Author's Profile Photo

ဇေယျ

25/10/2024

လမ်းဘေးတက္ကသိုလ် (အပိုင်း -၂ )

3 mins read
Art
လမ်းဘေးတက္ကသိုလ် (အပိုင်း -၂ )'s photo

စာအုပ်အဟောင်းဆိုင်များ

သို့သော် ကျွန်တော်တို့ အကြိုက်ဆုံးကား ညဈေးတန်းလမ်းဘေးတွင် ချ၍ရောင်းကြသော စာအုပ်အ​ဟောင်းဆိုင်ကလေးများ​ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြိုက်သည်မှာ အခြားကြောင့်မဟုတ်။ ထိုအချိန်က ကျွန်တော်တို့မှာ လခ ၅ဝ မျှသာ ရရှိသေးရာ စာအုပ်အတွက် တစ်လလုံးမှ လေးငါးကျပ်လောက်သာ သုံးစွဲနိုင်ပေသေးသည်။အထက်ပါစာအုပ်ဆိုင်ကြီးများတွင် စာအုပ်သစ်များမှာ အညံ့ဆုံး အပေါဆုံးပင် တစ်အုပ် ၁ကျပ်ကျလောက် ပေးရသည်ဖြစ်ရာ ညဈေးတန်းအ​ဟောင်းဆိုင်ကလေးများတွင်မူကားအိတ်ထဲတွင်တစ်​မတ်နဲ့လောက်ပါရှိလျှင်ပင် ကြိုက်ရာစာအုပ် နှစ်အုပ်သုံးအုပ်ရရှိနိုင်ခြင်းကြောင့် ဖြစ်လေသည်။

ဝယ်နေကျဖြစ်၍ တစ်ခါတရံပိုက်ဆံမပါလျှင် အ​ကြွေးယူ၍လည်းအလွယ်တကူရရှိနိုင်လေသည်။ကျွန်​တော် ရန်ကုန်တွင် အလုပ်စ၍ဝင်သော ၁၉၂ဝ ပြည့်နှစ် ဇွန်​လ ၁ ရက်နေ့ ညဦး ခြောက်နာရီခွဲလောက်တွင် စစ်ကဲမောင်ထော်လေး လမ်းထိပ်ဆိုင်ကြီးတစ်ဆိုင်ဘေးနားတွင် မှီကပ်၍ ရောင်းနေသော စာအုပ်အဟောင်းဆိုင်ကလေးတစ်ဆိုင်မှ မစ္စက် - ဟမ်ဖရီ - ဝပ်ရေးသော “အီးစ် - လင်း”ခေါ် ခြောက်ပဲနိတန် အပေါစား ဝတ္ထုစာအုပ်အဟောင်းတစ်အုပ်၊ ချာလ်စ် -ဂါဗစ် ရေးသားသော တသျှီလင်တန် အပေါစားဝတ္ထုအဟောင်းတစ်အုပ်၊ အင်္ဂလိပ်ကဗျာဆရာကြီး ရှဲလီရေးသားသော က​ဗျာစာအုပ်တစ်အုပ် ဤသုံးအုပ်ကို ငါးပဲမျှနှင့်ဝယ်ယူခဲ့လေသည်။ (အိစ် –လင်း” ဝတ္ထုမှာ​ ဆရာကြီးရွှေဥဒေါင်း၏ ထိုခေတ်က အပြိုင်မရှိလောက်အောင် ထင်​ရှားသော “ရတနာပုံ”ဝတ္ထုကြီး၏ မှီးရာဖြစ်ပေသည်။)

ချားလ်စ်-ဂါဗစ်မှာ ထိုခေတ်က အင်္ဂလန်ပြည်တွင် အ​ချစ်ဇာတ်လမ်းဝတ္ထုများကိုရေးသားရာ၌တုဘက်ပြိုင်​ဘက် မရှိ၊လူကြိုက်အများဆုံးဝတ္ထုရေးဆရာကြီး ဖြစ်​သည်။ ဆရာကြီး​ ပီမိုးနင်း၏ လက်စွဲကြီး​ ဖြစ်သည်။ ကျွန်​တော်တို့လည်း ထိုဆရာကြီး၏ ဝတ္ထုများကို အ​ထူးအားကိုးသည်။ထိုစဉ်က ညဈေးတန်းတွင် စာအုပ်အဟောင်းဆိုင်များမှာ စနစ်တကျ မရှိသေးချေ။ အ​ခြားအလုပ်မရှိ၊အရင်းအနှီးကင်းမဲ့နေသော ဒုက္ခ​သည်ကျူလီယာသုံးလေးယောက်စသည်တို့၏ရမိရရာ တစ်​ပါးသူပစ်ထားသော​ စာအုပ်စုတ်​ စာအုပ်ဟောင်းက​လေးများကိုတစ်ပဲနှစ်ပြားပေး၍ယူခဲ့ပြီးလျှင် ဆိုင်ကြိုဆိုင်ကြား နေရာလွတ်များတွင် အခင်းမျှပင်မရှိ၊ လူသွားစင်္ကြံလမ်းပေါ်တွင် ချ၍ ရောင်းချနေကြလေသည်။ ၄င်းတို့မှာလည်း များများမရှိ၊ မဂ္ဂဇင်းဟောင်း၊ စာအုပ်ဟောင်းအနည်းငယ်မျှသာရှိလေသည်။ ရောင်းသော ဈေးနှုန်းမှာလည်းမေးလိုက်လျှင် နားလည်သယောင်ယောင်ပြု၍ ငါးမူးတစ်ကျပ်ကစ၍ ဆိုသည်။သို့သော်- “ဟေ့... ပိုက်ဆံမပါဘူး၊ တစ်ပဲပဲရှိတယ်” ပြောလျှင် တစ်ပဲမျှပင် ယူလိုက်လေသည်။

