ထင်လင်း
လှည်းကူးတွင် ခေတ္တရပ်နားပြီး ခိုင်က ကားပေါ်မှဆင်းကာ သူတို့အသိ ကားဆရာတစ်ယောက်ကိုအကျိုးအကြောင်း ပြောသည်။ ဦးအေးခက်က ကားဆရာနှင့် ရပ်စကားပြောနေသော ခင်မြခိုင်ကို ကားပေါ်မှနေ၍ ကြည့်နေမိသည်။ “ခင်မြခိုင်သည် အရပ်အမောင်းရော ကိုယ်လုံးကိုယ်ပေါက်ပါ လှသည်။’ဟုသူ သတိပြုမိသည်။ ကားဆရာအား မှာစရာရှိသည်တို့ကိုမှာပြီးခင်မြခိုင် ပြန်လျှောက်လာသည်။
“ကဲ အစ်ကိုကြီး။ ခိုင့်ကိုတော့ ရန်ကုန်အထိ ခေါ်သွားရတော့မှာပဲ။”ဟုဆိုကာ တံခါးကို ဖွင့်၍ ဝင်ထိုင်သည်။ ဦးအေးခက်၏စိတ်ကူးတို့သည် ထွေပြားလျက်ရှိ၏။“ကျွန်တော်လည်း အဖော်ရတာပေါ့ဗျာ။”လှည်းကူးက ထွက်လာတော့ ဦးအေးခက်က “ခိုင် အခုလို လူစိမ်းတစ်ယောက်ရဲ့ကားနှင့် ခုလိုအချိန်ကြီး လိုက်လာရတာ မကြောက်ဘူးလား။”ဟု သွေးတိုးစမ်းသလို မေးကြည့်သည်။
“ခိုင်လား အစ်ကိုကြီးကိုမြင်ကတည်းကလူကြီးလူကောင်းဆိုတာသိပါတယ်။ မယုံကြည်ရင် လှည်းကူးမှာ ဆင်းနေရစ်မှာပေါ့။”“လူကောင်းဆိုတာချိုပေါက်တာမဟုတ်ဘူးနော်။”ဦးအေးခက်ကရယ်သွမ်းသွေးတော့ခိုင်ကခပ်အေးအေးကလေးရယ်ကာစီးကရက်တစ်လိပ်ထပ်မီးညှိပြန်သည်။ရယ်စရာမောစရာကလေးများ,အနောက်အပြောင်ကလေးများပါလာတော့ လူချင်းက ပိုရင်းနှီးသလို ဖြစ်လာသည်။ သည်တော့ ခိုင်က သူ့အစ်ကိုအကြောင်း တစ်စွန်းတစ်စပြောလာသည်။
ခိုင်တို့မှာ မိဘ မရှိ။ မောင်နှမ ၃ ယောက် ရှိသည်။တရုတ်ကပြား စီးပွားရေးသမားများဖြစ်သည်။ငယ်ငယ်ကစီးပွားရေးဟန်မကျ၍ ခိုင်က တရုတ်သူဌေးတစ်ယောက်နှင့်ယူရသည်။ တရုတ်သူဌေးက မိန်းမတွေ အများကြီးရှိရာ၊ သူကတတိယ,စတုတ္ထလောက် ဖြစ်ဟန် တူသည်။ နောက် စီးပွားရေးမကောင်းတော့ သူဌေး ပြည်ကြီးသို့ အပြီးပြန်သည်။ သူ့လက်ငုတ်စီးပွားရေးအချို့ကို ခိုင်တို့ မောင်နှမ ၃ယောက်က ဆက်လုပ်ခဲ့သည်။
နောက်အစ်ကိုအကြီးဆုံးကိုလှခိုင်က စီးပွားရေးကောင်းလာတော့ မိန်းမတွေနှင့် ပွေပြန်သည်။ မထင်မရှားလည်းယူသည်။ လက်ထပ်၍လည်း ယူသည်။ ယခု ပဲခူးတွင် ယနေ့လက်ထပ်သူမှာ စတုတ္ထလောက် ဖြစ်ဟန်တူ၏။သူ့ထက်အငယ် ‘ဟယ်ရီ’ခေါ် မောင်အုန်းခိုင်မှာ များမကြာမီက မြန်မာပြည်မှ အပြီးအပိုင်ထွက်ခွာကာ ဟောင်ကောင်မှာ စီးပွားရေးလုပ်နေပြီ။ ဟုလည်း သိရသည်။
