မေပုံပြင်ဟန်
“မေမေ့ သူငယ်ချင်း စန်းမာလာလေ သူ့သားက သမီးကို လက်ထပ်ချင်လို့တဲ့”
သင်တန်းသားများ၏ အိမ်စာတို့ကို စစ်နေရင်းမှ နွယ်လေးရုံ၏ အာရုံများ ခဏတာ ထွေပြားသွားသည်။
သူ မေမေ့ကို တစ်ချက်လှမ်းကြည့်ရင်း မျက်မှန်အား ပင့်တင်လိုက်သည်။
“သမီးက လက်မထပ်ချင်ဘူးလို့ ပြောလိုက်ပါ”
“ဘာလို့လဲကွယ် နည်းနည်းလောက် လေ့လာကြည့်ပါဦးလား ကောင်လေးက တော်ရှာပါတယ်”
“သမီး လက်မထပ်ဘူး လေ့လည်း မလေ့လာချင်ဘူး
သူ့ကို တခြားတစ်ယောက်သာ ရှာခိုင်းလိုက်”
Laptopကို အာရုံပြန်စိုက်ရင်းမှ သူ့အမေအား သူလျစ်လျူရှုထားလိုက်သည်။
ဘဝကို ရိုးရှင်းတည်ငြိမ်စွာ
နေထိုင်ရှင်သန်ဖို့ ကြိုးစားသူတိုင်းသည်
တစ်ချိန်က ဒဏ်ရာအနာတရကြီးကြီး ရဖူးသူများ ဖြစ်လိမ့်မည်ဟု နွယ်လေးရုံ သတ်မှတ်သည်။
သူကိုယ်တိုင်လည်း ဆယ်ကျော်သက်ဘဝ ရူးမိုက်မှားယွင်းခဲ့စဉ်က စိတ်တွင်း ဒဏ်ရာတို့ကြောင့် သူ့ဘဝကို ယခုထက်ထိ ရိုးရှင်းနိုင်သမျှ ရိုးရှင်းစေရန် ကြိုးစားနေရသည်။
သူရွေးချယ်ခဲ့သည့်လမ်းကို မောရင်းပန်းရင်း တစ်ထောက်နားရင်း ဆက်လျှောက်ရင်းဖြင့် ယခုလို ဘာသာစကား ဆရာမအဖြစ် ဘဝကို
သူ အားရကျေနပ်စွာ ပိုင်ဆိုင်နေရပြီဖြစ်သည်။
မိဘနှစ်ပါးနှင့်အတူ နေထိုင်ပြီး ကိုယ့်ဝင်ငွေကိုယ်ရှာသုံးနိုင်သော ဘဝကို သူကျေနပ်သည်။
လွန်လပ်ပြီး အမှီခိုကင်းခြင်းကို သူ ခုံမင်သည်။
ရပ်ကွက်ထဲရှိ လူများနှင့် အဆက်အဆံလုပ်ခြင်း သိပ်မရှိလှသော်လည်း ငြိမ်သက်သေးကွေးသော သူတို့ရပ်ကွက်ထဲတွင် သူ့ကို ချွေးမတော်ချင်သူ သားမိခင်များ များစွာရှိနေခဲ့သည်။
ထို့ကြောင့် နွယ်လေးရုံသည် ပုံမှန်ထက် ခပ်တမ်းတမ်းသာ ဆက်ဆံတတ်ခဲ့သည်။
သူ့အတွက်တော့ တစ်ယောက်တည်း ရပ်တည်ခြင်းလောက် ဘယ်အရာမှ အပူအပင်ကင်းခြင်း မရှိလေတော့။
ယခု လာပြန်ပါပြီ ... လက်ထပ်ချင်တယ်တဲ့။
သူ့ဘဝတွင် ဘယ်အရာမဆို
စမ်းသပ်လုပ်ဆောင်ကြည့်ရန်၊ ကြိုးစားကြည့်ရန် အမြဲယုံကြည်ချက်ရှိခဲ့သည်။
သူ ယုံကြည်ချက် မရှိသော တစ်ခုတည်းသော အရာသည်ကား အိမ်ထောင်ရေးဖြစ်သည်။
ဘဝတစ်လျှောက်လုံး
လူနှစ်ယောက် အတူတကွ ပေါင်းစည်း နေထိုင်ဖို့ရန်၊
အိမ်ထောင်တစ်ခုကို အကောင်းဆုံးတည်ဆောက်ရန် သူ့အတွက် မဖြစ်နိုင်ဘူးဟု ထင်သည်။
ဒေါ်စန်းမာလာ၏ သားဆိုသူအား နွယ်လေးရုံ မသိ။
သိလည်း မသိချင်။
ထိုလူကတော့ နွယ်လေးရုံအား လွန်ခဲ့သော သုံးရက်ခန့်က တွေ့မြင်ချစ်မြတ်နိုးခဲ့သည်ဟုဆိုသည်။
တစ်ကြိမ်သာ တွေ့ဆုံဖူးသော နွယ့်အား ထိုလူက ဘယ်လိုစိတ်ဖြင့် လက်ထပ်ချင်ကြောင်း နွယ်မတွေးတတ်။
“သမီးရယ် ... ဒီတစ်ပတ်ပိတ်ရက်မှာ သွားတွေ့လိုက်ပါနော် လေ့လာရုံလေးပါ အဆင်မပြေဘူးဆို အပြတ်ငြင်းခဲ့လို့ ရပါတယ်”
နောက်ရက်မှာလည်း ထပ်တောင်းဆိုသည့် မေမေ့အား နွယ် စိတ်ဆိုးကာ လှည့်ကြည့်မိသည်။
သူ့ရင်ထဲက စိတ်ပျက်မှုအား မေမေ မသိတာလည်း မဟုတ်။
ဆယ်ကျော်သက်အရွယ်တွင် မှားယွင်းသောလူတစ်ယောက်နှင့် ချစ်ကြိုက်မိပြီး သူ ဘယ်လောက်ထိ ခံစားခဲ့ရကြောင်း သူမိသားစုကသာ အသိဆုံးဖြစ်သည်။
ဒါကြောင့်လည်း မေမေက သူ့ကို တစ်ယောက်တည်း ဖြစ်ကျန်ခဲ့မည်ကို ကြောက်နေခဲ့သည်။