ထိုမျှသာ မကသေး၊ အင်္ဂလိပ်စာအုပ်များတွင် တစ်ခါ​တစ်ရံ မြန်မာစာအုပ်များ ရောနှော၍ ပါလာတတ်လေသည်။သက္ကရာဇ် ၁၂၅၀လောက်မှစ၍ ခေတ်စားလျက် ကျွန်တော်တို့​ ရန်ကုန်သို့​ ရောက်သည့်​ အချိန်တွင် ကွယ်ပျောက်နေပြီဖြစ်သော ရှေးနံပါတ်၈၀၊ နံပါတ်​၆ဝ ဇာတ်စာအုပ်ကလေးများကို ထိုဆိုင်ကလေးများမှပင်ရရှိတတ်လေသည်။ယင်းဆိုင်ကလေးများတွင် ရှာ​ဖွေဝယ်ယူရခြင်းဖြင့်ကျွန်တော်တို့မှာရှေးကမကြုံဘူး၊မကြားဖူးသော အင်္ဂလိပ်စာအုပ်၊မြန်မာစာအုပ်များကို ကိုယ်တတ်နိုင်သော အဖိုးနှုန်းထားဖြင့် ပေါပေါများများရှိကြ၍ ကျွန်တော်တို့မှာ ဝတ္ထုဖတ်သော အဆင့်​အတန်းမှ ကဗျာ၊ ရာဇဝင်၊ အတ္ထုပ္ပတ္တိ၊ ပြဇာတ်၊ ဘာ​သာဝါဒ၊ နိုင်ငံရေး စသော အမြင်ကျယ်မှု အဆင့်အ တန်း​သို့တဖြည်းဖြည်း တက်ခဲ့ကြလေသည်။

သို့သော်လည်း တစ်နှစ်လောက်ကြာသောအခါ ထိုသို့ ရကစု လမ်းဘေးတွင်ပုံ၍ရောင်းသော စာအုပ်ဟောင်းကလေးများလောက်နှင့် မကျေနပ်တော့ချေ။တနေ့သောအခါ ညစေ◌ျးတန်း ၃၄လမးထိပ်ဝ လမ်းအစွန်း သူတစ်ပါး၏ဆိုင်မှ မီးရောင်ကိုခိုကပ်၍ ဗန်းကလေးနှင့်ချ၍ရောင်းနေသော မာရီကားအမည်ရှိသော ကျူလီယာ ကုလားကြီးတစ်ဦးနှင့်​ တွေ့လေသည်။ ၄င်း​၏ဗန်းကလေးထဲတွင် အင်္ဂလိပ်စာအုပ်အဟောင်းက​လေးဆယ်အုပ်လောက်သာရှိသည်။ ထိုဗန်းကလေးထဲမှ လွန် ခဲ့သည့် နှစ်ပေါင်း၁၀၀လောက်က ပုံနှိပ်သော အက်ဒဝပ်-ဂစ်ဘွန်း ရေးသားသည့်ရောမရာ​ဇဝင်ကြီး ပထမတွဲတစ်တွဲကို ပိုက်ဆံတစ်မတ်နှင့် ရရှိခဲ့လေသည်။

ထိုစာအုပ်မှာ နာမည်ကြီးစာအုပ်ဖြစ်လျက် ကျွန်တော့်အတွက် အဖိုးတန်စာအုပ်ဖြစ်သဖြင့် နောက်ထပ် ဒု တိယတွဲ၊ တတိယတွဲ စသည်ဖြင့် ရဦးမည်လားဟု ထိုကုလားကြီး၏ ဗန်းကလေးကိုနေ့တိုင်းသွားကြည့်လေသည်။သို့သော် ကုလားကြီး၏ဆိုင်မှာ တိုးတက်ခြင်းမရှိ၊တစ်ခါတရံ ဗန်းကလေးထဲတွင် စာအုပ်ကလေး ငါးအုပ်လောက်သာ ရှိလေသည်။

