Milo
" တတိယမြောက်အစီအစဥ်အနေနဲ့ ဆက်လက် အမှာစကားပြောကြားပေးမဲ့သူကတော့ မိတ်ကပ်စင်ရော်ပဲ ဖြစ်ပါတယ်ရှင်။ ဒီပွဲလေးဖြစ်မြောက်ဖို့ ဦးဆောင်ပံ့ပိုးပေးတဲ့ သူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အားလုံးပဲ လက်ခုပ်တီးပြီး ကြိုဆိုလိုက်ရအောင်ရှင် "
အခမ်းအနားမှူး၏ ကြေညာသံအဆုံး စင်ရော် စင်ပေါ်ကိုတက်လိုက်သည်နှင့် လူအယောက်တစ်ထောင်ကျော်က လက်ခုပ်သံများဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြပြီး မီဒီယာသမားများ၏ ကင်မရာမှ အလင်းတန်းကလည်း သူ့ဆီ တစ်ဆက်တည်း ကျရောက်လာသည်။ LGBTQ တွေကို တန်ဖိုးထားလုပ်ပေးတဲ့ ဒီလိုပွဲလေးကို သူကိုယ်တိုင် ဦးဆောင်နိုင်ခဲ့ပြီ။ တက်ကြွစွာ ပါဝင်နိုင်ခဲ့ပြီ။
" အားလုံးပဲ မင်္ဂလာညနေခင်းပါ၊ ကျွန်မကတော့ မိတ်ကပ်ဆရာဇင်ရော်ပဲ ဖြစ်ပါတယ်၊ ဒီလိုအရေးပါတဲ့နေ့လေးမှာ အခုလိုအမှာစကားပြောကြားခွင့်ရလို့ ဂုဏ်ယူမိပါတယ်ရှင့် "
ဤသို့အစချီကာ စင်အောက်ရှိ ပရိတ်သတ်အခြေအနေကို သုံးသပ်ကြည့်တော့ ပြုံးပြီး ကြိုဆိုတဲ့သူရှိသလို စကားတိုးတီးပြောကာ လှောင်ချင်တဲ့သူတွေလည်း ပါ၏။ ဤလူထောင်ချီကြားတွင် Pride Day ဆိုတာဘာလဲဟူ၍ စူးစမ်းချင်သူလည်း ပါနိုင်သလို လူကို လူချင်း နားလည်ပေးချင်ယောင်ဆောင်ကာ ကဲ့ရဲ့ရှုတ်ချချင်သူတွေလည်း ပါနိုင်ပေသည်။ ဒါပေမဲ့ စင်ရော် ဒါတွေကို ဂရုမစိုက်နိုင်ပါ။
ကိုယ်လည်း မိန်းကလေးတစ်ယောက်လိုတော့ နုနုယွယွတော့ ပြောလိုက်တာပါပဲ။
ရှမ်းတစ်ယောက် မြန်မာစကားပြောရင် ရှမ်းသံဝဲသလို ဘင်္ဂလီတစ်ယောက် မြန်မာလိုပြောတော့လည်း ကုလားသံပျောက်မသွားဘူးမလား။ မြန်မာတစ်ယောက်ကရော အင်္ဂလိပ်စကားပြောရင် ငပိသံ မပေါက်ပေဘူးလား။ ဒီလိုပဲပေါ့... ယောကျ်ားတစ်ယောက်ဖြစ်တဲ့ စင်ရော် စကားပြောရင်ရော မိန်းကလေးသံလို ထွက်လာမယ် ထင်လို့လား။ ခပ်သြသြ ၊ ခပ်ရှရှ ၊ နွဲ့တဲ့တဲ့ အသံပဲပေါ့။ ဒီထက် မျှော်လင့်စရာရှိသေးလို့လား...
" အရင်ဦးဆုံး အခုလိုပွဲလေး ဖြစ်မြောက်လာအောင် အဖက်ဖက်မှ ပံ့ပိုးပေးတဲ့လူတွေကို ဦးစွာ ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ အချိန်ပေးပြီး တက်ရောက်ပေးကြတဲ့ ဒီက လူကြီးမင်းများကိုလည်း တစ်ဦးတစ်ယောက်စီကို ကျေးဇူးတင်ပါတယ်"
သက်တံရောင် အလံလေးများ ယမ်းကာဖြင့် နောက်ထပ် လက်ခုပ်သံတွေ ထွက်ပေါ်လာ၏။
" ကျွန်မက မိတ်ကပ်ဆရာဆိုတဲ့အတိုင်း မိတ်ကပ်ပဲ ပြင်တတ်တာပါရှင်။ အခုလို အမှာစကားတွေ ဘာတွေလည်း မပြောဖူးတော့ အမှားပါရင်တော့ နားလည်ပေးပါလို့ အရင်ဆုံး မေတ္တာရပ်ခံချင်ပါတယ်။ အဝေးကြီးတွေလည်း မပြောတတ်တော့ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းကိုပဲ အနည်းငယ် မျှဝေချင်ပါတယ်ရှင် "
တတိယအကြိမ် လက်ခုပ်သံတွေနဲ့အတူ ပရိတ်သတ်ဆီမှ ထောက်ခံသံလား မသဲကွဲသည့် အသံတို့လည်း ကြားလာရ၏ ။
>>>>>>> စင်ရော် <<<<<<<
" စင်ရော် မင်း ထွက်ခဲ့စမ်းကွာ "
ခြံတံခါးစဖွင့်သည်နှင့် ကျယ်လောင်သော အဖေ့ခေါ်သံက အရင်ဆုံးအိမ်ထဲဝင်လာသည်။ ဒီနေ့လည်း စင်ရော် အဆူခံရဦးမည်ဆိုတာကို ကြိုသဘောပေါက်မိပြီး အခန်းထဲက ထွက်လာခဲ့သည်။
" မင်း လမ်းထိပ်ကဆိုင် သွားပြန်ပြီမလား။ မင်းအမေ တစ်ခါတလေသွားတာတောင် ငါ မကြိုက်တာ သိရဲ့သားနဲ့။ မင်းက ယောကျ်ားကွ။ အလှပြင်ဆိုင်နဲ့ မင်းနဲ့ဆိုတာ လားလားမှ ဆိုင်တာ မဟုတ်ဘူး၊ မင်း...မင်းကွာ ဒီလောက် ပြောဆိုထားတာကို.."
မာထန်နေတဲ့ အဖေ့လေသံကြောင့် ဖြစ်မည်၊ အမေက ယောင်းမကြီးတစ်ချောင်းကိုင်လို့ မိီးဖိုခန်းထဲမှ သုတ်သုတ်ပြာပြာထွက်လာခဲ့၏။
" ရှင်ကလည်း ကလေးကို ပြောနေပြန်ပြီ။ အခုပဲ ရောက်တာကို။ လာ... ခဏနားလိုက်ဦး..ရေမိုးချိုးပြီး ထမင်းစားရအောင် ကျွန်မပြင်ထားပေးမယ် "
အမေက အဖေလွယ်ထားသည့် တူ ၊ လွှ အစုံပါတဲ့ လက်သမားအိတ်ကြီးကိုယူပြီး ဘေးက တိုင်တွင် တစ်ဝက် စိုက်ထားတဲ့သံချောင်း၌ ချိတ်ပေးလိုက်သည်။ ဝင်လာစထက် ဒေါသအနည်းငယ် ငြိမ်းသွားပုံပေါ်သော်လည်း မဲမှောင်နေသေးသည့် အဖေ့မျက်နှာက စိတ်ဆိုးနေသေးမှန်း သိသာနေသည်။
" မိန်းမ..မင်း အဲ့လို အလိုလိုက်လို့ မင်း သားက ဒီလိုဖြစ်နေတာကွ။ သူ့အစ်ကိုကို ကြည့်စမ်း၊ တက္ကသိုလ်ကိုတောင် သူ့စရိတ်နဲ့သူတက်ပြီး မိဘကို ပြန်လုပ်ကျွေးနေပြီ။ ဒီကောင်က ဆယ်တန်းကို မဖြစ်စလောက် အမှတ်နဲ့အောင်ပြီး ဟိုလမ်းထိပ်က အရှက်မရှိတဲ့ဟာတွေနဲ့ ပေါင်းမိတော့ မြှောက်ကြွမြှောက်ကြွ ဖြစ်နေတာ.."
