ထင်လင်း
"အမျိုးကောင်းသမီးလေးတွေ
ပျက်စီးပြီး ပြည့်တန်ဆာ
ဖြစ်ရသည့်အကြောင်း
ဓနရှင်းများ၏ ပယောဂမကင်းပုံ
မင်းစိုးရာဇာတို့၏
ကာမသောင်းကျန်းမှု။"
အမျိုးကောင်းသမီးကလေးများ ပြည့်တန်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းကိုလူပေါင်းများစွာတို့သည် နှစ်ပေါင်းများစွာပင် ရှာခဲ့ကြကုန်၏။စိန္တယိံသု-ကြံကြကုန်၏။စိန္တယန္တာပိ-ကြံကြကုန်သော်လည်း၊ နာဒိဂစ္ဆန္တိ- မသိနိုင်ကြကုန်သည်သာလျှင်တည်း။
ကာလသားကလေးများသည် ပြည့်တန်ဆာများနှင့် ပျော်ပါးကြကုန်၏။ပြည့်တန်ဆာမ ချောချောလှလှကလေးများတွေ့လျှင်၊ “သင်းကလေး ဘာကြောင့် ဤဘဝသို့ ရောက်နေပါလိမ့်။ ကောလိပ်ကျောင်းသို့သာ ရောက်နေပါဘိမူ ငါယူနိုင်၏။”-ဟုအောက်မေ့မိကြမည်။
ဤသို့လျှင် အလကားနေအလကား ကောင်မကလေးကို ကစားရင်း "မင်းသကြောင့် ဒီဘဝ ရောက်ရတာလဲကွယ်။ ဘာကွယ်ညာကွယ်။”နှင့် မေးတတ်ကြသည်။ ကောင်မလေးကလည်း သူ့အား ပိုက်ဆံပေးရန်လာသူ၏အကဲကို ကြည့်ကာ တစ်ခါတစ်ခါ ပျက်ရည်ကလေးစမ်းစမ်းနှင့် “သူ၏နောက်ကြောင်း”ဟု ဆိုသော ဇာတ်လမ်းကလေးများကို ပြောပြလိမ့်မည်။ တစ်ခါတစ်ခါတော့လည်း သည်မေးခွန်းမျိုးကို ဖြေရဖန်များနေ၍ ဇာတ်လမ်းများ စဉ်းစား၍ မရတော့သည့် အလှည့်နှင့်ကြုံလျှင် မေးခွန်းကို မဖြေတော့ဘဲ၊ ဟားတိုက်ရယ် ပစ်လိုက်ပေလိမ့်မည်။ ဟုတ်တော့လည်းဟုတ်ပါ၏။ သူတို့မှာ စာမရေးတတ်၍သာ။ ဝတ္ထုရေးဆရာသာဆိုလျှင် သူတို့ဇာတ်လမ်းကလေးတွေက ငွေ ဖြစ်ဖြစ်နေမည်ဖြစ်သောကြောင့် ဝါသနာမပါဘဲ ပြည့်တန်ဆာလုပ်စရာပင်လိုမည် မဟုတ်ပေ။
အမျိုးကောင်းသမီးကလေးတွေပျက်စီးပြီး ပြည့်တန်ဆာ ဖြစ်သွားကြသည့်အကြောင်း စာကောင်းကောင်းရေးတတ်သူများက ရေးကြသည်။ ဓနရှင်များ၏ ပယောဂမကင်းပုံကိုလည်း ဝိတ္ထာရ ချဲ့ကြသည်။ မင်းစိုးရာဇာတို့၏ ကာမသောင်းကျန်းမှုဆီသို့လည်း လက်ညှိုးငေါက်ငေါက် ထိုးကြသည်။ အချို့ကတော့ “စိတ်ပညာဆိုင်ရာ လေ့လာချက်များ”ဟု ထင်ယောင်ထင်မှားဖြစ်စေသောအကြောင်းများကို ယိုးမယ်ဖွဲ့ကြသည်။ သို့ရာတွင် ကောင်မလေးချောချောတစ်ယောက်အား ဓနရှင်သူကောင့်သားများက ဝိုင်းဝန်းဖျက်ဆီးလိုက်ကြသောကြောင့် အပျက်စီးကြီးပျက်စီးသွားရပုံကိုရေးလိုက်သော ဆရာ၏စိတ်၌ ရေးရင်းက “ငါမှ မပါလိုက်ရကွာ။”ဟူသောအတွေးမျိုး မဖြစ်ပါဘူးဟု မည်သူသည် ကျိန်တွယ်ဝံ့မည်နည်း။
ကျွန်တော့်သူငယ်ချင်း ထွန်းရွှေကမူ “ငါ့လူ။ ပြည့်တန်ဆာအလုပ်လည်းအလုပ်ပဲကွ။ စာရေးစာချီ၊ကုန်သည်ပွဲစား၊ အရာရှိအရာခံ အလုပ်လည်း အလုပ်ပဲ။” ဟုပြောသည်။“ဒါဖြင့် ဘာဖြစ်လို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေရလဲ၊ အခြားအလုပ်တွေလို တိုက်ကြီး၊ရုံးကြီးတွေ ဖွင့်ပြီး လုပ်ပါတော့လား။”
