Maru
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြစ်ပါသည်။ထို့ကြောင့် ယဉ်ကျေးမှု ရိုးရာအမွေအနှစ်သည် အရေးကြီးလှ၏။
အောင်မြင်ရန်ခက်ခဲသည်။ထို့အတူ ထိုအောင်မြင်မှုကိုဆက်လက်တည်မြဲစေရန် ထိန်းသိမ်းခြင်းက ပို၍ခက်ခဲ၏။ ၎င်းအတိုင်းပင် မည်သည့်အရာမဆို ဆက်လက်တည်မြဲအောင်ကြိုးစားခြင်းသည် ပို၍ခက်ခဲလှသည်မှာအမှန်ပင်။
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းကပင် ယဉ်ကျေးမှု ရိုးရာအမွေအနှစ် ပေါများကြွယ်ဝသောနိုင်ငံဖြစ်ပါသည်။ယဉ်ကျေးမှုရိုးရာအမွေအနှစ်ပျောက်ဆုံးပါက လူမျိုးပါပျောက်ဆုံးနိုင်ပါသည်။ယဉ်ကျေးမှုအမွေအနှစ်ဆိုရာတွင် ဒြပ်ရှိ၊ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဟူ၍ သတ်မှတ်ထားကြပါသည်။
ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များမှာ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော ရှေးဟောင်းမြန်မာ့ သမိုင်းကြောင်း တစ်လျှောက်မှ အနုပညာလက်ရာများ၊ ဗိသုကာလက်ရာများ စသည်တို့ပါဝင်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များမှာ ဘာသာစကား၊ အတွေး အခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ ထုံးစံများ၊ အတွေးအခေါ်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာစသည်တို့ ပါဝင်သည်။
သမိုင်း အမွေအနှစ်ဖြစ်စေ၊ ဘာသာရေး အမွေအနှစ်ဖြစ်စေ၊ ယဉ်ကျေးမှု အနုပညာ အမွေအနှစ်ဖြစ်စေ၊ အမျိုးသားရေး အမွေအနှစ်ဖြစ်စေ၊ သဘာဝ အမွေအနှစ်ဖြစ်စေ၊ မည်သို့သော အရပ်ဒေသက မည်သို့သော အမွေအနှစ်များဖြစ်စေ၊ အမွေအနှစ်တို့၏ တန်ဖိုးကို သိနားလည်ထိန်းသိမ်းမှသာ နိုင်ငံနှင့်လူမျိုး အသက်ရှည် ရှင်သန်မည်ဖြစ်သည်။
မြန်မာတို့၏တစ်နှစ်တာတွင် တစ်ဆယ့်နှစ်လရှိပါသည်။ထူးခြားဖွယ်တစ်ခုမှာ ထိုတစ်ဆယ်နှစ်လလုံးတွင် ရာသီပွဲတော် တစ်ဆယ့်နှစ်မျိုးရှိခြင်းဖြစ်သည်။ လများနှင့်ပွဲတော်များမှာ
တန်ခူးလ သင်္ကြန်ပွဲ
ကဆုန်လ ညောင်ရေသွန်းပွဲ
နယုန်လ စာပြန်ပွဲ
ဝါဆိုလ ဝါဆိုပွဲ
ဝါခေါင်လ စာရေးတံမဲပွဲ
တော်သလင်းလ လှေပြိုင်ပွဲ
သီတင်းကျွတ်လ မီးထွန်းပွဲ
တန်ဆောင်မုန်းလ ကထိန်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲ
နတ်တော်လ စာဆိုတော်ပွဲ
ပြာသိုလ မြင်းခင်းပွဲ
တပို့တွဲလ ထမနဲပွဲ
တပေါင်းလ သဲပုံစေတီပွဲ၊ တပေါင်းပွဲ တို့ဖြစ်သည်။