တစ်ဦးတည်းသော အစ်ကိုဖြစ်သူက သူ့အိမ်ထောင်နှင့်သူမို့ မိဘနှစ်ပါး တိမ်းပါးချိန် နွယ့်အား တစ်ယောက်တည်း မကျန်ခဲ့စေလိုသော မေမေ့စိုးရိမ်ပူပန်မှုများဖြစ်သည်။
“စိတ်တိုင်းမကျရင် အားမနာတမ်း ငြင်းခဲ့မှာနော် မေမေ”
မေမေသည် ပျော်ရွှင်မှုအား မဖုံးကွယ်နိုင်ခဲ့ပေ။
*****
နှစ်ဖက်မိဘ၏ ချိန်းဆိုပေးမှုဖြင့် တနင်္ဂနွေတစ်ခု၏ မနက်တွင် သူတို့နှစ်ယောက်တွေ့ဖို့ ဖြစ်လာကြသည်။
နွယ်သည် ရှပ် လက်ရှည်လေးကို တံတောင်ထိ ခေါက်တင်ထားပြီး Style pants
အရောင်ဖျော့လေးဖြင့် ရိုးရိုးရှင်းရှင်းပဲ
ပြင်ဆင်ထားသည်။
လည်ကုပ်အောက် အနည်းငယ်ကျော်နေသော ဆံပင်တို့အား စုစည်းထားလိုက်သည်။
ဖြူဝင်းသောသူ့မျက်နှာပေါ်တွင် ပန်းဖျော့ရောင်နှုတ်ခမ်းနီလေးကသာ နေရာယူထားသည်။
မိဘများ ချိန်းဆိုပေးသော စားသောက်ဆိုင်တစ်ခုထဲသို့ နွယ် ပထမဦးစွာနေရာယူခြင်းဖြင့်
ယောက်ျားလေးကသာ စောလာရမည်ဟူသော အယူကို သူဟာ ပယ်ချသည်။
နွယ်ထိုင်လျှင်ထိုင်ချင်းမှာပဲ ဆိုင်ထဲမှ ကောင်လေးတစ်ယောက်သည် အစားအသောက်များ အဆင်သင့်လာပို့ပါ၏။
“အစ်မ မမှာရသေးဘူးလေ မောင်လေး”
“အစ်မနဲ့ချိန်းထားတဲ့ အစ်ကိုက ဖုန်းဆက်ပြီး ကြိုမှာပေးထားတာပါ”
ချလာပေးသော အစားအသောက်များကို
ကြည့်လိုက်သောအခါ ဒီဆိုင်လာလျှင်
သူစားနေကျ စားစရာများနှင့်
သောက်စရာတစ်ချို့ဖြစ်နေသည်။
ဒီအရာတွေကို သိရရန် ထိုလူ ဘယ်သူတွေကိုများ အသုံးချခဲ့သနည်း။
သူတို့ချိန်းဆိုထားသော မနက် ကိုးနာရီတိတိတွင် အမျိုးသားတစ်ယောက် သူ့အရှေ့တွင် လာထိုင်ပါသည်။
ဦးစွာ
ရည်ရွှမ်းလဲ့နေသော မျက်လုံးများဖြင့်
လာရောက်ကြည့်သည့်အတွက် နွယ်က သာမန်ကာလျှံကာ ပြန်ပြုံးပြလိုက်ရသည်။
“ကျွန်တော် ချမ်းရေးပါ”
“နွယ်လေးရုံပါ”
နွယ့်အသံကို ကြားလိုက်ရချိန်တွင် ချမ်းရေးဆိုသော လူ၏ မျက်လုံးများ ဝိုင်းကျယ်သွားပြန်သည်။
လွန်စွာ အံ့ဩနေသော စိတ်အား သူ့မျက်နှာပေါ်တွင် အတိုင်းသားပေါ်နေသည်။
“အရင်ဆုံး ကျွန်တော် ... နွယ်စားနေကျ စားစရာတွေကို သိရဖို့ ဒီဆိုင်က ကောင်လေးတွေကို မေးခဲ့ရလို့ တောင်းပန်ပါတယ်
ဒီဆိုင်က အရမ်းစောင့်ရတယ်ဆိုလို့ ရောက်ရောက်ချင်း နွယ့်ကို စားစေချင်လို့ ကြိုမှာခဲ့တာပါ”
နွယ်သည် ဘာစကားတစ်ခွန်းမှ မတုံ့ပြန်ဘဲ ခေါင်းသာ ညိတ်ပြခဲ့သည်။
အသက်(၃၄)နှစ်ဆိုသော အရွယ်တစ်ခုအလျောက် သူ့ပုံစံက တည်ကြည်ခန့်ညားသည်။
ရုပ်အချောကြီးထဲ မပါပေမဲ့ ဝတ်တတ်စားတတ်ကာ သန့်ပြန့်သည်။
အလုပ်ခွင်တွင် Professionalကျပြီး တည်ငြိမ်သည်ဟု သတင်းကြားခဲ့သလောက် နွယ့်အရှေ့တွင်ရှိသော သူ့ပုံစံက အနည်းငယ် စိတ်လှုပ်ရှားနေဟန်ပေါ်သည်။
“နွယ့်ကို ဘာလို့များ လက်ထပ်ချင်တာလဲ”
စူးရဲတောက်ပသော နွယ့်မျက်လုံးအား သူတစ်ချက်မော့ကြည့်ကာ ချက်ချင်းဆိုသလို အစားအသောက်များဆီ အကြည့်ပြန်ပို့ပါသည်။
“နွယ့်ကို မြင်မြင်ချင်းမှာ ဒီမိန်းကလေးသာ ငါနဲ့အမြဲအတူရှိရင် ငါ စိတ်ချမ်းသာရမှာပဲလို့ တွေးမိခဲ့လို့ပါ”
“ဒါက မိုက်ရူးရဲဆန်တာပဲ လူလတ်ပိုင်းအရွယ်ရှိနေပြီဖြစ်တဲ့ ကိုချမ်းရေးလို လူက တစ်ခါပဲ မြင်ဖူးတဲ့ မိန်းကလေးကို လက်ထပ်ချင်ရတယ်လို့
ပြီးတော့ ... တစ်ကိုယ်ကောင်းဆန်တယ်”
“ဗျာ...”
