Author's Profile Photo

Jane Catherine - the storyteller

19/10/2024

အကြင်သူသည် - သိုးဆောင်း reflection

2 mins read
Book Review
Novel
Fiction
အကြင်သူသည် - သိုးဆောင်း reflection's photo

ဒီနေ့ ကျွန်မ သိုးဆောင်းရဲ့ အကြင်သူသည်ကို ဖတ်မိပါတယ်။ ချစ်ရသူကို မှဲ့တစ်ပေါက်မစွန်းရအောင် ကာကွယ်စောင့်ရှောက်တဲ့ သူဌေးသားလေး နန်းနွယ်နဲ့ သူ့ကို ကျေးဇူးရှင်လို့ပဲ သတ်မှတ်တဲ့ သူဇာတို့ရဲ့အကြောင်းပေါ့။ ဒီစာအုပ်က ထွက်ထွက်ချင်းကနေ အခုအချိန်ထိ တအား review ကောင်းတဲ့စာအုပ် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရသစာပေဖတ်ဖို့ အခွင့်မကြုံတဲ့ ကျွန်မအဖို့ အခုအချိန်ထိ မထိရသေးဘူးပေါ့လေ။
ဒီနေ့တော့ အားအားယားယားရှိတာနဲ့ အကြင်သူသည်ကို ဖတ်ဖြစ်ပါတယ်။ စာအုပ်မှာ သိုးဆောင်းရဲ့ ဟန်အပြည့် ပါပါတယ်။ ဘယ်ခေတ်မှန်းမပြောနိုင်တဲ့ မြန်မာနိုင်ငံက ဟိုးရှေးခတ်တစ်ချိန်ကို ပြန်ညွှန်းထားတယ်၊ ဇာတ်လိုက်ရဲ့နာမည်က စိတ်ကူးယဉ်ဆန်ပြီး ဆွတ်ပျံ့ဖွယ်ကောင်းတယ်၊ ပြီးတော့ အခုခေတ်နဲ့ အရင်ခေတ်ကို ချိတ်ပြသွားပုံက မိုက်တယ်။ ဖတ်လိုက်တာနဲ့ အရင်တုန်းကအချိန်ကို ပြန်ရောက်သွားသလို ခံစားရပါတယ်။

စာရေးဆရာအကြောင်း
သိုးဆောင်းရဲ့ ဝတ္ထုတွေကို ကျွန်မ ကိုးတန်းလောက်က အသေအလဲ ကြိုက်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ဝတ္ထုတွေမှာ သဘာဝနဲ့ ကွဲထွက်နေတဲ့ ပါဝင်ပစ္စည်းတစ်ခုတော့ ပါလေ့ရှိတယ်။ စိတ်ရောဂါတစ်ခု ဖြစ်ချင်ဖြစ်မယ်၊ သာမန်နဲ့ မတူတဲ့ နယ်မြို့လေးတစ်မြို့ ဖြစ်ချင်ဖြစ်မယ်၊ ပုံပြင်တစ်ပုဒ်ဖြစ်ချင်ဖြစ်မယ် ပြီးတော့ အဲဒီ့အရာတစ်ခုကပဲ ကျွန်မတို့ကို ဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်သွားပါလိမ့်မယ်။ သူ့ဝတ္ထုတွေရဲ့ နောက်ထပ်ထူးခြားမှုတစ်ခုကတော့ ရေးဟန်ပါပဲ။ သူက ဝတ္ထုကို စကားပြောနဲ့ ရေးတတ်တယ်။ ကျွန်မ ခါတိုင်းဖတ်နေကျနဲ့ မတူပေမဲ့လည်း တစ်မျိုးတော့ ဖတ်လို့ကောင်းတာပါပဲ။

ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ အများသိတဲ့အတိုင်းပါပဲ။ ကုဋေတစ်သိန်းကြွယ်တဲ့ မောင်နန်းနွယ်က သူ့ကိုပြန်မကြိုက်တဲ့ ဇာတ်သမတစ်ဖြစ်လဲ (စာလုံးပေါင်းအမှန်ကိုသိရင် ပြင်ပေးသွားကြပါဦး) ယမင်းသူဇာကို ချစ်တယ်၊ ပြီးတော့ ရူးရူးမိုက်မိုက် ကာကွယ်တယ်ပဲ ဆိုလိုက်ကြပါတော့။ ဒါပေမဲ့ ရယ်ရတာက ဟိုက ပြန်မကြိုက်တာ အသိသာကြီး။ နန်းနွယ်က ကောင်မလေးကို ယမင်း လို့ သုံးပေမဲ့ ဟိုက ကိုယ့်ကိုယ်ကိုယ် သူဇာလို့ ပြောနေတာမျိုးပေါ့။ အဲဒါလည်း တစ်ဖက်သက် ချစ်ရှာတာပဲ။ သူ့ဘဝ နောက်ဆုံးအချိန်ထိ သူဇာ့အတွက် ပေးဆပ်ခဲ့တယ်ပေါ့လေ။

