်းဘူးပြောတာနဲ့ သတင်းမေးချင်လို့​ ခွင့်တောင်းပြီး တက်လာကြည့်တာပါ။ ကျွန်တော်လာတာ အနှောင့်အယှက်မဖြစ်ဘူးဆိုရင် လှဲနေပါဗျာ။ စ​ကားမပြောဘဲနဲ့ ငြိမ်ငြိမ်လေး လှဲနေပါ” ဟု အဝေးမှ လက်ကိုဆန့်တန်း၍ မထလိုက်ရန် လက်ရိပ်ခြေရိပ်ပြ တားပြောနေ၏။

ကျွန်မမှာ ဖြုန်းခနဲ တက်လာကြခြင်းကို အံ့အားကြီးသင့်လျက် ထတိုင်ရအခက်၊ ခေါင်းပြန်ချရအခက်နှင့် တွေ့ပြီး အဝေးက ပြေးလာနေသောဘက်စ်ကားကိုအရပ်ခိုင်းပုံပြနေသောလက်ကိုကြည့်လျက်ခေါင်းပြန်ချလိုက်ရသည်။ပက်လက်​ ကုလားထိုင်ပေါ်၌ ထိုင်လိုက်ကာ သားရေအိတ်ကို ဖွင့်၍ မြန်မာကျမ်းစာအုပ်တစ်အုပ် ထုတ်ယူလိုက်၏။

“သစ္စာဆိုသည်ကား….”ကျွန်မ၏မျက်လုံးများကို မှိတ်ပစ်လိုက်သည်။ သစ္စာဆိုသည်ကားကစသော ကျမ်း​စာအုပ်ထဲ၌ပါသည့် စာပိုဒ်ကို တစ်လုံးချင်း ခပ်လေးလေး ခပ်ကျယ်ကျယ်ကြီး လျှောက်ဖတ်ပြနေလေ၏။မြန်မာထုံးစံတွင် လူမမာသတင်း သွားမေးကြလျှင် စာဖတ်ပြတာမျိုး ထုံးစံမရှိ၍ ဘယ်နိုင်ငံက ယူလာတဲ့ အ​တုများပါလိမ့်ဟု မတွေးတောတတ်သော အစ်မကြီးမှာ ဣန္ဒြေမဆည်နိုင်လွန်း၍ မောင်စိုးလွင် အခန်းထဲသို့ ထပြေးလေ၏။

ကျွန်မမှာစာဖတ်သံကိုနားထောင်နေရင်းခရစ်ယာန်မသာတွင်ခေါင်းရှေ့၌ရပ်ကာသရဏဂုံတင်နေသောခရစ်ယာန်သင်းအုပ်ဆရာ၏ကျမ်းစာရွတ်ဖတ်သံကိုအာရုံရောက်သွားလေသည်။ဦးအုန်းဖတ်နေသောစာပိုဒ်တွေကိုမကြားမိတော့ချေ။မသာခေါင်းရှေ့၌ သင်းအုပ်ဆရာဖတ်နေသောကျမ်းစာပိုဒ်ကိုတစ်လုံးချင်းခပ်လေးလေးအသံနိမ့်မြင့်ဖြင့်ဖတ်သံများဤသို့ကြားနာနေရလေ၏။

“လူမျိုးရှိသမျှမြက်ပင်ကဲ့သို့ဖြစ်၏။မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ အလိုရှိတော်မူ၍ ခေါ်ယူခြင်းခံရသောသမီးတော်သည်အဘဘုရားသခင်၏ခြေတော်ရင်းသို့ရောက်ကာကိုယ်တော်အရှင်မြတ်နှင့်အတူရှိနေပါပြီ။ကိုယ်တော်အရှင်မြတ်၏ မေတ္တာဖြင့် အားလုံးသော သူတို့၏ နှလုံးသား၌ ပူပန်ခြင်းမရှိရန် ကိန်းဝပ်တော်မူပါ။ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည်အိပ်​ပျော်ပြီးသောသူတို့၏ အလျင်အဦး နေရာရကြမည်မဟုတ်”

