Author's Profile Photo

ဆောင်းနေရောင်(အဖျောက်)

26/10/2024

``ကြိုးစားတာချင်းအတူတူ ဘယ်သို့ကြိုးစားကြမလဲ´´

4 mins read
Education
Novel
Leadership

``ကြိုးစားတာချင်းအတူတူ ဘယ်သို့ကြိုးစားကြမလဲ´´


``ကြိုးစားက ဘုရားပင်ဖြစ်နိုင်သည်´´တဲ့။ အမှန်ပါပဲ။ ကြိုးစားတာမှန်လျှင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ အချက်ကို မှန်ကန်ကြောင်း ထောက်ပြနေတဲ့အဆိုပါပဲ။ ကျွန်တော်တို့ လူသားတွေ ကြိုးစားခဲ့တာကြောင့် ယခုမျောက်မှောက်ခေတ်မှာ အရာရာဟာ တိုးတက်ကောင်းမွန်လာကြတာ မျက်မြင်ပါပဲ။ ခြေလျင်က ေ၀ဟင်သို့ ရောက်ရှိခဲ့ကြတယ်။ တစ်ဦးချင်းကြိုးစားခြင်းသော်လည်းကောင်း၊ အဖွဲ့အစည်းအသင်းများ တက်ညီလက်ညီကြိုးစားခြင်းဖြင့်သော်လည်းကောင်း ရပ်ရွာမှမြို့၊ မြို့မှတိုင်း၊ တိုင်းမှနိုင်ငံ၊ နိုင်ငံမှ ကမ်ဘာ စတဲ့ အဘက်ဘက်တွေမှာ တိုးတက်ဖွံ့ဖြိုးလာကြတယ်။ သုညမှ ဆယ်၊ရာ၊ထောင်၊သောင်း အဆပေါင်းများစွာ ဖြစ်လာခဲ့တယ်။ ဒါတွေဟာ ကြိုးစားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ကောင်းတွေပါပဲ။
ကျွန်တော်တို့ လောကပတ်၀န်းကျင်မှာ တိုးတက်မှုတွေကို အမြင်မဆုံးတွေ့နိုင်ပါတယ်။ ရှေှးလူတွေ ကြိုးစားခဲ့ခြင်းကြောင့် ကျွန်တော်တို့လက်ထက် အရာရာမှာ အဆင်ပြေသင့်သလောက် ပြေနေကြတယ်။ ယခု လူများ ကြိုးစားနေခြင်းကြောင့်လည်း တစ်ခုပြီးတစ်ခု တိုးတက်လာခဲ့တယ်။ အရာရာတွင် ခေတ်မီလာရခြင်းဖြစ်တယ်။ ကျွန်တော်တို့ လူငယ်များလက်ထက်တွင်လည်း ထိုတိုးတက်မှုများ ဆုတ်ယုတ်မသွားရအောင် ကျွန်တော်တို့ဟာ အစဉ်အမြဲ ကြိုးစားနေကြရမယ်။ ပိုမိုတိုးတက်မြင့်မားဖို့ ကြိုးစားလုပ်ဆောင်ရမှာ ကျွန်တော်တို့အားလုံးရဲ့ တာ၀န်ပဲဖြစ်တယ်။ ပထမဦးစွာ မိမိကိုယ်တိုင် တိုးတက်အောင်မြင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
လူတိုင်းလူတိုင်းဟာ မွေးကတည်းကကြိုးစားလာကြတာပါ။ ဘာမျှမသိသေးတဲ့ နို့စို့အရွယ်ကတည်းက အငိုလေးနဲ့ လိုချင်တာကို ရဖို့ ကြိုးစားကြတယ်။ ငိုတဲ့အခါ မိခင်ရဲ့နို့ကို စို့ရတဲ့အတွက် နောက်နောင် ဗိုက်ဆာတာဖြစ်ဖြစ်၊ နို့ဆာတာဖြစ်ဖြစ် ငိုရင်ရတယ်အထင်နဲ့ ကြိုးစားလာတတ်ကြတယ်။ စကားပြောတတ်တဲ့အရွယ်ရောက်တော့လည်း မိမိလိုချင်တာ၊ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေအတွက် တစ်နည်းနည်းနဲ့ ကြိုးစားတတ်ကြပြန်တယ်။ ချစ်စရာကောင်းတဲ့အပြောအဆို၊ အပြုအမှုဟန်ပန်လေးတွေနဲ့ ရယူကြတယ်။ ကလေးသဘာဝအတိုင်း ချွဲမယ်၊ နွဲ့မယ်၊ ဂျီကျမယ်၊ ပူဆာမယ်။ မရတဲ့အခါ စိတ်ဆိုးစိတ်ကောက်မယ်၊ငိုမယ်။ ဒီလိုပြုမှုပြီး မိမိလိုချင်တာရဖို့အတွက် ကြိုးစားကြတယ်။
