ဂျိုဇော်
မကြာသေးခင်က သူငယ်ချင်းတစ်ယောက်နှင့် အဆက်အသွယ်ရသည်။ သူသည် ကျွန်တော်တို့မြို့ကြီးက ဌာနကြီးတစ်ခုမှာ အကြီးအကဲအဖြစ်ပြောင်းရွှေ့လာပါသတဲ့။ ကျွန်တော့်ကိုတွေ့ချင်ပါသတဲ့။လာတွေ့မည်ဆိုလျှင်ဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်း ပေးလိုက်ပါသည်။သည်ကောင်ကြီးကကျွန်တော်နှင့်ငယ်သူငယ်ချင်း။အလယ်တန်း၊အထက်တန်း၊တက္ကသိုလ်အထိကျောင်းနေဖက်။တစ်ခုံတည်းအတူထိုင်၊အကြောင်းသိတွေ။ပြောမနာ၊ဆိုမနာတွေ။မတွေ့တာကြာတော့ကျွန်တော်ကလည်းတွေ့ချင်ပါသည်။
သတိပြင်းပြင်းရချိန် တစ်ရက် ကျွန်တော် ဖုန်းဆက်တော့သူကဌာနလာခဲ့ဖို့မီးစိမ်းပြသည်။သူတို့ရုံးကြီးရှေ့ ဖြတ်သွားဖြတ်လာ ရောက်ဖူးသော်လည်းရုံးထဲရောက်ဖူးသည်မှာယခုပထမဆုံးအကြိမ်ဖြစ်၏။ဝန်ထမ်းငယ်တစ်ယောက်က“သတင်းပို့ရဦးမည်၊ထိုင်ပါ” ဆို၍ ခုံတန်းရှည်တစ်ခုမှာအတန်ကြာ ထိုင်စောင့်ရသေးသည်။ ထို့နောက် ဝန်ထမ်းငယ် ခေါ်ရာနောက်လိုက်သွားပြီး အခန်းကြီးတစ်ခုထဲဝင်သွားရသည်။လေအေးစက်ကြောင့်လားမသိ။ရင်ထဲအေးခနဲဖြစ်သွားသည်။စားပွဲရှည်ကြီး၏နောက်မှာ၊ ဆုံလည်ကုလားထိုင်ပေါ်မှာ၊ သူငယ်ချင်းက မိန့်မိန့်ကြီးထိုင်လို့။ စားပွဲသည်ဘက်ခြမ်းမှာ ထိုင်ခုံတွေ လေးငါးလုံး ချထားသည်။
"ထိုင်... သူငယ်ချင်း... မင်းလည်း ဝသားပဲ** သူငယ်ချင်းက ထိုင်ရာမထ။ ပြုံးပြီး ပဋိသန္တာရပြုသည်။"မင်းက ပိုဝနေတယ်။ အစားလျှော့ကွ”ဟု ဟာသနှောပြီး ပြောမည်ရွယ်သော စကားကို ပါးစပ်က ဘရိတ်ဖမ်းသည်။သူနှင့်တည့်တည့်ခုံမှာထိုင်ပြီး အခန်းကို လှည့်ပတ်ကြည့်မိသည်။ အထားအသို၊ ဒီဇိုင်းတွေခန့်ညားလွန်းတော့ ကိုယ့်ဟာကိုယ် သိမ်ငယ်သွားသလို ခံစားရသည်။ ဟိုတုန်းကလို ရင်းရင်းနှီးနှီး နောက်နောက်ပြောင်ပြောင် ပြောဆိုစပ်စုလိုက်ဦးမည်ဟု ကြံရွယ်ထားသော ဒိုင်ယာလော့များလည်းကြက်ပျောက်၊ငှက်ပျောက်။စကားတွေကမေးတစ်ခွန်းဖြေတစ်ခွန်း။ပြတ်တိပြတ်တောင်း။သည်ခဏလေးထဲ သူ့လက်ကိုင်ဖုန်းတွေက လေးငါးခါလောက် မြည်နေသေးသည်။