" အဖေ ကျွန်တော့်ကို ပြောချင်ပြောပါ။ ဘာမှမဆိုင်တဲ့ သူတွေကိုတော့ ဆွဲမထည့်ပါနဲ့ "
ငြိမ်နေလျှင် ပြီးသွားမည့်ကိစ္စမှန်း ကိုယ်တိုင်သိသော်လည်း အဖေ့ပါးစပ်မှ အရှက်မရှိဆိုသည့် စကားထွက်လာသည်နှင့် သူ အငြိမ်မနေနိုင်၊ မိတ်ကပ်လိမ်းပြီး မိန်းကလေးလို လှချင်ပချင်တာက အရှက်မရှိတာ မဟုတ်ကြောင်း အဖေ့ကို ပြောပြချင်သည်။
" မိန်းမ၊ မင်း တွေ့လား။ ဒီကောင် အဲ့အဆင့်မရှိတဲ့ဟာတွေနဲ့ ပေါင်းပြီး ဖအေကိုတောင် ပြန်ပြောတတ်နေပြီ "
" မိတ်ကပ်လိမ်းတာ၊ အလှပြင်တာကို ဝါသနာပါတာနဲ့ ခြောက်သွားတာမှမဟုတ်တာ။ ထားပါတော့ ခြောက်တယ်ဆိုဦးတောင် ဘာအရေးပါလို့လဲဗျာ။ ဘယ်သူ့ဆီကမှလည်း ခိုးဝှက်စားသောက်နေတာမှ မဟုတ်တာ "
" တောက်! ....မင်း အဲ့လောက် အခြောက်ဖြစ်ရတာကိုများ မာန်တက်ပြချင်နေတယ်ပေါ့။ ဟိုဟာတွေက ဘယ်လောက်တောင်ပေးကြွေးပြီး ပိုးကူးအောင် လုပ်ထားလည်းမသိဘူး၊ မင်း လုပ်ကြည့်လိုက်စမ်း။ ဘယ်ထိလုပ်ပြနိုင်မလဲ ကြည့်ကြသေးတာပေါ့။ အေး ငါ့သားအဖြစ်နေချင်သေးတယ်ဆိုရင်တော့ မင်း ဒါတွေ ပြင်မှရမယ်။ ဒီအချိုးတွေ ဆက်ချိုးနေဦးမယ်ဆိုရင် ငါ့အိမ်ရိပ်ကို လာမနင်းနဲ့ "
" မပြင်ချင်တာမဟုတ်ဘူး မပြင်နိုင်တာပါအဖေရာ၊ သားမိတ်ကပ်လိမ်းရတာကြိုက်တယ်၊ ဝါသနာပါတယ်။ ဒါတွေဆက်လုပ်လို့ အဖေ အိမ်မှာ မထားချင်လည်း ကျွန်တော် ထွက်သွားမယ်ဗျာ "
" အေး..မင်းထွက်သွားချင်သပဆို သွားနိုင်တယ်။ သစ်ပင်တစ်ပင်ကို အမြတ်တနိုး စိုက်ထားတယ်ဆိုတာ ဖြစ်ထွန်းလာမဲ့ အသီးအပွင့်တွေကို မြင်ချင်လို့ကွ၊ ပေါင်းသင်ပေးမယ်၊ မြက်နှုတ်ပေးမယ်၊ ကိုင်းတွေ မခြောက်အောင် ရေလောင်းပေးမယ်၊ ရေလောင်းပေးနေတဲ့ကြားထဲကမှ ဆက်ခြောက်နေတဲ့ကိုင်းကိုတော့ တစ်ပင်လုံးမကူးအောင် ချိုးတန်ရင် ချိုးရမှာပဲကွ "
အဖေဖြစ်သူကလည်း တောသားပီပီ မကြိုက်တာကို မကြိုက်သလို ဗွင်းဗွင်းရှင်းရှင်းကြီးပဲ ပြောတတ်သည်။ လောကကြီးအကြောင်း ဘာမှနားမလည်သေးသည့် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးကလည်း အထုတ်ဆွဲကာ အိမ်ကထွက်ဖို့ပြင်၏။
" သားရယ် အဖေက ချစ်လို့၊ မြတ်နိုးလို့ပြောတာပါ။ သားကို လမ်းမှားမရောက်စေချင်လို့ပါ။ သားအဖေ စကားကြမ်းတာက အပြောမတတ်လို့ပါ။ သားလည်း စိတ်ဆိုးမနေပါနဲ့ "
" အမေ... ကျွန်တော့်ကို မတားပါနဲ့။ အဖေက အလုပ်ကြိုးစားတဲ့ အကိုနဲ့ စာတော်တဲ့ ညီမလေးပဲလိုတာ။ ပြီးတော့ သားလည်း ဝါသနာကိုမစွန့်လွှတ်နိုင်ဘူးအမေ "
" အဲ့လောက်သွားချင်နေတဲ့ကောင် လွှတ်ပေးလိုက်စမ်းပါ။ ဒီကောင် ဘယ်သွားနိုင်မှာလဲ။ ဟိုအခြောက်မတွေဆီလား...သွားပါစေ။ မနေနိုင်ရင် ပြန်လာလိမ့်မယ်၊ လွှတ်ထားလိုက် "
အဖေ့ရဲ့ ဒေါသနဲ့ နှင်သံတွေကြောင့် မသွားပါနဲ့လို့ မြည်ဟီးကာတားနေတဲ့ အဖေ့ရဲ့ ကရုဏာမျက်လုံးတွေကို မမြင်နိုင်ခဲ့တာ ဖြစ်လောက်သည်။ မိန်းမသားဖြစ်တဲ့အမေက ချက်ချင်းပင် မျက်ရည်များရွှဲလာပြီး စင်ရော်၏ လက်နှစ်ဖက်ကို ပွတ်သပ်ကာ မသွားဖို့တားလေသည်။ အတောင်စုံကာစ ငှက်ငယ်ကတော့ သူ့ကိုယ်သူ ဟုတ်လှပြီအထင်နဲ့ ထွက်ဖို့ချည်း စိတ်သန်နေခဲ့၏။
'အဖေ လည်း ကျန်းမာရေး ဂရုစိုက်ပါ၊ ကျွန်တော် အောင်မြင်တဲ့တစ်နေ့ ပြန်လာပြီး နားလည်ခွင့်လွှတ်ဖို့ တောင်းပန်မှာပါ ' စိတ်ထဲမှ ဘယ်သူမှ မကြားနိုင်မဲ့ ကြုံးဝါးသံနဲ့အတူ နေအိမ်ကို ကျောခိုင်းခဲ့တဲ့ ငှက်ငယ်တစ်ကောင်ဖြစ်ခဲ့သည်။
>>>>>>> စင်ရော် <<<<<<<
" စင်ရော်ရယ်... နင် အိမ်ပြန်ပါတော့။ နင့်အမေ စိတ်ပူနေမယ်နော် "
" လေးရက်လောက် ထမင်းကျွေးထားရတော့ မာမီငြိမ်းက ငြိုငြင်ပြီလား။ မထားချင်တော့လည်း တည့်သာ ပြောပါ "
အိမ်က ထွက်လာသည့် ဒီလေးငါးရက်မှာ ရပ်ကွက်ထဲက မာမီငြိမ်းလို့ အများခေါ်ကြတဲ့ ကိုငြိမ်းသော်ဆီမှာ သောင်တင်နေသည်။ မာမီငြိမ်းက တခြားသူမဟုတ်၊ အဖေပြောတဲ့ အဆင့်မရှိတဲ့၊ အရှက်မရှိတဲ့သူကြီးဖြစ်သည်။
" နင်က အခုမှ နို့နံ့စင်ကာစအရွယ်ဟဲ့... နင်သာ နေချင်သပဆို ငါက ခေါ်ထားတယ်။ အခုက နင်ကစိတ်ဆိုးတုန်းခဏထွက်လာတာကို၊ မိဘတွေလည်း စိတ်ပူနေမယ်လေဟယ်။ နင်ဘာလုပ်တယ်၊ ဘယ်မှာရှိတယ်လောက်တော့ အကြောင်းကြားမှပေါ့.."
