Author's Profile Photo

Minzaya

25/10/2024

လက်ဝဲသုန္ဒရ ဦးမြတ်စံ၏ လေးစားဂုဏ်ယူဖွယ် ဘဝအတ္ထုပ္ပတ္တိ

4 mins read
Culture
Art
Entertainment

လက်ဝဲသုန္ဒရလို့ ပြောလိုက်တာနဲ့ မြန်မာ့သမိုင်းမှာ မဲဇာတောသို့ နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မှူးမတ်တစ်ဦးလို့ တော်တော်များများသိကြမှာပါ။ ထိုအမတ်ကြီးဟာ ကဗျာ၊အလင်္ကာ၊သဒ္ဒါကျမ်းတွေကို တစ်ဖက်ကမ်းတတ်မြောက်သူတစ်ဦးပါ။
ကုန်းဘောင်ခေတ်သမိုင်းမှာ သူ့ရဲ့ရတုကဗျာကို ထိပ်တန်းတင်ရလောက်အောင်ပင် အလွန်ကောင်းမွန်ပါတယ်။ အခုလက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ ဘဝအတ္ထုပ္ပတိကို ကျွန်တော်မှတ်သားလေ့လာထားသမျှကို စာဖတ်သူတို့အား ပြောပြသွားမှာဖြစ်ပါတယ်။

အမတ်ကြီးကို မြန်မာသက္ကရာဇ် ၁၀၈၅ ခုနှစ်(အချို့မှတ်တမ်းများတွင် ၁၀၈၉ ခုနှစ်)မှာ ဖွားမြင်ခဲ့ပါတယ်။ဇာတိကတော့ ရွှေဘိုမြို့၏တောင်ဘက် လေးတိုင်(၁၄ မိုင်) အကွာရှိ မန်ကျည်းတုံရွာမှာဖွားမြင်ပါတယ်။ အမည်ရင်းမှာ မောင်မြတ်စံဖြစ်ပြီး ဖခင်က မန်ကျည်းတုံရွာကို အုပ်ချုပ်ရတဲ့ မြင်းစီးရိုး ရာထူးဖြစ်ပါတယ်။



မောင်မြတ်စံရဲ့ မိဘနှစ်ပါးဟာ မောင်မြတ်စံရဲ့ပညာရေးကို အားပေးခဲ့ပြီး အသက် ၇ နှစ်အရွယ်မှာ မန်ကျည်းတုံရွာ၊ရွှေဘုံသာကျောင်းဆရာတော် ရှင်ဝရသမ္ဗောဓိ ထံပါးမှာ ပညာသင်ကြားစေပါတယ်။ ဆရာ‌တော်ရှင်ဝရသမ္ဗောဓိထံမှာ သဒ္ဒါကျမ်းကို တစ်ဖတ်ကမ်းတတ်မြောက်ခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် ရောက်တဲ့အခါမှာ ရွှေဘုံသာကျောင်းဆရာတော်ထံမှာပဲ သာမဏေပြုခဲ့၍ သာမဏေပြုစဉ် အခါမှာလည်း ရတနာပူရအင်းဝမြို့မှာ သွားရောက်၍ ဒုတိယမှန်စီဆရာတော်ထံမှာ ပညာသင်ကြားခဲ့ပါတယ်။ ။ ပိဋကတ်သုံးပုံကို သင်ကြားခဲ့ပြီး ဝါတော်သုံးဝါ အရောက်မှာ တဖက်ကမ်းတတ်မြောက်ခဲ့ပါတယ်။ ထို့နောက် စစ်ကိုင်းမင်းဝံတောင်ရိုးရှိ ကယေမ္ဗာဇမထေရ်ထံ မှာ အဋ္ဌကထာဋီကာ ကိုသင်ကြားခဲ့ပါတယ်။ ကဗျာ၊ လင်္ကာ၊ရတု၊ ဧချင်းစတာတွေကို သင်ကြားခဲ့ပြန်တယ်။အသက်ငယ်ငယ်ဖြင့် ထိုသို့သော ပညာများကို သင်ကြားတတ်မြောက်ခဲ့သည်ကို ကြည့်ခြင်းဖြင့် မောင်မြတ်စံရဲ့ ပညာပါရမီ ဟာ လွန်စွာမှ ပြည့်ဝကြောင်း သုံ့သပ်မိပါတယ်။ မောင်မြတ်စံဟာ သာမဏေဘဝမှာပဲ မဟော်ပျို့ကို စပ်ဆိုခဲ့ပါတယ်။မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါမှာ မဟော်ပျို့ကို စပ်ဆိုစဉ်က မောင်မြတ်စံရဲ့ အသက်ဟာ ၁၃ နှစ် ၄ လ ခန့်သာရှိသေးကြောင်းတွေ့ရပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာ စာပေတတ်မြောက်ပြီးဖြစ်၍ ရှင်လိင်ပြန်ခဲ့သည်။