ယခု ခင်မြခိုင်က ရန်ကုန်မြို့တွင် ဝင်းနှင့်ခြံနှင့် လူနေရပ်ကွက်တစ်နေရာတွင် သူပိုင်တိုက်တစ်လုံးကို ငှာထားပြီး၊ ထိုဝင်းထဲမှာပင် သူ့အတွက် အိမ်ငယ်ငယ်ကလေးတစ်လုံးဆောက်၍၊ သူတစ်ယောက်တည်းနေသည်။ကိုလှခိုင်က မြို့လယ်တွင် သူ့မယားကြီးနှင့် ကလေးများ နေသည်။ သူကတော့ မြို့ပြင်မှာ အိမ်တစ်လုံးထပ်ဝယ်ပြီး မယားငယ်နှင့် နေသည်။ နေရာအနှံ့ ငှားနေသည့်အိမ်များလည်းရှိသည်။
ဦးအေးခက် ခင်မြခိုင်ပြောလာသည်တို့ကို နားထောင်ရင်း တစ်ချက်တစ်ချက်တွင် ဝင်ထောက်လိုက်, အင်းလိုက်လိုက်,အိုလိုက်လိုက်နှင့်။ ကုန်သည်တို့ခေတ်ကောင်းစဉ်က 'သူဌေး’ဆိုသူတို့၏ လုပ်ရပ်များကိုပါ သုံးသပ်လာမိသည်။“အစ်ကိုကြီး။ ရန်ကုန်မှာ အိမ်ရှိလား။” “မရှိပါဘူး။ ဘာဖြစ်လို့လဲ။” “ဒါဖြင့် ဘယ်မှာ တည်းမလဲ။ ခါတိုင်း ဘယ်မှာတည်းလဲ” “ကြုံရာပါပဲ။”
ဦးအေးခက်က သူတည်းနေကျနေရာကို တမင်ဖုံးကွယ်၍ ခင်မြခိုင်ထံမှစကားကို ချူကြည့်ခြင်း ဖြစ်သည်။ သို့သော် ခင်မြခိုင်က “သူ့အိမ်မှာတည်းပါ။”ဟု ဖိတ်ခေါ်ရန် နှုတ်လေးနေဟန် တူ၏။ “မေမြို့ကို ခိုင်တို့ လာလည်မယ်နော်။ အစ်ကိုကြီးပုန်းနေမှာလား။ အစ်ကိုကြီးမိန်းမက သဘောကောင်းလား။” “ဟာ-သိပ်ကောင်းတာပေါ့။ ဘာဆိုဘာမှ မပြောဘူး။`မပြော’ဆို ရှိကို မရှိလို့ဗျ။
“အဟုတ်လား။ အစ်ကိုကြီးက ခိုင်တို့အလည်လာမှာစိုးလို့လား။” “လာပါဗျာ။ ဒါပေမယ့် အစ်ကိုကြီးအိမ်က ကျဉ်းကျဉ်းကလေးရယ်။ ခိုင်တစ်ယောက်တော့ တည်းနိုင်ပါတယ်။”ဦးအေးခက် ခိုင်နှင့် ဤမျှရင်းနှီးလာတော့သူတစ်ယောက်တည်း ကားမောင်းလာခဲ့စဉ်က အောက်မေ့လာခဲ့သော ရှေးဖြစ်ဟောင်းများနှင့် သူ့လှိုင်ကို ခဏမေ့သွားသည်။ လှိုင်နေရာမှာ ခိုင် ရောက်လာသည်။ သို့သော် သူ့မှာ စဉ်းစားစရာတွေ တိုးလာသည်။ ခိုင်က သူ့အကြောင်းတွေကို ဘာဖြစ်လို့ဒါလောက်စုံအောင် ပြောလာလဲ။
စပ်မိစပ်ရာ လျှောက်ပြောလာတနှင့်တော့ တူပါသည်။ ကားပေါ်မှာ ၂ ယောက်တည်း ပါသည်။သည်လိုသာ စကားပြောမလာလျှင် အိပ်ငိုက်မည်။သူစိမ်းယောက်ျားတစ်ယောက် မောင်းလာသည့်ကားပေါ်မှာ သူ့ဘေးကအိပ်ငိုက်လာတာကတော့ မသင့်။ခိုင်ဟာ သူပြောသလို "တရုတ်သူဌေးကတော်ဟောင်းကောင်းရောင်းကောင်းဝယ်သမား”ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။