" မာမီငြိမ်းရာ နှင်ထုတ်လိုက်တာလို့ ပြောနေတာကို "
" အေး..နင် အိမ်မပြန်ချင်တာ သေချာပြီဆိုလည်းပြီးတာပဲ၊ နောက်မှ ဇယားမရှုပ်နဲ့ "
လူငယ်သဘာဝအတိုင်း ဆူအောင့်အောင့်ပြောတာကို မာမီငြိမ်းကတော့ ဘယ်တော့မှ စိတ်မဆိုးပေ။ အကုန်လုံး နားလည်ပေး၊ သည်းခံပေး၏။ သူငယ်စဥ်တုန်းကလည်း ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာကြောင့် ဘဝတူချင်း စာနာပုံရသည်။ ဒါကြောင့် မာမီငြိမ်းလို နားလည်ပေးနိုင်သည့်လူနှင့် အတူနေတာ ပိုကောင်းသည်ဟု စင်ရော်ထင်သည်။ မိတ်ကပ်ပြင်နည်းသာမက ဆံပင်ပြင်တာ၊ အလှဆင်တာတွေထိ မာမီငြိမ်းက သူတတ်သလောက်သင်ပေးခဲ့သည်။ စိတ်ဝင်စားသည့်ဝါသနာနှင့် ကြိုးစားမှုအရင်းခံကြောင့် တတ်မြောက်လွယ်သည့် စင်ရော်ကို မာမီငြိမ်းက ဤသို့မြို့ငယ်လေး၌ အချိန်မကုန်စေချင်ခဲ့ပေ။ ဒါကြောင့် မြို့ကြီးရှိဆိုင်တွေမှာ ဆက်လက်သင်ဖို့ စင်ရော်အား အကြံပေးလာသည်။
ထိုအချိန်ကတော့ စင်ရော်သည် အောင်မြင်မှုတွေနဲ့အတူ အဖေဆီမှာ နားလည်မှုနှင့် ခွင့်လွှတ်မှုတောင်းခံနိုင်ဖို့ မျှော်လင့်ထားခဲ့သည်။
မာမီငြိမ်းရဲ့ ဆက်သွယ်ပေးမှုနဲ့အတူ ရန်ကုန်မြို့ကြီးကို တစ်ကိုယ်တည်း ရောက်လာခဲ့ပြီး တိုးတက်ပြောင်းလဲလျက်ရှိသည့် မြို့ပြကြီးနည်းတူ မာမီငြိမ်းရဲ့ မိတ်ဆွေတွေကလည်း နယ်နယ်ရရတော့မဟုတ်ချေ။ ရိုင်းရိုင်းပြောရရင် သူတို့ဆီကလို တောခြောက်တောင်ခြောက်မဟုတ်.. အဆင့်မြင့် မြို့ခြောက်တွေဖြစ်သည်။ အကုန်လုံးက ပြင်တတ်၊ ဆင်တတ်ကြပြီး မိန်းကလေးတစ်ယောက်လိုပင် တူလွန်းလှပြီး လွတ်လပ်စွာ ဝတ်စားကြသည်။
အလွယ်လေး လုပ်နိုင်မည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းကြုံရသောအခါမှ မလွယ်မှန်းနားလည်ကြသည်။ စင်ရော်သည်လည်း စိတ်ဝင်စားသည့်အရာကို သင်ယူရမှာ ဖြစ်လို့ လွယ်ကူမည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် မြို့ပြက နယ်မြို့နှင့်မတူပေ။ ရက်ကွက်ထဲရှိ ကလေးခွေးမကျန် မှတ်မိနိုင်သည့် နယ်မြို့လေးလိုမဟုတ်ဘဲ မတူညီတဲ့စရိုက်အမျိုးမျိုးဖြင့် လူများကို လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံနေထိုင်ရသည်။ အပြိုင်အဆိုင်တွေကြားမှာ လဲမကျအောင် နေထိုင်ရသည်။
အစတွေဟာ ခက်ခဲသော်လည်း လက်မလျော့ခဲ့သည့် ဇွဲနှင့် ကြိုးစားမှုက နောက်ပိုင်းမှာ အရာထင်လာသည်။ ကြာလာသည်နှင့်အမျှ သူလည်း ပိုပြီးပွင့်လင်းလာခဲ့သည်။ လှောင်ချိုင့်ထဲမှ ငှက်ငယ်က အခုမှ လွတ်လပ်သွားသလို.. မိန်းမလိုဝတ်သည်။ မိန်းမလို ပြောသည်။ မိန်းမထက်တောင်နွဲ့ချင်နွဲ့နိုင်သည်။ ဒီလိုနေရတာကို စင်ရော်ပျော်သည်။
>>>>>>> စင်ရော် <<<<<<<
" မာမီရေ...ဆံပင်ကိုလေ ပွဲတက်ဆိုတော့ ဆံထုံးလေးနဲ့ လုပ်ပေးနော်။ ပြီးတော့ ဟိုသစ်ခွလေးလည်း ပန်ချင်သေးတယ် "
နောက်ဆုံးတော့ သူလည်း မာမီ ဘွဲ့ရခဲ့ပြီဖြစ်သည်။ ကိုယ်ပိုင်ဆိုင် မဖွင့်နိုင်သေးသော်လည်း ကိုယ်ပိုင်ဝင်ငွေနှင့်အတူ ကိုယ်ပိုင်ဘဝကို လွတ်လပ်စွာ စီမံခွင့်ရှိသည်။ ထို့အပြင် ဝါသနာအတိုင်း လုပ်ခွင့်ရသော်လည်း အလုပ်ဟူသမျှ ပင်ပန်းမှုရှိတာကို နားလည်လာခဲ့သည်။ ငယ်မသွားသည့် အသက်နှင့်အတူ စိတ်ပါ ရင့်ကျက်လာခဲ့ဟန်တူသည်။
အခုဆိုလည်း သူ့ဆီကိုမှ အမြဲတမ်းလာနေကျ ဖောက်သည်ကို နာမည်ကြီးပွဲတစ်ခုအတွက် ပြင်ဆင်ပေးနေတာဖြစ်သည်။ 'စင်ရော်နဲ့မှ ပြင်ချင်တာ' လို့ကြားလိုက်ရတိုင်း သူ့မှာ အကြောင်းအရင်း ရေရေရာရာ မရှိဘဲ ပျော်ရွှင်လာမိသည်။
" စင်ရေ… နင့်အိမ်က ဖုန်းလာတယ်"
လုပ်ဖော်ကိုင်ဖက်၏ အသံကိုကြားလိုက်ရချင်း လှုပ်ရှားနေသည့်လက်က တုန့်ခနဲရပ်သွားသည်။ အိမ် ဆိုသည့် စကားလုံးအား ကြားခဲ့သည်မှာ ဘယ်အချိန်ကလဲ သေချာမသိတော့ပေ။ တစ်အိမ်လုံးကို အဆက်အသွယ်ဖြတ်ပြီး ပစ်ထားရာမှ အငယ်မလေးနဲ့ အဆက်အသွယ်ပြန်ရခဲ့တာလည်း သိပ်မကြာခဲ့ပေ။ အဝေးကနေ အဖေ အမေမသိအောင် လှမ်းထောက်ပံ့နေခဲ့ပြီး ဖုန်းလည်း မဆက်ဖြစ်ပေ။ ဖုန်းနံပါတ်ပေးထားသော်လည်း အရေးမကြီးရင် မဆက်နဲ့လို့ မှာထားတာကြောင့် ညီမလေးသည်လည်း အရေးမကြီးပါက ဆက်မည်မထင်ပေ။
" ကိုငယ်.."
