ကျော်ဇောအောင်
" လူပျို ဘုရား၊ မရှိငြား " ဆိုသည့် ဆိုရိုးအတိုင်းပဲ လူရယ်လို့ ဖြစ်လာရင် ပါရမီဖြည့်ဘက် (ဘဝလက်တွဲဖော်) ဆိုတာ လူတိုင်းလူတိုင်းမှာ လိုအပ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဘုရားရှင်ကိုယ်တော်တိုင်တောင်မှပဲ ဘုရားလောင်းဘဝ ပါရမီဖြည့်တဲ့ အချိန်ကစ နောက်ဆုံး ဘုရား ဖြစ်တော်မူတဲ့ အချိန်ရောက်သည် အထိ သံသရာတစ်လျှောက်လုံးမှာ လိုက်ပြီး ပါရမီဖြည့်တဲ့ ပါရမီဖြည့်ဘက် (အမျိုးသမီး) ဆိုတာ ရှိတာကြောင့် လူ့လောကထဲမှာ နေကြတဲ့ သာမန်လူတွေမှာလည်း တစ်ဘဝစာ ပါရမီဖြည့်ဘက်ဟာ ရှိသင့်ပါတယ်။ (တချို့လည်း ဘဝလက်တွဲဖော် ရှိပြီးသား ဖြစ်မှာပါ။)
တစ်ခုရှိတာက ဒီဘဝမှာ အိမ်ထောင်မပြုဘဲ (လူပျိုကြီး၊ အပျိုကြီး ဘဝနဲ့ပဲ) အရိုးထုတ်ပြီး နောက်ဆုံးမှာ သာသာနာ့ဘောင် ဝင်မယ့်သူမျိုးဆိုရင်တော့ ဘဝလက်တွဲဖော် အကြောင်း တွေးဖို့ လိုမှာ မဟုတ်ပါ။
ဒီလိုမှမဟုတ် အိမ်ထောင်သည် (မိသားစု) ဘဝကို တည်ဆောက်ချင်တဲ့သူတွေ၊ တည်ဆောက်နေဆဲသူတွေ အတွက် ကိုယ်ရဲ့ ဘဝလက်တွဲဖော်ဟာ ကိုယ်နဲ့ ထိုက်တန်တဲ့သူ ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာ အခု ပြောပြမယ့် အချက်အလက်တွေနဲ့ တိုက်ဆိုင်ပြီး စစ်ဆေးကြည့်ဖို့ပါ။
ဒီအချက်တွေက ယောကျာ်းဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပါရမီဖြည့်ဘက်ကို ရွေးချယ်တဲ့ အခါ ...
၁။ သူတစ်ပါး အသက်သတ်တဲ့သူ၊
၂။ သူ့ဥစ္စာ ခိုးတဲ့သူ၊
၃။ လိမ်ပြောသူ၊
၄။ သူတစ်ပါး သားမယား ပြစ်မှားတဲ့သူနဲ့၊
၅။ အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးသူကို မရွေးဖို့ပါ။
အကျဉ်းချုပ်ပြောရင် ငါးပါးသီလလုံသူကို ရွေးပါ။
၁။ သူတစ်ပါး အသက်သတ်တဲ့သူ၊
စာနာမှုမရှိဘဲ ခြင်လေးနဲ့ ပုရွက်ဆိတ်ကလေးက အစ နောက်ဆုံးမှာ လူသားပုဂ္ဂိုလ်၊ ခန္ဓာကိုယ်ကြီးတဲ့ ဆင်နဲ့ ဝေလငါးကြီးတွေအထိ သတ်ဖြတ်ချင်တဲ့စိတ်ရှိနေတဲ့သူဟာ သူနဲ့ ပတ်သက်တဲ့လူတွေရဲ့ အပေါ်မှာ ကိုယ်ချင်းစာ ကြင်နာသနားတဲ့စိတ် မရှိနိုင်လို့ မရွေးသင့်ပါ။
ထိုသူ့ကို ရွေးမယ့်အစား သတ္တဝါတွေ အပေါ်မှာ မေတ္တာ၊ ကရုဏာထားတတ်တဲ့သူကိုသာ ရွေးချယ်ပါ။
