pyanshae
လူသေအလောင်းတစ်လောင်းဟာ ကြည့်ပျော်ရှုပျော်ရှိနိုင်လား? နောက်ပြီး အဲဒီကြည့်ပျော်ရှုပျော်မရှိတဲ့လူသေအလောင်းတွေကိုမှ မတ်မောမိတဲ့လူဆိုတာရောရှိနိုင်လား?
အသက်ဆယ်နှစ်အရွယ်လူငယ်လေးတစ်ယောက်။ လောကကြီးအကြောင်းဘာမှသေချာမသိသေးချိန် သူ့ရဲ့အရာရာဖြစ်နေခဲ့မဲ့လောကကြီးဟာ သူ့ရဲ့မိခင်။ မိခင်ကိုအားကိုးစိတ်၊ တွယ်တာစိတ်နဲ့ မေတ္တာရဖို့မျှော်လင့်ခဲ့ပေမဲ့ ကြောက်ရွံ့စိတ်၊ မုန်းတီးစိတ်တွေ သာပြန်ရခဲ့တယ်။
လူတိုင်းကသူ့ကို မောက်မောက်မာမာနဲ့ လူမတူတန်စွာရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့ကြတယ်။ 'ဖာသည်မသား၊ မဒိန်းကောင်သား' ဆိုတဲ့စကားတွေက သူ့နှလုံးသားမှာအပြည့်နာကျင်စွာနေရာယူထားခဲ့တယ်။ အဲအချိန်မှာသူ့အသက်က ဆယ်နှစ်တည်း။
ဒါပေမဲ့ သူသိလိုက်တယ်။ လူတွေဟာ တစ်ခုတည်းသောအချိန်မှာတော့ မောက်မာမနေနိုင်ဘူး၊ ကြမ်းတမ်းမနေနိုင်ဘူး၊ ရိုင်းစိုင်းမနေနိုင်ဘူးဆိုတာ။ အဲဒီအချိန်ဟာ လူတွေရဲ့ သေခါနီးအချိန်။ သေခါနီးအချိန်မှာ ကြည့်တဲ့အကြည့်တွေက နူးညံ့နေတတ်ပြီး၊ တောင်းပန်တိုးလျှိုစွာနဲ့ အကူအညီတောင်းတဲ့အကြည့်တွေအပြည့်။
အဲဒီအကြည့်တွေကို သူ့ဘဝတစ်လျှောက်ဘယ်သောအခါမှာမှမရခဲ့ဖူးဘူး။ ဒါပေမဲ့ လူသေနေတာကိုကြည့်ရတဲ့အခါ အဲဒီအကြည့်ဟာ အရမ်းအရသာရှိမှန်းသူသိသွားတဲ့အချိန်မှာတော့ အလောင်းကောင်တွေပေါ်မှာ ပျော်မွေ့တဲ့စိတ်လွှမ်းမိုးလာတော့တယ်။ အလောင်းကောင်တွေစီက သူ့ကို တောင်းပန်အသနားခံနေတဲ့အကြည့်တွေကို သဘောကျနှစ်သက်လာခဲ့တယ်။
ငယ်ငယ်ကရခဲ့တဲ့ trauma ကကြီးလာတဲ့အခါဘယ်လိုအနေအထားမျိုးပဲရောက်နေနေ ပြန်ပေါ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆရာခက်ဇော်ရေးတဲ့ အလောင်းဝတ္ထုကို ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။
သဲထိတ်ရင်ဖိုကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့အတူ ကရင်နီရိုးရာဓလေ့တွေအကြောင်းနဲ့ ဝေးလံခေါင်ဖျားဒေသမှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊အရာခံဗိုလ်တွေရဲ့အကျင့်စရိုက်တွေအပြင် လူ့ရဲ့သိစိတ်နဲ့ မသိစိတ်အကြောင်းဆိုင်ရာ ဆေးပညာဗဟုသုတတွေပါ ပါဝင်တာမို့ horror ကြိုက်တဲ့ သူတွေမဖြစ်မနေဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
Keep Reading