“လုပ်နေကြတာ မင်းမှမသိဘဲ။ သို့သော်လည်းအလုပ် သဘောက ရှိသေးတာကိုးကွ။ အဝတ်အထည်တန်း သွားပြီး ငါးရောင်းလို့ ရပါ့မလား။ လမ်းကြားမှာမှ အရောင်းအဝယ်ဖြစ်မယ့်ပစ္စည်း လမ်းမပေါ်ဆိုင်ကြီး၊ကနားကြီးဖွင့်ရောင်းလို့ဖြစ်မလား။”
“ထားပါတော့ကွာ။ ဒီခေတ်မှာ ပြည့်တန်ဆာဦးရေ အလွန်များလာရတာကကော ဘာကြောင့်လို့ ဆိုမလဲ။” "ငါ့လူ။ ဒီခေတ်မှာ ပြည့်တန်ဆာဦးရေ များတာသာ မင်းက မြင်တာကိုး။ ဒီခေတ်မှာ ဘာဦးရေမဆို များလာတာပဲကွ။ကောလိပ်ကျောင်းသား ကျောင်းသားဦးရေများတာလည်းကြည့်ပါဦးကွ။ မက်ထရစ်ဝင်ချင်တဲ့ လူဦးရေကိုလည်း ကြည့်ပါဉီး”
“ဒါကတော့ သူ့ဟာနှင့်သူ ကောင်းရောင်းကောင်းဝယ်များလာတာပဲကွ။” “အတူတူပေါ့ကွ။ ဘာထူးမှာလဲ။” “ဟ ကောင်ရ။ ပြည့်တန်ဆာအလုပ်ဟာ ကောင်းရောင်းကောင်းငယ်အလုပ်မှ မဟုတ်ပဲကွ။” “ပြည့်တန်ဆာလုပ်တာ ကောင်းရောင်းကောင်းဝယ် မဟုတ်ဘူးလို့ မင်းဘိုးအေက ပြောသလား။”
“ငါ့လူ-စဉ်းစားပြော၊ မင်းပြောသလို လူတကာ ရွံတာအမှန်ဆိုရင် ဒီအလုပ်မျိုး ရှိနေပါ့မလားကွ။” “မင်းလိုချင်ရာ ဆွဲပြောနေလို့ မဖြစ်ပါဘူးကွာ။ဒီအလုပ်ဟာ ကောင်းတဲ့အလုပ် မဟုတ်ပါဘူး။ လူလူချင်းညှဉ်းဆဲရတယ်။ ရောင်းစားတယ်။ တိုင်းပြည်မှာရှိတဲ့ လူ
ငယ်ကလေးတွေ ကျန်းမာရေးပျက်စီးတယ်။ စာရိတ္တ ချွတ်ယွင်းရတယ်။အမျိုးကောင်းသမီးကလေးတွေ ဘဝဆုံးရတယ်။”
“ဟေ့ကောင် မြေနိမ့်ရာတော့ လှံမစိုက်ပါနှင့်ကွာ။လူလူချင်း ညှဉ်းဆဲတာတို့၊ရောင်းစားတာတို့၊ကျန်းမာရေးပျက်စီးတာတို့၊ စာရိတ္တချွတ်ယွင်းရတာတို့ဟာ ဒီအကြောင်းတစ်ခုတည်း မဟုတ်ပါဘူးကွာ။ ပြည့်တန်ဆာတွေမရှိရင်ကော ဒါတွေအားလုံး ကွယ်ပျောက်သွားမလား။ အားလုံး ကောင်းလာမလား။အမျိုးကောင်းသမီးကလေးတွေ ဘဝဆုံးရတာလည်း ပြည့်တန်ဆာလုပ်ငန်းရှိနေလို့ မဟုတ်ပါဘူးကွာ။ ဒီလောကဟာ ဘဝဆုံးပြီးသား မိန်းကလေးတွေရဲ့ ခိုလှုံရာသာ ဖြစ်ပါတယ်။ မင်းစဉ်းစားကြည့်ပါဦး။”
“တောနယ်က အရွယ်မရောက်တရောက် မိန်းကလေးတွေကို ညာဖျန်းခေါ်လာ။ မြို့ကျတော့ အတင်းအဓမ္မ ညှဉ်းပန်းပြီး ဒီအလုပ်ကို အလုပ်ခိုင်းကြတာတွေတော့ကော ကောင်းရောင်းကောင်းဝယ်လုပ်ကြတာပဲလား။”
“မင်းဟာက ကျယ်ဝန်းလာပြီကွ။ ငါပြောတဲ့ ပြည့်တန်ဆာလုပ်ငန်းဆိုတာက တခြားပဲ။ လူလူချင်း ညှဉ်းပန်းတဲ့အလုပ်ကတော့ ဘာအလုပ်မှ ကောင်းရောင်းကောင်းဝယ်မဟုတ်ဘူးဆိုတာ ငါလည်း သိပါတယ်ကွ။ သို့သော် မင်း သေသေချာချာစဉ်းစားကြည့်ပါ။ အခုလို တောနယ်က မလိမ်တမာအရွယ်ကလေးတွေ ဖြားယောင်းခေါ်လာပြီး ရောင်းစားကြ၊ ညှဉ်းပန်းကြ၊ အနိုင်ကျင့်ကြ ဆိုတာတွေဟာ မင်းစိုးရာဇာ,သူဌေးသူကြွယ်တွေရဲ့အိမ်မှာ ခိုင်းဖို့စေဖို့အတွက်လည်း အများကြီးရှိတယ်။ အဲသလိုအိမ်တွေက ဘဝဆုံးကို ပို့လိုက်ကြလို့ ပြည့်တန်ဆာလောက ရောက်သွာကြတာတွေလည်း အများအပြားပဲ။”
