မောရိသျှ
ကံအပြောင်းအလဲအလိုက် ကစားတတ်တဲ့ လောင်းကစားသမားလို ပါးနပ်ပါ။ စွန့်စားရဲတဲ့စိတ်ဓါတ်ဆိုတာက အောင်မြင်သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ရပ်ဖြစ်တယ်၊ ဒါပေမဲ့ စွန့်စားဖို့ မလိုဘဲ နောက်ဆုတ်သင့်တဲ့ အချိန်မှာ လက်လျှော့နိုင်တာကလည်း သူရဲကောင်းတွေမှာသာ တွေ့ရတဲ့ ဉာဏ်ပညာထက်မြက်မှုဖြစ်တယ်။ အောင်မြင်မှုဆိုတာ ထိုးစစ်နဲ့ တိုက်ယူမှ အမြဲရနိုင်တာ မဟုတ်ပါဘူး။ ရံဖန်ရံခါ လက်နက်ချ အရှုံးပေးပြီးတော့လည်း ပြီးမြောက်မှု အရှိန်အဟုန်ကို ထိန်းချုပ်ထားလို့ ရနိုင်တယ်။ ကောင်းတဲ့ကံကို မပြောင်းခင်ကတည်းက ထိန်းချုပ်ကိုင်တွယ်တတ်ရမယ်။ အပျော်လွန်ပြီး ခြေကျွံလက်လွန် မဖြစ်ပါစေနဲ့။ ကောင်းတာဖြစ်လာတိုင်း ဆိုးတာမဖြစ်နိုင်တော့တာမျိုး မဟုတ်တဲ့အတွက်၊ မပြိုလဲခင်ကတည်းက ကြိုတင်ပြီး ပြေးထွက်တတ်ရမယ်၊ မကြုံခိုက်ခင်အလျင် ရှောင်တတ် တိမ်းတတ်ရမယ်။ ပြောင်းလဲမှု အင်မတန် မြန်ဆန်တဲ့ ကံအကြောင်းကို ယုံစားပြီး ဘာမှ မလုပ်နဲ့။ ပါးနပ်မှုရှိပါစေ။
အခွင့်အလမ်းဟူသမျှ အရယူတတ်ရမယ်။ ဘယ်အရာမဆို အမြင့်ဆုံးဆိုတဲ့ ရေချိန် ရောက်ကို ရောက်တတ်တယ်။ တိုးတက် ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးမှုဟူသမျှ ရေချိန်အလိုက် ဖြစ်တည်ကြတယ်။ ရေချိန်အလိုက် အရှိန်ရနေခိုက်မှာ အလျဉ်ကိုလိုက်ပြီး ခိုစီးတတ်ရမယ်။ ဒါမှ ခရီးရောက်လွယ်တယ်။ ပြီးပြည့်စုံမှုကို တန်ဖိုးထားပါ။ အပေါ်ယံ ကမန်းကတမ်း ကတိုက်ကရိုက် လုပ်ထားတဲ့ ရလဒ်လောက်နဲ့ မကျေနပ်မိစေနဲ့။ ရင့်ကျက်မှု၊ ရင့်သန်မှုကို လုပ်ရပ်ကနေ ခန့်မှန်းလို့ သိနိုင်တယ်။ ကောင်းခြင်းဟူသမျှ အချိန်ယူရတယ်။ အကျိုးဖြစ်ထွန်းစေချင်ရင် အကြောင်းကောင်းစွာ လုပ်ကိုင်တတ်ရတယ်။ ရတိုင်း မယူနဲ့၊ ပေးတိုင်း မဆွတ်နဲ့။ ဒူးနေရာဒူး တော်နေရာတော် နေတတ်ထိုင်တတ် လုပ်တတ်ကိုင်တတ်ရမယ်။