ငိုသံစွက်သည့် အသံတိုးတိုးက ဦးစွာ နားစည်ကို ထိခတ်သည်။
" အိမ်မှာ ဘာကိစ္စရှိလို့လဲညီမလေး၊ အဖေနဲ့အမေတို့ နေမကောင်းလို့လား "
ငိုသံထွက်မလာသော်လည်း ညီမလေးက ငြိမ်နေခဲ့သည်။ အတန်ကြာတိတ်ဆိတ်နေပြီးမှ ညီမလေးက သူ့ကို အိမ်ပြန်လာဖို့ပြောသည်။ စင်ရော် အိမ်ကိုတော့ မပြန်ချင်သေးပေ။ သူ ကြွေးကြော်ခဲ့တဲ့ နေရာကို မရောက်သေးသရွေ့ အိမ်ပြန်လို့ မဖြစ်ဘူးဆိုတဲ့ သံဓိဌာန်ချထား၏။ ထိုသံဓိဌာန်ကို ဆင်ခြေလုပ်ကာ သူ့ရဲ့မိဘများအပေါ် မလေးမစားနဲ့လုပ်ခဲ့တဲ့ လုပ်ရက်ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းလည်း ဖြစ်နိုင်ပါသည်။
" မပြန်လာချင်သေးပါဘူးဟာ.. ညီမလေးတို့ အဆင်ပြေတယ်မလား.. အဖေတို့ အမေတို့ရော နေကောင်းကြတယ်မလား "
" နေကောင်းပေမဲ့ စိတ်မကောင်းကြဘူးအကို၊အမြဲတမ်း တမှိုင်မှိုင် တထွေထွေနဲ့။ ကိုငယ်ကို အကုန်လုံးသတိရနေကြတာ။ ပြီးတော့ ကိုကြီးလည်း အိမ်ပြန်မလာတာ တစ်ပတ်လောက်ရှိနေပြီ.. "
" ကိုကြီးက အိမ်ပြန်မလာဘူးလား။ သူ အလုပ်တစ်ခုခုရှိလို့နေမှာပါဟာ၊ စိတ်ပူမနေပါနဲ့၊ အေးပါ တစ်ခုခုထူးရင်သာ ငါ့ကိုဖုန်းဆက်နော် ကြားလား.. အမေတို့ကိုလည်း ငါ့အကြောင်း မပြောမိစေနဲ့ဦး။ လကုန်ရင် ငွေလွှဲပေးလိုက်မယ်နော်၊ အခုတော့ အလုပ်လေး လက်စသတ်ရဦးမှာမလို့ ချလိုက်ပြီနော် "
ဟုတ်ကဲ့..ဟူသော ပြန်ဖြေသံလေးအဆုံးတွင် ကျဆင်းလာသော မျက်လုံးအိမ်မှ ကျချင်နေသည့် မျက်ရည်စများကို မကျအောင် မျက်တောင် မြန်မြန်ခတ်လိုက်သည်။ ‘အိမ်’ ကို သူလည်း လွမ်းပါသည်။ အစပျိုးလိုက်ပါက မရပ်တန့်နိုင်သည့် အတွေးတွေကို မကျယ်ပြန့်အောင် ဖြတ်ပစ်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
" ငါလည်း လာချင်လို့လာတာ မဟုတ်ပါဘူးဟယ်.. အခြောက်မ ပြင်တာဟဲ့၊ အခြောက်ဆိုတာ ကောင်းတာ ဘာရှိတာမှတ်လို့။ ပြင်တာလေး မဆိုးလို့သာရယ် "
" ကျွန်မလည်း လာသာ လာတာပါ၊ စိတ်က မသန့်ဘူး။ ကျွန်မ သားတွေဆို ဒီလိုနေရာကို ရှေ့ကနေတောင် ဖြတ်မသွားဖို့ ဆုံးမထားရတယ်။ အခြောက်တွေက ရောဂါလိုပဲ၊ ပိုးကူးတတ်တယ်၊ ပြောရတာကို သန ပါတယ် "
လိုက်ကာစလေးကို ဖွင့်မည်အပြု အခန်းတွင်းမှ စကားသံတွေက ရင်ဘက်ထဲကို ဓားအစင်းစင်းဖြင့် မွှန်းသလို ခံရသိပ်ခက်သည်။ ဟက်.. ရယ်စရာတော့ကောင်းနေပါပြီ။
ကိုယ့်ဆိုင်ထဲမှာ ကိုယ့်အတင်းပြောခံသည်။
သို့သော်... ကျင့်သားရလာပါပြီ။ နာကျင်သော်လည်း မခံစားရတာ မဟုတ်သော်လည်း ခံနိုင်ရည်တော့ ရှိနေပြီဖြစ်သည်။ အပျံသင်စ ငှက်ငယ်တစ်ကောင်က အခုဆို အတောင်ဖြန့်ကာ ခပ်နိမ့်နိမ့်ပျံသန်းနေတဲ့ ပင်လယ်စင်ရော်တစ်ကောင်ဖြစ်နေပြီ။ ပင်လယ်မှာနေတဲ့ငှက်ပဲ.. လေဒဏ်က ပိုပြင်းမှာပေါ့.. ဒီလိုပဲ လောကဓံခံနေရတဲ့ လူသားချင်းအတူတူကို ဒီလို ဘဝမျိုးရောက်နေတဲ့ သူက ပိုဒဏ်ခံရသည်။
သူလည်း ဖြစ်ပါစေတော့ဆိုပြီး ဖြစ်လာတာမဟုတ်၊ ဖြစ်ချင်လိုက်တာဆိုပြီးလည်း ဖြစ်လာတာမဟုတ်။ သူ့ဗီဇ ၊ သူ့ဝါသနာ ၊ သူ့အထုံက မွေးကတည်းက ပါလာပြီးသား....