မောင်မြတ်စံ ဟာ လူထွက်ပြီးချိန်မှာ နန်းတွင်း၌အမှုထမ်းရန် အသက်အားဖြင့် ငယ်ရွယ်နေသေးသဖြင့် မိဘများကခွင့်မပြုခဲ့ပေ။ သက္ကရာဇ် ၁၁၁၁ ခုနှစ်တွင် ဟံသာဝတီရောက်မင်း ခေါ် မဟာဓမ္မရာဇာဓိပတိသည် မွန်တို့၏ကျူးကျော်မှုကို ကာကွယ်ရန် မလွန်တပ်မှူး သတိုးမင်းခေါင်အား စဉ့်ကိုင်မြို့တွင် အုပ်ချုပ်စေပြီး မွန်တို့ကို တွန်းလှန်သည်။ မွန်တို့ကို အောင်မြင်ပြီးသော် ဟံသာဝတီရောက်မင်းသည် စဉ့်ကိုင်မြို့အား ကေတုမတီဟု သမုတ်၍
နန်းတော်၊ လွှတ်တော်၊ တရားရုံးတို့ကို တည်ဆောက်ပေးပြီး
ထီးနန်းအသစ်တည်ခဲ့သည်။ မလွန်တပ်မှူး သတိုးမင်းခေါင်ကို ကိုးသိန်းသခင်ဘွဲ့ အပ်နှင်းခဲ့ပြီး ထီးပြိုင်နန်းပြိုင် အုပ်ချုပ်စေသည်။ ထိုအခါမှ ကိုးသိန်းသခင်မင်းထံ မောင်မြတ်စံသည် ဝင်ရောက်ခိုလုံသည်။ သက္ကရာဇ် ၁၁၁၃တွင် မွန်-ဗမာ စစ်ဖြစ်၍ ဘုရင်နေပြည့်တော် မွန်လက်အောက်သို့ကျရောက်ခဲ့လေသည်။ ထိုအချိန်တွင် ဦးအောင်ဇေယျသည် ရွှေဘို၌ကုန်းဘောင်ထီးနန်းကို တည်ထောင်နေဆဲအချိန်ဖြစ်၍ ကုန်းဘောင်ဒေသ ထံ ထွက်ပြေးတိမ်းရှောင်‌ခဲ့‌သည်။ ထို့နောက် အလောင်းမင်းတရားကြီး၏ နောင်တော်အိမ်ရှေ့မင်း ဥပရာဇာ ထံတွင် ခိုလုံသည်။ နောင်တော်ကြီး၏လျှောက်ထားပေးချက် အရ အလောင်းမင်းတရားကြီးသည် ဦးမြတ်စံအား အမြင့်မြို့စား၊အမြင့်မင်းသား၏ အကြီးတော် အရာကို ပေးအပ်ခဲ့သည်။ အကြီးတော် အဖြစ် တာဝန်ထမ်းရွက်နေစဉ် ဦးမြတ်စံသည် ပျို့၊ရတု၊ ကျမ်းများ၊ကဗျာများကို ရေးဖွဲ့ ခဲ့ပါတယ်။ မှတ်တမ်းများအရ လင်္ကာသီရိကျမ်းကို အင်းဝကျဆုံးပြီးချိန် သက္ကရာဇ် ၁၁၁၀-၁၁၂၀ ခုနှစ်အတွင်းရေးစပ်ခဲ့သည်ဟု လေ့လာသိရှိရပါတယ်။
ဦးမြတ်စံ၏ ကဗျာ၊ ရတု စာအရေးအသားများကို အလောင်းမင်းတရားကြီးက အထူးနှစ်သက်သဖြင့် အမြင့်မြို့မှ ကုန်းဘောင်နေပြည်တော်သို့ ဆင့်ခေါ်၍ လက်ဝဲသုန္ဒရဘွဲ့ ချီးမြှင့်ခဲ့သည်။ လက်ဝဲသုန္ဒရ ဘွဲ့ကို ဦးမြတ်စံနှင့် အတူ
ဦးမြတ်သာကိုပါ ပေးအပ်ခဲ့ကြောင်းသိရပါတယ်(ဦးမြတ်သာမှာမူ လက်ဝဲသုန္ဒရ ဘွဲ့ဖြင့် မထင်ရှားပဲ လက်ဝဲ‌နော်ရထာဘွဲ့ ဖြင့်ထင်ရှားသော လက်ဝဲသုန္ဒရဦးမြတ်စံ နှင့်ခေတ်ပြိုင်ကဗျာဆရာတစ်ဦးဖြစ်တယ်)။ ထို့နောက်ဦးမြတ်စံအား အလောင်းမင်းတရားကြီးက မှူးမတ်ရာထူးပေးအပ်၍
အဆောင်အယောင်နှင့်တကွ မြောက်ဘက်ကိုးသင်းမြေနှင့်
မန်ကျည်းတုံရွာကို ပေးသနားခဲ့လေသည်။