“ဒီလိုဆိုတော့ ပြည့်တန်ဆာလောကဟာ အညစ်အ ကြေးစွန့်ပစ်ရာ အမှိုက်ပုံကြီးပေါ့။ ဒီအမှိုက်ပုံကြီးရှိနေတော့ဘယ်အိမ်က အမှိုက်ဖြစ်ဖြစ် လူမသိအောင် သွန်နိုင်တော့တာပေါ့။ဒီအမှိုက်ပုံကြီးမရှိရင် အမှိုက်စွန့် စွန့်မှန်းမသိ ဖြစ်လာမှာပေါ့။ဘယ်လိုမဆို မကောင်းပါဘူးကွာ။”
“ဒါကတော့ကွာ ဒီလောကဟာ လူ့လောကအားလုံးနှင့်ဆက်သွယ်နေတာပဲ။"ကောင်းရောင်းကောင်းဝယ်”လို့ ဆိုတဲ့ အလုပ်တွေထဲမှာလည်း ဒီလို လူလူချင်း ညှဉ်းပန်းမှု,ညစ်ပတ်မှု,ကလိန်ကျမှုတွေ ရှိတာချည်းပါပဲ။ ပြည့်တန်ဆာအလုပ်လည်းအလုပ်သဘောကတော့ ကောင်းရောင်းကောင်းဝယ်ပဲ ဖြစ်ရမှာပါပဲ။ ဒီအလုပ်ကိုအမှီပြုပြီး လောဘသမား,အဓမ္မသမားတွေ ရှိတာတော့ အခြားအလုပ်တွေမှာလိုပါပဲ။ ခုန မင်း ပြောသလို တောက ကလေးမလေးတွေအတင်းအဓမ္မ ခိုင်းခံကြရတာကတော့ လယ်တီဆရာတော်ရဲ့ အမဲသားရှောင်ကြဉ်ရေးတရားလိုပေါ့။ “ဝယ်သူရှိလို့ ရောင်းသူရှိ” ဆိုတာလို အဲသလို တောကအရိုင်းကလေးတွေကိုမှ ပိုက်ဆံများများပေးနေတဲ့နှုတ်ခမ်းမွေးတို့ကလည်း ရှိနေသကိုးကွ။ လည်လှီးသားမှ စားပါတယ်ဆိုတဲ့လူရှိနေတော့လည်း လည်လှီးပေးရတော့တာပေါ့။”
ထွန်းရွှေနှင့်တော့ စကားအချေအတင် ပြော၍ မရချေ။သူ့အဆိုအရတော့ “ပြည့်တန်ဆာဖြစ်ရခြင်း၏ အကြောင်းရင်း” ဟူ၍ထူးထူးထွေထွေ မရှိ။ ဤလုပ်ငန်းမှာ အခြားအခြားသောလုပ်ငန်းများကို လုပ်ကြသူတို့ကဲ့သို့ပင် ယူဆသည်။ အခြားအခြားသောလုပ်ငန်းများကို လုပ်ကြသူတို့သည် ဝမ်းရေးအတွက်၊ငွေအတွက်၊လှပစွာဝတ်ဆင်ရေးအတွက်၊ သို့မဟုတ် ဝါသနာပါ၍ လုပ်ကြသကဲ့သို့ပင် ဤလုပ်ငန်းကို လုပ်သူတို့တွင်လည်း ဝမ်းရေးအတွက်၊ငွေအတွက်၊ လှပစွာဝတ်ဆင်ရေးအတွက်၊ သို့မဟုတ် ဝါသနာပါ၍ လုပ်ကြသည်သာတည်း။ဟု ထွန်းရွှေက ဆိုသည်။
ထွန်းရွှေသည် ရုံးစာရေးတစ်ယောက် ဖြစ်လေသည်။သူနှင့် ကျွန်တော် တစ်ကျောင်းတည်းထွက်၍ တစ်ရုံးတည်းအတူတူလုပ်ခဲ့ကြသည်။ ထွန်းရွှေက အရက်သောက်သည်။ဖဲရိုက်သည်။ အပေါင်းအသင်း လူချစ်လူခင် ပေါသည်။ သို့သော်ထွန်းရွှေသည်“အကျင့်စာရိတ္တမကောင်းသူတစ်ယောက်” ဟူ၍ကား မဆိုသာချေ။ သူသည် လူတစ်ဖက်သားကို နစ်နာအောင်မလုပ်ချေ။