ထိုသူမျိုးမှသာ မိမိအပေါ် မေတ္တာထားနိုင်မှာ။ (ဒါကြောင့် သူတစ်ပါး အသက်သတ်ပြီး အသက်မွေးသူကို ကိုယ့်ရဲ့ ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါ။)
၂။ သူ့ဥစ္စာ ခိုးတဲ့သူ၊
သူကတော့ မျိုးစုံရှိတာပါ။ ကိုယ့်မိသားစုဝင်နဲ့ သူငယ်ချင်းတွေရဲ့ ပစ္စည်းကို သူတို့ အလစ်မှာ မသိအောင် ယူထားတတ်တဲ့သူမျိုး၊ ညဘက်မှောင်ရိပ်ခိုပြီး အိမ်ထဲဝင်ခိုးတတ်သူတွေနဲ့ အခုခေတ်ဆိုရင် ဒေတာ အချက်/လက်တွေ ခိုးယူတဲ့ Hackerလို လူမျိုးတွေကို အဓိက ပြောချင်တာပါ။
ဘုရားဟောအရ ခိုးတတ်တဲ့သူရဲ့ ပစ္စည်းတွေဟာ (ရေ၊ မီး၊ မင်း၊ သူခိုးနဲ့ အမွေခံ သားဆိုး သမီးဆိုး) စတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်ဆုံးရှုံးတာဖြစ်လို့ စည်းစိမ်ဥစ္စာ မပြည့်စုံတဲ့ ဒီလိုလူမျိုးကိုလည်း အိမ်ထောင်ဘက် အဖြစ် မရွေးချယ်ဖို့ အရေးကြီးတာပါ။
၃။ လိမ်ပြောသူ၊
လိမ်ပြောတတ်သူဟာ ငါးပါးသီလထဲမှာ အကြီးဆုံး ပြစ်မှုကို ကျူးလွန်သူလို့ ဆိုရမှာပါ။
ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ သူ့ရဲ့ ဘဝမှာ သူတစ်ပါး အသက်လည်း မသတ်၊ သူ့ဥစ္စာလည်း မခိုး၊ သူတစ်ပါး သားမယားလည်း မပြစ်မှား၊ မူးယစ်စေတဲ့ အရက်သေစာနဲ့ မူးယစ်ဆေးဝါးလည်း မသောက်သုံးဘူးလို့ နှုတ်က ဆိုပေမယ့် သူက လိမ်တော့ပြောတတ်ပါတယ်လို့ ပြောခဲ့မယ်ဆိုရင်တော့ ထိုသူကို ဝေးဝေးကရှောင်ပါ။ (သူဟာ လိမ်ပြောတတ်သူ ဖြစ်တာကြောင့် သူပြောတဲ့ စကားတိုင်းဟာ အမှန်ပြောတဲ့ စကား မဖြစ်နိုင်တာကြောင့်ပါ။)
ဒါ့အပြင် လိမ်ပြောတတ်သူ အများစုရဲ့ သွားတွေဟာ မညီညာတဲ့ အပြင် ခံတွင်းအနံ့လည်း ဆိုးတာကြောင့် ထိုသူလို လူမျိုးကို အကဲခတ်ကြည့်တဲ့အခါမှာ သူ့ရဲ့သွားနဲ့ ခံတွင်းအနံ့ကို သတိထားကြည့်ပါ။ (ဒါကြောင့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ လိမ်ပြောတတ်တဲ့သူမျိုးကိုလည်း အဓိကထား သတိပြု ရှောင်ရှားပါ။)
၄။ သူတစ်ပါး သားမယား ပြစ်မှားတဲ့သူ၊
ထိုသူမျိုးဟာ လူ့အသိုင်းအဝိုင်းမှာ နာမည်ဆိုးနဲ့ ထင်ရှားတတ်သူပါ။
ဘာကြောင့်လဲဆိုတော့ တရားဝင် လက်ထပ်စာချုပ်ပေါ်မှာ လက်မှတ်မထိုးရသေးဘဲ သူတစ်ပါး သားမယားနဲ့ (လိင်) ဆက်ဆံမှု ပြုမိသူဟာ လူမုန်းများတဲ့ သူပါ။