“မိန်းကလေးတစ်ယောက်ကို ကိုယ် စိတ်ချမ်းသာဖို့ လက်ထပ်ချင်တာဟာ တစ်ကိုယ်ကောင်းဆန်တာပဲပေါ့
အကယ်၍ ဒီလက်ထပ်မှုမှာ ကိုချမ်းရေးတစ်ယောက်တည်းကသာ ပျော်ရွှင်ရပြီး
နွယ်က မပျော်ရရင်ရော...”
“ခဏ နွယ် ... ကျွန်တော်စကားမှားသွားတယ်လို့ မှတ်ပေးပါ ကျွန်တော့်ကို ပြင်းပြင်းထန်ထန် မဝေဖန်ပါနဲ့ဦး”
ထိုအခါမှသာ နွယ်သည် သူ့စကားများကို သတိပြန်ထားမိသွားသည်။
လူတစ်ယောက်အကြောင်းကို သေချာမသိရသေးခင်မှာပဲ သူအားမနာတမ်း ဝေဖန်မိခဲ့သည်။
“ဆောရီး ... နွယ် စိတ်လောသွားတယ်”
“ကျွန်တော့်ဘက်ကလည်း မှန်နေတာမျိုး မဟုတ်ပေမဲ့ ကျွန်တော့်ကိုတော့ ချက်ချင်း မငြင်းလိုက်ပါနဲ့နော်
အခွင့်အရေးအနေနဲ့ ရက်နည်းနည်းလောက် ကြိုးစားခွင့်ပေးပါ”
အမှန်တကယ်ကြီး လေးလေးနက်နက်တောင်းဆိုနေသူကြောင့် နွယ် အနည်းငယ်တော့ အားနာသွားရသည်။
နွယ်သည် သူနှင့်တွေ့မည့်လူက ဘယ်လိုလူဖြစ်နေပါစေ ချက်ချင်းငြင်းပစ်ရန် ဆုံးဖြတ်လာသူဖြစ်သည်။
“လူတစ်ယောက်ကို လေ့လာရင်း အချိန်မကုန်ချင်ပေမဲ့ လူကြီးတွေမျက်နှာကြောင့် အခွင့်အရေးပေးလိုက်ပါမယ်”
“အပြန်အလှန်အနေနဲ့ နွယ့်ဘက်ကလည်း တစ်ခုပြန်လုပ်ပေးပါ”
“ဘာများလဲ”
“ကျွန်တော်ကြိုးစားနေစဉ်အတွင်းမှာ နွယ့်စိတ်ကို ဖွင့်ထားပေးပါ
ဒီလူကို ငါလုံးဝ လက်မခံဘူးဆိုပြီး တင်းခံနေတာထက်
ဒီလူဆိုရင်ရော အဆင်ပြေနိုင်မလား ဆိုပြီး”
နွယ့်မျက်နှာ အနည်းငယ်တင်းသွားချိန် ချမ်းရေး ပြာပြာသလဲနှင့် ဖြေရှင်းချက်ပေးပါသည်။
“စိတ်မဆိုးပါနဲ့ နွယ် ဒါမှလည်း ကျွန်တော့အတွက် တရားမှာမို့လို့ပါ”
အမှန်တော့ နွယ်စိတ်ဆိုးသွားခြင်း မဟုတ်ပါ။
ချမ်းရေးက မိမိစိတ်ကို သိလွန်းအားကြီး၍ နွယ် ရှက်သွားခြင်းသာဖြစ်သည်။
“ဒီလကုန်ထိပဲ နွယ် အချိန်ပေးမယ်”
“ဒီလ မကုန်ခင် နွယ် ကျွန်တော့်ကို စိတ်ယိုင်ပေးရင် ကောင်းမယ်”
ယောက်ျားတစ်ယောက်၏ ရှက်ရွံ့မှုအား နွယ် ပထမဆုံးအကြိမ်မြင်လိုက်ချိန် နွယ့် နှလုံးသား ထူးဆန်းသွားရသည်။
ဒါကို နွယ် မသိကျိုးနွံပြုလိုက်ရသည်။
ထိုနေ့က ဘာရယ်တော့ ထူးထူးခြားခြား မဟုတ်။ တစ်ယောက်အကြောင်းတစ်ယောက် မိတ်ဆက်ကြရင်းဖြင့်သာ အိမ်ပြန်ဖြစ်ခဲ့ကြသည်။
သူက နွယ့်ကို အိမ်ပြန်ပို့ချင်သည်။
နွယ်ကတော့ သူကိုယ်တိုင်မောင်းလာသော ကားလေးကို အပြန်တွင်လည်း ကိုယ်တိုင်သာ မောင်းပြန်ချင်သည်။
ဒါဟာ တစ်ယောက်တည်း နေလာခဲ့သူ နွယ့်ရဲ့ နဂိုအမူအကျင့်မို့ ချမ်းရေး အရှုံးပေးလိုက်ရသည်။
သူသည် နွယ့်ကို နွယ့်ပုံစံလေးအတိုင်း ချစ်မြတ်နိုးသောကြောင့်ဖြစ်သည်။
*****
မနက် သင်တန်းချိန်အမီ ရောက်ရန် နွယ် ကားကို ဂရုတစိုက်မောင်းနေရသည်။
ရုံးသွားချိန်ဖြစ်သောကြောင့် လမ်းမတွင် ကားများဖြင့် ပြည့်နေသည်။