" စောင့်ရတာ ကြာသွားပြီထင်တယ်... အိမ်က ညီမလေ အလကားဂျီတိုက်နေလို့။ အလှဆုံးပြင်ပေးမယ်နော်"
ရင်ထဲ၌ တိတ်တဆိတ်ကျနေသည့် မျက်ရည်တွေကို ဟန်ဆောင်အပြုံးနဲ့ သိုဝှက်ရင်း မူမပျက်အောင် ဆက်ဆံလိုက်သည်။ ဒါကိုလည်း စင်ရော် ကျင့်သားရနေပြီ ။
>>>>>>> စင်ရော် <<<<<<<
" ကိုငယ်... အိမ်ပြန်လာပါတော့။ ကိုကြီးကလေ ကိုကြီးက ဆေးစွဲလို့တဲ့ "
ဘာ... ဟူသော အာမေဋိတ်သံအဆုံးတွင် သူ အိမ်ပြန်ဖို့ ခြေလှမ်းပြင်နေပြီဖြစ်သည်။ အဖေက နာမကျန်းကြောင်းကိုလည်း သူ ကြားသည်။ အသက်ကြီးလာတော့ အလုပ်ကြမ်းတွေကိုလည်း လုပ်နိုင်တော့မည်မဟုတ်သလို အကိုကြီးကလည်း ဆေးဖြတ်ရသည့် အခြေအနေရောက်နေတာကြောင့် အမေနဲ့ ညီမလေး နှစ်ယောက်မှာ အားကိုးစရာရှိမည်မဟုတ်ပေ။ တကယ်ဆိုရင်လည်း စင်ရော်ကိုယ်တိုင် မပြန်ချင်ခဲ့တာမှ မဟုတ်ဘဲ။ မပြန်ရဲတာ၊ မပြန်ဝံ့တာ၊ သတ္တိမရှိတာဖြစ်သည်။ အခုချိန်တော့ အိမ်ပြန်ဖို့ ဆင်ခြေကောင်းကောင်းရှိသည်။
တငြိမ့်ငြိမ့်သွားနေတဲ့ ညကားကြီးပေါ်မှာ မျက်လုံးလေးအနားပေးရင်း အေးအေးဆေးဆေး လိုက်ပါလာခဲ့သည် ။ အဝေးပြေး Express ကားက ခရီးသွားရာသီမလို့လားမသိ ကားထဲတော့ လူအပြည့်ပါလာသည်။ အလည်လာသူတွေ၊ အလုပ်လုပ်ပြီး ပြန်လာသူတွေ၊ ကျောက်ထွက်သည့် သူ၏မွေးရပ်မြေသို့ တွင်းဆင်းဖို့ လာတဲ့သူတွေ စသဖြင့် လူတန်းစား အမျိုးမျိုးပါသည်။ အတွေးအစီအရီဖြင့် လွင့်မြောနေစဥ် ဘေးကလူများ၏ ရယ်သံကြောင့် မှေးနေသော မျက်လုံးကို အသာဖွင့်ကြည့်မိသည်။
"ဟိုမှာ အဆင်လေးဟဲ့၊ ကောင်မ ကြည့်စမ်း”
“သူလေးသာ ငါ့ဆီလာကပ်ကြည့်ပါလား။ မိဇာတို့က အမ်းပြီးသားပဲ"
"ငါကတော့ ဘာလာလာဒေါင်းတယ်အေ၊ အဆင် မကလို့ အဆင်အဖေပဲ လာဝိုက်ဝိုက်။ အကုန်ဆွဲစိလိုက်မှာ"
“ဟဲ့...ဟိုမှာ ကောင်မတစ်ယောက်လည်း ပါတယ်တော့၊ ငံပြာရည်စော်နံတဲ့အေ"
မြန်မာကား...မြန်မာပေါကားဆို ပိုမှန်လိမ့်မည်။ တစ်ယောက်က ဆလင်းဘက်အိတ်ကြီးလွယ်ပြီး စကတ်တိုတိုကို မဆန့်မပြဲ ထိုးဝတ်ထားကာ နောက်တစ်ယောက်ကလည်း အသားအရည်နဲ့ မလိုက်အောင် ပန်းဆီရောင်ဂါဝန်ကြီးဝတ်ပြီး နှုတ်ခမ်းနီ အပြာရင့်ရင့် ဆိုးထားသေးသည်၊ မိန်းမလျာအသွင် ဇာတ်ရံနှစ်ယောက်။ ဂါဝန်ဝတ်ထားတဲ့ တစ်ယောက် စကားပြောတာများ ဂါဝန်ကြီးပင့်ကာနှင့် အရှက်တောင် ဘောင်းဘီဖုံးပေလို့ တော်ကာကျသည်။ လျှပ်ပေါ်လော်လီစွာနဲ့ မြင်သမျှယောကျ်ားတိုင်း ငမ်းငမ်းတက် သရေကျသည့်ပုံစံမျိုး။ တကယ်ဆို သူတို့က ဒီလိုမှ မဟုတ်တာ။ ဒါကို လူတွေ ဝါးလုံးကွဲအောင် ရယ်နေကြတာကိုး... ဟက် သူလည်း ရယ်မိ၏။ ရယ်တာထက်ပိုစွာ မချိပြုံး ပြုံးမိတာဖြစ်ပါလိမ့်မည်။ ဘယ်ဘက်ပါးပေါ်သို့ နှုတ်ခမ်းက တွန့်ချိုးကာ တက်သွားသည်။
သူ့ဘေးမှာထိုင်တဲ့သူလည်း ရယ်နေရာမှ သူ့ကို တစ်ချက်စောင်းငဲ့ကြည့်ကာ ပါးစပ်ကို လက်နဲ့အုပ်ပြီး အသံတိတ်သွားသည်။ မျက်နှာကြည့်ပြီး မရယ်တာပဲ ကျေးဇူးတင်ရမလို… အရယ်ခံရလည်း ဘာဆန်းလဲ။ စင်ရော်တို့က ဒီလောက်တော့ မဖြုံတော့ဘူးပေါ့။ ဒီလို ဖော်ပြမှုတွေရှိနေလို့လည်း မြန်မာပြည်ကြီးမှာ အခြောက်တွေ လူရွံကြတာမဆန်း၊ လူရာမဝင်တာမဆန်းပေ… ဖော်ပြတာတွေက မှားနေကြတာကိုး...။
သူ တစ်ရက်တော့ ပြင်နိုင်ကောင်းပါရဲ့။
ရပ်နားစခန်းမှာ ထမင်းစားနားတော့ သူလည်း အနီးရှိ ထမင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ ဆိုင်ထဲမှာတော့ အဖွဲ့လိုက်ထိုင်နေတဲ့ သူတွေရှိသလို စင်ရော်လို တစ်ကိုယ်တည်း သမားတွေလည်း ရှိသည်။
" ဟဲ့...ဟိုဝိုင်းမှာ ထိုင်နေတဲ့ကောင်လေးက ချောလိုက်တာနော် "
" အေး..ဟယ် uke typeလေး "
"နင်တော့လေ ကောင်လေးမမြင်လိုက်နဲ့၊ မြင်လိုက်ရင် ဂေးဇာတ်သွင်းမယ်ဆိုတာကြီးပဲ"
"အဆင်ငမ်းရင် ရှတယ်ဟဲ့၊ ဟော ပြောရင်းဆိုရင်းနဲ့ သူ့ဘေးမှာဝင်ထိုင်လိုက်တာ seme type ဟဲ့။ နင်တော့ရှပြီပဲ။ တကယ် sugar daddy ပုံ ကြီးဟာ..အား...ငါ သေပါပြီ"
သူ့ မျက်စောင်းထိုးဝိုင်းက ကောင်မလေးတွေဆီရဲ့ တိုးတီးအသံကြောင့် သူလည်း ဘာရယ်မဟုတ် ထိုကောင်မလေးတွေ ကြည့်နေသည့်နေရာကို လိုက်ကြည့်မိသည်။ အသားဖြူဖြူ ကောင်လေးတစ်ယောက်က မုန့်ဟင်းခါးစားနေရင်း သူ့ဘေးမှာ ဝင်ထိုင်လိုက်သည့် အရပ်ရှည်ရှည်၊ ခပ်ဖြောင့်ဖြောင့် ကောင်လေးကို ရယ်ပြနေသည်။ ထိုကောင်လေးကို ကြည့်မိတော့ မဆီမဆိုင် သူ့ငယ်ဘဝကိုပင် သတိရမိသေးသည်။ ငယ်ငယ်က သူလည်း ဖြူဖြူသေးသေးလေး။
" မရှပါဘူးဟယ်။ နင် သင်လို့ ငါလည်းတတ်နေပါပြီ။ သူတို့သာ တကယ်ကြိုက်ကြည့်ပါလား။ ငါအစွမ်းကုန် support လုပ်ပေးလိုက်မှာ "
ကလေးမလေးတွေစကားကြောင့် သူ့ရင်ထဲမှာ အမည်မသိတဲ့ခံစားချက်ကြီး ကြီးစိုးလာသည်။ နွေးထွေးသွားသလို... လက်ခံပေးတဲ့သူရှိ၍ အားတက်မိသလား မပြောတတ်။ စားသောက်ပြီး ကားထဲပြန်မထွက်ခင် အနားက ဆိုင်လေးတွေမှာ လက်ဆောင်ဝယ်စရာလေးတွေ လိုက်ကြည့်မိသည်။
" အမလေး အခြောက်ကြီးဟဲ့၊ ငါဖြင့် မိန်းကလေးထင်နေတာ "
အသံကြောင့် မသိမသာကြည့်မိတော့ သူ့ကိုမှသူ့ကို ပြောင်ပြောင်တင်းတင်း ကြည့်ကာ ပြောနေတာဖြစ်သည်။ အခြားမဟုတ် ခုနက စားသောက်ဆိုင်မှ supporting အပြည့်ပေးမည်ဟု အတိုင်အဖောက် ညီနေကြသည့် ကောင်မလေး နှစ်ယောက်ဖြစ်သည်။
"သူမို့လို့ ယောကျ်ားကြီးဖြစ်ပြီး ဒီလိုတွေ ဝတ်ရတာမရှက်တယ်၊ ခြောက်တာများ လူသိခံချင်သေးတယ်"
"ဟဲ့ နင်ပဲ လိင်တူတွေလက်ခံတယ်ဆို "
"ငါက ခပ်ချောချော ကောင်လေးနှစ်ယောက် ကြိုက်တာလောက်ပဲ သဘောကျတာပါ။ ဒါကြီးကကျဟယ်..."
သိသိသာသာရော..မသိမသာပါ ကြားအောင်ပြောနေသည့် အနှိီကလေးမကိုတော့ စင်ရော်တစ်ယောက် သိပ်ကြောက်သွားမိသည်။ မကြာသေးမီကပင် ဖြစ်ခဲ့ရသည့် သူ့မျှော်လင့်ချက် ခပ်နဲ့နဲ့ကို အဆုံးထိ ရိုက်ချိုးပစ်လိုက်တာဖြစ်သည်။ လက်မခံ၊ ရှုတ်ချတဲ့သူတွေထက် အချင်းချင်းကိုပင် ရုပ်ရည်အဆင့်အတန်း ခွဲခြားတတ်တဲ့ လူတွေကိုတော့ သိပ်လန့်သွားပါပြီ။
>>>>>>> စင်ရော် <<<<<<<
ရှစ်နှစ်နီပါး ခွဲခွာခဲ့တဲ့ အိမ်ရှေ့ကို သူ ပြန်ရောက်ခဲ့လေပြီ။ အရင်လို အဖေစိုက်တတ်တဲ့ ပန်းလှလှလေးတွေ အိမ်ရှေ့မှာ မရှိတော့သည်က လွဲလို့ အရင်လို မပြောင်းလဲပေမဲ့ သွပ်မိုးအိမ်က အတော်ကို ဆွေးနေသည်၊ အရောင်တွေတောင် လွင့်လို့၊ သံချေးကိုက်နေလေသည်။
" အမေ.... "
ခြံထဲမှ ကုန်းကုန်း ကုန်းကုန်းနဲ့ တံမြက်စည်းလှည်းနေတဲ့ အဖွားအိုကို လှမ်းခေါ်လိုက်သည်။ အရေးအကြောင်းများဖုံးအုပ်နေသည့် မျက်နှာက ကုန်ဆုံးခဲ့ပြီးသော အချိန်ကို သတိရစေသည်။ ကျောလယ်ထိရှည်နေသည့် သူ့ဆံပင်တွေကြောင့်လား၊ အမြင်ဝေဝါးနေပုံရသည့် အမေ့မျက်လုံးတွေကြောင့်လားတော့ မသိပေမဲ့ ခြံဝန်းတံခါးနားက အော်သည့် သူ့ကို အမေ့က သေချာအာရုံစိုက်ပြီး ကြည့်နေရသည်။ စက္ကန့်အတော်ကြာမှ တစ်စုံတစ်ရာအား ဖမ်းမိသွားပေါ်ရသည့် အမေက ‘စင်ရော်လား’ ဟု တိုးညှင်းစွာရေရွတ်ရင်း ကိုင်ထားသည့် တံမြက်စည်းကို လွှတ်ချမိသွားသည်။
" စင်ရော်လေး.. အမေ့သား၊ အမေ့သားလေး ပြန်လာပြီ" ဆိုသည့် မေတ္တာစွက်တဲ့ အသံနဲ့အတူ အမေက အပြေးလေး လာဖက်တော့ အိမ်ထဲက အဖေက ပြတင်းပေါက်မှ ခေါင်းပြူကြည့်၏။
စိတ်ဆိုးကာ နှင်လောက်မည်ဟု တွေးခဲ့မိသော်လည်း "အဖေ့သားပြန်လာပြီကွ" ဟုဆိုကာ အိမ်ထဲမှ ခပ်လောလောထွက်လာပြီး အမေ့အလားတူ နွေးထွေးစွာဖြင့် ဆီးကြိုပြန်၏ ။
စင်ရော် မျှော်လင့်မထားခဲ့ပေ။
"ဘာလာလုပ်တာလဲ ဟေ့ကောင်။ စားစရာမရှိလို့ ဖအေ့အိမ် ပြန်လာတာလားကွ" လို့ပဲ အဖေ ပြောလိမ့်မည်ဟု တွက်ခဲ့သည်။
သူ မှားသွားပြီ... သူအကြီးကြီး မှားခဲ့ပြီ။
" သား ဒီအတောအတွင်း အဆင်ပြေရဲ့လားဟင် "
ငိုသံစွက်ကာပြောနေရရှာတဲ့ အမေ့မျက်လုံးတွေကို ကြည့်လိုက်တော့ အရင်ကလို တောက်ပမနေတော့ပေ။ ပါးရေများလည်း တွန့်ကာ မျက်တွင်းတွေလည်း ချိုင့်ကုန်ပြီ။ အဖေကတော့ သူ့ကျောကို ပုတ်ကာ ပြုံးပြီးကြည့်နေလေ၏။ ပါးစပ်ကလည်း အရွတ်မပျက်... ဖေ့သားတောင် ဒီအရွယ်ရောက်လာပြီတဲ့။
ဒီအတောအတွင်း သားအဆင်မှပြေရဲ့လား ဆိုသည်ကလွဲ၍ အခြားစကားဆိုမလာဘဲ ပြောချင်တဲ့စကားတွေ များလွန်းလို့ ရင်ထဲမှ ထုတ်မရအောင် ပြည့်ကျပ်နေပုံရသည့် အဖေနဲ့ အမေ အစား သူကပဲ လာရင်းအကြောင်းဖြစ်သည့် အကိုကြီးဖြစ်သူအကြောင်း စကားစဆိုလိုက်သည်။ သူ့ကျောပြင်အား ခပ်ဖွဖွ ပုတ်နေခဲ့သည့် အဖေ့လက်များ ငြိမ်ကျသွားသည်။ ငယ်ငယ်က ဂုဏ်ယူခဲ့ရတဲ့ သားကြီး၏ သိက္ခာမရှိ၊ အရှက်မဲ့တဲ့ လုပ်ရပ်ကို အရှက်မရှိဟူ၍ သူ အမြဲဆူပူခဲ့ရတဲ့ သားဖြစ်သူထံမှာ ဝန်ခံရတော့မည်။
"သားကိုကြီးအကြောင်းတော့ မပြောချင်ပါဘူး သားရယ်။ ဟိုတစ်နေ့ကမှ ရဲစခန်းက အကြောင်းကြားလို့သိရတာ။ အခုတော့ ဆေးဖြတ်တဲ့ဆီ ပို့ထားရတယ်"
အဖေက သက်ပြင်းရှည်ရှည်ချရင်း ပြောသည်။ အခုလေသံအေးအေးက သူ့ကို တစ်ချိန်ကပြောခဲ့တဲ့ အသံနှင့် ကွာခြားလွန်းလှ၏။ ပြောဖို့ ခွန်အားတွေ အဖေ့ဆီမှာ မဲ့နေလေပြီ။
" သား တောင်းပန်ပါတယ် "
" အဖေတို့ ခွင့်လွှတ်ပြီးသားပါ။ သား ပြန်လာတာပဲ ဝမ်းသာလှပြီ။ အဖေတို့ကိုလည်းခွင့်လွှတ်ပါကွာ၊ သားကိုတွေ့အောင်မရှာနိုင်ခဲ့ဘူး။ ဟော.. ငါ့နှယ် သား၊ သားနဲ့ သမီးလို့ ပြောင်းခေါ်ရတော့မယ်ကိုး မိန်းမရဲ့။ ကြည့်စမ်း ငါတို့သမီးလေးတောင် ဒီအရွယ်ရောက်ပြီ "
အဖေက ရယ်မောကာ ပေါ့ပေါ့ပါးပါးပြောပေမဲ့ သူ့ရင်ထဲ၌ နောင်တတရားက ခဲဆွဲထားသလို လေးလံနေဆဲဖြစ်သည်။ အဖေနဲ့ အမေရှေ့မှာ လက်အုပ်ချီပြီးကန်တော့ကာ ဝန်ချတောင်းပန်သည်။ လက်ဆောင်တွေနှင့်အတူ ရောထည့်လာမိသည့် သူ့အဝတ်အိတ်ထဲမှာ အမျိုးသမီးအဝတ်အစားမျိုးစုံကို မြင်သွားတော့လည်း မိဘနှစ်ပါးလုံး အရင်လို အပြစ်မဆိုတော့။ အချိန်က တကယ်ကို ကုစားပေးနိုင်ပါသည်။ သူတို့ နားလည်ပေးလိုက်ကြပြီ။ လက်ခံပေးလိုက်ကြပြီဖြစ်သည်။
" ဇာအင်္ကျီတွေက ဒီမှာဆိုအေးမှာပေါ့၊ အနွေးထည်မပါရင် ဗီရိုထဲမှာ အမေနဲ့ ကြီးတဲ့ အင်္ကျီတွေရှိတယ်၊ ယူဝတ်နော် "
အမေက အပြုံးချိုချိုနဲ့ ပြောတော့ တစ်ချိန်က လျစ်လျူရှုခဲ့သည့် မျက်ဝန်းတွေကို သူ ဖတ်ကြည့်မိသည်။ ရွံရှာခြင်း အလျဥ်းမရှိ... မြတ်နိုးခြင်း ၊ တွယ်တာခြင်းတွေသာ တွေ့ရသည်။
" ရန်ကုန်ကို လိုက်ခဲ့စေချင်တယ် အဖေ။ ဒီမှာက အဖေတို့ကို စောင့်ရှောက်ပေးမဲ့သူတွေ မရှိဘူးလေ။ ညီမလေးကလည်း ကျောင်းတစ်ဖက်နဲ့ဆိုတဲ့ ရန်ကုန်က ပိုအဆင်ပြေပါတယ်။ ကိုကြီး နေပြန်ကောင်းလာရင် လိုက်ခဲ့ပါတော့နော်"
အဖေက တစ်ခွန်းမှမဆိုပေမဲ့ အမေက ခေါင်းခါသည်။ မွေးရပ်မြေတွင်ပဲ ခေါင်းချချင်သည်ဟုဆိုသည်။ သူကလည်း ရန်ကုန်မှာ အခြေချနေသည့် အလုပ်ကို ပစ်ဖို့မဖြစ်နိုင်တော့ ပြန်မှရမည်။ ဒီတစ်ခါလည်း ခွဲရပါဦးမည်။ သို့သော် ငယ်စဉ်ဘဝတုန်းကကဲ့သို့ မယုံကြည်မှု၊ ကြောက်ရွံ့မှုတွေနဲ့မဟုတ်ဘဲ နားလည်မှုတွေ၊ စာနာမှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ဖြစ်သည်။
>>>>>>> စင်ရော် <<<<<<<
"အဲ့တာနဲ့ပဲ ကျွန်မ ရန်ကုန်ပြန်တက်လာခဲ့တယ်။ ကျွန်မမှာ ကျွန်မကိုဂရုစိုက်ပေးတဲ့ မိသားစုရှိတယ်၊ ကျွန်မက ဂရုစိုက်ရမဲ့ မိသားစုရှိတာကြောင့် အရင်ကထက် ပိုပြီး အလုပ်တွေကြိုးစားတယ်။ အထူးသဖြင့် LGBT တွေပေါ့၊ ကျွန်မတို့တွေက သူများထက်နှစ်ဆကြိုးစားမှ အများတန်းတူ ခေါင်းမော့ရင်ကော့နေနိုင်မှာလို့ ယုံကြည်တယ်။ ဘဝတူတွေကို အားပေးတယ်။ အဲ့တာကြောင့် သင်တန်းတွေ ဖွင့်ဖြစ်ခဲ့တာပါပဲ.... "
စပြောတုန်းကလောက် လူမရှိတော့ပေ။ ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ထထွက်သွားကြပြီ။ စင်ရော်လည်း အဆက်မပြတ်ပြောရင်း မောဟိုက်ချင်လာသည့် မိမိအသံကို သတိထားမိတော့ ဘေးက ရေခွက်ကို ယူသောက်လိုက်ပြီးနောက် ခါးမတ်မတ် ရင်ကော့ကော့နဲ့ ဆက်ပြောသည်။
" ဒီနှစ်တွေမှာတော့ ကျွန်မမှာ အမေလည်း မရှိတော့ပါဘူး… ဒါပေမဲ့ အဖေရှိသေးတယ်၊ ကျွန်မကို သားတစ်ယောက်လိုသာမက သမီးတစ်ယောက်လိုပါ လက်ခံပေးတဲ့ အဖေရှိနေပါသေးတယ်... ကျေးဇူးတင်ပါတယ်အဖေ၊ အရာရာကို နားလည်ပေးခဲ့လို့။ အဖေရဲ့မေတ္တာတွေကို လျစ်လျူရှုမိတာ တောင်းပန်ပါတယ် "
တင်းခံထားသည့်ကြားမှ မျက်ရည်စများက လူကြားထဲကို ကျလာခဲ့ပြီ။ ရှေ့ဆုံးမှာထိုင်နေတဲ့ ဖခင်ကို စင်ပေါ်ကနေ လက်အုပ်ချီကာ ကန်တော့လိုက်တော့ ကင်မရာမီးတဖျက်ဖျက်က အဖေ့ရှိရာကို ကျရောက်သည်။ မိဘဆိုတာမျိုးက ကိုယ့်သားသမီး ခိုးစား၊ ဝှက်စားပြီး အဆုံးစွန်ဆုံး လူသတ်မုဒိန်းကျင့်နေရင်တောင် သားဆိုး၊ သမီးဆိုးဆိုပြီး လက်ခံပေးကြသေးသည်။ ဒါပေမဲ့ ဂေးဆိုတာကိုတော့ လက်မခံချင်ကြပေ။ လောကနဲ့ဆန့်ကျင်နေသော၊ သဘာဝတရားနဲ့ကွာဟနေသော အရာကြီး၊ တစ်နည်း ဘဝပေး ဝဋ်ကြွေးတွေဟူ၍ လက်ခံကြသည်။ ဤသို့သတ်မှတ်ကြစေဦး၊ သားသမီး ဝဋ်ကြွေးခံနေရသည်ကို မျှဝေခံစားပြီး နားလည်ပေးတဲ့ မိဘဟာ ဘယ်လောက် မေတ္တာ စွမ်းအားကြီးမားလိုက်သလဲ ဆိုတာ အပြောဖြင့် တတ်နိုင်မည်မဟုတ်ပေ။
" ဟုတ်ကဲ့..အချိန်လည်း လွန်နေပြီဆိုတော့ မှာချင်တာလေးတွေပြောပြီး တော်ကြတာပေါ့ရှင်... ကျွန်မဘဝက တကယ်ရိုးရှင်းပေမဲ့ ယူတတ်ရင် သင်ခန်းစာရနိုင်တယ်လို့မြင်တယ်။ ဆယ့်ခြောက်နှစ်အရွယ်မှာ အိမ်ကထွက်တယ်၊ အပြောလွယ်ပေမဲ့ တကယ်ခက်ခဲတဲ့ အလုပ်ပါ.. ကြုံဖူးတာမို့ ဒီကလူငယ်တွေကို လိုက်မလုပ်စေချင်ဘူး။ ဘယ်လောက် ပင်ပန်းပင်ပန်း မိဘရိပ်က အလုံခြုံဆုံးသော နေရာပါ။ လူငယ်ဘဝမှ ကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ မိဘတွေ တားမြစ်တယ်ဆိုတာကလည်း ဒုက္ခမရောက်စေချင်လို့၊ ကောင်းစေချင်လို့ပါ။ ဒါကို ကိုယ်ကနားလည်ရမယ်လေနော်၊ ဒုတိယစင်ရော် မဖြစ်စေချင်ဘူးကွယ်... နောက်...အချစ်.. ကျွန်မ ကျန်သွားတယ်။ ရှိတာပေါ့..အချစ် ၊ ကျွန်မလည်း ချစ်ခဲ့ဖူးတာပဲ။ ဒီကလူတွေလည်း ချစ်ကြပါ။ ဒါပေမဲ့ မရူးမိုက်နဲ့.. အချစ်က ဘဝတစ်ခုမဟုတ်ဘူး။ သာမန်လူတွေတောင် ခက်ခက်ခဲခဲထူထောင်ရတဲ့ အချစ်ရေးဆိုတာက ကျွန်မတို့အတွက်ဆို ဘယ်လောက်ထိ ပင်ပန်းခက်ခဲမလဲ စဥ်းစားကြည့်ကြပေါ့။ လိင်တူချစ်ပါတယ်ဆိုတဲ့ နှလုံးသားတွေလည်း ဘာသားနဲ့ ထုထားတာမို့လဲ။ သူများလိုပဲ ခံစားတတ်တယ်၊ နာကျင်တတ်တယ်။ ဒါပေမဲ့ မတူညီတဲ့ပတ်ဝန်းကျင်ကြောင့် စိတ်ရော၊ ကိုယ်ပါ ရုန်းကန်နေရတဲ့အချိန် ဒီအချစ်ကြောင့် ပြိုလဲသွားလို့မဖြစ်ဘူးလေ၊ ဒါကြောင့် ကျွန်မအနေနဲ့ကတော့ နှလုံးသားရေးရာမှာ မနူးညံ့စေချင်ဘူး...အယုံမလွယ်စေချင်ဘူး။ ပြီးတော့ ကျွန်မ အားရမိတဲ့တစ်ခုလည်းရှိသေးတယ်။ မြန်မာနိုင်ငံမှာ LGBT celebrity တွေ ရှိလာတာကိုပဲ... ပြည်သူချစ်တဲ့သူတွေက ဒီလိုပွင့်ပွင့်လင်းလင်းနေထိုင်ပေးတော့ ပိုထိရောက်ပြီး လက်ခံရလွယ်တယ်လို့ ခံစားမိတယ်။ ဒါပေမဲ့လည်း ဒီလိုပြောကြတာ ကြားဖူးပါတယ်။ ဘာတွေများ မြင့်မြတ်နေလို့ လူတန်းစားတစ်ရပ်အဖြစ် ထူထောင်ချင်နေရတာလဲတဲ့။ အဲ့လိုလူတွေကိုလည်း ဒီနေရာကနေ ပြောပြချင်ပါတယ်။ သူတို့သာ ကျွန်မတို့ကို လူတွေထဲကလူပါပဲဆိုပြီး မြင်ပေး၊ လက်ခံပေးရင် ဒီလိုကွဲထွက်နေစရာ အကြောင်းရှိလာမှာမဟုတ်ပါဘူး။ အခုရှိနေတဲ့သူတွေကိုရော၊ တီဗွီဖန်သားပြင်ကနေ ကြည့်နေတဲ့သူတွေကိုရော ပြောချင်တာက လက်မခံရင်နေ၊ မရှုတ်ချကြပါနဲ့။ ကိုယ့်ဘက်က မမြင်နိုင်တဲ့ သူတစ်ပါးရဲ့တစ်ဖက်ခြမ်းက နာကျင်မှုကို နှလုံးသားနဲ့ ကြည့်ပေးစေချင်တယ်။ တောင်းဆိုမှုက လွန်ကဲလားမပြောတတ်ပေမဲ့ ဒါဟာလည်း လူသားချင်းစာနာမှုပါပဲ။ နောက်.... တစ်ခုမှာချင်တာက ဂေးတစ်ယောက်ဖြစ်တယ်ဆိုတာ အားငယ်ရှက်ရွံ့နေရမဲ့အရာမဟုတ်ပါဘူး။ ဒီလိုပဲ.. မော်ကြွားနေရမဲ့ကိစ္စလည်းမဟုတ်ဘူး။ ကိုယ့်အထက်က စီနီယာ အစ်ကိုအစ်မတွေက LGBT Right အတွက် ရုန်းကန်နေရတဲ့အချိန် မင်းတို့လေးတွေက ဆိုရှယ်မီဒီယာမှာ လင်ရှာမယားရှာကိစ္စနဲ့ အချိန်ကုန်ရမှာမဟုတ်ပါဘူး။ ရိုင်းတယ်လို့ ထင်ရင်ထင်နိုင်ပါတယ်၊ ဒါပေမဲ့ အရေးကြီးတာက အရင်ဆုံး ကိုယ့်ဘဝတက်လမ်းကို ကိုယ်ရှာကြပါ။ ကိုယ်သာ တိုးတက်အောင်မြင်လာရင် အဲ့အချစ်ဆိုတာကြီးက ကိုယ်ဆီ လာပါလိိမ့်မယ်။ ကိုယ်ရှာစရာကို မလိုဘူးလို့ ကျွန်မကတော့ယုံတယ် .... နိဂုံးချုပ်အနေနဲ့လည်း အသိပေးချင်တာလေးတစ်ခုရှိပါတယ်။ အခု ကျွန်မတို့အဖွဲ့အစည်းကနေ LGBT တွေအတွက် အခွင့်အရေးဆိုပြီး နိုင်ငံတော်ကို အဆိုတင်သွင်းထားပါတယ်။ နားလည်မှုတွေရှိလာရင်တော့ ပယ်ချမှာမဟုတ်ပါဘူး။ မပယ်ပါစေနဲ့လို့ မျှော်လင့်ရတာပေါ့.. အဆိုပြုချက်တင်သွင်းရတဲ့ အကြောင်းကတော့ အရာရာမှာဖိနှိပ်ခံနေရတဲ့ ကျွန်မတို့တစ်တွေ၊ လူတစ်ယောက်လိုတောင် သဘောထားမခံရတဲ့ ဝဋ်က လွတ်ဖို့လို့ပဲ ရှင်းရှင်းပြောချင်ပါတယ်။ ဟုတ်ကဲ့၊ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင်ရှင်.. အားလုံးကိုကျေးဇူးတင်ပါတယ် "
ပရိတ်သတ်က ခဏတာငြိမ်ကျသွားသည်။ ထို့နောက် ဝိုးခနဲဆို မတ်တပ်ရပ်လိုက်ကြပြီး တစ်ဆက်တည်း လက်ခုပ်သံတွေပါ ကြားလာရသည်။ စင်ရော် စင်ပေါ်ကဆင်းလိုက်တော့ မီဒီယာသမားတွေက အပြေးအလွှားလိုက်ကြသည်။ စင်ရော် လုပ်နိုင်ခဲ့ပြီ။ တောင်ပံတစ်ချက် ခတ်နိုင်ခဲ့ပြီ။ အခု လူတစ်ထောင်ကျော်မှ ငါးထောင်၊ တစ်သောင်း ထိုမှ လူတိုင်းနားလည်စာနာကာ လက်ခံနိုင်ဖို့ဆက်ကြိုးစားမည်။ သူ့အတွက်တစ်ခုထဲ မဟုတ်၊ သူလိုလူတွေအားလုံးအတွက် ဒီအတောင်ပံတွေကို ရိုက်ခတ်မည်။ ပိုမြင့်မားစွာပျံသန်းရင်း ရိုက်ခတ်မည်။ လေထန်နေပါစေ ရိုက်ခတ်မည်။ လေပြင်းတွေတိုက်နေပါစေ ရိုက်ခတ်မည်။ အခုလည်း စင်ရော် အားမာန်စိုက်၍ တောင်ပံတွေခတ်ဆဲပါ... နောက်လည်း ခတ်ပါဦးမည်....။
မနက်ဖြန်တိုင်း...မနက်ဖြန်တိုင်းပေါ့...
(ပြီးပါပြီ)
၁၂.၂.၂၀၂၁
Keep Reading