အဖျားတက်နေသော မောင်စိုးလွင်မှာ ခေါင်းအုံးနှင့် မျက်နှာအပ်လျက် ချွေးပြန်နေလေသည်။ မထူနိုင်အောင် ကိုက်နေသော ကျွန်မ ခေါင်းကိုက်မှာ ဦးအုန်းဖတ်နေသော ကျမ်းစာ၏ တန်ခိုးတော်အဟုန်ဖြင့် လွင့်ပြေးလေပြီ။ဦးအုန်းသည် ၁၅ မိနစ်ခန့် ဖတ်ပြပြီး စာအုပ်ကို ပိတ်လိုက်ကာ တအောင့်ငြိမ်သွား၏။

“ကိုင်း..ကျွန်တော်ပြန်မယ်ဗျ၊သက်သာသလိုသာနေပါခင်ဗျာ”ဦးအုန်းဆင်းသွား၍အစ်မကြီးလည်းအခန်းထဲမှပြေးထွက်လာပြီး ဦးအုန်းနောက်မှ အတူလိုက်ဆင်းကာအိမ်အောက်သို့ လိုက်ပို့ပေးလေသည်။ကျွန်​မမှာ မျက်လုံးကိုဖွင့်လိုက်ကာ ဘုရား... ဘုရားဟု ခပ်တိုးတိုး တလျက်လှဲရာမှ ထထိုင်ရလေသည်။

အိမ်မှပြန်သွားပြီးနောက်ဦးအုန်းသည်ရက်ကြာကြာပင်မလာဘဲနေပြန်လေ၏။​ ကျွန်မမှာ​ ဂျာနယ်ကျော်ထုတ်ဝေခြင်းလုပ်ငန်းကို အလျဉ်းရပ်စဲရကာ တိုက်ပျက်ကြီးကို ပိတ်လျက် အလုပ်အကိုင်မရှိ ဖြစ်နေ၏။အလုပ်အကိုင်မရှိသည့်အတွင်း စာ မရေး၊ စာ မဖတ်၊ ဘယ်မှမသွားဘဲ အိမ်ပေါ်တွင် ပက်လက်ကုလားထိုင်တစ်လုံးနှင့် နေသည်။ ပက်လက်ကုလားထိုင်ပေါ်တွင်အမြဲ တိတ်တိတ်ဆိတ်ဆိတ်နေတတ်၏။သတင်းစာထုတ်နေစဉ်ကပင်ပန်းမှန်းမသိ၊မောရမှန်း မသိခဲ့သမျှတို့သည် တိုက်ပိတ်တော့မှပက်လက်ကုလားထိုင်ပေါ်​၌ မောနေလေသည်။ ကျွန်မ ပက်လက်ကုလားထိုင်ပေါ်နေလျှင် မည်သူမျှ အနားမလာကြတော့ပေ။

တစ်နေ့တွင်ပက်လက်ကုလားထိုင်ပေါ်၌ အချိန်ကြာ​မြင့်စွာ တိတ်တဆိတ်ထိုင်နေရင်းငယ်စဉ်က အတူနေဖူးခဲ့သော အဒေါ်ကို သတိရလာကာတွေ့ချင်စိတ်ဖြင့်အဒေါ်နေထိုင်ရာနှင်းပန်းလမ်းသို့ဘတ်စ်ကားစီးထွက်သွားသည်။ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သွားသောဦးအုန်းသည်အိမ်သို့အတန်ကြာ မလာဘဲ နေရာမှ ကျွန်မထွက်သွားပြီး မကြာမီ အိမ်သို့ ရောက်လာလေ၏။

“မမ မရှိပါဘူး၊ နှင်းပန်းလမ်း သွားမယ်ပြောပြီး ထွက်သွားတာပဲ”စုစုက ထုံးစံအတိုင်း လာနိုင်ပါတယ် ခွင့်ပေးပြီး အိမ်ထဲရောက်မှ ပြောလိုက်သည်။ ဧည့်ခန်းထဲ၌ တအောင့်မျှ ငြိမ်ထိုင်နေပြီးနောက် “ဘယ်အချိန် ပြန်လာမှာလဲဗျာ” ဟု မေးလိုက်သည်။“ဘယ်အချိန်ပြန်မယ် ပြောမသွားပါဘူး”