မီးပွိုင့်ကို တစ်ချက်လှမ်းကြည့်ရင်း သက်ပြင်းချမိချိန် အရှေ့တွင် ရှိနေသော ဖုန်းလေးက အသံထမြည်လာသည်။
'ကိုချမ်းရေး'
မနေ့ကလေးတင် အသစ်စက်စက်ရောက်ခဲ့သော Contact လေးက မနက်စောစီးမှာပဲ ခေါ်ပါသည်။
“ဟယ်လို”
ကားကို ဆက်လက်မောင်းနှင်ရင်း တစ်ဖက်သို့ ဖုန်းပြန်ဖြေရသည်။
ဤအခြေအနေကို နွယ် သဘောကျနေသည်ဟု ပြော လျှင် လိမ်ရာကျမည်။
နွယ်သည် သူတစ်ခုခုကို အာရုံစိုက်လုပ်နေစဉ် တစ်စုံတစ်ယောက်နှင့် စကားပြောရမည်ကို မုန်းသည်။
“နွယ် ဘာလုပ်နေလဲဟင်”
“နွယ် သင်တန်းကို ဘေးကင်းကင်းနဲ့ ရောက်ဖို့အတွက် ကားကို ဂရုတစိုက်မောင်းနေရပါတယ်”
နွယ့်အသံမှာ စိတ်မရှည်ခြင်းများ ပါသွားသည်မှာ အမှန်ပင်။
“အာ ... ကျွန်တော် နှောင့်ယှက်မိသွားရင် ဆောရီးပါ
ကျွန်တော်နဲ့ ရုံးချိန်မတူတာကို မေ့သွားခဲ့တယ်”
“ကိုချမ်းရေး ဘာကိစ္စများရှိလို့လဲ”
“ကိစ္စတော့ မရှိပါဘူး ကျွန်တော်တို့ ဘယ်နေ့ထပ်တွေ့ရမလဲ သိချင်လို့ပါ
လဝက်က ကျိုးတော့မှာမို့ လကုန်မှာကို ကျွန်တော်စိုးရိမ်လို့ပါ”
နွယ်သည် သက်ပြင်းကို ခပ်တိုးတိုးချရင်း ကားကို ပါကင်ထိုးကာ ရပ်လိုက်သည်။
“ဒီရက်ထဲတော့ တွေ့ဖို့ မဖြစ်နိုင်သေးဘူး
သီတင်းကျွတ်ပိတ်ရက်မှ တွေ့လို့ရမယ်”
“ဒါဆို ... ဗုဒ္ဓဟူးနေ့ပေါ့နော်”
သူ့အသံသည် ခပ်မြူးမြူးလေးဖြစ်သွားသည်။
“ဟုတ်”
ဗုဒ္ဓဟူးနေ့ မရောက်ခင် နှစ်ရက်အတွင်း သူတို့နှစ်ယောက် ညဘက်တွေ ဖုန်းပြောဖြစ်ခဲ့ကြသည်။
ချမ်းရေးက နွယ့်ကို ဖယောင်းတိုင်ထုတ်သော အိမ်တွင် ပထမဆုံးတွေ့မိကာ သဘောကျခဲ့ရသည်ဟု ဝန်ခံသည်။
သီတင်းကျွတ်အတွက် ကြာပန်းပုံဖယောင်းတိုင်များ သွားဝယ်စဉ်က ဖြစ်လိမ့်မည်။
ချမ်းရေးပြောပြသလောက် ဒီမတိုင်ခင်မှာ မိန်းကလေးများစွာနှင့် မိတ်ဆက်ခြင်းကို ခံခဲ့ဖူးသည်ဟု ဆိုသည်။
သူ့အိမ်က သူ့ကို အိမ်ထောင်ပြုစေချင်သည်။
သို့သော် သူကတော့ မိတ်ဆက်လာသော မိန်းကလေးများအား သဘောကျခြင်း မရှိခဲ့ပေ။
သူ့ဘဝတွင် မိန်းကလေးတစ်ယောက်ကိုလည်း ချစ်ရေးဆိုခဲ့ဖူးခြင်းမရှိ။
ယခုမှသာ နွယ့်ကိုမြင်၍ ပိုင်ဆိုင်မိခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း သူ့အိမ်က နွယ့်ကို သဘောအကျကြီး ကျနေကြသည်ဟု ဆိုသည်။
ဒါတွေဟာ ချမ်းရေးပါးစပ်က ပြောနေခြင်းဖြစ်၍ နွယ် ယုံကြည်လှသည်တော့ မဟုတ်။
ဒီလို ပျားရည်တမျှ ချိုလှသော စကားလုံးများဖြင့် နွယ် ခံခဲ့ရပြီးပြီ။
“ကိုချမ်းရေး အခု ပြောတာတွေကို ဘယ်လိုသက်သေပြနိုင်လဲ”
“ဗျာ...”
“လူတစ်ယောက်က အပြစ်ကင်းချင်ယောင်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြဖို့ မခက်ဘူးလေ
အထူးသဖြင့် မိန်းမတစ်ယောက်ဆီက အယုံအကြည်ကို လိုချင်ကြတဲ့ ယောက်ျားတွေမှာ အဲဒီအတတ်ပညာမျိုး ရှိနေတတ်တယ်”
“နွယ် ပြောတာ မမှားပါဘူး။ တစ်ခုပဲ...