“သူ့အစ်ကို”ဆိုသူကကော မယားတွေ ဒါလောက်ယူနိုင်ဖို့ ဝင်ငွေကို သူဘာလုပ်ပြီးရှာနေပါလိမ့်။ပြီးတော့ အငယ်အနှောင်းတွေ ပရမ်းပတာယူနေတဲ့ အစ်ကိုကို နှမလုပ်သူက လိုက်ကူပေးနေတယ်ဆိုတော့ ဒီလိုကိစ္စက သူတို့အဖို့ ကဲ့ရဲ့စရာလည်း မဟုတ်၊ချီးမွမ်းစရာလည်း မဟုတ်။ ထမင်းစား၊ရေသောက်ကိစ္စမျှသာ။
ခိုင်က စကားပြောလာသည်။ ဦးအေးခက်က နားထောင်ရင်း ဒါတွေ တွေးလာသည်။ဤသို့နှင့်ပင် ကားကလေးသည် မင်္ဂလာဒုံကို လွန်ခဲ့သည်။ ၇နာရီနှင့် ၃၅မိနစ်။ ဦးအေးခက်၏ကားကလေးသည် အရှိန်မှန်မှန်ပြေးလာခဲ့ရာမှမရမ်းကုန်းရောက်ခါနီးတွင် အရှိန်လျှော့၍ နန်ဆင်းပျော်ပွဲစားရုံထဲသို့ခေါင်းထိုးဝင်လိုက်သည်။ခင်မြခိုင်ကိုဘာမျှပြောထားသော်လည်းနားလည်ပြီးဖြစ်ဟန်တူသည်။
ကားကိုရပ်ပြီး သူတို့ ၂ယောက် ဣန္ဒြေရရပင်ဆင်းကာ လျှောက်လာကြသည်။ သူတို့ အပေါ်ကိုမရောက်မီပင် အပေါ်မှ လူတစ်ယောက် ပြေးဆင်းလာပြီး ခိုင့်ကို နှုတ်ဆက်တော့ ခိုင်က သူ့အား “အောက်မှာပင် စားပွဲတစ်ခု ခင်းပေးရန်” ပြောလိုက်သည်။
သူတို့ ရပ်စောင့်နေစဉ်မှာပင် အောက်ကပန်းခြံထဲတွင် စားပွဲတစ်ခုခင်းပြီးသား ဖြစ်နေသည်။မလှမ်းမကမ်းတွင်၂ယောက်၁တွဲ,၃ယောက်၁တွဲ စားပွဲကလေးများနှင့် အေးအေးလူလူထိုင်စကားပြောရင်း စားကြသောက်ကြလျက်။
“အပေါ်မှာက လူ သိပ်များတယ်။”ဟု ခိုင်က ဆိုလိုက်ပြီး၊ “အစ်ကိုကြီး ဘာစားမလဲ။ ဘာသောက်ဦးမလဲ။ဘီယာ-ဝစ္စကီ”ဟု သွက်လက်စွာမေးသည်။ပြီးတော့သောက်လက်စစီးကရက်ကိုလက်ကြားညှပ်လျက်စားပွဲပေါ်တွင်ချထားသောအမှာစာ စာရွက်ငယ်တွင် ခဲတံဖြင့် ကောက်ရေးနေသည်။ သူလုပ်ကိုင်နေပုံမှာ “ကြည့်စရာပင်ကောင်းသေးတော့။”ဟုဦးအေးခက်က ထင်မိ၏။
နန်ဆင်းမှာတော့ ခင်မြခိုင်က အိမ်သည်, ဦးအေးခက်က ဧည့်သည် ဖြစ်နေသည်။ ခင်မြခိုင်က ဟိုတယ်စားပွဲထိုးများကအစ မန်နေဂျာအထိသိသည်။သူ့ကိုလေးလေးစားစားနှုတ်ဆက်ကြသည်။လာစားကြသူများထဲမှလည်းခိုင့်ကိုသိသူ,လက်ပြနှုတ်ဆက်သူအတော်များများတွေ့ရ၏။ဂေါက်သီးရိုက်ပြီးပြန်လာကြသူများခိုင်ရှိရာလာပြီးနှုတ်ဆက်ကြသည်။ဤနေရာကိုသူလာနေကျ ဖြစ်ဟန်တူ၏။
