မြ (စံကားဝါမြေ)
ဒီဆောင်းပါးလေးကတော့ မြရဲ့ လက်သုံးစကားလေးလို့ ပြောလို့ရတဲ့ "ရူးသွပ်ခြင်း" အကြောင်းလေးကို စာဖွဲ့ပြီး ရေးသားတင်ဆက်သွားမှာပဲ ဖြစ်ပါတယ်ရှင်။
လူတွေက အောင်မြင်ချင်တယ်၊ ထူးချွန်ချင်တယ်၊ တိုးတက်ချင်ကြပါတယ်။ သို့သော် အဲ့ဒီအရာတွေကို ဖြစ်လာစေဖို့အတွက် အဓိကနဲ့ အရေးကြီးဆုံး အချက်ကို လျစ်လျှူရှုထားမိနေကြပါတယ်။ အဲဒီလျစ်လျှူရှုထားတာကတော့ "Passion (ရူးသွပ်ခြင်း)" ပဲ ဖြစ်ပါတယ်ရှင်။
Passion ဆိုတာ ဝါသနာကြီးပြီး ရူးရူးမူးမူး လေ့လာတာကို ပြောတာပါ။
ဘယ်အရာမဆို စိတ်ပါဝင်စားစွာ လေ့လာနေသူတွေက အဲ့ဒီအရာပေါ်မှာ ဝါသနာကြီးသူတွေပါ။ ဒါပေမဲ့ မရူးသွပ်ကြတာလို့ ထိပ်ဆုံးထိ မရောက်ရှိကြတာပါ။ ရူးသွပ်ဖို့ဆိုတာက သင်ပေးလို့ရတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူးရှင်။ မိမိကိုယ်တိုင်ရဲ့ စိတ်ဆန္ဒကနေ ဖြစ်ပေါ်လာတဲ့ အောင်မြင်တိုးတက်ရေးလမ်းစ တစ်ခုပါပဲရှင်။
မြ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာ စာရေးဆရာကြီး Galileo Galilei (1564-1642)က "Passion is the Genesis of Genius! (အရူးအမူး စွဲလန်းပြီး ဝါသနာကြီးခြင်းသည် ပါရမီရှင်၊ ဉာဏ်ကြီးရှင်များကို ဖြစ်ပေါ်စေသော မူလဘူတ အကြောင်းအရင်း ဖြစ်သည်။)" လို့ ပြောခဲ့တာကို ဖတ်ဖူးခဲ့ပါတယ်။
ဆရာကြီး ပြောခဲ့သလိုပါပဲ။ ဘယ်အရာကိုမဆို အောင်မြင်ဖို့အတွက် အခြေခံအကျဆုံး ရှိသင့်တဲ့ အရာကတော့ Passion ပါပဲ။ Passion မရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး။
ဒီခေတ်ထဲမှာ Passion မရှိဘဲ မိဘပိုက်ဆံကို သင်တန်းတွေအများကြီးတက်ပြီး ဖြုန်းနေတဲ့ ကလေးတွေကို တွေ့တဲ့အခါ တကယ်စိတ်မကောင်းဖြစ်မိတယ်။ သူတို့မိဘတွေက ချမ်းသာရင်တော့ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ နယ်ကမိဘတွေအတွက်ဆိုရင် သား/သမီးများက ပြန်ပြီး ငဲ့ကြည့်သင့်ပါတယ်။
ဥပမာ ပြောရရင် ဂျပန်စာသင်တယ်ဆိုပါစို့။
စာဖတ်သူလေးက ဂျပန်စာကို လေ့လာသင်ယူနေသူတစ်ဦးဆိုရင် ဂျပန်စာကို Basicမှ N1ထိ မရောက်ရင်တောင် N2/N3လောက်ထိ ရောက်အောင် တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။ ဂျပန်စာသင်တယ်ဆိုပြီး စိတ်မပါ၊ လက်မပါနဲ့ အချိန်ကုန် လူပင်ပန်းဖြစ်နေရင်တော့ ဒေတာဖိုးတွေ၊ အချိန်တွေသာ ကုန်ဆုံးသွားပါလိမ့်မယ်။ မိမိအတွက်တော့ ဘာအကျိုးရလဒ်မှ ရရှိလာမှာ မဟုတ်ပါဘူးရှင်။