နွယ် ဘယ်လိုလူတွေနဲ့ ဆုံဖူးခဲ့လဲ ကျွန်တော် မသိပေမဲ့ ကျွန်တော့လုပ်ရက်နဲ့ စကားတွေကို အဲဒီလူတွေနဲ့ နှိုင်းယှဉ်ပြီး သံသယဝင်တာမျိုး မဖြစ်စေချင်ဘူး”
“ဒါက နွယ့် လွတ်လပ်ခွင့်ပါ”
“မိန်းကလေးတစ်ယောက်ကို လှည့်စားဖို့ထက်
ကျွန်တော့စိတ်တွေကို နွယ်သိအောင် ဘယ်လိုပြရမလဲ စဉ်းစားရင်း နေ့တိုင်း ညတိုင်း အခက်တွေ့ရတာကိုတော့ နွယ်သိထားပေးပါ”
စကားလုံးလေးက လှလိုက်တာ။ နွယ့်အတွက် အခက်တွေ့ရတာလား။ အခက်မတွေ့ချင်ရင် ပိုင်ဆိုင်ဖို့ မကြိုးစားနဲ့လေလို့ ပြောပစ်ချင်ပေမဲ့ ထိုလူနှင့် စကားဆက်မပြောချင်တော့၍ ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်ကြတော့သည်။
*****
လပြည့်ညမတိုင်ခင် တစ်ရက်တွင် ချမ်းရေးနှင့် တွေ့ကြရန် ချိန်းဆိုထားသည်မို့ နွယ်က နေ့ခင်းနေ့လည်ပိုင်းတွင် သူနေသာသလိုသာ ခြံထဲဆင်းပြီး စာအုပ်ဖတ်ခြင်း ပြုလုပ်သည်။
ခြံရှေ့တွင် ကားတစ်စီးရပ်သံ ကြားလိုက်ရသော်လည်း မေမေက တံခါးနားတွင် ရှိနေပြီးသားမို့ နွယ် စာအုပ်သာ ဆက်ဖတ်နေလိုက်သည်။
“ဟယ် မာလာ ဘယ်ကလှည့်လာတာလဲ”
“ဘုန်းကြီးကျောင်းကနေ အပြန်ဒီဝင်လာလိုက်တာလေ
ဒါနဲ့ သမီးလေးရော”
စကားတို့ကို ကြားနေရသောကြောင့် နွယ်သည် စာအုပ်ဖြင့် ကွယ်နေရမှ မျက်လုံးလေးနှစ်လုံးဖော်ကာ လှမ်းအကဲခတ်လိုက်သည်။
တစ်ဆက်တည်းမှာပဲ ဒေါ်စန်းမာလာဘေးမှ အသံတိတ်ရပ်နေသော ချမ်းရေးကလည်း သူ့အား လှည့်ကြည့်လာသည်။
ထို့နောက် နွယ့်ကို ဝမ်းသာအားရပြုံးပြသည်။
ဆယ်ကျော်သက်လေးတစ်ယောက်လို လန်းဆန်းလှသည့်အပြုံးကြောင့် နွယ် လူကြီးများကို ရှက်ရွံ့သွားရသည်။
နွယ်သည် စာအုပ်ကို ပိတ်ကာ နေရာမှ ထသွားလိုက်သည်။
“အိမ်ထဲဝင်လေ အန်တီတို့”
“အေးအေး ဝင်မယ် နွယ်လေးက အလှလေးပဲ အဲဒါကြောင့်လည်း အန်တီသားက...”
“မေမေ အန်တီတို့ဖို့ မုန့်တွေပါတာ ပေးလိုက်ဦးလေ”
ချမ်းရေးက သူ့အမေနှုတ်ကို ထိုသို့ပိတ်လိုက်၍ နွယ့်ပါးနှစ်ဖက် နီမြန်းသွားရသည်။
ကလေးတစ်ယောက်လို ဖြစ်သမျှအကြောင်း သူ့အမေကို ပြန်ပြောနေသလားပဲ...။
ထိုနေ့ညက သူတို့နှစ်ယောက်လုံး ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းသို့ ဆီမီးများ သွားပူဇော်ကြသည်။
ချမ်းရေးမတွေ့ဖူးခဲ့သည့် နွယ့်ရဲ့ မြန်မာဆန်ဆန်အလှက မီးရောင်စုံများကြား ကျက်သရေတင့်နေသည်။
ဘုန်းကြီးကျောင်းကထွက်ပြီး ဆီမီးနှင့် လျှပ်စစ်မီးလုံးလေးများ မြိုင်မြိုင်ဆိုင်ဆိုင် ထွန်းထားသော လမ်းထဲသို့ အတူလျှောက်ဖြစ်ကြသည်။
“နွယ်”
နွယ် ကြားပါသော်လည်း ပြန်မထူးမိ။
လက်ပိုက်လျက်သားအတိုင်း
ဆက်လျှောက်နေလိုက်သည်။
“နေ့လည်က ... ကျွန်တော်တိုက်တွန်းလို့ မေမေက အဖော်လိုက်ပို့ခဲ့တာပါ”
ဟင်
“အဖော်လိုက်တယ်ပြောရအောင် ကိုချမ်းရေးကို နွယ်က ဘာလုပ်မှာမို့လို့လဲ”
“မ မဟုတ်ဘူးလေ...။ ညဘက်မှတွေ့ဖို့ချိန်းထားတာကို ကျွန်တော်က နေ့လည်ကြီး ရောက်လာရင် နွယ်စိတ်ခုသွားမှာစိုးလို့ပါ”
“အဲဒါနဲ့ပဲ အန်တီစန်းမာလာက ဘုန်းကြီးကျောင်းကအပြန် မုသာဝါဒကံကျူးလွန်လိုက်တယ်ဆိုပါတော့”
“အဲ ... အဲလို မ...”