ရာသီပွဲများနှင့်အတူ ရာသီပန်းများပါတွဲဖက်တွေ့ရှိရပါသေးသည်။"ရာသီမသိ ပန်းနဲ့ညှိ"ဆိုရိုးစကားအရ ရာသီပန်းများသည် ပွဲတော်များနည်းတူ အရေးပါလှသည်။လအလိုက်ရာသီပန်းများမှာ
တန်ခူးလ ကံ့ကော်ပန်း
ကဆုန်လ စံကားပန်း
နယုန်လ စံပယ်ပန်း
ဝါဆိုလ မုလေးပန်း၊မြတ်လေးပန်း
ဝါခေါင်လ ခတ္တာပန်း
တော်သလင်းလ ရင်းမာပန်း
သီတင်းကျွတ်လ ကြာပန်း
တန်ဆောင်မုန်းလ ခဝဲပန်း
နတ်တော်လ သဇင်ပန်း
ပြာသိုလ ခွာညိုပန်း
တပို့တွဲလ ပေါက်လဲပန်း
တပေါင်းလ သရဖီပန်း များဖူးပွင့်ကြသည်။
ရာသီပွဲတော်များနှင့်ရာသီပန်းများသည် ခေတ်အဆက်ဆက်မှ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြစ်သည်။"မြန်မာ့ဂုဏ်ရည် ဆယ်နှစ်လရာသီ"ပွဲတော်များအနက် ကြည်နူးထူးခြားဖွယ် ပွဲတော်တစ်ခုမှာ သီတင်းကျွတ်လတွင် ကျင်းပသော သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ်ဓလေ့ထုံးတမ်းများသည် အလိုအလျောက်ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ သမိုင်းနောက်ခံအသီးသီးဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မပျောက်မပျက်ရလေအောင် သမိုင်းနောက်ခံကာလကို မသိစွာဖြင့် သူတစ်ပါးနွှဲသည့်အတွက် ကိုယ်ပါလိုက်ရောယောင်ကာ ပါဝင်ဆင်နွှဲ ထိန်းသိမ်းခြင်းမျိုးမဖြစ်သင့်ပေ။
ယခုခေတ်လူငယ်များတွင် ရိုးရာအမွေအနှစ်ဓလေ့ထုံးတမ်းကို ထိန်းသိမ်းခြင်းထက် ပျော်ပါးမွေ့လျော်ခြင်း၌သာ အားသာလာကြသည်။(အချို့ကိုသာဆိုလိုပါသည်)။ ရိုးရာအမွေအနှစ်ပွဲတော်များကျင်းပရာတွင်လည်း
-မည်သည့်အကြောင်းကြောင့် ကျင်းပခြင်း
-မည်သည့်ဓလေ့ထုံးတမ်းများရှိခြင်း
-မည်သို့သော ကာလနောက်ခံအကြောင်းအရင်းများရှိခြင်း စသည့်တို့ကို သတိမမူ အပျော်သာဆင်နွှဲကျင်းပနေကြသည်။ထိုအတိုင်းသာ ဆက်လက်ဆင်နွှဲကျင်းပနေမည်ဆိုပါက သီတင်းကျွတ်မီးထွန်းပွဲသည်သာမက "မြန်မာ့ဂုဏ်ဆောင် ဆယ့်နှစ်လရာသီ"ပွဲတော်များပါ မှေးမှိန်ပျောက်ကွယ်လာမည်ဖြစ်သည်။
သီတင်းကျွတ်လတွင် ကျင်းပသော သီတင်းကျွတ် မီးထွန်းပွဲတော်မှာ မီးထွန်းခြင်းသာမက လူကြီးမိဘများကိုကန်တော့ခြင်း၊ ဘုရားသွားကျောင်းတက် ဥပုသ်ယူခြင်း၊ အလှူဒါနပြုခြင်းတို့အပြင် ဒေသအလိုက် ဆင်နွှဲသော မတူကွဲပြားသောဓလေ့ထုံးတမ်းများကိုပါတွေ့ရှိရပါသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်လာပုံနှင့် ရိုးရာဓလေ့ထုံးတမ်းများအကြောင်းအား မျှဝေပေးချင်ပါသည်❤️