ခိုးဝှက်ခြင်း၊လိမ်လည်ခြင်းလည်း မရှိသဖြင့် သူ၏ အရက်သောက် ဖဲရိုက်တတ်သော အကျင့်ကိုပင်လျှင် အပေါင်း အသင်းများက ခွင့်လွှတ်ထားကြသည်။ထွန်းရွှေသည် ပြည့်တန်ဆာမကလေးများအကြောင်းကိုလည်း အတော်အတန်သိဟန်တူသည်။ တစ်ခါတစ်ခါ ရုံးဆင်းတွင် ကောင်မလေးတွေနှင့်ချိန်းကာ ရုပ်ရှင်,ပြဇာတ် စသည်တို့ကို သွားတတ်သည်။ကောင်မလေးများကလည်း ထွန်းရွှေကို အတော်ခင်မင်ပုံရသည်။
ကျွန်တော်တို့နှင့် တစ်ဌာနတည်းတွင် အလုပ်လုပ်သောစာရေးမကလေး မတင်ကြည်ကလည်း ထွန်းရွှေအား တော်တော်ခင်မင်သည်။ သို့သော် ထွန်းရွှေက လူရှုပ်လူပွေလို နေနေသဖြင့်သူ့ကို အားမကိုးရဲအောင် ဖြစ်နေသည်။ ထွန်းရွှေကလည်းမတင်ကြည်ကို ခင်သည်။ “မတင်ကြည်က ယူမည်ဆိုလျှင် အချိန်မရွေး ယူပါမည်။”ဟုလည်း ကြေညာထားသည်။ ဤကြေညာချက်ကိုလည်း မတင်ကြည် နားစွန်နားဖျားကြားပြီးဖြစ်၏။
မတင်ကြည်မှာ အမေအိုကြီးတစ်ယောက်,ညီမငယ် ကျောင်းသူတစ်ယောက်နှင့် မောင်လေးတစ်ယောက် ထောက်ပံ့ရန် ရှိသည်။မတင်ကြည်မှာ အားကိုးအားထားလို၏။ အစောင့်အရှောက်လို၏။ကျွန်တော်က ထွန်းရွှေအား မတင်ကြည်နှင့် လက်ထပ်ရန် တစ်ကြိမ်မက ပြောဖူးသည်။ ပြောတိုင်းပြောတိုင်း ထွန်းရွှေက “လက်ထပ်ပါမည်။”ဟု ကတိပေးသည်။“မတင်ကြည်ကိုသာ ပြောလိုက်ပါ။ အခုဆို အခုပါပဲ။”ဟု ရှောရှောရှူရှူ ပြောသည်။ ကျွန်တော်က အောင်သွယ်လုပ်၍ မတင်ကြည်ကို ပြောကြည့်သောအခါ "ကိုထွန်းရွှေနေတာထိုင်တာကလေးသာ ပြင်ပါစေရှင်။ ကျွန်မကတော့ သူ့ကို အစ်ကိုအရင်းလို အားကိုးပါတယ်။”ဟု ရိုးသားသောမတင်ကြည်က သူ့သဘောကို မကွယ်မဝှက်ပြောရှာသည်။မတင်ကြည်၏သဘောကို ထွန်းရွှေ သိရသောအခါတွင်ထွန်းရွှေ “မတင်ကြည်ကိုအတော်ချစ်ကြောင်း” သိရသည်။
သူသည် မိန်းကလေးများနှင့် ရှုပ်ရှုပ်ထွေးထွေးနေခြင်းကို တစ်စတစ်စ ဖြတ်ပစ်သည်။ ဖဲလည်း အလွန်အမင်းမရိုက်တော့ဘဲ ရသည့် လခထဲမှ ၁၀ကျပ်စ- ၁၅ ကျပ်စ ဖဲ့၍ ဖဲ့၍ စာတိုက်တွင်စုတတ်လာသည်။ အရက်ကိုတော့ ချောင်ကောင်းကောင်းရှာ၍သောက်မြဲသောက်လျက်ရှိ၏။ သို့သော် “သူ တစ်နေ့ အရက်ပါပြတ်လိမ့်မည်။”ဟု မတင်ကြည်က ယုံကြည်သည်။ မတင်ကြည်ဝမ်းသာရှာသည်။
ဤသို့ အခြေအနေ ကောင်းလျက်ရှိစဉ်မှာပင် ကျွန်တော်က သူတို့နှင့်အတူ အလုပ်လုပ်နေရာမှ ဌာနပြောင်း၍ အလုပ်ဝင်ရပါသည်။ ထိုမှတစ်ဆင့် နယ်ဘက်သို့ ထွက်သွားရပြန်သည်။ ရန်ကုန်မှ တစ်စတစ်စဝေးသွားသောအခါ နယ်မှာနေသားကျသလို ဖြစ်သွားသည်။ ရန်ကုန်သို့ ၁ နှစ်မှ ၁ ခေါက်မရောက်တော့သော်လည်း ထွန်းရွှေနှင့် မတင်ကြည်တို့ကိုတော့အမှတ်ရလျက်ပင် ရှိသည်။ ထွန်းရွှေထံ စာရေး၍ “မတင်ကြည်နှင့် လက်ထပ်ပြီးပြီလား။”ဟု မေးသေးသော်လည်း ထွန်းရွှေကား မိတ်ဆွေများထံ စာရေးတတ်သောသတ္တဝါ မဟုတ်၍ ဘာမျှမသိရပါချေ။ မတင်ကြည်ထံတော့ ကျွန်တော် မေးရမှာ အားနာသလိုလိုရှိ၍ စာမရေးခဲ့ရ။