ဤအကြောင်းကို မြန်မာပြည်သူတော်‌တော်များများသိကြပြီးသားဖြစ်မှာပါ။ အမတ်ကြီးသည် အလောင်းမင်းတရားလက်ထက်မှ စတင်မင်းအမှုထမ်းရာ ဆင်ဖြူရှင်မင်းလက်ထက်တွင်
မဲဇာသို့နယ်နှင်ဒဏ်ပေးခံခဲ့ရသည်။ အကြောင်းမှာ နန်းတွင်းအပျိုတော် မိမိတ်နှင့် လူပျိုတော် မောင်အောင်တင်(အချို့မှတ်တမ်းများတွင် မောင်ထင်ကျော်ဟုဆိုသည်)
တို့ချစ်ကြိုက်ကြသည်။ မောင်အောင်တင်သည် အမြင့်မင်းသား၏ လူပျိုတော်ဖြစ်သည်။ မောင်အောင်တင်မှာထွက်ပြေးလွတ်မြောက်၍ အကြီးတော်ဖြစ်သူ အမတ်ကြီးအနေနဲ့ တာဝန်မကင်းအမှုပတ်လာသည်။ ဆင်ဖြူရှင်လည်း အမျက်ထွက်၍ မောင်အောင်တင်အား ရှေ့တော်မှောက်သွင်းစေဟု အမိန့်ချခဲ့သည်။ အမတ်ကြီးက မောင်အောင်တင်အား ဖမ်းမမိကြောင်း လျှောက်ထားရာ အုပ်ထိန်းမှု
ပေါ့ဆလေခြင်းဟု ထပ်မံအမျက်‌ရှကာ နဖူး၌ စာတမ်းထိုးစေဟု ပြစ်ဒဏ်ချမှတ်လိုက်လေသည်။ သို့ရာတွင် မယ်တော်ကြီး၏ မေတ္တာရပ်ခံချက်အရ စာတမ်းမထိုးပဲ မဲဇာတောသို့ နယ်နှင်ဒဏ်ပေးလိုက်သည်။ မယ်တော်ကြီးက အမတ်ကြီးအား မဲဇာတောသို့ရောက်နေပါကလည်း ကဗျာစာများကို
မပြတ်ရေးရန် မှာပြီး ပုရပိုက်ထုပ်နှင့် ကံ့ကူဆံ ကိုပါထည့်ပေးလိုက်လေသည်။ အမတ်ကြီးသည် မဲဇာတော၌ အလွန်ပင်ပန်းဆင်းရဲရသည်။ မူလနေထိုင်ရာ ရွှေပြည်ကြီးနှင့် ရွှေစေတီများကို တမ်းတသည်။ မဲဇာတောသူလေးများ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပသည်နှင့် ကြုံကြိုက်သည့်အခါ ပါဝင်ဆင်နွှဲ ခဲ့သည်။ ဆင်နွှဲရင်းရွှေပြည်ကြီး၏ ညောင်ရေသွန်းပွဲအား အလွန် လွမ်းဆွတ်မိသည်။ ဤသည်ကို ရတုတွင်တွေ့မြင်ရပါသည်။ ရတုကို ဖတ်လိုက်လျှင်လည်း အမတ်ကြီးမဆိုထားနှင့် နှစ်ပေါင်း ၂၀၀ ကျော်ဝေးကွာနေသော ကျွန်တော်အနေနှင့် အမတ်ကြီးအစား ဆင်းရဲဒုက္ခများကို ကိုယ်ချင်းစာနာမိပါသည်။ အမတ်ကြီးသည် မဲဇာတော၌ ၄၅ ရက်မျှနေထိုင်ခဲ့ရသည်(အချို့မှတ်တမ်းများက ၆၄ ရက်ဟုဆိုသည်)။


အမတ်ကြီး၏ အထင်ရှားဆုံး ကဗျာမှာ မဲဇာတောင်ခြေချီရတုဖြစ်၍ အကောင်းဆုံးမှာ သာဓိနပျို့ဖြစ်သည်။ သာဓိနပျို့တွင် အမတ်ကြီး၏ စာပေပညာကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ အမတ်ကြီးသည် ဓမ္မသတ်ကျမ်းကို ကျွမ်းကျင်တတ်မြောက်သူပီပီ ဓမ္မသတ်ကြီး‌တစ်စောင်လုံးကို ပျို့တစ်ပုဒ်တည်းဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ဤသည်ကား ထိပ်တန်းတင်လောက်သော ကဗျာရေးဖွဲ့မှု ဟုဆိုရမည်ဖြစ်သည်။
အမတ်ကြီးသည် စာပေပညာတွင်မက စစ်ရေးစစ်ရာတွင်လည်း ‌ကျွမ်းကျင်လှပေသည်။ စစ်မှုရေးရာ နည်းဗျူဟာ များမှာ အလွန်ပြောင်မြောက်လှသည်။ မြန်မာစစ်ပညာများဖြစ်သော ဗျူဟစက္ကိပညာ၊ နန္ဒီသေနပညာ၊ သေနင်္ဂပညာစသည်များကို ပျို့အဖြစ်ရေးစပ်ထားသည်ကို လေ့လာသိရှိရပါသည်။ သေနင်္ဂဗျူဟာပျို့တွင် အမတ်ကြီး၏ ပြောင်မြောက်လှသော သေနင်္ဂပညာအစွမ်း ကို မင်သက်ဖွယ်တွေ့မြင်ရသည်။ အမတ်ကြီး၏ စစ်နည်းဗျူဟာများကို ကုန်းဘောင်အင်ပါယာကြီး တည်ထောင်ရာ၌ စစ်ရေးအရ တစ်စိတ်တစ်ပိုင်း အရေးပါခဲ့သည်။အခြားသော ကဗျာအမျိုးအစား ၁၅ မျိုးကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ရေးဖွဲ့ခဲ့ သည်။ ကျွန်တော့် အနေနဲ့ ပြောရလျှင် အမတ်ကြီးဟာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပြိုင်ဘက်ကင်း အမတ်ကြီးတစ်ပါးဖြစ်တယ်လို့ ထင်မိပါတယ်။