ဒေဝေါကို ကြောက်သော ကလေးတစ်ယောက်လို မိခင်အား ငရဲပေးမိမည်ကြောက်သော ချမ်းရေးသည် စကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရသည်။
နွယ်သည် ချမ်းရေးကိုကြည့်ရင်း အသံထွက်ကာ ရယ်မောမိသွားသည်။
“ကိုချမ်းရေးက အရမ်းရယ်ရတာပဲ”
ချမ်းရေးသည် နွယ်၏ ပထမဆုံးသော ရယ်မောပုံကို သတိလက်လွတ်ငေးနေရင်းမှ သူ့ကုပ်သူ လည်ဝါးဖြင့် ရှက်ရွံ့စွာ ပွတ်သပ်မိသည်။
ထိုကလေးမအား သူ လက်မလွှတ်နိုင်သော အကြောင်းများ တစ်စတစ်စများပြားလာတော့သည်။
“နောက်နေ့တွေမှာပါ ကျွန်တော်တို့ တွေ့လို့ရနိုင်တယ်မလားဟင်”
နွယ်သည် ချမ်းရေး၏ တောင်းပန်တိုးလျှိုးနေသော
မျက်လုံးတို့အား ထဲထဲဝင်ဝင်စိုက်ကြည့်ရင်းမှ
ချမ်းရေးစိတ်ထဲ ပုံဖော်ကြည့်မိသည်။
“အင်း ... တွေ့ကြတာပေါ့ လမကုန်ခင်အထိ အားလပ်ချိန်တိုင်း နွယ်တို့တွေ့နိုင်ပါတယ်”
ချမ်းရေး၏ နှလုံးသားထဲတွင် နွယ်ဟာ
လမင်းတစ်ပါးနှယ် ထွန်းလင်းဝင်းပသည်။
ကြယ်တစ်ပွင့်နှယ် တလက်လက်တောက်ပသည်။
ကြင်နာမှုနှင့် ပြတ်သားရဲရင့်မှုတို့ကို
နွယ့်မျက်ဝန်းထဲ မြင်ရသည့်အခါတိုင်း
သူ့ရဲ့ ပိုင်ဆိုင်လိုစိတ်က တဖြည်းဖြည်းတိုးပွားလာသည်။
သူ့ကို တစ်ချက်မော့ကြည့်လိုက်တိုင်း
နွယ့်မျက်လုံးထဲက ကြယ်တစ်ချို့ကို သူမြင်ရသည်။
ချမ်းရေး စိတ်ထဲ ထိန်းချုပ်နိုင်စွမ်းတို့ လျော့နည်းလာခဲ့ရသည်။
*****
နွယ်လေးရုံဟာ မာနကြီးပြီး
အမှတ်သည်းခြေကြီးကြောင်း သူသိပြီးဖြစ်သည်။
ထို့ကြောင့်လည်း နွယ်နှင့်ပတ်သတ်ပြီး
သူအမြဲ ဂရုတစိုက်ပြုမူနေထိုင်ခဲ့ရသည်။
နွယ့်ဆီကနေ
အရင်မြင်နေကျ သံသယအပြည့်ဖြင့် အကြည့်တွေအစား
နူးညံ့သိမ်မွေ့သည့် အကြည့်တို့ကို
ရရှိဖူးချိန်မှ စ၍ သူ့ဆီတွင် နွယ်နှင့်ပတ်သတ်ပြီး
ယုံကြည်ချက်တွေ ပိုမိုခိုင်မာလာခဲ့သည်။
“မနက်ဖြန် လကုန်ပြီမို့ ကျွန်တော် အရမ်းရင်ခုန်လာတယ်”
“ဘာဖြစ်လို့...”
“နွယ့်ဆီကနေ ကျွန်တော် နိုင်သလား ရှုံးသလားဆိုတဲ့ ရလဒ်ကို အဆုံးဖြတ်ပေးနိုင်မယ့် နေ့မလား
နွယ် မေ့နေတာလား”
နွယ်လေးရုံ မေ့နေတာတော့ အမှန်ပင်။
အရင်ကတော့ ယောက်ျားတစ်ယောက်ဖြင့် ပတ်သတ်ဖို့ကို အတော်စိတ်ပင်ပန်းခဲ့သည့် သူက
ယခုဆိုလျှင် ချမ်းရေးဖြင့် နေ့စဉ်ဓူဝ တွေ့ဆုံ စကားပြောနေရသည့်အဖြစ်ကို
သူ ခုံမင်လာခဲ့သည်။
သူ ချမ်းရေးကို သံယောဇဉ်ဖြစ်မိနေပြီလားလို့
တွေးမိတော့ ရင်ထဲ လေးလံသွားရပြန်သည်။
ချမ်းရေးက သူ့ကို တကယ်ပဲ သစ္စာရှိနိုင်ပါ့မလား။
“နွယ် မမေ့ပါဘူး ... ဒါပေမဲ့ နွယ် ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် ကိုချမ်းရေး လက်ခံနိုင်ဖို့တော့လိုတယ်”
“ကျိန်းသေပေါက် ကျွန်တော် လက်ခံမှာပါ”
“ဟယ် ချမ်းရေးပါလား”
သူတို့ထိုင်နေသည့်အနားအား အမျိုးသမီးတစ်ယောက် လာရောက်နှုတ်ဆက်သည်။
နွယ့်မျက်လုံးတို့က အအေးခွက်ဆီကိုသာ
စိုက်ကြည့်နေပေမဲ့ အမျိုးသမီး၏ အသံကို
ဂရုတစိုက်နားထောင်မိနေသည်။
“နင် အခုထိ အိမ်ထောင်ဖက်တွေ လျှောက်တွေ့နေသေးတာလား အဲအစား နင့်အိမ်ဘေးက ကောင်မလေးကို ယူလိုက်တာ မဟုတ်ဘူး
နင့်ကို ငယ်ငယ်တည်းက သံယောဇဉ်ရှိနေတာ တစ်လမ်းလုံးသိတဲ့ဟာကို”
ချမ်းရေးသည် ဖြတ်ခနဲဆိုသလို နွယ့်မျက်နှာကို လှမ်းကြည့်မိသည်။
နွယ့်မျက်လုံးတွေထဲမှာ မာနထိခိုက်ခြင်းနှင့် တုန်လှုပ်သည့်အရိပ်အယောင်များကို သိသာထင်ရှားစွာ တွေ့လိုက်ရသည်။
ချမ်းရေးခေါင်းထဲ ပူလောင်ပြာဝေသွားရ၏။
အမျိုးသမီး ထွက်သွားချိန်တွင်
နွယ် ထိုင်ခုံမှ ဆတ်ခနဲ ကောက်ထလိုက်သည်။
ချမ်းရေးသည် နွယ့်မျက်နှာအား သနားစဖွယ် စိုက်ကြည့်လျက်
တစ်ခုခုကို ပြောချင်နေဟန်ပြသည်။
သို့သော် နွယ်က အပြောမခံပေ။
“ရှေ့လျှောက် ဘယ်လိုဆက်ဖြစ်လိမ့်မယ်ဆိုတာကို မနက်ဖြန် နွယ် အကြောင်းပြန်လိုက်ပါမယ်”
ချမ်းရေး စိုးရိမ်ပူပန်ခဲ့ရသည့်အတိုင်း
နွယ်သည် သူ့မိခင်မှတစ်ဆင့် ချမ်းရေးအား လက်ထပ်ရန် ငြင်းဆိုခဲ့ပါသည်။
*****
“သမီး ... ချမ်းရေးက သမီးအတွက် စာတဲ့”