ကျွန်တော် ရန်ကုန်မှခွာပြီး ၂ နှစ်ခန့်ကြာမှ ရန်ကုန်သို့ပြန်လာခဲ့သည်။ ခင်မင်သော မိတ်ဆွေများကို လိုက်ရှာသောအခါထွန်းရွှေကိုလည်း တွေ့ရသည်။ ထွန်းရွှေမှာ အရင်နေရာမဟုတ်တော့သည်မှတစ်ပါး၊ ဘာမျှထူးခြားသော အပြောင်းအလဲ မရှိ။ယခင်ကလိုပင် စကားပြောရသည်။ “ဖဲမရိုက်,အပျော်မလိုက်”ဟုလည်း သိရသဖြင့် ဝမ်းသာသည်။ သို့သော် မတင်ကြည်အကြောင်းမေးသောအခါ ထွန်းရွှေက ပြုံးနေသည်။ ကျွန်တော်ကဆက်ကာဆက်ကာ မေးသော်လည်း သူက ဘာမျှမပြောဘဲ“မင်း အိမ်ကို လာခဲ့ဦးကွာ။”ဟုပြောပြီး သူ့နေရာကို ပြောသည်။
“မင်း အခု မိန်းမရနေပြီလား။” “မင်း အိမ်ရောက်တော့ သိရမှာပေါ့။”ကျွန်တော်လည်း ထွန်းရွှေ၏ အကြောင်းကို သိပြီးဖြစ်၍ဘာမျှဆက်မမေးတော့ဘဲ အားလပ်သောတစ်ချိန်တွင် ထွန်းရွှေပေးခဲ့သောလိပ်စာအတိုင်း သူ့အိမ်သို့ သွားလိုက်ပါသည်။ သူပေးခဲ့သော လိပ်စာအတိုင်း သွားသောအခါ ကွမ်းယာဆိုင်လေးတစ်ဆိုင်ကို တွေ့ပါသည်။ ဆိုင်ပေါ်တွင် အသက် ၂ဝ ခန့်ရှိအသားညိုစိမ့်စိမ့် မျက်လုံးပြူးပြူးနှင့် မိန်းမတစ်ယောက်ကိုတွေ့ရသည်။ “ဟုတ်မှဟုတ်ရဲ့လား။” ဟု သူ့လိပ်စာကို ပြန်ကြည့်တော့လည်း ဟုတ်သည်။ ကွမ်းယာဆိုင်ကလေး၏ နောက်တွင်အိမ်ကလေးတစ်လုံးတော့ ရှိ၏။ သို့သော် အိမ်ထဲတွင် လူရိပ်သူရိပ် မမြင်။ အနီးအနားတွင် မေးစရာလူ မမြင်။ ဤကွမ်းယာဆိုင်ကလေးမှာပင် စုံစမ်းရမည်။ ဤမျှ လူသွားလူလာပါးသည့်နေရာတွင် ဆိုင်ဖွင့်ရောင်းနေသော ကလေးမကိုလည်း သံသယဖြစ်မိ၏။
ကျွန်တော်က ယောင်လည်လည် ဖြစ်နေ၍လားမသိ။ထိုမိန်းကလေးက ကျွန်တော့်အားကြည့်၍ မသိမသာပြုံးလိုက်သည် ထင်သည်။ နှုတ်ဆက်လိုက်လိုဟန်လည်း ပြုသည်။ကျွန်တော်ကလည်း သူ့ကို အကဲခတ်မိ၏။ မျက်နှာကို ခြယ်သထားသည်။ နှုတ်ခမ်းနီ ဆိုးထားသည်။ ရှေ့သွားကို ရွှေကွပ်ထားသည်။ နိုင်လွန်အင်္ကျီလက်ပြတ်မှာ တိုလှကျပ်လှ၏။ဆိုင်ကလေးမှာ ကွမ်းယာဆိုင်သက်သက် မဟုတ်။ အတွင်းဘက်မှာ မှန်သေတ္တာများနှင့် ကျူလယာကုန်စုံ ကလေးများလည်းရောင်းသည်။
ကျွန်တော်လည်း ထိုဆိုင်ကလေး၏ တံစက်မြိတ်ဆီသို့ဝင်လိုက်ပြီးလျှင် စီးကရက်တစ်ဘူး ဝယ်ယူကာ တစ်လိပ်ထုတ်၍ မီးညှိလိုက်ပါသည်။ မိန်းကလေးက ကျွန်တော့်အား မျက်ခြည်မပြတ် ကြည့်နေသည်။ ကျွန်တော်က ထွန်းရွှေ၏အိမ်မေးရန် သူ့အား ကြည့်လိုက်သောအခါ သူက ပြုံးနေသည်။
“စာရေးကြီးကိုထွန်းရွှေအိမ် ဘယ်နားမှာလဲဗျာ။” မိန်းကလေးက ဘာမှပြန်မပြောဘဲ ကျွန်တော့်အား