ရှေးအခါက သီတင်းကျွတ်လဟု မခေါ်ဆိုကြဘဲ သန်တူလဟု ခေါ်ဆိုရေးသားကြသည်ကို တွေ့ရပါသည် ။ သန်တူလ အဓိပ္ပာယ်မှာ ဝဿာန မိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ဆိုပါသည်။သန်တူလသည် ကောက်စပါးပင်များ ပေါက်ဖွား၊ ထွက်ထ၊ ထောင်မတ် လာသောလဟု အဓိပ္ပာယ်ရသည်ယူဆကြပါသည်။ထိုကဲ့သို့ အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြန်သည်။ ပုဂံခေတ်ထိုး ကျောက်စာတို့တွင် သီတင်းကျွတ်ဟူသောစကားကို အလျှင်းမတွေ့ရသလောက်ရှိပြီး သက္ကရာဇ် ၅၇၄ ခုနှစ်ထိုး တုရွင်း တောင်စောရဟန်း သိမ်ကျောက်စာအတွင်း စာသား တစ်နေရာ၌သာ သတင်းချွတ်ဟူသောအသုံးကို ရှေးဦးဆုံး တွေ့ရပါသည်။
သတင်းချွတ်ဟူသော စကားသည် သတင်းသီလစောင့်ထိန်း သူတို့ ချွတ်လွှတ်ကုန်ဆုံးအောင် ပြုသည် ဆိုသော အနက်လည်းဖြစ်ပါသည်။ ယခု သီတင်းကျွတ် ဟူသည့်အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်သည်။
သီတင်းကျွတ်လသည် မိုးဥတု၏ နောက်ပိုင်းချိန် လတစ်လလည်း ဖြစ်ဧ။်။ သီတင်းကျွတ်အခါသမယသည်အလွန်အင်မတန် မင်္ဂလာရှိလှပါသည်။ သုံးလောကထွဋ်ထားမြတ်စွာဘုရားရှင်သည် သိဒ္ဓတ္ထမင်းသားဘဝတွင် သီရိမဟာမာယာဘွဲ့ အမည်ရှိခဲ့သောမယ်တော်အား ကျေးဇူးဆပ်တရား ဟောကြားပြီး လူ့ပြည်သို့ပြန်ကြွသောအခါသမယ ဖြစ်၏။
မွေးမိခင်မယ်တော်သည် “တုသိတာ” နတ်ပြည်ရှိ “ သန္တုသိက“အမည်ရသောနတ်သား ဖြစ်နေပါသည်။
ဘုရားရှင်သည် ခမည်းတော်သုဒ္ဓေါဓနမင်းကြီးအား “ အနာဂါမ်တည် သည်အထိ တရားဖြင့် ကျေးဇူးဆပ်တော်မူခဲ့ပြီးဖြစ်၏။ ထို့ကြောင့်မယ်တော်ကို တရားဖြင့် ကျေးဇူးဆပ်ရန် နတ်ပြည်သို့ကြွတော်မူခြင်း ဖြစ်ပါသည်။ဟောကြားသည့်နေရာမှာ “တာဝတိံသာ နတ်ပြည်“ ပင်လယ်ကသစ်ပင်ရင်း၌ တည်ရှိသော“ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ“ ထက်တွင်ဖြစ်၏။
ဟောကြားသည့်တရားတော်မှာ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည့် အလွန်မှကျယ်ဝန်းခက်ခဲ နက်နဲသည့် “အဘိဓမ္မာ“ တရားဒေသနာတော်မြတ်ဖြစ်ပါသည်။တရားနာ ပရိတ်သတ်များမှာ သိကြားမင်းနှင့်မယ်တော်မိနတ်သားခေါ် သန္တု သိကနတ်သားအမှူးပြုသော နတ်ဗြဟ္မာများဖြစ်၏။ဘုရားရှင် အဘိဓမ္မာတရားဟောကြားရာတွင် လူ့သက်တမ်းအရဝါတွင်းသုံးလကြာမြင့်သော်လည်း နတ်သက်တမ်းအရ နာရီပိုင်းမျှသာကြာ၏။ ဘုရားရှင်သည် လူ့ခန္ဓာကိုယ်ဖြစ်သည့်အတွက် သုံးလလုံး တရားဆက်တိုက်ဟောနေခြင်းမျိုး မဟုတ်ဘဲ ဆွမ်းကိစ္စ ၊ ကိုယ်လက်သန့်စင်ကိစ္စများကို နေ့စဉ်အာရုဏ်တက်တိုင်း လူ့ပြည်သို့ပြန်ကြွကာ ပြုလုပ်ပါသည်။