“ဘတ်စ်ကားနဲ့ သွားသလား” “ဟုတ်ကဲ့၊ မနက်က တစ်မနက်လုံး ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတယ်။ စုစုတို့လည်း အပြင်သွားမယ်မထင်ဘူး၊ထွက်သွားတော့မှဘယ်လဲလို့မေးရတာ။အလုပ်အကိုင်ပျက်သွားတော့စိတ်လက် မချမ်းသာဘူးလား မပြောတတ်ပါဘူး“အိမ်မှာစာမဖတ်ဘူးလား”“စာဖတ်တာလည်းမမြင်ပါဘူး၊ဘာမှလည်းမလုပ်ဘူး။ မနက်မိုးလင်းရင်ပက်လက်ကုလားထိုင်မှာတစ်ချိန်လုံးထိုင်ပြီးနေတာပဲ။သူ့ဘာသာသူနေတယ်”“ခင်ဗျားတို့ကသူနဲ့ စကားပြောမနေကြဘူးလား”

“ကျွန်မက ကံဘဲ့က သူ့ဆီလာရတာ။ ကျွန်မ လာတဲ့အခါတော့ ပြောပါတယ်” “နှင်းပန်းလမ်း အိမ်နံပါတ် ဘယ်လောက်လဲ။ ကျွန်တော် ဒီနေ့အားတယ်၊သွားကြိုပေးမယ်လေ”ကျွန်မမှာ နှင်းပန်းလမ်းရှိ အဒေါ်အိမ် ဆင်ဝင်၌ ထိုင်နေလျက်လမ်းပေါ်တွင်အစာ​စားနေကြသောခိုအုပ်ကြီးကို ငေးကြည့်နေလေသည်။ အိမ်ရှေ့၌ အော်စတင်ကားစက်တစ်စီး ထိုးဆိုက်​၍ ကြည့်လိုက်ရာ အံ့အားသင့်သွားမိသည်။ ဒရိုင်ဘာကကျွန်မကို မြင်၍ ဦးအုန်း ပါလာကြောင်း လှမ်းပြောလိုက်သည်။

“အိမ်က နေရာညွှန်လိုက်တာပဲ၊ ဘာကိစ္စများရှိပါလိမ့်”ဟုအောက်မေ့ကာအောက်သို့ဆင်းလာခဲ့သည်။သူသည်ဒရိုင်ဘာဘေး၌ ထိုင်လျက် ကျွန်မအား လှည့်ပြောလေ၏။“ခင်ဗျားကို ကျွန်တော် ပြောစရာရှိလို့၊ အိမ်သွားရအောင်” “ဘာကိစ္စပါလဲ” ဟု ကားပေါ်မတက်သေးဘဲ ထပ်မေးကြည့်သည်။“ကိစ္စကတော့ ခင်​ဗျားအိမ်ပြန်ဖို့ ကားနဲ့လာခေါ်တာပဲ၊ တက်ပါဗျာ”

ကျွန်မမှာ အဓိပ္ပာယ်မရှင်းဘဲဖြင့် ကားနောက်တံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်ရသည်။ တစ်လမ်းလုံး အိမ်ရောက်သည်အထိ ကျွန်မအား စကားမပြောဘဲ စာဖတ်လိုက်ပါလာလေသည်။အိမ်သို့ရောက်ကြလျှင် ဧည့်ခန်းထဲ၌ မထိုင်ရသေးခင် ကျွန်မအား ထူးထူး​ဆန်းဆန်း ပြောလေ၏။“ဒီမှာ ခင်ဗျား တစ်ဆိတ်လောက် ဟောဟို သစ်ပင်အောက်မှာ သွားနေစမ်းပါ”


Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ချစ်ရသူရဲ့သွေးရှန်ဂရီလာတစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲအဆိပ်“အရှင်ထွက်”တစ်ကျွန်းစံ၏အပြန်လမ်း