ကျွန်မ မကြိုက်တဲ့အချက်တွေ
ဝတ္ထုပြီးသွားတော့ သူများတွေ ငိုရတယ်ပြောပေမဲ့ ကျွန်မမှ မျက်ရည်တစ်စက်မှ မထွက်လိုက်ပါဘူး။ ပြီးတော့ ပေါ့တယ်လို့လည်း ခံစားရပါတယ်။ ဒီထဲမှာ မကြိုက်ဆုံးကို ပြောရရင် နန်းနွယ်ရဲ့ character ကိုပါပဲ။ ကျွန်မရဲ့ စရိုက်နဲ့ မကိုက်လို့လည်း ဖြစ်ပါလိမ့်မယ်။ သူ့ကို ခံစားလို့ မရပါဘူး။ ပြီးတော့ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တယ်ပြောရလောက်အောင်လည်း သူချစ်သွားတဲ့အခန်းမှာ ပြထားတာက ယမင်းသူဇာရဲ့ ရင်ဖိုဖွယ်အလှတွေကြောင့် စွဲမက်သွားပုံကြီး။ သူဖော်ပြသွားတာမှာ ဇာတ်သမရဲ့ အသံ၊ အက၊ အကြည့် အဲဒါထက် မပိုပါဘူး။

လှတယ်... တော်တော်ကို လှတယ်။ ခြေ၊ လက်၊ ခေါင်း၊ ခါး တစ်ခုမှ ပစ်ရက်စရာ မရှိအောင် လှတယ်။ သိမ်မွေ့သော အချိုးတွေနဲ့ တစ်ခါတစ်ခါ ရက်စက်အုံ့နွေးသော ကကွက်တွေနဲ့။


ပဝါကလေး ခတ်ကာခတ်ကာ
ဦးခေါင်းကလေး ငဲ့ကာငဲ့ကာ
အပြုံးချိုချို အသံသာသာ
အကြည့်စူးစူးတွေနဲ့
ကြည့်နေရင်းပဲ နန်းနွယ်ရင်ထဲမှာ တစ်စုံတစ်ရာ ခံစားလာခဲ့ရတယ်


ဒီ့ဇာတ်ကြည့်နေတဲ့အပိုင်းမှာ ယမင်းရဲ့ ဖုံးကာထားတဲ့ အတွင်းစိတ်တစ်ခုခုကို လှမ်းမြင်လိုက်ရလို့ သနားသွားတယ်ဆို ပိုကောင်းလေမလား စဉ်းစားမိပါတယ်။ အဖြစ်အပျက်တစ်ခုရဲ့ နောက်ကွယ်က စိတ်ဖြစ်စဉ်တွေ၊ အခုပုံစံဖြစ်လာဖို့ ပုံသွင်းတဲ့ နောက်ခံအကြောင်းအရာတွေကို စိတ်ဝင်စားတဲ့ ကျွန်မအတွက်တော့ တော်တော်အားမရစရာပါ။

နိဂုံး
သူ့ကို ဖတ်နေရင်း ကျွန်မရေးမယ်လုပ်ထားတဲ့ ပျူမင်းသားဝတ္ထုကို ပြန်ရေးချင်လာတာတစ်ခုအတွက်တော့ တော်တော်ကျေးဇူးတင်ရပါတယ်။ သူ့ရဲ့ ရှေးေခတ်ကို သရုပ်ဖော်ပုံက အတင်းလုပ်ယူထားပုံမရဘဲ သဘာဝကျနေတာကြောင့် ဖြစ်ပါတယ်။ တကယ်လို့သာ ပြန်ပြင်ရေးခွင့်ရခဲ့ရင် ယမင်းရဲ့ ငယ်ဘဝကို နည်းနည်းပြန်ရှာဖွေဖြစ်မှာပါ။ နောက်နေ့မှာတော့ ကျွန်မရဲ့ ပျူမင်းသားဝတ္ထုအကြောင်း နည်းနည်းလာပြောပါဦးမယ်။

Keep Reading

တစ်ကျွန်းစံ၏အပြန်လမ်းအသပြာလုလင်ညပျူတွေ ဘယ်ပျောက်သွားသလဲဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လားကိုယ့်အလှ ဘဝငွေလမင်း - တက္ကသိုလ် ဘုန်းနိုင်𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၁၁-၁၅)