“ပြန်ဦးမယ်ကွာ။ မင်းအခန်းက ကျယ်ပေမယ့် စကားပြောရတာကျဉ်းကျပ်တယ်။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်မှာ ဆုံကြဦးစို့”ကျွန်တော် နှုတ်ဆက်တော့ သူက တဟားဟားနှင့် ရယ်သည်။ ကျွန်တော့်ပခုံးကို ဖက်ပြီး အခန်းအပြင်ဘက်ထိ လိုက်ပို့သည်။
လက်ဖက်ရည်ဆိုင်မှာ ဆုံကြတော့ သူ့ရုံး၊ သူ့အခန်းမှာ ဆုံရသည့် ခံစားချက်မျိုး မဟုတ်တော့။ သူ့အကြောင်းကိုယ်မေး၊ ကိုယ့်အကြောင်းသူမေး။ ငယ်ကျိုးငယ်နာတွေ ဖော်ကြ။ အခြားသူငယ်ချင်းတွေအကြောင်းသတင်းဖလှယ်ကြ။ စကားတွေက ရေပက်မဝင်။ နှစ်ယောက်တည်း လုပြောနေရသေး။ ငယ်တုန်းကအတိုင်းပါပဲ။
လက်ဖက်ရည်ဆိုင်မှသူပြန်သွားတော့ကျွန်တော်တစ်ယောက်တည်းစဉ်းစားခန်းဝင်ရင်းကျန်ရစ်သည်။သူ့ရုံးခန်းမှာနှင့် လက်ဖက်ရည်ဆိုင်မှာဘာကြောင့်မိုးလေဝသကသည်လောက်ကွာခြားသွားရသနည်း။သူကလည်းသူ့အတိုင်းတိုင်းပါပဲ။ ကျွန်တော်ကလည်း ကျွန်တော့်အတိုင်းတိုင်းပါပဲ။သူငယ်ချင်းအချင်းချင်း တွေ့ဆုံခန်းမှာ သူက ဆရာဝန်ကြီး၊ ကျွန်တော်ကလူနာ။ သူက တရားသူကြီး၊ ကျွန်တော်က တရားခံ။ သူက ထောင်မှူးကြီး၊ကျွန်တော်က အကျဉ်းသား၊ ဆိုလျှင် ထားပါတော့။ လွတ်လပ်သည့် အခြေအနေမျိုးမှာ ဘာကြောင့် လေးလံပေါ့ပါးခြင်းတွေ ဖြစ်နေရသလဲ။
ထိုင်ခုံတွေများကြောင့်လားဟုရယ်စရာဘက်ကလှည့်ပြီးတွေးမိလိုက်သေးသည်။ရုံးခန်းမှာတုန်းကသူက ဆုံလည်ကုလားထိုင် အမြင့်ကြီးမှာ ကျောမှီပြီးထိုင်လို့။ ကျွန်တော်က ခွေးခြေထက်နည်းနည်းပဲသာသည့်ခုံဝိုင်းကလေးမှာခါးလေးမတ်ပြီးထိုင်လို့။ ထိုင်ခုံသည် ထိုင်ခုံပေါ်ကလူ၏ စိတ်ကို ပြောင်းလဲစေပါသလား။ ထိုင်ခုံတွေသည်ထိုင်သူကိုဘယ်လောက်အထိ လွှမ်းမိုးသလဲ။ စဉ်းစားရင်း ရယ်စရာအဓိပ္ပာယ်ပျောက်သွားသည်။
လောကကြီးမှာ ထိုင်ခုံတွေ ဘယ်တုန်းကစပေါ်ခဲ့ပါလိမ့်။ထိုင်ခုံအမျိုးအစားတွေ ဘယ်လောက်များကွဲပြားနေပါလိမ့်။ ထိုင်ခုံ အမျိုးအစားဖြင့်အဆင့်အတန်း၊ အရှိန်အဝါကို ဘယ်လိုများခွဲခြားနေကြပါလိမ့်။