စားသောက်ပြီးကြ၍ ဦးအေးခက်က ပိုက်ဆံရှင်းပေးပြီး လာတုန်းကလိုပင် ဣန္ဒြေရရ ပြန်ထလာကြတော့လည်း၊ ခိုင့်ကို နှုတ်ဆက်သူတွေ များသည်။ သည်တော့မှ ဦးအေးခက် ခိုင့်ကိုအတော်အတန်နားလည်လာသည်။ ခိုင် ဘယ်လိုအမျိုးသမီးဆိုတာ ရိပ်စားမိလာသည်။ နန်ဆင်းကထွက်ခဲ့ကြတော့ ဦးအေးခက် စိတ်ကူးတစ်မျိုး ဖြစ်လာသည်။
မိန်းမချော,မိန်းမလှတစ်ယောက်နှင့်ဆိတ်ကွယ်ရာရတိုင်းဖောက်ပြန်တတ်သောလူတို့၏စိတ်ရိုင်းကိုမထိန်းသိမ်းတတ်ခဲ့လျှင်၊ဦးအေးခက်ယခုအချိန်အထိယခုအခြေအနေမျိုးမှာမနေနိုင်။သူ့အဖို့ဤသို့ကြုံရသည်မှာဤတစ်ကြိမ်သာမဟုတ်။ရန်ကုန်မြို့ထဲသို့ ကားဝင်မိတော့ ခင်မြခိုင်က သူ့အိမ်နေရာကို ပြောသည်။ ဦးအေးခက်က သူညွန်သည့်အတိုင်းစိတ်ထဲက လမ်းမှတ်ရင်း မောင်းဝင်ခဲ့၏။ အင်းလျားလမ်း,တက္ကသိုလ်ရိပ်သာလမ်း, ဝင်ဒါမီယာလမ်း။ အကွေ့အချိုးများစွာဖြင့် “ခိုင် နေသည်”ဆိုသော အိမ်သို့ရောက်လာသည်။
“တဲကလေးတစ်လုံး ဆောက်နေတယ်။”ဟု ခိုင်ပြောပြခဲ့သော သူ့အိမ်မှာ တစ်ထပ်တိုက်သေးသေးကလေးဖြစ်၏။“ဆင်းဦးလေ အစ်ကိုကြီး။ ခိုင် ကော်ဖီလေးဘာလေးဖျော်တိုက်ပါရစေဦး။”
ဦးအေးခက်က “မဆင်းတော့ဘူး။” အောက်မေ့ပြီးမှ စိတ်ကူး တစ်မျိုးပြောင်းကာ အညောင်းဆန့်ရင်းဆင်း၍ ခိုင့်နောက်က လိုက်ခဲ့၏။ အိမ်ကလေးအတွင်းဘက်မှာ အတော်သပ်သပ်ရပ်ရပ်ရှိ၏။ လူလတ်တန်းစားတို့၏ ခေတ်မီအသုံးအဆောင်များဖြစ်သော ရေခဲသေတ္တာ,ရေဒီယိုဂရမ်,ပန်ကာ,စာအုပ်စင်,ပန်းကန်စင်စသည်တို့ဖြင့် တန်ဆာဆင်၏။ သူတို့ကို လာ၍တံခါးဖွင့်ပေးသော ကလေးမမှာ အိမ်ဖော်မလေးဖြစ်ဟန် တူ၏။ခိုင်က သူ့အိမ် အိပ်ခန်း, ရေချိုးခန်း, ထမင်းစားခန်း စသည်တို့ကို အမှတ်မထင် ပြသွားသည်။ ရေချိုးခန်းဝင်ချင်လျှင်ဝင်နိုင်ဖို့။
ခင်မြခိုင် ဖျော်တိုက်လိုက်သော နက်စ်ကဖီးတစ်ခွက်ကိုသောက်ပြီး ကျေးဇူးတင်စကားပြောကာ နှုတ်ဆက်တော့၊ ခင်မြခိုင်က “အစ်ကိုကြီး မပြန်သေးရင် လာလည်ပါ။ အချိန်မရွေးပေါ့။”ဟု ဖိတ်ခေါ်လိုက်သေးသည်။ ပြီးတော့ သူကားနားအထိလိုက်ပို့ပြီး နှုတ်ဆက်သည်။