အကဲခတ်သလို အတန်ကြာကြည့်နေပြီးမှ “ဘာကိစ္စရှိလို့လဲ။”ဟု မပွင့်တပွင့်မေးသည်။ကျွန်တော်က လိပ်စာရေးထားသော စာရွက်ကလေးကိုထုတ်ကြည့်ရင်း “မိတ်ဆွေမို့ တွေ့ ရအောင် လာတာပါ။သူ့လိပ်စာကတော့ ဒီအိမ်ပဲ။”ဟု ပြောလိုက်ရပါသည်။
“ဟုတ်ပါတယ်။ ဒါသူ့အိမ်ပဲ။ ဝင်ထိုင်ပါလား။” ကျွန်တော် အိမ်ဘက်သို့ လှမ်းကြည့်လိုက်ပြီး လူရိပ်လူယောင်မမြင်သဖြင့် သူငယ်မဘက်သို့ ပြန်လှည့်ကာ “အခုသူရှိရဲ့လား။”ဟု ထပ်မေးမိသည်။" “ခဏနေ လာပါလိမ့်မယ်။ အထဲ ဝင်ထိုင်စောင့်ပါလား။”
ကျွန်တော်လည်း နောက်ထပ် ဘာမှ မေးမနေတော့ဘဲအိမ်ထဲသို့ ဝင်ခဲ့ပါသည်။ အိမ်ထဲတွင် ဘယ်သူမှမရှိသဖြင့် ယောင်ချာချာဖြစ်နေစဉ် အိမ်ရှေ့မှ ထွန်းရွှေ ဝင်လာသည်။ ကွမ်းယာဆိုင်ကလေးတွင် ခဏဝင်စကားပြောပြီး ကျွန်တော် ရှိရာသို့ပြုံးရွှင်စွာ ဝင်လာသည်။ လက်ထဲတွင် စီးကရက်သံဗူး ၁ ဗူးပါလာသည်။
“မင်းရောက်နေတာ ကြာပြီလား။” “အခုတင်လိုလိုပဲကွ။” “လာကွာ။” ထွန်းရွှေက ဧည့်ခန်းနှင့်တူသော အခန်းကလေးတစ်ခုထဲသို့ ခေါ်သွားသည်။ အတော်အသင့် သပ်သပ်ရပ်ရပ်ရှိ၏။ဧည့်ခန်း,ကုလားထိုင်, စားပွဲဝိုင်းပု,စာအုပ်စင်, ပန်းချီကား,ရေဒီယို အစုံရှိသော လူလတ်တန်းစား ဧည့်ခန်းတစ်ခုဖြစ်၏။“ဟေး-ဒါဘယ်သူ့အိမ်လဲကွ။”ကျွန်တော်က စုံစမ်းလိုက်သည်။“ငါ့အိမ်ပေါ့ကွ။”
“ဟ ကောင်။ ဒီလိုတော့လည်း သပ်သပ်ရပ်ရပ်ပါပဲလား”ထွန်းရွှေက ပြုံးနေသည်။ အတန်ကြာလျှင် သူက “ဟေ့ကောင် မင်း ရေချိုးမလား။”ဟု မေးပါသည်။ကျွန်တော်လည်း အိုက်သလိုလိုရှိသဖြင့် “အေးကွာအကောင်းသား။”ဟု လက်ခံကာ ရေချိုးရန် ထိုင်ရာမှထ၍အပေါ်အင်္ကျီကို ချွတ်လိုက်သည်။ အိမ်ကလေးမှာ သပ်သပ်ရပ်ရပ်ပင်ဖြစ်၏။ ရေချိုးခန်းဘက်သို့ အသွားတွင် အိပ်ခန်းနှင့်တူသောအခန်းတစ်ခုကို တံခါးပေါက်မှ လှမ်း၍မြင်ရသည်။ ၂ယောက်အိပ်ခုတင်တစ်လုံးနှင့် အောက်တန်းမကျလှသော အိပ်ခန်းစ္စည်းများကို မြင်ခဲ့ရသည်။
ရေချိုးရင်း ထွန်းရွှေအကြောင်း စဉ်းစားမိသည်။မတင်ကြည်ကိုလည်း သတိရမိ၏။ ထွန်းရွှေ ယခင်ကတော့ ယခုလောက် သပ်သပ်ရပ်ရပ်မရှိသည်ကို ကျွန်တော် သိသည်။ရေချိုးပြီးသောအခါ ကျွန်တော် ဧည့်ခန်းတွင် ပြန်၍ထိုင်သည်။ ထွန်းရွှေအကြောင်း ကျွန်တော် သိချင်နေသောအရာများမှာ များလှသည်။ အံ့သြ၍ ချည်း မနေနိုင်။
“ပြောစမ်းပါဦးကွ မင်းအကြောင်း” “ပြောတာပေါ့ကွာ။ဖြည်းဖြည်းပေါ့။ မင်း အခု ဘာလုပ်လာတာလဲ၊ ဘယ့်နှယ်လဲ။ မင်း အလုပ် ဟန်ရဲ့လား။” “ငါ အလုပ်က ထွက်လိုက်ပြီကွ။ ငါ့ဝါသနာနှင့်မကိုက်ပါဘူးကွာ။ ကြာတော့ စိတ်ဆင်းရဲတာနဲ့ ထွက်လိုက်တော့တာပဲ။