ထိုသို့ကိုယ်လက်သန့်စင်နေသည့်အချိန်၌ မြတ်စွာဘုရားရှင်သည် နိမ္မိတရုပ်ပွားတော်မြတ် ဖန်ဆင်း ထားခဲ့ပြီး မြတ်စွာဘုရား၏ မျက်နှာတော် ၊ အသံ ၊ ဟန် တထပ်တည်း တူကာ မြတ်စွာဘုရား နတ်ပြည်သို့ ပြန်မတက်လာခင်အထိ ကိုယ်စား တရားဟောရန် အဓိဋ္ဌာန်ထားခဲ့သည်။ရုပ်ပွားတော်မြတ် တရားဟောကြားနေသည့်အချိန်မှာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်သည် သပိတ်တော်ပိုက်ပြီး ဟိမဝန္တာတော “အနော တက်အိုင်“ မှာ မျက်နှာခံတွင်း သန့်ရှင်းတော်မူ၏။နတ်ပြည်မှာဟောကြားခဲ့သောအဘိဓမ္မာတရားကို မြတ်စွာဘုရားထံ ဝတ်ကြီးဝတ်ငယ် လာရောက်ခစားသည့် ရှင်သာရိပုတ္တရာထံ အကျဉ်း ပြန်လည်ဟောကြားပေးပြီး နတ်ပြည် ပြန်တက်ပါသည်။
ရှင်သာရိပုတ္တရာသည် ပညာအရာတွင် ဧတဒဂ်ရထားတာကြောင့် အကျဉ်းမျှနာရသောတရားကို အကျယ်သိမြင်နားလည်ပြီး ကျောင်းသို့ပြန် ရောက်သောအခါ နာကြားခဲ့သော အဘိဓမ္မာတရားတော်ကို သံဃာ အပေါင်းအား မကျဉ်းမကျယ် ပြန်လည်ဟောကြားပါသည်။
မြတ်စွာဘုရားသည်အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူအပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြုပြီး လူ့ပြည်သို့ သက်ဆင်းတော်မူသည်။ ထိုအကြောင်းအားအမှီပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာပွဲကျင်းပလေသည်။ မယ်တော်နတ်သားလည်း တရားနာယူအပြီး သောတာပန်တည်ပါသည်။လူ့ပြည်သို့ ပြန်ကြွမည့် မြတ်စွာဘုရားအား ရွှေစောင်းတန်း ၊ ငွေ စောင်းတန်း ၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းကြီးသုံးသွယ်ကို သိကြားမင်းက ဖန်ဆင်းပူဇော်ပါသည်။
မြတ်စွာဘုရားသည် ပတ္တမြား စောင်းတန်းမှ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးပြီး ကြွချီကာ ဗြဟ္မာအပေါင်းမှာ ရွှေစောင်းတန်း ၊ နတ်သိကြားတို့မှာ ငွေစောင်းတန်းတို့မှ ထီးတော်မိုး၍ ဆင်းသက်ကြသည်ကို ဖူးမြင်ရသူအပေါင်းမှ သပ္ပါယ် ကြည်ညိုလွန်း၍ တစ်ယောက်မကျန်ဘုရားဆုပန်ကြသည်။တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ထို့အချက်ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု လည်းခေါ်နိုင်ပါသည်။