ကျောင်းနေအရွယ်ရောက်ပြန်တော့လည်း စာရဖို့၊ စာမေးပွဲအောင်ဖို့ အထူးကြိုးစားကြတယ်။ ကြိုးစားရမယ်ဆိုတာသိသည်ဖြစ်ဖြစ်၊ မသိသည်ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ တစ်ခုခုမှာ မိမိဖြစ်ချင်တာအတွက် ကြိုးစားကြတယ်။ မိဘဆွေမျိုး၊ ညီအစ်ကိုမောင်နှစ်မ၊ လူကြီးသူမ၊ ဆရာဆရာမ၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိမိအားချစ်လာအောင်၊ ခင်လာအောင်၊ အလေးပေးအောင်၊ ချီးကျူးအောင် ကြိုးစားလာတတ်ကြတယ်။ အတန်းတွေကြီးလာသည့်အခါ စာရရမယ်၊ စာမေးပွဲအောင်ရမယ်ဆိုတာသိလာကြတယ်။ သိသည်နှင့်အမျှ မှန်မှန်အောင်မြင်ဖို့၊ ဖြေတိုင်းအောင်မြင်ဖို့ ကြိုးစားကြတယ်။ ကြိုးစားကြသူအချင်းချင်း အချို့က ``ရိုးရိုးကျင့်မြင့်မြင့်ကြံ´´ဆိုသည့်အတိုင်း ရိုးသားစွာနဲ့ ဇွဲ၊လုံ့လ၊ဝီရိယထားပြီး ကြိုးစားကြတယ်။ အချို့က မမှန်မကန်ဖြတ်လမ်းနည်းကိုသာ အသုံးချပြီး စာမေးပွဲအောင်ဖို့အတွက် ကြိုးစားကြတယ်။
အခြေခံပညာသင်ကြားပြီးလို့ သက်မွေးဝမ်းကြောင်းတစ်ခုခုအတွက် တက္ကသိုလ်တက်သည့်အချိန်မှာလည်း အားလုံးက ကြိုးစားကြပြန်တယ်။ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့၊ တစ်နှစ်ထက်တစ်နှစ် အောင်မြင်ဖို့အတွက် နည်းမျိုးစုံနဲ့ပါ။ မသမာသောနည်းလမ်းနဲဲ့ဖြစ်စေ၊ မှန်ကန်ဖြောင့်မတ်သောနည်းလမ်းနဲ့ဖြစ်စေ နေရာအသီးသီးရဖို့ ကြိုးစားလာကြတယ်။ ကိုယ့်အတွက်ကိုယ် ကြိုးစားကြတယ်။ မိမိဆန္ဒအတိုင်း မိမိဖြစ်ချင်ရာဖြစ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားကြတယ်။ ကြိုးစားခြင်းဟာ လူတိုင်းမလုပ်မဖြစ် လုပ်ဆောင်သင့်တဲ့အရာပါ။ သို့ပေမဲ့ ကိုယ်ကဘာအတွက် ကြိုးစားနေတာလဲ၊ ဘယ်လိုကြိုးစားနေတာလဲဆိုတာ သေချာသိဖို့လိုအပ်ပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ရိုးသားစွာကြိုးစားနေသူတိုင်းအတွက် သိပ်ကိုအလေးအနက်ထားစရာပါပဲ။ မမှန်ကန်သောနည်းများနှင့်ကြိုးစားနေသူများက ဒီအချက်တွေကို အလေးနက်ထားမှာမဟုတ်ပါ။ ကြိုးစားမှုဟာ လူရောစိတ်ရောနှင့်ပါ သက်ဆိုင်ပါတယ်။ စိတ်ရဲ့ခေါ်ရာလူပါရသလို မိမိရဲ့ကြိုးစားခြင်းဟာလည်း မိမိနှင့်သာသက်ဆိုင်လှပါတယ်။