“ဘာဖြစ်လဲကွ။ အလုပ်ပဲ လုပ်ရမှာပေါ့။ လခကလေးအကောင်းသား မဟုတ်လား။” “လခတော့ ကောင်းပါရဲ့ကွာ။ လုပ်ရတဲ့အလုပ်က ပင်လည်းပင်ပန်း။ ပြီးတော့ ဟိုလူလာလည်း ကြောက်ရ၊ ဒီလူလာလည်း ကြောက်ရနဲ့ လူတကာ လိုက်ဖားနေရတာမို့။ “မင်း ဒါဖြင့် ဒီမှာ ဘာလုပ်မလဲ။”
“မသိသေးဘူးကွ။ သတင်းစာတို့ဂျာနယ်တို့မဂ္ဂဇင်းတို့ဘက် ဝါသနာပါလို့ လုပ်မလို့ အခြေအနေကြည့်ရဦးမှာပေါ့လေ။ အခုတော့ … တိုက်မှာ လက်ထောက်အယ်ဒီတာဝင်လုပ်နေတယ်။” “ကောင်းသားပဲကွ။" ထွန်းရွှေက အမှတ်မထင်ပင်ပြောရင်း ထိုင်ရာမှထကာ အိမ်ရှေ့ဘက်သို့ ခေါင်းပြု၍ “မြခင်..မြခင်”ဟုခေါ်လိုက်သည်။ မရှေးမနှောင်းပင် ကွမ်းယာဆိုင်ပေါ်က သူငယ်မဆင်းလာသည်။ ထွန်းရွှေက“မနေ့က ရမ်ပုလင်း ရှိသေးသလား။”ဟု မေးသည်။
သူငယ်မက ဘာမှပြန်မပြောဘဲ အိမ်ထဲသို့ ဝင်သွားပြီးများမကြာမီပင် ပုလင်းနှင့် ဖန်ခွက်များယူလာပြီး စားပွဲဝိုင်းကလေးပေါ်တွင် ချပေးသည်။ ထို့နောက် တစ်ဖန် ထွက်သွားပြန်ပြီးဖန်ခွက်ခပ်ကြီးကြီးနှင့် ရေခပ် ယူလာသည်။ အတော်ကလေးကြာပြန်သော် မြေပဲဆားလှော်တစ်ပန်းကန်နှင့် ဆားငန်သီးများယူလာပြန်သည်။
မိန်းကလေးမှာ ပြုံးရွှင်သောမျက်နှာထားရှိ၏။ သူ့ကိုကြည့်ရသည်မှာ “အငြိမ့်မင်းသမီးနှင့်တူသည်။”ဟု ကျွန်တော်ထင်သည်။ ဘာကြောင့်မှန်းတော့ မသိ။“ဒါ ငါ့မိန်းမ မြခင်လေ။” ထွန်းရွှေက ကျွန်တော်မမေးဘဲ ပြောလိုက်သောအခါ ကျွန်တော့်မှာ အံ့သြ၍မသွားသော်လည်း ထူးဆန်းသလိုတော့ထင်မိသည်။
သို့နှင့် မိန်းကလေးထွက်သွားသောအခါ ကျွန်တော်က “မင့် မတင်ကြည်ကော”ဟု မေးလိုက်မိသည်။ ငယ်သူငယ်ချင်းဖြစ်၍ စကားစပ်ရှာနေဖို့မလို။“မတင်ကြည် ရှိသားပဲ။ အိမ်ထောင်မကျရှာသေးဘူးကွ”
“မင်း ဘာဖြစ်လို့ မယူလဲကွာ။” “အေးကွာ ဖူးစာပဲ ဆိုရမှာပေါ့။ ငါလည်းမတင်ကြည်ကို ယူဖို့တော့ စိတ်ကူး အရှိသားကွ။ နောက်မြခင်နှင့် ရတာနှင့် သူ့ကို မယူဖြစ်တာပဲ။”
ကျွန်တော်လည်း ထွန်းရွှေပြောသည်ကို နားထောင်ရင်းသူ့ကို ကြည့်နေမိသည်။ ထွန်းရွှေမှာ ဘာမှမထူးခြားသလို"မြခင်နှင့် ရတာနှင့် သူ့ကို မယူဖြစ်တာပဲ” ဟု ပြောလိုက်ရစေကာမူ မသိမသာ သက်ပြင်းတစ်ချက်ချလိုက်သည်ကိုတော့ကျွန်တော် သတိထားလိုက်မိသည်။မတင်ကြည်နှင့် ဘယ်လိုလွဲ၍ မြခင်နှင့် ဘယ်လိုရကြသနည်း။
ထွန်းရွှေသည် နံနက် ၈ နာရီခန့်တွင် အိပ်ရာမှ နိုးနိုးချင်း အိပ်ရာထဲမှ မထသေးဘဲ ညက သူမူးပြီး ဘာတွေလုပ်ခဲ့သည်ကို ပြန်စဉ်းစားနေမိ၏။ ညက တော်တော်မူးခဲ့သော်လည်းသူ လုပ်ခဲ့သမျှကိုတော့ မှတ်မိပါသည်။ သူသည် မလျော်သောအလုပ်တစ်ခုကို လုပ်လာခဲ့သည်။