နွယ်သည် သူ့အမေလက်ထဲရှိ စာအိတ်ကို အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။
“ယူလိုက်ပါ သမီးကို နောက်ဆုံး ဆက်သွယ်တာလို့ ပြောလိုက်တယ်”
နွယ်သည် စာအိတ်အား ဖြတ်ခနဲ ယူပြီး သူ့အမေအရှေ့မှ ထွက်သွားလိုက်သည်။
ကားထဲဝင်ထိုင်ပြီးချိန်မှသာ စာအိတ်လေးကို နောက်တစ်ကြိမ်သေချာကြည့်မိပြန်သည်။
နွယ် စာအိတ်ကို ဖောက်လိုက်သည်။
အထဲမှ မွှေးပျံ့သော ရနံ့တစ်ခုနှင့်အတူ
လက်ရေးဝိုင်းလေးများအား မြင်လိုက်ချိန်
နွယ့်နှလုံးသား အောင့်သက်သွားရလေသည်။
“သို့ ... တစ်ဖက်သတ် ချစ်မြတ်နိုးရပါသော နွယ်
ပထမဦးစွာ နွယ့်ရဲ့စိတ်နဲ့ ခံယူချက်တွေကို
ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့မိလို့ ကျွန်တော် တောင်းပန်ပါရစေ
နွယ့်ရဲ့ ဆုံးဖြတ်ကိုလည်း ကျွန်တော် အထွန့်မတက်ဘဲ လက်ခံပါတယ်
အမှန်တိုင်း ဝန်ခံရရင် ဟိုအရင်က နွယ် အယုံကြည်ဆုံး ယောက်ျားတစ်ယောက်ဆီက ဖောက်ပြန်ခံခဲ့ရတဲ့အကြောင်းကို ကျွန်တော် အစောကတည်းက သိပြီးသားပါ
ဒါကြောင့်လည်း နွယ် အချစ်ရေးကို ထပ်မပတ်သတ်ရဲလောက်တဲ့အထိ ကြောက်ခဲ့ရတာကိုလည်း ကျွန်တော် သိပါတယ်
အဲဒီစိတ်တွေကို ကျွန်တော့်ရဲ့ အပြုအမူတွေနဲ့
ကုစားပေးနိုင်လောက်လိမ့်မယ်လို့လည်း
ယုံကြည်မှု လွန်ကဲခဲ့ပါတယ်
အဲဒီနေ့က နွယ်ကြားခဲ့ရသမျှဟာ
နွယ့်ရဲ့ စိတ်ဒဏ်ရာတွေကို ပြန်ပေါ်စေမိခဲ့ရင်
ကျွန်တော် စိတ်မကောင်းပါဘူး
နွယ် သိထားဖို့က ကျွန်တော်က နွယ့်မာနကိုရော နွယ့်အလှကိုရော နွယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုရော လေးစားချစ်ခင်ရတဲ့လူပါ
နွယ် မလိုချင်ခဲ့တဲ့ ချမ်းရေး။”
နွယ့်အပေါ်ထားသည့် သူ့စိတ်များကို
နောက်ဆုံးအနေဖြင့် ဖွင့်ဟသွားခြင်းဖြစ်လိမ့်မည်ဟု
နွယ် ယူဆလိုက်သည်။
******
နှစ်ပတ်ခန့်ကြာပြီးနောက်တွင်
နွယ့်ဆီသို့ သတင်းတစ်ခုက ပျံ့လွင့်လာခဲ့သည်။
“ချမ်းရေး လက်ထပ်တော့မယ်တဲ့”
ဒီလိုပဲ ဖြစ်လိမ့်မှာပေါ့ဟူ၍
နွယ် အထင်သေးစွာ ပြုံးလိုက်မိသေးသည်။
“တီချယ်နွယ်ရေ အရှေ့မှာ ဧည့်သည်ရောက်နေတယ်”
“ဘယ်သူလဲဟင်”
“...တဲ့”
ထိုနာမည်ကို ကြားလိုက်ချိန် နွယ့်မျက်ခုံးတို့ သိသာစွာ တွန့်ကွေးသွားရသည်။
နာမည်ကြားတိုင်း ဒေါသထွက်ရသည်မှလွဲ၍
ဘာတစ်ခုမှ ရလာခြင်း မရှိသူမို့
နွယ် ထိုနာမည်နှင့် ခပ်ကင်းကင်းနေခဲ့တာကြာပြီ။
အတန်းချိန်ပြီးဆုံးပြီးနောက် နွယ် ဧည့်သည်ဆီသို့
စိတ်ပျက်ခြင်းများစွာဖြင့် ရောက်သွားခဲ့သည်။
နောက်ကျောပုံစံကတောင် နွယ့်ကို နာကျင်စေသည်မို့
မျက်နှာချင်းဆိုင်တွေ့ဖို့ကို
အလွန် ကြိုးစားရသည်။
ထိုလူမှာ နွယ့်ရဲ့ ရည်းစားဟောင်းဖြစ်လေသည်။
သူက နွယ့်ကို မြင်မြင်ချင်း ပြုံးပြသည်။
နွယ်ကတော့ မပြုံးမရယ်ဖြင့် ဝင်ထိုင်ရင်းဖြင့်သာ
လာရင်း ကိစ္စကို မေးရသည်။
“ဘာကိစ္စလဲ”
“မနေ့က ငါ (....)လမ်းထဲကို အလုပ်ကိစ္စနဲ့ ရောက်သေးတယ်
ရောက်ရောက်ချင်း ချမ်းရေးဆိုတဲ့လူနဲ့ နင့်ရဲ့ သတင်းကို ကြားလိုက်လို့”
နွယ့်မျက်နှာ ရှိန်းခနဲ နီရဲသွားသည်။
“နင်နဲ့ ဘာဆိုင်လို့လဲ”
“စစပြီး ကြားတုန်းကတော့ ငါနဲ့မဆိုင်ပါဘူး
ဒါပေမဲ့ နင် အဲလူကို ငြင်းလိုက်တဲ့အကြောင်းပြချက်ကို ကြားတော့ ငါနဲ့ဆိုင်သွားတယ်ထင်လို့”
နွယ်သည် သူ့မျက်နှာကို သေချာစွာ အကဲခတ်ကြည့်မိသည်။
သူ့မျက်နှာသည် နွယ်နှင့်တွဲခဲ့စဉ်ကလို
အပြစ်ကင်းစင်ပြီး လွန်စွာချစ်တတ်သူတစ်ယောက်လို နူးညံ့နေသည်။
သို့သော် ထိုအမူအရာများသည် မျက်နှာဖုံး သက်သက်သာဖြစ်ကြောင်း နွယ်သိပြီးဖြစ်၍
ယခုတစ်ကြိမ်တွင်လည်း သူဘာပြောပြော နွယ်ယုံပေးရန် အစီအစဉ် မရှိ။
“နင်နဲ့ပြတ်ပြီးနောက်ပိုင်း ငါ ရည်းစားတွေ ထပ်ထားခဲ့သေးတယ်
နင်နဲ့ ရုပ်ချင်းဆင်တဲ့ မိန်းကလေးတွေတောင်
ပါရင်ပါဦးမယ်
ဒါပေမဲ့ ... နင်နဲ့ အကျင့်ချင်းတူတဲ့ လူတော့ မတွေ့ခဲ့ဖူးဘူး
အဲလိုပဲ တခြားရည်စားဟောင်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်း မတူကြဘူး”
“နင် ဘာပြောချင်တာလဲ”
“ငါ ပြောချင်တာက...”