ယောကျာ်းလေးမှ မဟုတ် မိန်းကလေးလည်း အတူတူပါ။ [ထိုသူများဟာ သူတို့လွန်ကျူးမိတဲ့ ကံတွေကြောင့်ပဲ ဖြစ်လေရာ ဘဝတွေမှာ ဟိုမရောက် ဒီမရောက်တဲ့ (ယောကျာ်းလျာနဲ့ မိန်းမလျာဘဝကို) ရောက်တတ်သလို သေပြီးနောက်ဘဝ မိန်းမဘဝ ရတတ်ကြတာပါ။]
ဒါကြောင့် မျက်နှာများတဲ့ ယောကျာ်းနဲ့ မိန်းမကို ရှောင်ပါ။
၅။ အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးသူ၊
လူ့လောကမှာ စိတ်ပျံ့လွင်ပြီး ရူးသွပ်နေတဲ့သူတွေ ရှိကြပါတယ်။
ဒီလူတွေဟာ အခုဘဝနဲ့ အရင်ဘဝမှာ အရက်သေစာနဲ့ မူးယစ်ဆေးဝါး သောက်သုံးခဲ့တာကြောင့် စိတ်ဖောက်ပြန်ပြီး ရူးသွပ်တဲ့ ဘဝ ရောက်ရှိကြတာပါ။
ရှေးခတ်ကတော့ ယောကျာ်းလေးတွေလောက်သာ သောက်ကြတာပါ။ (နောက်ပိုင်းမှာတော့ ခေတ်ရဲ့ ပွင့်လင်းမြင်သာလာမှုတွေကြောင့် ယောကျာ်းလေးရော မိန်းကလေးပါ သောက်စားလာကြတာပါ။)
ဘယ်သူပဲသောက်သောက် အရက်နဲ့ မူးယစ်ဆေးဝါးဆိုတာ သောက်သုံးသူကို ကောင်းကျိုးမပေး၊ ဆိုးကျိုးသာ ပေးတာကြောင့် ထိုသူမျိုးကိုလည်း အိမ်ထောင်ဘက်အဖြစ် မရွေးသင့်ပါ။
ဒါ့အပြင် အခုခေတ်ရဲ့ မူးယစ်ဆေးဝါးဆိုတာက အရက်ဘီယာ၊ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေသာမက ဆေးလိပ်နဲ့ ကွမ်းတို့ပါ ပါဝင်နေတာကြောင့် " မူးယစ်ဆေး အစ၊ ဆေးလိပ်က။ " ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မူးယစ်စေတတ်တဲ့ အရာအားလုံးရဲ့ အစဖြစ်တဲ့ (ဆေးလိပ်နဲ့ ကွမ်း) ကိုလည်း မစမ်းကြည့်ကြဖို့ လိုတာပါ။ (အစပြုမိသူများလည်း ဖြတ်နိုင်အောင် ကြိုးစားကြည့်ပါ။)
ဟုတ်ကဲ့ နိဂုံးချုပ်အနေနဲ့ အကြံပြုချင်တာက မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင်မှ ဘုရားဖြစ်အောင် ပါရမီဖြည့်တဲ့အခါ ဘဝလက်တွဲဖော်ဖြစ်တဲ့ ပါရမီဖြည့်ဘက်ကို လိုအပ်တာဖြစ်လို့ ကျန်ရှိတဲ့ သာမန်လူတန်းစား လူပုဂ္ဂိုလ်တွေဟာလည်း ပါရမီဖြည့်ဘက် (ဘဝလက်တွဲဖော်) ရွေးတဲ့အခါ (ငါးပါးသီလ) လုံတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့သူကို သတိရှိရှိနဲ့ အဓိကထား ရွေးချယ်ကြဖို့ပါ။
Photo edit with Chatgpt application.
Keep Reading