မနေ့ညနေက ရုံးဆင်းတွင် မိတ်ဆွေ ရုပ်ရှင်ဒါရိုက်တာကလေးတစ်ယောက်က လက်မှတ် ၂ စောင် လာပေးသဖြင့်“ရုပ်ရှင်ပြမည်”ဟု သူ ကတိပေးထားသော သူ့တပည့်ကျော်အရက်တော်ဆက် ကိုညိုကြီးတို့ တဲကလေးရှိရာသို့ ထွက်ခဲ့သည်။ ကိုညိုကြီးမှာ “သူ့တ ပည့်”ဟု ဆိုရသော်လည်း အသက်၄ဝခန့်ရှိပြီဖြစ်၏။ ကိုညိုကြီး၏မိန်းမ မပိုက်မှာ ကိုညိုကြီးထက် အနည်းငယ် ကြီး၏။ ငယ်လင်ငယ်မယား မဟုတ်ကြ။ စီးပွားရေးတွင်လည်း ကျပ်တည်းရှာကြသည်။ ထွန်းရွှေက အိတ်ထဲရှိ ရှိသလို ထုတ်ပေးထားခဲ့လေ့ရှိသော ငွေစကလေးများဖြင့် မပိုက်ကပါလာသော သမီးကလေးမြခင်က ဗျပ်ကလေးနှင့် ဗူးသီးကြော်,ပဲကြော် ရောင်းရ၏။ မစားရတစ်ချက် စားရတစ်ချက်နှင့်နေကြရ၏။
မပိုက်၏ပထမယောက်ျား မြခင်၏အဖေမှာ အင်္ဂလိပ်အရာရှိတစ်ယောက်၏အိမ်တွင် ကားမောင်းသမား ဖြစ်၏။ ဂျပန်အဝင်အင်္ဂလိပ်အပြေးတွင် မပိုက်၏ ယောက်ျားသည် သူ့သခင်ကိုလိုက်ပို့ရင်း လမ်းတွင် သေဆုံးသွားသည်။ မပိုက်မှာ ၁ဝ နှစ်သမီးမြခင်နှင့် ကသီလင်တ ကျန်ရစ်၏။ ဂျပန်တစ်ခေတ်လုံး ဆင်းရဲရှာကြ၏။ ဂျပန်များ ပြေးခါနီးတွင် မပိုက်နှင့် ကိုညိုတို့ရကြသည်။ ဆင်းရဲတုန်းပင် ဖြစ်၏။
မြခင်မှာ အပျိုကလေး ဖြစ်လာပြီး ဝတ်ချင်စားချင်သောအရွယ်သို့ ရောက်လာပြီ။ သို့သော် ညှိုးနွမ်းရှာ၏။ မဝရေစာ စားသောက်၍ ကြီးပြင်းရှာရသော်လည်း လုံးကျစ်ပြည့်ဖြိုးသောကိုယ် ရှိ၏။ တောက်ပကြည်လင်သောမျက်လုံး ရှိ၏။ နေပူမရှောင် မိုးရွာမရှောင် သွားရလာရ၍ အသားညိုတိုတို ရှိ၏။သို့သော် မြခင်မှာ အဝတ်အစား စုတ်နုပ်သဖြင့် မက်လောက်စရာတော့ မရှိချေ။
ထွန်းရွှေသည် မြခင်ကို ကောင်းစွာမသိချေ။ ထွန်းရွှေလာသည့်အခါတိုင်း မြခင် အကြော်ရောင်းထွက်နေသည်သာများ၏။ ကိုညိုနှင့် မပိုက်တို့နှင့်တော့ ထွန်းရွှေက ကောင်းစွာသိကျွမ်းခင်မင်နေ၏။ မြခင်ကို တစ်ခါတစ်ရံ မြင်ဖူးသော်လည်း ဘာစိတ်ကူးမှ မရခဲ့။ သူကိုယ်တိုင်က သန့်သန့်ရှင်းရှင်း မနေတတ်သော်လည်း မြခင်ကဲ့သို့ ညစ်စုတ်စုတ်အဝတ်အစားနှင့်ကောင်မလေးကိုတော့ ထွန်းရွှေ စိတ်ကူးမထည့်ချင်ချေ။ သို့နှင့်မြခင်ကို အမှတ်မထင်ပင် နေခဲ့သည်။
ထိုနေ့က ရုပ်ရှင်လက်မှတ် ၂ စောင်ကို ကိုညိုတို့လင်မယားအားပေးလိုက်ပြီး ချက်အရက်တစ်ချိုးယူခိုင်းကာ ခါတိုင်းကဲ့သို့ အေးအေးလူလူသောက်နေလိုက်သည်။ ရုပ်ရှင်လက်မှတ်မှာ ၆ နာရီခွဲပွဲအတွက်ဖြစ်၍ ၆ နာရီထိုးခါနီးတွင် ကိုညိုတို့ လင်မယား အဝတ်အစားလဲလှယ်ကြသည်။ ထွန်းရွှေက ဘာစိတ်ကူးမှ မရှိသဖြင့် နောက်ထပ် အရက်တစ်စိတ် ထပ်အယူခိုင်းလိုက်ပြီး သောက်နေမိသည်။
ကိုညိုကမူ ထွန်းရွှေအား ဆရာသမားဖြစ်၍ ဘာမျှမပြောဘဲ “ဆရာ သောက်နေရစ်တော့။ ထမင်းစားချင်လည်း မြခင် ပြန်လာတော့ အဝယ်ခိုင်း။”ဟုမှာကာ ထွက်သွားကြသည်။
Keep Reading