အဲ့လိုမျိုး စာဖတ်သူလေးအတွက် အကျိုးယုတ်တာတွေ မဖြစ်ရလေအောင် ဂျပန်စာကို အရူးအမူး လေ့လာပစ်လိုက်ပါ။ အရူးအမူး လေ့လာတဲ့နေရာမှာ "ငါ ဂျပန်ကို မရောက်ရောက်အောင် သွားမယ်။ ပြီးရင် ဂျပန်မှာ ကျောင်းတက်မယ်။ ဂျပန်မှာ အလုပ်ကောင်းကောင်းရှာပြီး လစာကောင်းကောင်းဝင်ရင် မိဘတွေကို ထောက်ပံ့မယ်။" အစရှိသဖြင့်ပေါ့ ရည်မှန်းချက်ထားရှိပါ။
တကယ်တော့ ဘယ်လောက်တော်တဲ့ ဆရာပဲ သင်ပေးနေပါစေ၊ စာဖတ်သူလေးဆီမှာ Passion မရှိရင် ဘယ်တော့မှ ပညာရပ်တစ်ခုခုကို ထူးချွန်စွာ တတ်မြောက်မှာ မဟုတ်ပါဘူးရှင်။ အဲ့တာနဲ့ ဆန့်ကျင်ဘက် စာဖတ်သူလေးက ပညာရပ်တစ်ခုခုကို အရူးအမူး စွဲလန်းနေပြီဆိုရင်တော့ ဘယ်ဆရာမှ မလိုဘဲနဲ့ Self Study လေ့လာရင်းနဲ့ကို ထိပ်ဆုံးထိ ရောက်ရှိနိုင်ပါတယ်ရှင်။
မြ Passion (ရူးသွပ်မှု) နဲ့ပတ်သက်ပြီးတော့ မြရဲ့ ဆရာမတစ်ယောက် ပြောဖူးတာလေးကို သတိရလာပါတယ်။
ဆရာမပြောတာက "အိပ်နေရင်း ထယောင်ရင်တောင်မှ
- (135 + 15 = 150)
- (7 × 7 = 49)
- (Apple = ပန်းသီး)
- (Water = H2O)
- (E = mc²)
လို့ မှန်အောင် ထယောင်နိုင်တဲ့နေ့ ငါ့တပည့်လေးတွေ အောင်မြင်မှုလမ်းစကို စတင်မြင်တွေ့ရတဲ့နေ့ပဲ" တဲ့။
အဲ့တုန်းကတော့ အလီတွေကို အလွတ်ရ ရှေ့ကမေးမလား? နောက်ကမေးမလား? ကြားထဲက ဖောက်မေးမလား? အကုန်ရသည်အထိ ကျက်ခဲ့တာပေါ့ရှင်။ ယခုခေတ် လူငယ်တွေအတွက် Social Media အသုံးပြုမှုတွေ များပြားလာတဲ့အခါ သင်ယူလေ့လာမှုမှာ ရူးသွပ်မှု၊ အာရုံစူးစိုက်မှု အားနည်းသူတွေ အများအပြားကို တွေ့လာရပါတယ်။ ဒီအရာတွေကို ကျော်လွှားနိုင်ဖို့ မြရဲ့ ဆောင်းပါးလေးက အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင်။
ဒါတွေအပြင် မြတို့စာရေးသူတွေအတွက် အရေးကြီးဆုံးအချက်ကတော့ စာပေအနုပညာအပေါ် စာဖတ်ခြင်းရော၊ စာရေးခြင်းရောအပေါ်မှာ ရူးသွပ်ကြပါ။ စာဖတ်ခြင်းမှာ ရူးသွပ်ပြီး စာဖတ်များလေ အတွေကောင်းလာလေပါပဲရှင်။ စာရေးခြင်းအပေါ် ရူးသွပ်လေ စာကောင်းပေမွန်တွေကို ဖန်တီးရေးသားနိုင်လေပဲ ဖြစ်ပါတယ်ရှင်။
ဒါ့ကြောင့် နောက်ဆုံးအနေနဲ့ Passionအကြောင်းကို အနှစ်ချုပ်ရမယ်ဆိုရင် * Passion = Hobby = Success * လို့ Equation ချလိုက်ချင်ပါတယ်ရှင်။ မြရဲ့ စာဖတ်သူလေးတွေလည်း "မိမိဝါသနာပါတဲ့အရာပေါ်ကို ရူးသွပ်ပါ။ ရူးသွပ်ခြင်းမှ အောင်မြင်ခြင်းကို ရောက်ရှိပါလိမ့်မယ်" လို့ ရေးသားရင်း နိဂုံးချုပ်လိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
4.9.2024(Wednesday)
Keep Reading