ဗန်းကလေးမှ ဆိုင်တစ်ဆိုင်သို့

တစ်နေ့သော် ကျွန်တော်က ဒီလိုရောင်းနေလို့ မဖြစ်ဘူး၊ စာအုပ်များများရအောင် ရှာမှပေါ့ဟုပြောရာ ကု​လားကြီးက ဘယ်မှာရနိုင်သလဲ၊မရှာတတ်ဘူးဟုပြောလေသည်။ ကျွန်တော်ကလက်ထဲမှာငွေသုံးလေးကျပ်ဆောင်သွား၊ အင်္ဂလိပ်တွေ များများနေသည့်​ ရောက်လမ်း၊ လင်ကတ်စတာလမ်း၊ ပြည်လမ်း ပဲခူးကလပ် စသည်တို့ကိုသွား၊ နောက်ဖေးပေါက်ကဝင်၊အစေခံကုလားများထံ မေး၊ အင်္ဂလိပ်များသည် မဂ္ဂဇင်းများ၊ စာအုပ်များကိုဖတ်ပြီးလျှင် စွန့်ပစ်တတ်ကြသည်။

အင်္ဂလိပ်များ စွန့်ပစ်လိုက်သော စာအုပ်ဟောင်းများကို အစေခံများက ကောက်ယူထားတတ်ကြသည်။ သူတို့ထံက ဝယ်ဟု အကြံပေးလေသည်။ထိုနေ့မှစ၍ ကု​လားကြီးလည်း ကျွန်တော် အကြံပေးသည့်အတိုင်း လှည့်လည်ရာ နေ့စဉ်နေ့တိုင်း စာအုပ်အတော်များများ ရရှိလေသည်။ အတန်ကြာသောအခါ ကိုယ်တိုင်လှည့်လည်၍ပင် မနေရတော့ဘဲ အစေခံကုလားများက ဆိုင်အရောက်လာ၍ ပို့ကြသဖြင့်မာရီကားမှာ ဗန်းကလေးနှင့် လမ်းပေါ်တွင်ချ၍ ရောင်းရသောဘဝမှ ဆိုင်တစ်ဆိုင် တည်ခင်းရောင်းချနိုင်သောဘဝသို့ ရောက်ရှိလေသည်။

ကျွန်တော်တို့မှာလည်း လေးကျပ်ခွဲငါးကျပ်အထိ ပေးရသဖြင့် မဝယ်နိုင် မဖတ်နိုင်သော 'အီဒင်းဘရား-ရီဗျူး” “ကွာတာလီ-ရီဗျူ’စသော သုံးလတစ်ကြိမ်ထုတ် နာမည်ကျော် မဂ္ဂဇင်းကြီးများကိုပင် တစ်မတ်ငါးပဲနှင့် ရရှိသဖြင့်တွင်တွင်ကြီးဖတ်ရှုနိုင်လေတော့သည်။ထို့​နောက်စာအုပ်အဟောင်းဆိုင်များတရွေ့ရွေ့တိုး​တက်လာ၍ ၁၉၂၇ ခုနှစ်လောက်သို့ရောက်သောအခါ ည​ဈေးတန်းတွင်သာမဟုတ်တော့ဘဲ ယခုဗိုလ်ချုပ်လမ်းဟုခေါ်သော​ မောင်ဂိုမာရီလမ်းမကြီး​ တစ်လျှောက် ဗိုလ်အောင်ကျော်လမ်းမှ မဂိုလမ်းအထိ ဆိုင်ပေါင်းများစွာ တိုးတက်လာလေသည်။

ကျွန်တော်တို့ကဲ့သို့ ကံမကောင်း အကြောင်းမလှသ​ဖြင့် တက္ကသိုလ်သို့ မရောက်ရသူတို့အဖို့ တက္ကသိုလ်တွင်မှ ရရှိနိုင်သောစာပေဗဟုသုတအမြင်ကျယ်မှုများကို ကိုယ်တတ်နိုင်သလောက်သောငွေကလေးဖြင့် ထိုစာအုပ်​ အဟောင်းဆိုင်ကလေးများမှ​ ​ ရရှိခဲ့ကြပေသည်။ စင်စစ်အားဖြင့် စာအုပ်အဟောင်းဆိုင်ကလေးများသည် ဆင်း ရဲသားများ၏ တက္ကသိုလ်ဖြစ်၏။ သူတို့၏ကျေးဇူးကားကြီးပေစွ။သူတို့သာမရှိခဲ့ပါမူ ကျွန်​တော်တို့မှာဗဟုသုတ ကျယ်ဝန်းစွာရှာမှီးခွင့်ရကြမည်မဟုတ်။ရှေ့သို့တိုးလေတိုးလေစာအုပ်ဟောင်းဆိုင်က​လေးများ၏ ကျေးဇူးမည်မျှကြီးမားကြောင်းကို သိလေလေဖြစ်ပေသည်။

အပိုင်း(၃)ဆက်ရန်--
#ဇေယျ

Keep Reading

Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအနုပညာနည်းလမ်းနှစ်သွယ်နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်အ‌တွေးအစအနများညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်အိုဖီးလီယာလွင့်မျောနှင်းစက်များ