စီးပွားရှာချိန်၊ လုပ်ငန်းခွင်တွင် လူအများစုဟာ ကိုယ်ရဖို့သာကိုယ်ကြည့်တတ်ကြပါတယ်။ ကိုယ်သာရဖို့ဆိုလျှင် အခြားသူတစ်ပါး မည်သို့ဖြစ်စေကာမူ၊ ဂရုမစိုက်။ မိမိကြောင့် တစ်ပါးသူ ဒုက္ခရောက်သည်ကို သိလျှင်တောင် အရေးမစိုက်။ မိမိနှင့် မိိမိရဲ့မိသားစုအတွက်သာ တစ်ကိုယ်ကောင်းဆန်စိတ်ဖြင့် ကြည့်တတ်မြင်တတ်ကာ အလေးထားကြိုးပမ်းနေကြတယ်။ ဘယ်လိုလုပ်ရင် ငါ့အတွက် ပိုကျန်မလဲ။ ပိုရနိုင်မလဲစတဲ့ လောဘစိတ်၊အတ္တစိတ်တွေနဲ့သာ ကြံစည်ကြိုးစားကြတယ်။ ပြိုင်ဘက်အချင်းချင်း ယှဉ်ပြိုင်နိုင်စေရန်အတွက်လည်း ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ ဆိုတဲ့ အကြံအစည်များဖြင့်သာ ကြိုတင်စီစဉ်ကာ မိမိသာဖို့အတွက်၊ နိုင်ဖို့အတွက် ကြိုးစားကြတယ်။ ဘယ်နည်းကိုပဲအသုံးချတာဖြစ်ဖြစ်၊ အသုံးပြူတာဖြစ်ဖြစ် မိမိဖြစ်ချင်တာဖြစ်ရဖို့အတွက် ကြိုးစားကြခြင်းပါပဲ။
ကိုယ့့့်အတွက်ရလိုက်တဲ့အရာဟာ ကိုယ့်ရဲ့ကြိုးစားမှုရလဒ်သာဖြစ်တယ်။ မကြိုးစားဘဲနဲ ဘယ့်အရာမှမရနိုင်ပါ။ ကြိုးစားခြင်းဟာ ပုံစံမျိုးစုံနဲ့လုပ်ဆောင်နိုင်တဲ့အလျောက် လူအချို့ဟာ မကောင်းတဲ့နည်းလမ်းတွေကိုသာ အသုံးပြုပြီး ကြိုးစားနေတတ်ကြတယ်။ အချို့သာ မှန်ကန်ကောင်းမွန်ပြည့်စုံတဲ့ နည်းလမ်းများနဲ့သာ ကြိုးစားနေကြတယ်။ ကြိုးစားတာချင်းအတူတူ ဖြစ်ပေမယ့် ရလဒ်တွေဟာ ကွဲပြားသွားကြတယ်။ ကြိုးစားတဲ့နည်းလမ်းလည်းမတူညီတာကြောင့် ကွာခြားတာဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင့်တွေ၊ ရာထူးတွေ၊ နေရာရရှိမှုတွေ၊ အောင်မြင်မှုတွေ ကွဲပြားသွားရခြင်းဟာ ကြိုးစားတဲ့ပုံစံ မတူညီလို့ပဲဖြစ်တယ်။ လူတစ်ဦးနဲ့တစ်ဦး ဆင်းရဲခြင်း၊ ချမ်းသာခြင်းဟာလည်း မိမိတို့ရဲ့ ကြိုးစားအားထုတ်မှု ကွာခြားလို့သာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို လေ့လာရင်လည်း ထိုနိုင်ငံများအတွင်းတွင် နေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေရဲဲ့ ကြိုးစားအားထုတ်မှုနဲ့သာသက်ဆိုင်ပေတယ်။ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေဟာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကြိုးစားတဲ့နည်းလမ်းအသွယ်သွယ်တွေမှာ ကွာခြားလို့့ပဲ ဖြစ်တယ်။