မြတ်စွာဘုရား ဆင်းသက်တော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားရှင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားရှင်က" ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်" ဟု မိန့်ကြားတော်မူသည်ကို ရည်ရွယ်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။
ဘုရားရှင်ကြွဆင်းလာခြင်းကို သင်္ကဿနဂိုရ် ၊ သာဝတ္ထိ ၊ ဝေသာလီ ၊ ရာဇဂြိုလ်၊ ဗာရာဏသီစသည့်မြို့များမှ ပြည်သူများမှ ဆီမီး ၊ ပန်း ၊ နံ့သာ ၊ မီးရှူး ၊ မီးပန်းများနှင့်ပူဇော်ပြီးကြိုဆိုခဲ့ကြပါသည်။ထိုအစဉ်အလာကိုအစွဲပြုပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်ရက်များမှာ ဆီမီးထွန်းပြီး ပူဇော်ကြရာမှ သီတင်းကျွတ် မီးထွန်းပွဲတော်ဖြစ်လာခဲ့ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် လူကြီးသူမများကို ကန်တော့ကြသေးပါသည်။ထိုအစဉ်အလာမှာကား ကျွန်မဖတ်ဖူးသောစာအရ
ဝါတွင်းကာလ(မိုးတွင်းကာလ) တွင် ရဟန်းတော်များ နေ့ ၊ညမရွေး အကြောင်းကိစ္စရှိပါက တခြားရွာကူး ၊ဒီရွာကူးဖြင့်သွားကြရပါသည်။ထိုသို့ခရီးသွားကြလျှင် နေ့ခင်းဘက်ဆိုလျှင် ပြဿနာမရှိသော်လည်း ညဘက်တွင်မမြင်မစမ်းဖြင့် လူများ စိုတ်ပျိုးထားသော စပါးပင်ပျိုးပင် များကို တက်နင်းမိကြသည်။ထိုသို့တက်နင်းမိသည့်အခါ စပါးများ ပျက်ဆီး၍ လူများက မြတ်စွာဘုရားကို လာတိုင်ကြပါသည်။ ထို့ကြောင့် ဝါတွင်းသုံးလကာလတွင် ညဘက်ကို ဟိုဒီကူး ခရီးမသွားရ ကိုယ့်ကျောင်းတွင်သာ ကိုယ့်တရားကိုယ်အားထုတ်ကာနေရမည်ဟု မြတ်စွာဘုရားက ပညတ်ခဲ့ပါသည်။
ဝါမဝင်ခင်တွင် ရဟန်းတော်များမှ ဝါတွင်းမှာ တရားအားထုတ်ရန်အတွက် ဆရာရဟန်းတော်ကြီးများဆီမှ တရားအားထုတ်နည်းကို တောင်းကြပါသည်။ထိုသို့တောင်းပြီးသောအခါ မိုးတွင်းတစ်တွင်းလုံး ( တစ်ဝါတွင်း)လုံး ကိုယ့်ကျောင်းတွင် ကိုယ်တရားကျင့်ပါသည်။ ထိုသို့ကျင့်ခဲ့ပြီး၍ တရားထူးရသည့် သူများလည်းရ။ကိုယ်ရသည့် တရား၊ ကိုယ်မြင်သိခဲ့သော အရာများကို ဝါကျွတ်သည်နှင့် (မိုးကုန်သည်နှင့်) ဆရာဘုန်းတော်ကြီးများဆီကို ပြောပြရန် ရဟန်းတော်များက လာကြပါသည်။တရားကျင့်ရန်နည်းပေးခဲ့သော ဆရာကို ကန်တော့ရင်းဖြင့် လာကြပါသည်။ ဆရာ့ကျေးဇူးကို အောက်မေ့ သတိရကာ ကျေးဇူးတင်စွာ လာကြခြင်းဖြစ်ပါသည်။
ဤအစဉ်အဆက်ကနေဖြင့် ရဟန်းတော်များ၏ ကျေးဇူးသိမှု ကန်တော့မှုကို အတုယူပြီး ဝါကျွတ်ချိန်တွင် လူများမှာ ကိုယ့်ပေါ်ကျေးဇူးရှိဖူးသူ၊ ကိုယ့်ထက်အသက်ကြီးသူများကို ကန်တော့ကြသောအစဉ်လာဖြစ်တည်လာခဲ့ပါသည်။