  1. သက္ကရာဇ် ၁၁၂၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်နေ့တွင် ဆင်ဖြူရှင်မင်းခေါ် မြေဒူးမင်းချီးမြှင့်သော ဘယရန္တမိတ်ဘွဲ့
  2. ကျော်ထိတ်လျှံဝေ ဘွဲ့
  3. သက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် ဘိုးတော်ဘုရားချီးမြှင့်သော သရေသင်္ခယာဘွဲ့
  4. လက်ဝဲဘိနန်သူ ဘွဲ့

စတဲ့ ဘွဲ့ငါးဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
မိသားစုဝင်များအနေနဲ့ ဇနီးမှာ ငယ်စဉ်ကတည်းကရည်ငံခဲ့သော မိရွဲဖြစ်ပြီး သားသမီး ၃ ယောက်ထွန်းကားခဲ့သည်။
သားကြီးမှာ မဟာဓမ္မိကရာဇာဘွဲ့ခံ တရားသူကြီး ဦးအေးဖြစ်သည်။ သားလတ်မှာ ဦးရွှေသာဖြစ်ပြီး သမီးထွေးမှာ
မလွန်းမယ် ဖြစ်သည်။
----------------------------------------------------
လက်ဝဲသုန္ဒရ အမတ်ကြီး၏ ဘဝအတ္ထုပ္ပတ္တိ ကိုလေ့လာရင်းကျွန်တော့်အနေနဲ့ အတွေးတစ်ခုဝင်လာမိတယ်။
ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲပြောပြောပါ ကျွန်တော်အနေနဲ့ ဂုဏ်ယူမိတာတော့အမှန်ပါပဲ။ ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ကိုယ်ပိုင်စာပေ၊ကိုယ်ပိုင်ကဗျာ၊ ကိုယ်ပိုင်ယဉ်ကျေးမှု တို့ဖြင့် တကောင်းခေတ်မှခေတ်အဆက်ဆက်ထင်ရှားလာခဲ့တယ်၊ သမိုင်းတစ်လျှောက် ထင်ရှားကျော်ကြားသော စာဆိုများ၊ဘုရင်များစွာရှိခဲ့တယ်၊ မြန်မာစာပေကို လွန်စွာမှတန်ဖိုးထားတဲ့ မြန်မာလူမျိုးတွေဖြစ်ရလို့ ဂုဏ်ယူဝံ့ကြွားမိတယ်။
သူတို့လည်းသူတို့ ခေတ်အဆက်ဆက် ကဗျာစာပေတွေကို လက်ဆင့်ကမ်းဆန်းသစ်ခဲ့ကြ သလို ကျွန်တော်တို့ မျိုးဆက်ရောက်မှာ ပျက်တယ်လို့ ဖြစ်ရင် ရာဇဝင်ရိုင်းသွားမယ် လို့ ထင်မိတယ်။ မြန်မာစာပေဆိုတာလည်း ပြစ်ပယ်ထားလို့မှမရတာလေ။ ကျွန်တော်တို့ကိုယ်တိုင် ခေတ်နဲ့လျော်ညီအောင်ယဉ်ကျေးမှုမပျက်မွမ်းမံပြီး "စာပေအဆင့်အတန်းမြင့်မှ တိုင်းပြည့်ဖွံ့ဖြိုးမည်" ၊"စာပေမြင့်မှ လူမျိုးတင့်မည်" ဟုဆိုသလို ပင် မြန်မာစာပေနှင့်ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းရင်းတီထွင်ဆန်းသစ်သင့်ကြောင့်ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုးကား။ ။ www.wakipedia.com(အင်တာနက်)၊မဲဇာတောင်ခြေပြဇာတ် ၊ အခြေခံပညာမြန်မာစာ။။
၂၅.၁၀.၂၀၂၄#

Keep Reading

အနောက်တိုင်းက ပြဿဒါးအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )​ပျောက်ကွယ်မသွားတဲ့သကြန်အ​မွေအနှစ်များကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