“အစ်ကိုကြီး လာဦးမယ် မဟုတ်လား။ အိမ် သိပြီပဲ။”ဟု သူက ထပ်သတိပေးတော့ ဦးအေးခက်က ဘာမှဝန်မခံခဲ့။ “ကြုံရင်ပေါ့လေ။”ဟုသာ ပြောပြီးထွက်ခဲ့သည်။လမ်းပေါ်ရောက်မှ “အတော်လည်တဲ့ မိန်းမပဲ။”ဟုသူ့ဟာသူ စိတ်ထဲကပြောပြီး ပြုံးမိသေးသည်။
၇. မိုင်သို့ သူရောက်တော့ ၉ နာရီမတ်တင်း ရှိပြီ။အိမ်မှာ မီးများလင်းနေသော်လည်း သူ့မိတ်ဆွေဆရာဝန်ကတော့ ပြန်မရောက်သေး။ ဆရာဝန့်တပည့်ကျော် အောင်ကြီးနှင့် မြမောင်တို့က သူ့ကို ဝမ်းပန်းတသာဆီးကြိုကြသည်။ သူတို့ကြိုတင်ရရှိထားသော ကြေးနန်းစာအရဆိုလျှင် “ဦးအေးခက် နောက်အကျဆုံး ၇ နာရီလောက်ကတည်းက ရောက်လိမ့်မည်။ဟု မျှော်နေကြသည်။”ဆိုသည်။ သူတို့ဆရာလည်း “အပြင်ထွက်သွားပြီး ၉နာရီခွဲမှ ပြန်လာမည်။” ပြောသည်။ သို့သော် ကိစ္စမရှိ။ အောင်ကြီးနှင့် မြမောင်တို့ရှိလျှင် ပြီးပြီပဲ။
များမကြာမီပင် ဦးအေးခက် အိမ်အောက်ထပ်က အိပ်ခန်းမှာ နေရာတကျဖြစ်ပြီ။ ရေချိုးအဝတ်အစားလဲပြီး၍အေးအေးလူလူ လန်းလန်းဆန်းဆန်းရှိပြီ။ အောင်ကြီးက ထမင်းစားခန်းထဲတွင် သူ့ဆရာ ပြန်လာလျှင် စားဖို့သောက်ဖို့ ပန်းကန်ခွက်ယောက်များ ခင်းကျင်းနေသည်။ အိမ်ဘေးကားရုံရှေ့တွင်မြမောင်က ဦးအေးခက်၏ကားကို ဆေးကြောပွတ်တိုက်နေသည်။
ဦးအေးခက်ကမြင်၍ “မနက်မှဖြစ်ဖြစ် လုပ်ပါကွာ။”ဟု ပြောတော့ ကောင်ကလေးက “ဆရာ မနက်စောစော ထွက်ချင် ထွက်ရအောင်လေ။ ကျွန်တော်လည်း အားနေတာပဲ။”ဟုဆိုကာ ဆက်လုပ်နေသည်။
၉နာရီခွဲသာသာတွင် အိမ်ဝင်းထဲသို့ ကား ၂ စီး ဝင်လာသည်ကို တွေ့ရသည်။ တစ်စီးက သူ့မိတ်ဆွေ ဆရာဝန့်ကား။နောက်တစ်စီးကတော့ မသိ။ အိမ်ရှေ့မှာ ကားများရပ်ပြီး ဆရာဝန်က ကားပေါ်က အရင်ဆင်းသည်။ နောက်ကားထဲမှ အမျိုးသမီးငယ်တစ်ယောက်ကို စောင့်ခေါ်လာသည်။ နောက်ကားထဲမှာလည်း ဘောင်းဘီဝတ် လူရွယ်တစ်ယောက်နှင့် အခြားအမျိုးသမီးငယ်တစ်ယောက်တို့ ဆင်းလာကြသည်။ သူတို့လက်ထဲမှာ အထုပ်ကြီး,အထုပ်ငယ်များ ဆွဲလျက်ပါလာ၏။ မိန်းကလေးများမှာ အသက် ၂၀ ပတ်လည်တွင် ရှိကြမည်။
ဦးအေးခက်ကို ဝရန်တာတွင်တွေ့လိုက်တော့ ဟဲလိုချင်း ဟဲလိုထွေးအောင် နှုတ်ဆက်ကြပြီး၊ ဒါက အယ်မာ။ ဒါကဝါဝါ စသည်ဖြင့် ကောင်မကလေးများနှင့် ဦးအေးခက်ကို မိတ်ဆက်ပေးသည်။