ထိုသို့ကွဲပြားခြားနားမှုတွေဟာ လူအချင်းချင်း၊ နိုင်ငံအချင်းချင်းရဲ့ ကိုယ်တိုင်ရွေးချယ်မှု၊ ဆုံးဖြတ်မှု၊ လုပ်ဆောင်လိုက်တဲ့ နည်းလမ်းများမတူညီမှု၊ စိတ်နေသဘောထားခံယူမှုတွေ အားလုံး ကွဲဲပြားခြားနားနေလို့ပါပဲ။ လူတိုင်းလူတိုင်းဟာ နေရာအသီးသီးမှာ မိမိလိုချင်တဲ့ မိမိဖြစ်ချင်တဲ့ အရာရာတိုင်းအတွက် ကြိုးစားဖူးကြတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစားကြသူတွေရှိသလို မမှန်မကန်နည်းလမ်းတွေအသုံးပြုပြီး ကြိုးစားခဲ့ကြသူတွေလည်းရှိတယ်။ မကြိုးစားသူဟူ၍မရှိ။ ဘာမှမလုပ်ချင်သောငပျင်းတွေကလွဲလို့ပေါ့။ တစ်နေရာရာမှာ တစ်ခုခုအတွက် ကြိုးစားခဲ့ဖူးကြတယ်။ ရှုံးနိမ့်ခြင်းတွေကြောင့် အချို့က ထပ်မကြိုးစားကြ။ အချို့က မိမိရဲ့ရှုံးနိမ့်မှုကို သင်ခန်းစာယူရင်း ပိုမိုအားထုတ်ကာ၊ ပြန်လည်ပြုပြင်ကာ၊ မိမိအမှား၊ အရှုံးကို ပြန်လည်ဆန်းစစ်ကာ ပိုမိုအားထုတ်ကြိုးစားကြတယ်။ ဒါ့ကြောင့်လည်း ရရှိမှုတွေ၊ ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေက ကွာခြားသွားကြရတာ။
ကြိုးစားသူတိုင်းအတွက် မိမိကြိုးစားလိုက်တဲ့အတိုင်း ရလဒ်က အနည်းနဲ့အများ ပြန်လည်ရရှိကြပါတယ်။ မိမိရဲ့ကြိုးပမ်းမှုဟာ မှန်ကန်ကောင်းမွန်လား၊ မှားယွင်းဆိုးဝါးနေလားစတဲ့ အချက်တွေကိုသာ မြင်နိုင်ဖို့၊ ပြန်သုံးသပ်ဖို့ လိုတာပါ။ ဆုံးဖြတ်ချက်က မှန်ကန်ပြီး ကြိုးပမ်းအားထုတ်မှုဟာလည်း ကောင်းမွန်နေမယ်ဆိုရင် ရလဒ်ဟာ ကြီးမားလာမှာ အမှန်ပါ။ မိမိရဲ့ကြိုးစားအားထုတ်မှုဟာ တရားမျှတမှု၊ ဖြူစင်မှုရှိရင် မိမိကြိုးစားခြင်းကြောင့်ရရှိလိုက်တဲ့အောင်မြင်မှုက တန်ဖိုးကြီးမားမှာပါ။ သို့အတွက် မိမိဟာ နေရာတစ်နေရာမှာ တစ်ခုခုရဖို့အတွက် ကြိုးစားနေတဲ့အလျောက် မှန်ကန်တဲ့ကြိုးစားမှုဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါ့အပြင် မိမိအားထုတ်ကြိုးစားမယ့်အလုပ်ကလည်း မှန်ကန်နေဖို့လိုပါတယ်။ သို့မှသာ မိမိကြိုးစားခြင်းဟာ မွန်မြတ်မှာပါ။
ဒါ့ကြောင့် ကျွန်တော်တို့ဟာ မိမိကိုယ်တိုင် အရင်တိုးတက်အောင်မြင်မှုမှတစ်ဆင့် မိမိအသင်းအဖွဲ့၊ နေရာအသီးသီး၊ ရပ်ရွာ၊ မြို့၊ တိုင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားကြရမှာ အမှန်ပါ။ အခြားသူ၊ အခြားအသင်းအဖွဲ့တွေ၊ အခြားသော ရပ်ရွာ၊မြို့၊တိုင်း၊နိုင်ငံတွေလို ကြိုးစားနေကြတာချင်းအတူတူ ကျွန်တော်တို့ ဘယ်သို့ကြိုးစားကြမလဲဆိုတာ အကောင်းဆုံးရွေးချယ် ဆုံးဖြတ်နိုင်ပြီး အကောင်းအထည်ဖော်ကာစတင်ကြပါစို့။ ။
ဆောင်းနေရောင်(အဖျောက်)

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship