Author's Profile Photo

Reviews by Benevolent

24/10/2024

မိုးအဆုံး မြေအဆုံး

3 mins read
Book Review
General Knowledge
Fiction
မိုးအဆုံး မြေအဆုံး's photo

ပြင်သစ်ကဗျာဆရာ လူဝီအာရဂွန် (Louis Aragon) က ဒီဝတ္ထုကို "ကမ္ဘာ့အလှပဆုံး အချစ်ဇာတ်လမ်း" အဖြစ် ချီးကျူးခဲ့ဖူးတယ်။မိန်းကလေးတစ်ဦးအမည်နဲ့ ပေးထားတဲ့ ဝတ္ထုတွေ တော်တော်များများရှိ‌ကြောင်း တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှု အမျိုးအစားကို ထောက်ခံအားပေးဖို့ အသုံးပြုတဲ့ ဝတ္ထုတွေဖြစ်ကြတာများတယ်။ ဥပမာ Thomas Hardy ရဲ့ Tess (တက်စ် -မောင်ထွန်းသူ ဘာသာပြန်) ၊ Leo Tolstoy ရဲ့ Anna Karenina (အင်နာကရနီနာ- တင်မောင်မြင့် ဘာသာပြန်)၊ Gustave Flaubert ရဲ့ Madame Bovary (မဒမ်ဗိုဗာရီ-ကျော်လှိုင်ဦး ဘာသာပြန်) ၊ မြန်မာပင်ကိုယ်ရေး ကြည့်မယ်ဆို မေ -ဒဂုန်တာရာ၊ မြိုင်-ဗန်းမော်တင်အောင် ၊ မီ - ကြည်အေး ၊ ရေနံ့သာခင်ခင်ကြီး- မောင်သိန်းဆိုင် စသဖြင့် ခေတ်အသီးသီးမှာ အစွမ်းပြခဲ့ကြတဲ့ ဝတ္ထုကောင်းတွေ ရှိခဲ့တယ်။အခု ကျွန်တော်ဖတ်မိတဲ့ စာအုပ်က ဆရာမြသန်းတင့် လက်ထဲ ရောက်သွားတဲ့ ဂျမီလာ(Jamila) ဆိုတဲ့ မိန်းမငယ် နာမည်နဲ့ ဝတ္ထုလေးသာဖြစ်ပါတယ်။
ကျွန်တော်ဖတ်မိတဲ့ စာအုပ်က စာမျက်နှာ ၇၈ နဲ့ ဒုတိယအကြိမ်ထုတ်ဝေထားတဲ့ Jamila(ဂျမီလာ)ဝတ္ထု ဖြစ်တယ်။ ကာဂျစ်စတန် စာရေးဆရာ ချင်းဂစ်အက်တမားတော့ဗ်(Chingiz Aitmatov) ရဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ နာမည်ကြီးအချစ်ရသဝတ္ထုတစ်ပုဒ်လို့ ပြောရမယ်။ ဒီစာအုပ်က 1958 ခုနှစ်တွင် ရုရှားဘာသာဖြင့် ထုတ်ဝေခဲ့တဲ့စာအုပ်၊ ချင်းဂစ်အက်တမားတော့ဗ်(Chingiz Aitmatov) ရဲ့ ပထမဆုံး ဝတ္ထုဖြစ်တယ်လို့ သိရတယ်။ 1963 လီနင်ဆု ရရှိခဲ့ဖူးသူ ချင်းဂစ်အက်တမားတော့ဗ်(Chimgiz Aitmatov) လက်ရာမြောက်ဝတ္ထုလို့ ပြောရင် ပိုမှန်လိမ့်မယ်။

"Don't leave your coffee for too long and then be surprised why its cold ."

ကျွန်တော်မှတ်ထားမိတဲ့ စကားစုလေးတစ်ခုအတိုင်းပါပဲ၊ စာအုပ်အစပိုင်းတွေက ပျင်းရိစရာကောင်းတယ် ထင်ရပေမယ့် ဂျမီလာကို ဖတ်နေစဉ် ဇာတ်ကောင်နှင့် စိတ်ကူးအနည်းငယ် ရောနှောမှုကို ခံစားရစေနိုင်တယ်။

▪️ဇာတ်ကွက်

ရိုးမအစွယ် ကုက္ကရူမြစ်ကမ်းပေါ်တွင် တည်ရှိတဲ့ ကုက္ကရူရွာကလေးတွင် အနုပညာဆန်တဲ့ ဆိတ် ဆိုတဲ့ ကောင်လေးတစ်ယောက်က ငယ်ဘဝအမြင်နဲ့ ဇာတ်လမ်းဖြစ်ပျက်ပုံကို ပြောပြထားတယ်။ ဇာတ်လမ်းက အစောပိုင်းကာလ ဆိုဗီယက်ယူနီယံအတွင်း စုပေါင်းလယ်ယာယဉ်ကျေးမှုကို နောက်ခံပြုထားတယ် ပြောရမယ်။ဒုတိယကမ္ဘာစစ်အတွင်း ကာဇတ်လူမျိုးလူငယ်‌ယောင်္ကျားလေးတွေက ဆိုပီယက်စစ်သားအဖြစ် ရှေ့တန်းစစ်တိုက်ထွက်ရပုံတွေ၊ ဝေးကွာသွားတဲ့အမျိုးသားတွေကို အိမ်သူအိမ်သားများက လည်တဆန့်ဆန့် မျှော်နေရတဲ့ အချိန်တွေ၊ အစ်ကိုဖြစ်သူ ဆာဒစ် စစ်တိုက်ထွက်ခွာသွားချိန် အစ်ကိုမိန်းမ ဂျမီလာ နဲ့ အတူ အိမ်မှာ ကျန်ခဲ့တဲ့ လယ်ယာလုပ်ငန်းနဲ့ ဂျုံတွေ ရောင်းချတဲ့အလုပ်ကို ဦးစီးလုပ်ကိုင်ရတယ်။စစ်တိုက်ရာကနေ ပို့လိုက်တဲ့စာတွေကို မိခင်တွေက အမြတ်တနိုး အဆောင်လက်ဖွဲ့ သဖွယ် သိမ်းထားကြ လေ့ရှိတယ်။

စစ်ထွက်သွားရာ လမ်းတစ်လျှောက်တွင် ကြမ်းတမ်းတဲ့ခရီးကြမ်းကြီးဖြစ်သလို ကျန်ခဲ့တဲ့ အမျိုးသမီးများက အခက်အခဲရှိတယ်။စစ်မှုမထမ်းရဘဲ ကျန်ခဲ့ကာလသားတချို့က အခွင့်ကောင်းယူကာ သောင်းကျန်ခြင်းခံရတယ်။ မိန်းမချော မှန်သမျှ ပိုးစရာ ပန်းစရာ လို့ သဘောထားကြတယ်။ တစ်နေ့ ရှေ့တန်းစစ်မျက်နှာက ဒဏ်ရာနဲ့ပြန်လာတဲ့စစ်သားတစ်ယောက်၊ ဓနိယ ဆိုသူ ရွာကိုရောက်လာခဲ့တယ်။

▪️ဇာတ်ကောင်စရိုက်
ပန်းချီဆွဲတာ ဝါသနာပါတဲ့ ဆိတ် ဆိုတဲ့ကောင်းလေးက ဂျမေလာကို ကာကွယ်သူ ၊ ကိုးကွယ်သူ ၊ ဂျမီလာ ရဲ့ လွတ်လပ်မှု၊ တစ်ဇွတ်ထိုးလုပ်တတ်မှုတွေကို ကြည့်ပြီး အစ်မရင်းတစ်ယောက်လို ချစ်တတ်သူ တစ်ယောက်။တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေရင်းချာလိုလျှို့ဝှက်ထားတဲ့အရာဆိုတာမရှိ။ဂျမီလာကို စော်ကားရင် သူကို အစော်ကားခံလိုက်ရသလို ဒေါသထွက် တုံ့ပြန်တတ်တယ်။လူကြီးလုပ်ချင်တဲ့အရွယ်၊ လူရာဝင်ချင်တဲ့အရွယ်၊ ကာလသားကြီးများနှင့်တန်းတူရွယ်တူ ပေါင်းချင်တဲ့အရွယ်ပင်ဖြစ်တယ်။
ပန်းချီဝါသနာကြောင့် ပုခုံး ကို မှီနွဲ့ပြီး နားထောင် နေဟန် ကို ခဲ နဲ့ ပုံကြမ်း ခြစ်ထားလိုက်တယ်။ပထမဆုံး ဆွဲမိခဲ့တဲ့ပုံက သူကို "သစ္စာဖောက်" အဖြစ် သတ်မှတ်ခံလိုက်ရတယ်။

ဂျမီလာ ဆိုတာ ရဲတင်း ဖျတ်လတ် တဇွတ်ထိုး ဟန်ကလေးတွေရှိတယ်။အဲ့အရာက ယောင်္ကျားလေး တွေအတွက် ဆွဲဆောင်မှုဖြစ်နေလိမ့်မယ်။ကျေးလက်သီချင်းသံတွေကြား ဝမ်းနည်းခြင်းကိုမေ့ထားပြီး ပျော်ရွှင်စွာနေတတ်လာသူတစ်‌ယောက်။လွမ်းမောစရာ ကောင်းတဲ့ သီချင်း တစ်ပိုဒ်ကြောင့် ....သူပြောင်းလဲသွားခဲ့တယ်။ကီရင်ဆိုတဲ့စစ်သားရဲဘော်တစ်ယောက်ဆီက သတင်းစကားနဲ့ သုံးထောင့်ပုံ စာအိတ်လေးမြင်လိုက်ချိန် ဆုံးဖြတ်ချက်တစ်ခုချ လိုက်တယ်။

ခြေတစ်ဖက်ဆာနေတဲ့ ဓနိယ ဟာ စစ်ပွဲတွေကြောင့် သူနှလုံးသားထဲ သွေးခဲတစ်ခဲသဖွယ် မာကျောသွားခဲ့တယ်။တစ်ကိုယ်‌တော်နေတတ်တယ်၊စကားနည်းတယ်။စစ်ပြန်လာချိန် လူတွေက သူကို သဘောထားနှစ်မျိုးနဲ့ ဆက်ဆံကြတယ်။ ဂျ‌မီလာနဲ့‌‌ တွေ့ဆုံပြီးနောက် လူ့ဘဝရဲ့ ရှုပ်ထွေးပွေလိမ်မှု၊ အသိရခက်မှုတွေ ရင်ဆိုင်ခဲ့ရတယ်။

စစ်ပွဲကြောင့်ဆာဒစ်ဆေးရုံတတ်ခဲ့ရတယ်။ ဆာဒစ် ပြန်လာချိန် အရက်သမားဘဝ နဲ့ ခံစားချက်တွေကို အန်ထုတ်နေသွားရတယ်။


▪️ကျွန်တော်အမြင်

စစ်ပွဲတွေကြောင့် ကျေးလက်လူ့အဖွဲ့အစည်း ဖြစ်ပျက်နေပုံတွေအကြောင်းမြင်ရမယ်။ဇာတ်ဝင်ခန်းတိုင်းမှာ စိတ်အာရုံဟာ ငြိတွယ်နေရတယ်။ဇာတ်လမ်းပါ သဲလွန်စများကို ကြည့်မိရင် တာလက်စ်ပြည်နယ် အနောက်မြောက်ပိုင်း ကာဂျစ္စတန်ဒေသကို ကျောရိုးယူထားတာတွေ့ရတယ်။နေရှိန် ၊ ဖုန်မှုန်တို့ကြား လေးလံလှတဲ့ ဂျုံအိတ် တွေကိုသယ်ကာ ရှေ့တန်းစစ်မျက်နှာ အတွက် ဟူသော ခေါင်းစဉ်အောက်ရှိ မီးရထားဘူတာရုံများဆီသို့ ပို့ပေးကြရတယ်။ဘူတာဝင်းအတွင်း လူမမယ်ကလေးများ၊ မိန်းမသားများပင် အားစိုက်ပြီး ဂျုံအိတ်တွေကို ထမ်းတင်ပေးကြရတယ်။အသားကျပြီး ပျော်ရွှင်စွာနေတတ်လာချိန် ကံကြမ္မာ အလှည့်အပြောင်းကြောင့် သူတို့ အသိုင်းအဝန်းကလေး ရက်စက်စွာ ဖြိုခွဲဖျက်ဆီးပစ်ခံလိုက်ရတယ်။မုန်တိုင်းကြောင့် အမြစ်မှ ကျွတ်ထွက်သွားသလို အကောင်းအတိုင်း ပြန်မဖြစ်လာနိုင်၊ ဘယ်တော့မှ ပြန်ပေါက်လာနိုင်တော့မယ် မဟုတ်တော့။

ကာဇတ်လူမျိုး ဓနိယ ဟာ ချစ်ကြိုးသွယ်လာတဲ့ရွာသူတစ်ယောက်နဲ့ ကျောက်တုံးလေးတစ်တုံးကို အဝေးသို့ လှိမ့်လိုက်သလို ရွာရဲ့‌ဝေးရာကိုထွက်သွားခဲ့တယ်။ ထွက်ပြေးမှုကြားက ကာဂျစ်တောင်ရိုးများက မိုးထိအောင်လည်း မြင့်မားတယ်၊ ကာဇတ်လွင်ပြင်တောကြီးကလည်း ကျယ်ပြောတယ် ပန်းချီကားတစ်ချပ်သဖွယ် မြင်ကွင်းက ကဗျာဆန်နေတယ်။သီချင်းသံတွေမှာ အလှအပ ၊ ဝေဒနာတွေ ပြည့်နေတဲ့ ကမ္ဘာကြီးကို ကြည့်တတ်ရန်မျက်စိဖွင့်ပေးထားတယ်။အနုပညာမြောက်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ မိုးအဆုံး မြေအဆုံး မိုးကုပ်စက်ဝိုင်းရဲ့ အလွန်ထိ လမ်းလျှောက်နေတဲ့ လူနှစ်ယောက် တဖြည်းဖြည်း ဝေးသွားတဲ့ ခြေရာလေးတွေ မှိန်သွားတယ်။ခရီးကြမ်းက နာကျင်ပင်ပန်းလွန်းမှုကိုမတွေးပဲ သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းတစ်ခုသာ မြင်လိုက်ရတယ်။

❌(ခွင့်ပြုချက်မတောင်းဘဲ
ပြန်လည်ကူးယူဖော်ပြခြင် ခွင့်မပြုပါ)❌

?????? ????????
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu

Please Telegram ?
https://t.me/reviewsbybenevolent

စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?

#reviewsbybenevolent
#foryou
#October2024

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