ဦအေးခက်က “ကျွန်တော် အေးခက်ပါ။”ဟု ပြုံးရွှင်စွာ ကောင်မကလေးများနှင့် လက်ဆွဲနှုတ်ဆက်ပြီးအားလုံးဧည့်ခန်းထဲ ဝင်ထိုင်ကြသည်။ ဆရာဝန်က ထမင်းစားခန်းထဲဝင်က ဂစ္စကီပုလင်းနှင့် ပြန်ထွက်လာသည်။ နောက် အောင်ကြီးက ဧည့်သည်များဘေးက စားပွဲငယ်ကလေးများပေါ်တွင် ဖန်ခွက်များ,လက်သုတ်ပုဝါများ,လာချပေးသည်။ နောက်သူတို့တွင်ပါလာသော စက္ကူထုပ်များမှ အစားအစာများကို ပန်းကန်ပြားငယ်များနှင့် ခွဲထည့်ကာ၊ ခက်ရင်းကလေးများတပ်လျက် လာချပြန်သည်။
များမကြာမီပင် အနောက်တိုင်း တေးဂီတသံများသည် ဆူညံစွာထွက်ပေါ်လာသည်။ ဆရာဝန်နှင့် သူခေါ်လာသော အမျိုးသမီးတို့ တွဲကကြသည်။ သီချင်းဆုံးတော့ လက်ခုပ်တီးကြသည်။ နောက် သီချင်းတစ်ပုဒ်, နောက်တစ်တွဲ, လက်ခုပ်သံ။
ဝစ္စကီပုလင်း တစ်ဝက်လောက်ကုန်တော့ ပိုပြီးမြိုင်လာသည်။ ကောင်မလေးတစ်ယောက်က ဦးအေးခက်အနား လာထိုင်ပြီး “မကဘူးလား။”ဟုမေးတော့ဦးအေးခက်ကပြုံးပြီးခေါင်းယမ်းပြသည်။ဓာတ်ပြားများရွေးနေသောဆရာဝန်က“ဦးအေးခက်က ဘုရားဒကာ၊ကျောင်းဒကာကြီးကွာ အယ်မာ”ဟု လှမ်းနောက်သည်။“
ဘုရားဒကာ,ကျောင်းဒကာကြီးကလည်းဝစ္စကီတော့သောက်သလား။ဟီဟီ”ဝါဝါကလှမ်းနောက်သည်။ဆရာဝန့်မိတ်ဆွေလူရွယ်က“ဒါဝစ္စကီမခေါ်ဘူးဝါဝါ။ဒါကိုဘုရားဒကာ,ကျောင်းဒကာစကားနှင့်“အဝေရာ”လို့ခေါ်တယ်။“အဝေရာ-ရန်မရှိကြကုန်သည်။ ဟောတု-ဖြစ်ပါစေသတည်း။” ဆိုတာ မကြားဖူးဘူးလား။ ဒါ ဘေးကင်းအောင်သောက်တာ။”
ကောင်မလေးများ ကြောင်ပြီးကြည့်နေကြ၍ ဆရာဝန်က “ဟဲ့ “အဝေရာ”ဆိုတာ “အဝါရေ’ကိုပြောတာ။”ဟု ရှင်းပြလိုက်မှ အားလုံးရယ်မောကြရ၏။အရက်ခွက်တို့ကို ကုန်ရင်းဖြည့်ရင်းနှင့် ပုလင်းဖင်ကပ်မျှသာကျန်တော့ ပြကွက်တစ်မျိုး ဖြစ်လာသည်။ သီချင်းက ပိုသော့လာသည်။ ကကြသည့်အတွဲများကလည်း ပိုသွက်လာသည်။ အလဲအလှယ်နှင့် အဆွဲအယမ်း အနမ်းအရှုံ့များ ပါလာသည်။ သီချင်းဆုံး၍ထိုင်ကြသောအခါ အမျိုးသမီးများက အမျိုးသားများ၏ပေါင်ပေါ်ထိုင်ကာ အမျိုးသားတို့၏ လည်ပင်းများပေါ်တွင် သူတို့လက်များကို တင်ထားကြသည်။