ထိုင်ခုံနှင့်ပတ်သက်ပြီး ကျွန်တော်၏ အတွေ့အကြုံများကို စဉ်းစားကြည့်မိသည်။ ပထမဆုံး အတွေ့အကြုံသည် ကလေးဘဝ မူလတန်းကျောင်းမှာဖြစ်၏။ဆရာကြီးသည် ခုံတန်းရှည်များမှာကျောင်းသားတွေကိုနေရာချတော့“ပုတဲ့ကောင်တွေရှေ့မှာထိုင် ထွားတဲ့ကောင်တွေ နောက်မှာထိုင်” စနစ်ကိုကျင့်သုံး၏။ကျွန်တော်ကပုတော့အမြဲတမ်းရှေ့မှာထိုင်ရသည်။လူပုတစ်ယောက်အဖြစ်အမြဲတမ်းမျက်နှာငယ်ခဲ့ရသည်။ နောက်မှာ ထိုင်ချင်လိုက်တာလေ။ အမေ့ကိုပဲ ကြိတ်ပြီး ဒေါပွမိတော့၏။
ဒုတိယအကြိမ် အမှတ်ထင်ထင် ဖြစ်ခဲ့သည်မှာလည်းတုန်းကပါပဲ။ရွာဥပုသ်ဇရပ်ကိုအမေတို့နှင့်လိုက်သွားတော့ ဘုန်းကြီးကကြွမလာသေး။ ဘုန်းကြီးထိုင်သည့် ထိုင်ခုံအမြင့်ကြီးပေါ်ကျွန်တော်တက်ထိုင်တော့အမေက“ဟဲ့သား တရားဟောပလ္လင်ပေါ် တက်မထိုင်ရဘူးငရဲကြီးမယ်”ဟုဆုံးမပါသည်။ကျွန်တော်ငရဲကြီးမှာကြောက်ပြီးဘုန်းကြီးထိုင်ခုံကိုစေ့စေ့တောင်မကြည့်ရဲတော့ပါ။
အရွယ်ရလာတော့ ထိုင်ခုံများသည် ဖွဲ့စည်းတည်ဆောက်ထားသည့်ပုံသဏ္ဌာန်အမျိုးအစားကိုလိုက်၍၊ပညတ်ပြုထားသည့်နာမည်ကိုလိုက်၍၊ခုံပေါ်မှာထိုင်သည့် ပုဂ္ဂိုလ်၏ အဆင့်အတန်း အရှိန်အဝါကို လိုက်၍ ကွဲပြားခြားနားကြောင်း သိလာပါသည်။
ထိုထိုင်ခုံများထဲမှာမှမြတ်စွာဘုရားရှင်ထက်ဝက်ဖွဲ့ခွေထိုင်တော်မူခဲ့သည့်“အပရာဇိတပလ္လင်”သည်အမြတ်ဆုံး ဖြစ်ပါလိမ့်မည်။ သိကြားမင်းထိုင်သည့်
“ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ”လည်းတန်ခိုးကြီးပါလိမ့်မည်။ရှင်ဘုရင်တွေထိုင်သည့်ခြင်္သေ့ရုပ်ခံ“သီဟာသနပလ္လင်”သည်လည်းအထွဋ်အမြတ်ဖြစ်ပါလိမ့်မည်။
လောကထဲမှာတော့ထိုင်ခုံတွေမရေမတွက်နိုင်အောင်များပြားလှ၏။လွှတ်တော်ထဲကဥပဒေပြုထိုင်ခုံတွေ၊အစိုးရဝန်ကြီးဌာနတွေကအုပ်ချုပ်သူများ၏ထိုင်ခုံတွေ၊တရားရုံးအဆင့်ဆင့်က တရားစီရင်မည့်ထိုင်ခုံတွေ။ ထိုင်ခုံတွေ။ လေယာဉ်ပေါ်က ထိုင်ခုံတွေ၊ သင်္ဘောပေါ်ကထိုင်ခုံတွေ ဘတ်စ်ကားပေါ်က ထိုင်ခုံတွေ။ ဘောလုံးကွင်းကထိုင်ခုံတွေ၊ရုပ်ရှင်ရုံက ထိုင်ခုံတွေ၊ လက်ဖက်ရည်ဆိုင်က ထိုင်ခုံတွေ ထိုင်ခုံတွေ။(တရားစခန်းက နေရာထိုင် ကတ္တီပါ အခင်းကလေး။လယ်ကွင်း မြက်ခင်းပေါ်က ရွှံ့နေသည့်ဖျာကြမ်းကလေး။စစ်ကြောရေးစခန်းကသွေးပေနေသည့်ဂုံနီအိတ်ကလေးများကိုလည်းထိုင်စရာထဲထည့်သွင်းစဉ်းစားရမည်လား မသိ။)
ဘာပဲဖြစ်ဖြစ်လူတိုင်းပင်ထိုင်ခုံဆိုးဆိုးကိုကြောက်ကြသည်။ထိုင်ခုံကောင်းကောင်းကို မက်မောကြသည်ချည်းပင်။ တချို့ဆိုလျှင် ထိုင်ခုံကောင်းကောင်းမှာ ထိုင်နိုင်ဖို့အတွက် သီလဖျက်ဖို့ဝန်မလေး။ရက်စက်ဖို့ဝန်မလေးကြ။ခဏမဟုတ်။ထိုင်ခုံမြင့်မြင့်မှာ ရာသက်ပန် ထိုင်သွားချင်သည့် လူတွေလည်းရှိသည်။
လူမပြောနှင့်တန်ခိုးအလွန်ကြီးသော မာရ်နတ်သည်ပင် မြတ်စွာဘုရား၏ပလ္လင်ကိုမက်မောခဲ့သည်မဟုတ်ပါလား။ လုခဲ့သည် မဟုတ်ပါလား။ပလ္လင်ကို လုသည့်၊ ထိုင်ခုံကို လုသည့်၊ဇာတ်ဝတ္ထုတွေ၊အဖြစ်အပျက်တွေလည်း ရာဇဝင်မှာများလှပြီ။သမိုင်းမှာများလှပြီ။တက်ထိုင်သူသည်ထိုင်ခုံနှင့်တန်မှထိုင်ခုံမှာမြဲ၏။ပလ္လင်နှင့်တန်မှပလ္လင်မှာမြဲ၏။ ရာဇပလ္လင်ခွေးတက်သည်ဟူသော စကားသည် အထောက်အထားမဲ့ ဖြစ်လာခြင်းမဟုတ်။
ပုဂံရာဇဝင်ခေတ်ဦးမှာစောရဟန်းခေါ်တောင်သူကြီးမင်းသည် သူ့သခွားသီးခိုးစားသော သိဃိုဠ်မင်းကိုရိုက်သတ်ပြီး ရာဇပလ္လင်ပေါ် ရောက်လာခဲ့ဖူးသည်။ သိကြားမင်း ပင့်ဆောင်သည့် ကြောင်းဖြူမင်း နန်းထဲဝင်လာတော့၊ နန်းစောင့်သရဲကျောက်ရုပ်ကပလ္လင်နှင့်မတန်သည့် စောရဟန်းကို တွန်းချသတ်ဖြတ်ခဲ့ဖူးသည်။ ဦးစောက်ကျွမ်းပြန်ကျခဲ့ဖူးသည်။
ကျွန်တော်တို့သည်ထိုင်ခုံတွေနှင့်မကင်းကြ။ထိုင်ခုံတွေနှင့်ဆက်ဆံနေရသည်။ထိုင်ခုံတွေနှင့်နေထိုင်နေရသည်။ဘယ်လိုထိုင်ခုံမျိုးလဲ။ ဘယ်သူတွေ ထိုင်နေသလဲ။ထိုင်သူနှင့် ထိုင်ခုံတန်ရဲ့လား။ ထိုင်ခုံမှာ ဘယ်လောက်မြဲမှာလဲ။ စောင့်ကြည့်၊ လေ့လာ၊ အကဲဖြတ်လျှင် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း တွေ့ရပါလိမ့်မည်။
Keep Reading