စိတ်ရင်းစေတနာကောင်းစွာ အများအကျိုးဆောင်တတ်ပါစေ။ ကောင်းခြင်းကို လိုလားသူမှန်ရင် လူချင်လူခင်ပေါတယ်။ ကံကောင်းခြင်းဆိုတာက လူအများရဲ့ လက်ခံမှုအပေါ် မူတည်တယ်။ အများရဲ့ ထောက်ခံမှု၊ လက်ခံမှု၊ ကြည်ဖြူမှု ရှိသူဟာ ဘာကိုမဆို ပြီးစီးစေနိုင်စွမ်း ရှိတယ်။ ဘာပဲလုပ်လုပ် အောင်မြင်လွယ်တယ်။ လူတွေရဲ့ နှလုံးသားကို ပိုင်နိုင်အောင် ကြိုးစားပါ။ သနားကြင်နာမှု ကရုဏာစိတ်နဲ့ ဘာကိုမဆို စေတနာရင်းခံ လုပ်ကိုင်ပါ။ ရိုကျိုးခြင်းထက် တန်ဖိုးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေး မရှိပါဘူး။ နှိမ့်ချပါ။ ကောင်းတာကိုပဲ လုပ်ပါ။ ချိုသာစွာ ပြောဆိုပါ။ ချစ်တတ်သူမှာ ချစ်လိုသူများတယ်။ ရိုကျိုးသူကို လူလေးစားတယ်။ ချိုသာသူကို လူတိုင်း ပေါင်းချင်သင်းချင်ကြတယ်။ အပြောကောင်းပြီး နားထောင်ပေးတတ်သူကို လူတိုင်း လိုလားတယ်။ ကောင်းခြင်းကို လိုလားရင် ကောင်းတာဟူသမျှ ကပ်ငြိလာလိမ့်မယ်။ ကောင်းတာလုပ်ပြနိုင်မှ ကောင်းကြောင်း ပြောပါ။ အောင်မြင်မှုကို အရယူပြီးမှ ကလောင်ကိုင်ပြီး ရေးသားပါ၊ မသိမတတ်ဘဲ အသိအတတ်မလုပ်နဲ့၊ စာရေးသူကောင်းဆိုတာ သိသလောက်ကို မြင်သာအောင် ရေးတတ်တဲ့သူမျိုးဖြစ်တယ်။
ချဲ့ကားပြောဆိုတာမျိုး မလုပ်နဲ့။ တမင်လုပ်ကြံပြောဆိုသမျှ ယုံရခက်သလို လူမုန်းများခံရတတ်တယ်။ ချဲ့ကားပြောဆိုမှုဟူသမျှ လူထင်ကြီးအောင် တမင်လုပ်ယူတာတွေပဲဖြစ်တယ်။ အမှန်တရားကို ဆန့်ကျင်ပြောဆိုတာမျိုး မဟုတ်တောင် အမှန်တရားကို ယုံတမ်းစကားတွေနဲ့ ဖုံးကွယ်ထားတာကြောင့် လှည့်စားဖြားယောင်းမှုသာ ဖြစ်တယ်။ ဉာဏ်ပညာကြီးကျယ်သူမှန်ရင် ဘယ်တော့မှ ချဲ့ကားပြောဆိုခြင်း မရှိပါဘူး။ ပညာရှိသူမှန်ရင် စကားနည်းငယ် ပြောရုံနဲ့ တဖက်လူ သဘောပေါက်အောင် ပြောနိုင်စွမ်းရှိတယ်။ အမှန်တရားဆိုတာ အင်မတန် ရှားတယ်၊ နားလည်လွယ်သူထက် မိုက်မဲသူတွေ များတာကြောင့် ချဲ့ကားပြောဆိုပြီး နားလည်လွယ်အောင် တမင်ပြောဆိုရတာမျိုး ရှိတယ်၊ မလွဲသာလို့ ပြောရတိုင်း လိုတာထက် ပိုပြီး ချဲ့ကားတာမျိုး မလုပ်မိစေနဲ့။ တော်ရုံတန်ရုံပဲ ကောင်းတယ်။ ချဲ့ကားပြောဆိုခြင်းက လိမ်ညာခြင်းတမျိုးပဲ။ ကိုယ့်အတွက်လည်း မကောင်းသလို၊ သူများအတွက်လည်း မကောင်းတဲ့ အလုပ်မှန်သမျှ ရှောင်နိုင်လေလေ ကောင်းလေလေပါပဲ။