ဆရာဝန်ကသီချင်းဓာတ်ပြားများ ထထရွေးရတော့ အားနေသောအယ်မာကဦးအေးခက်အနား လာကပ်ထိုင်သည်။ စီးကရက်ကို ပါးစပ်တွင်ကပ်ကာ ဦးအေးခက်ကို မီးညှိခိုင်းသည်။ နောက် စကားပြောရင်းသူ့ကိုယ်လုံးကလေးနှင့်ဦးအေးခက်ကို လွှဲ၍ရိုက်ရိုက်ပြီး ရယ်သည်။ဦးအေးခက်ကလည်း အထိုက်အလျောက် ရောနှောရသည်သာ။“အယ်မာရေ မလုပ်ပါနှင့်ဟ။ ငါ့ဘုရားဒကာ,ကျောင်းဒကာကြီး ဈာန်လျှော့နေပါဦးမယ်။”ဟု ဆရာဝန်ကဓာတ်ပြားရွေးရာက လှမ်းနောက်၏။
ညဉ့်နက်သောအခါ ဆရာဝန့်မိတ်ဆွေနှင့် သူ့အတွဲဝါဝါတို့ ပြန်ကြသည်။ နောက် အတော်ကလေးကြာတော့ဆရာဝန်နှင့် အယ်မာတို့လည်း ကားနှင့်ထွက်သွားကြသည်။အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်၍ကျန်ရစ်၏။သည်တော့မှ ဦးအေးခက်သက်ပြင်းတစ်ချက်ချကာ သူ့အိပ်ခန်းထဲ ဝင်ခဲ့သည်။ အောင်ကြီးက ဖန်ခွက်များ, ပန်းကန်များကို သိမ်းဆည်းနေသည်။ မြမောင်က သူ့အိပ်ခန်းဝလာပြီး“ကားသွင်းထားလိုက်ရမလားဆရာ။” ဟုပြောသဖြင့် ကားသော့ကို ထယူပေးလိုက်ပြီး၊ စီးကရက်သောက်ရင်း အိပ်ရာပေါ်မှာ လှဲနေလိုက်၏။
စောစောက အသံဗလံများက နားထဲတွင် ကျန်နေသည်။ သည်အသံများငြိမ်သွားတော့ သူ အိပ်ဖို့စိတ်ကူးကာ အိပ်ခန်းမီးခလုတ်ကို ဆွဲပိတ်လိုက်သည်။ ခဏကြာသော်အပြင်မှလာသောအလင်းရောင်ပျပျကလေးအခန်းထဲဝင်လာသည်။သူ ရုတ်တရက် အိပ်လို့မရသေး။ “မနက်တွင် သူဘာလုပ်မည်။”ဆိုသည့် အစီအစဉ်ကို ဆွဲနေမိ၏။
သမီးကလေးဆီ သွားရဦးမည်။”သမီးကလေးကို သတိရမိပြန်တော့ သူ စိတ်မကောင်း။စောစောက သူ ကောင်မလေးတွေနှင့် ရောရောနှောနှော ရယ်မောနေတာမျိုး သမီးကလေး မြင်ရလျှင် ဘာများပြောမည်မသိ။သူ့ကိုယ်သူလည်း ရှက်နေမိသည်။ သူတို့ကတော့ “ဘုရားဒကာ,ကျောင်းဒကာ”ဆိုတာ နောက်တာပဲ။ နောက်စရာပဲ။ သူတို့လိုလူမျိုးထဲမှာ “ဘုရားဒကာ, ကျောင်းဒကာ”ဆိုတာ နောက်စရာလူမျိုး, ရယ်စရာလူမျိုး။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ သည်ကဘုရားဒကာ ကျောင်းဒကာကို ကြည့်ပါဦး။
“လှိုင်”နှင့် ပျော်မြူးခဲ့တာတွေကိုလည်း သူ ကြည်နူးရဲ့။အဖန်တလဲလဲ အောက်မေ့ရဲ့။ “ခင်မြခိုင်”ဆိုတဲ့ အမျိုးသမီးကိုလည်း သူ ရိသဲ့သဲ့လုပ်လိုက်တာပဲ။ ခုနက အယ်မာ သူ့အနားကပ်ထိုင်ပြီး သူ့ကို ကိုယ်စောင်းပစ်တိုက်တော့ သူက အယ်မာ့ပခုံးများကို ဖက်ထားလိုက်မိသေး။ ပြီးတော့ အဝေရာ။