သီတင်းကျွတ်လတွင် ထူးခြားသော လက္ခဏာရပ်အဖြစ် ကြာပန်းများ ဖူးပွင့် လေ့ရှိကြောင်း တွေ့ရပါသည်။ မြန်မာတို့သည် ကြာပန်းကို သူတော်ကောင်းတရား၏ သင်္ကေတ အဖြစ် ညွှန်းဆိုလေ့ရှိကြသည်။ ထိုသဘောကို ‘ကြာငါးမည် ကြိုင်သင်းလို့’ဟူသောအဖွဲ့မျိုးဖြင့် တွေ့မြင်နိုင်ပါသည်။
လောကီရေးအနေဖြင့်လည်း ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဝါတွင်းကာလ၌ ထိမ်းမြားလက်ထပ်ခြင်း မပြုကြချေ။ ဝါကျွတ်သောအခါမှသာ စေ့စပ်ကြောင်းလမ်းခြင်း၊ ထိမ်းမြား လက်ထပ်ခြင်းတို့ကို ပြုလေ့ရှိကြပါသည်။ ထို့ကြောင့် ဝါလကင်းလွတ် သီတင်းကျွတ်လသည် တူနှစ်ကိုယ်နီးလိုသူ မောင်မယ်များအတွက် နှစ်သက်ကြည်နူးဖွယ် အချိန်အခါကောင်းဟု ဆိုနိုင် ပါသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်သည် ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်ဘဲ ဘာသာရေးနှင့်လည်းသက်ဆိုင်သောပွဲတော်တစ်ခုဖြစ်ပါသည်။ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ရိုးရာယဥ်ကျေးမှုပွဲတစ်ပွဲလည်းဖြစ်၏။
သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း(၁၄)ရက် နေ့ညမှ စကာ လပြည့်ညနှင့် လပြည့်ကျော်(၁)ရက်နေ့ညထိ သုံးရက်ကျင်းပလေ့ရှိပါသည်။
သီတင်းကျွတ်လဆန်း(၁၄)ရက် အဖိတ်နေ့ ညချမ်းနေဝင်ချိန်မှစကာ မြို့ကြီးပြကြီး များတွင်သာမက ကျေးလတ်တောရွာများမှာပါ ဆီမီးထွန်းပွဲတော်ကို ကျင်းပကြသည်။ မြို့ကြီးပြကြီးများရှိ အိမ်များ၊ လမ်းများ၊ အိမ်ရှေ့ဝရံတာများတွင် ဆီမီး ခွက်များ၊ ဖယောင်းတိုင်များကို ထိန်ထိန်ညီအောင် ညှိထွန်းလျက် ပရိတ်ရွတ်ခြင်း၊ ဓမ္မစကြာတရားရွတ်ခြင်း၊ ပဋ္ဌာန်းရွတ်ခြင်းများကို စုပေါင်းပြုလုပ်ကြပါသည်။
မြို့/ကျေးရွာ ဒေသအလိုက်ချစ်စဖွယ်မတူကွဲပြားသောဓလေ့များကိုပါတွေ့ရှိရပါသည်။ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလရောက်တိုင်း အညာဒေသ၏ ဘုရားပွဲတော်များတွင် ရိုးရာမပျက် မြန်မာ့ရိုးရာမုန့်ဆီကြော်နှင့် မုန့်လက်ခတ်များ အစဉ်အလာမပျက် ကြော်ကြကာ ဘုရားပွဲ လာမိတ်ဆွေများ၊ ဆွေးမျိုးသားချင်းများအား ဧည့်ခံကျွေးမွေးနိုင်ရန် ဘုရားပွဲမရောက်ခင်နှစ်ရက် ခန့်မှစတင်ကာ မုန့်ဆီကြော်၊ မုန့်လက်ခတ်များကြော်လေ့ရှိကြပါသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် သီတင်းကျွတ်လနှင့်တန်ဆောင်မုန်းလတွင် ဝါကျွတ် ဘုရား ဗုဒ္ဓပူဇနိယပွဲတော်များတွင် အစဉ်အလာမပျက် မြန်မာ့ရိုးရာ မုန့်များပြုလုပ်ကြပြီး အဆိုပါမုန့်များပြုလုပ်ရာတွင် ဒေသထွက်ကုန် ပစ္စည်းများသာ အသုံးပြုလျက် ရိုးရာအစားအစာ မုန့်ပဲသွားရေစာပြုလုပ်ကာ ဘုရားပွဲလာရောက်ကြသည့် မိတ်ဆွေများ၊ အပေါင်းအသင်းများအား ကျွေးမွေးဧည့်ခံခြင်း၊ ဘုရားပွဲအပြန် လက်ဆောင်ထည့်ပေးခြင်းများ ယနေ့တိုင် ရှိနေကြသေးပါသည်။
မြို့ရွာမကျန် မြန်မာမုန့်များပြုလုပ်ကြကာ လှူဒါန်းကြပါသည်။
ရှမ်းပြည်နယ်၏ တောင်ကြီးနှင့်လားရှိုးမြို့တို့၌ ထူးခြားသော ဓလေ့တစ်မျိုးရှိပါသေးသည်။ ထိုဓလေ့မှာ သီတင်းကျွတ်လပြည့်နေ့တွင် ကလေးများမှ အုပ်စုလိုက် "သူဌေးမင်းကြီး ပိုက်ဆံကျဲပါဗျို့"ဟု တစ်အိမ်ဝင်တစ်အိမ်ထွက်မုန့်ဖိုးတောင်းခြင်းဖြစ်သည်။အိမ်တိုင်းသည် တံခါးများဖွင့်ထားကာ ပိုက်ဆံ (သို့) သကြားလုံးများပေးကြပါသည်။ထိုသို့မုန့်ဖိုးရလာသောငွေများကို လူကြီးများကိုပြန်ကန်တော့ကာ ငွေရွှင်စေရန် အိတ်ဆောင်အဖြစ်ထားရှိကြပါသည်။မုန့်ဖိုးပေးသူများမှာလည်း ထိုနေ့တွင်လာတောင်းသူများအားပေးနိုင်လျှင် တစ်နှစ်တာလုံး ငွေဖောဖောသီသီသုံးနိုင်မည်ဟု ချစ်စဖွယ်အယူရှိကြပါသည်။(ဤသည်တို့မှာမြန်မာနိုင်ငံရှိဒေသများအနက်မှနေရာအချို့ကိုသာဖော်ပြရေးသားခြင်းဖြစ်ပါသည်)
ထိုသို့သောချစ်စဖွယ် ဓလေ့ထုံးတမ်းများနှင့် ရိုးရာအမွေအနှစ်ပွဲတော်ကို မြန်မာနိုင်ငံရှိဒေသများအလိုက် အမျိုးမျိုးကျင်းပကြပါသည်။ မြန်မာ့ဂုဏ်ဆောင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်အား အတာသင်္ကြန်လိုမဖြစ်စေရန် ထိန်းသိမ်းရမည်မှာ ပြည်သူပြည်သားတစ်ယောက်ခြင်းစီ၏ သမိုင်းပေးတာဝန်ဖြစ်ပါသည်။
ယဉ်ကျေးမှုအမွေအနှစ်ဟူသည် တန်ဖိုးထားမှုပေါ်တွင် မူတည်သည်။ပါဝင်ဆင်နွှဲတိုင်းလည်း မမြဲ။နောက်ခံသမိုင်းကြောင်းကိုသိရှိလျက် မိရိုးဖလာမပျောက်ပျက်လေအောင် ထိန်းသိမ်းနိုင်မှသာ တည်မြဲမည်ဖြစ်သည်။
ကိုးကားချက်။ ။သီတင်းကျွတ်လပြည့်နေ့၌ ဘုန်းတော်ကြီးကျောင်းမှ နာကြားရသောတရားတော်မြတ်အား ကိုးကားရေးသားပါသည်
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာချစ်သူလေးများအားအစဥ်ချစ်ခင်လေးစားကျေးဇူးတင်လျက်...
October.19.2024.Sat(9:26)
Maru(မာရု)
Keep Reading