ခိုင်းတတ်ပါစေ။ ဩဇာသံပေါက်မှ လူကြီးလုပ်လို့ ရတာမဟုတ်ဘူး။ နာခံအောင် ပြောတတ်တာကလည်း ဩဇာကြီးလိုသူတိုင်းမှာ မလွဲမသွေ ရှိကို ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးတမျိုးဖြစ်တယ်။ နက်ရှိုင်းထဲ ကိုယ်တွင်းနှလုံးသားထဲက အရှိန်အဝါတွေကို အားပြုပြီး လူတွေအပေါ် တည်ကြည်တဲ့ လေသံနဲ့ ဟိန်းနေအောင် လွှမ်းမိုးနိုင်ရမယ်။ ဩဇာရှိသူတိုင်းမှာ အာဏာသံရှိကြတယ်။ သံသေးသံကြောင်ဖြစ်နေခဲ့ရင်တောင် သံကောင်းဟစ်ပြီး လူကြီးလူကျယ် လုပ်နိုင်ကြတယ်။ ပြောတတ်ဆိုတတ်တိုင်း လူကြီးလူကျယ်လုပ်လို့ မရဘူး။ ခိုင်းတတ်ဦးမှလည်း လူကြီးလူကျယ်ဖြစ်နိုင်တယ်။ ဥပဒေကို သိရုံနဲ့ အမတ်မဖြစ်ဘူး။ ဥပဒေကို ကိုယ့်နည်းတူ လူတိုင်းသိအောင် ဟစ်တတ်၊ ပြောတတ်၊ ဆွယ်တတ်ဦးမှ အမတ်ကောင်း ဖြစ်နိုင်တယ်။
ဒါကြောင့် နာခံအောင် ခိုင်းတတ်ပါစေ။
များများတွေး၊ နည်းနည်းပြော၊ လူနည်းရင်ကြံ၊ လူများမှ စကားပြောပါ။ ရှိရင်းစွဲကို ဖီလာဆန့်ကျင်ဖို့ ပညာရှိအတွက် မလွယ်သလောက်၊ လူမိုက်တွေအတွက်ကျတော့ အလွန်လွယ်ကူတယ်။ အငြင်းဟူသမျှ စော်ကားသလို ဖြစ်တတ်တယ်။ အပြောများရင် အမှားပါတယ်။ လိုတာထက် ပိုတွေးပါ၊ သို့သော် လိုတာထက် ပိုမပြောနဲ့။ အမှန်တရား နားခါးတယ်။ အမှန်စကား အပြောများရင် လူအကြားမှာ ထားခံရတတ်တယ်။ လူကြားမှာ ဘယ်တော့မှ တရားစကား မပြောနဲ့၊ လူအုပ်လိုက်ပြီး ပြောတတ်ရမယ်။ အငြင်းသူသမျှရှောင်၊ အပြောနောက် ခေါင်းညိတ်တာမျိုး မလုပ်နဲ့၊ အဟုတ်မှတ်ပြီး ဆွယ်ခံရလိမ့်မယ်။ လွတ်လပ်စွာ တွေးကြံပါ၊ အနှောင်အဖွဲ့ကင်းကင်း လုပ်ကိုင်ပါ၊ ထိုးဖောက်ချိန်တန်မှ လွန်မြောက်အောင် ကြံဆောင်ပါ။ စိတ်လိုက်မာန်ပါ မဖြစ်ပါစေနဲ့။
#မောရိသျှ
⸻အလယ်ခေတ် စပိန်လူမျိုး အတွေးအခေါ်ပညာရှင် ဘယ်လ်တဆာ ဂရေသျှန်
Keep Reading