ဦးအေးခက် မှောင်ပျပျထဲမှာပင် တစ်ကိုယ်တည်းပြုံးလိုက်မိသည်။ နောက် ခေါင်းရင်းကမီးခလုတ်ကြိုးကို လှမ်းဆွဲလိုက်တော့ တစ်ခန်းလုံး မီးလင်းလာသည်။ အိပ်ရာထဲကထပြီး ခြေရင်းတွင် ခုံကလေးနှင့်တင်ထားသော သူ့သားရေသေတ္တာကို ဖွင့်၍ ပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ ပုလင်းစက္ကူပတ်များကို ခွာ၍ အဖုံးကို ဖွင့်သည်။ နောက် ခေါင်းရင်းနားက စားပွဲပုံပေါ်တွင်တင်ထားသည့် ရေဖန်ချိုင့်ပေါ်မှ ဖန်ခွက်ထဲသို့ ဝစ္စကီအနည်းငယ် လောင်းထည့်ရင်း၊ သူ့ပါးစပ်က “ဟင်း ဟင်း အဝေရာ ”ဟု တိုးတိုးဆိုကာ ညင်ညင်ကလေး ရယ်လိုက်မိသေး၏။
နောက် ဝစ္စကီထဲသို့ ရေဖန်ချိုင့်ထဲက ရေငှဲ့၍စွက်လိုက်ပြီး အိပ်ရာဘေးတွင် တစောင်းထိုင်သည်။ အတန်ကြာလျှင် ဖန်ခွက်ကိုမော့ချလိုက်ပြီး စားပွဲပေါ်ပြန်ချကာ စီးကရက်တစ်လိပ်ကို မီးညှိဖွာပြန်သည်။သည့်နောက်တွင် ဦးအေးခက်၏ လှုပ်ရှားမှုများမှာသွက်လက်လာပြီး၊ အိပ်ခန်းအပြင်ဘက်သို့ရောက်လျှင် နောက်ဖေးဘက်တံခါးကိုဖွင့်သည်။
“မြမောင်ရေ - မြမောင်”၄-၅ခွန်းခေါ်မှ အစေခံတန်းလျားမှ မြမောင် အိပ်မှုန်စုံမွှားနှင့် ထလာသည်။“ငါ့ကား ထုတ်လိုက်စမ်းကွာ။ ခပ်မြန်မြန်ဟေ့။”မြမောင်လည်း နားမလည်သလို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ကားရုံဆီသို့ သွားကာ၊ တံခါးဖွင့်၍ ကားကို ဖြည်းညင်းစွာထုတ်ယူလာသည်။“ဓာတ်ဆီ ရှိရဲ့လား။” “တစ်ဝက်လောက် ရှိတယ်ဆရာ။” “အေး-ရပါတယ်။ ကဲ-မင်း အိမ်ထဲဝင် အိပ်နေတော့။ကြားလား။ ငါ ဒီနေ့ည ပြန်အိပ်ချင်မှ အိပ်မယ်။
ဦးအေးခက်က ဤစကားများကို ကားစက်နှိုးရင်းပြောလိုက်၍ မြမောင် ကောင်းကောင်းကြားဟန် မတူ။ သို့သော်သူ နားလည်ပါသည်။များမကြာမီပင် ဦးအေးခက်၏ကားကလေးသည် ပြည်လမ်းအတိုင်း ရန်ကုန်ဘက်သို့ ခေါင်းလှည့်ကာ အရှိန်ပြင်းစွာပြေးလျက်ရှိလေသည်။ အင်းလျားလမ်း, တက္ကသိုလ်ရိပ်သာလမ်း, ဝင်ဒါမီယာလမ်း။ ဘယ်ကွေ့ညာချိုး၊ နောက် ဘယ်ပြန်ချိုး။
#ထင်လင်း
Keep Reading