သူက နွယ့်ကို အနူးညံ့ဆုံး ကြည့်ပြီး
ခပ်တိုးတိုးဆိုသည်။
“နင်နဲ့ စရိုက်ချင်းတူတဲ့လူကို ငါ့ဘဝမှာ ထပ်မတွေခဲ့သလို
ငါနဲ့ စရိုက်ချင်းတူတဲ့လူကိုလည်း နင်ထပ်တွေ့ချင်မှ တွေ့မှာ
အဲဒါကြောင့် စိတ်ထဲက သံသယတွေကို ခဏလောက် ဖယ်ကြည့်ပါလား”
“နင့်ဆီကို အကြံကို ငါမလိုဘူး”
သူက ပုခုံးတွန့်ကာ နေရာမှ ထသည်။
“လက်ခံတာ မခံတာက နင့်အပိုင်း”
သူ လှည့်ထွက်ပြီးကာမှ နောက်တစ်ကြိမ်ပြန်လှည့်လာပြန်သည်။
“နောက်ပြီး အရင်က နင့်အပေါ် ငါလွန်ခဲ့သမျှအတွက် တောင်းပန်ပါတယ်
မိန်းကလေးနှစ်ယောက်ကို
တစ်ပြိုင်တည်း တွဲတာက ငါ့အတွက် ဂုဏ်ယူစရာလို့ ထင်ခဲ့မိလို့”
ချက်ချင်း လှည့်ပြန်သွားသော
သူ့ကို နွယ် ငေးနေရင်းဖြင့် ခေါင်းထဲ ချမ်းရေးကို တွေးတောမိသွားသည်။
“နေဦး”
နွယ် သူ့အနောက်ကို ပြေးလိုက်ရင်း
အလောတကြီး မေးလိုက်သည်။
“နင်ကြားခဲ့တဲ့ သတင်းတွေထဲမှာ ကိုချမ်းရေး
အိမ်ထောင်ပြုတော့မယ်ဆိုတာရော ပါလား”
နွယ် စိတ်ထဲ သတင်းအမှားဖြစ်ရန်
ဆုတောင်းနေမိသည်မှာ ဘယ်နှကြိမ်မှန်း မရေတွက်နိုင်တော့။
“မသိဘူး”
မသေချာလှသော အဖြေကို ကြားလိုက်ရချိန်
နွယ် စိတ်ဓါတ်ကျသွားရလေသည်။
ထို့နောက် သူက ဆက်ပြောသည်။
“လမ်းထဲက အလှူခံမဏ္ဍာပ်မှာ နွယ့်ဆီက အချစ်ကို ပြန်ရပါစေ ဆိုပြီး မိုက်နဲ့အော်ခိုင်းတဲ့ သတင်းတော့ ကြားခဲ့တယ်
အခုလောက်ဆို ဆုတောင်းပြည့်အောင် ကထိန်လိုက်လှည့်နေလောက်ပြီ ဟားဟား”
နွယ်သည် စားပွဲပေါ်မှ ကားသော့ကို အမြန်ပြေးယူကာ
ချမ်းရေးဆီ ပြေးဖို့ တာဆူတော့သည်။
ချမ်းရေးတို့ရပ်ကွက်က ကထိန် ဘယ်လမ်းကို လှမ်းမည်ဖြစ်ကြောင်း မေမေ့ဆီမှ သတင်းရလိုက်၏။
လမ်းဘေးတွင်
မတ်တတ်ရပ်ကာ ရပ်ကြည့်နေသူများကြား
ဖြတ်သွားဖြတ်လာကားတစ်ချို့ကလည်း
တစ်ဆို့နေကြသည်။
နွယ်သည် စိတ်မရှည်စွာဖြင့် ကားထဲမှ အမြန်ဆင်းကာ နေပူဒဏ်ကို လျစ်လျူရှုလို့
ကထိန်လှည့်နေသူများကြား ကိုချမ်းရေးကို
ရှာဖွေရသည်။
နေကပူပူ လူက ထူထူနှင့် နွယ့်စိတ်တွေ မောဟိုက်လာချိန်တွင် နောက်မှလည်း အေးဆေးဆက်သွယ်လို့ရကြောင်း သတိပြုမိသွား၍ နွယ်ရှက်ရွံ့သွားရသည်။
“နွယ်”
လွမ်းခဲ့ရသည့် ခေါ်သံကို ကြားလိုက်ချိန်
နွယ် ပြာပြာသလဲ ရှာဖွေမိသည်။
သွားလာနေသော လူအများကြားတွင်
ခေါင်းလေးထိုးထိုးထောင်ထောင်ဖြင့်
မျှော်လင့်ချက်တို့ ယိုဖိတ်နေသော မျက်လုံးအစုံကို နွယ်တွေ့လိုက်ရသည်။
နွယ် စိတ်လိုလက်ရဖြင့် အလှပဆုံး ရယ်ပြလိုက်ချိန်
ကိုချမ်းရေး၏ စိတ်ချလက်ချ သက်ပြင်းချသံကို နွယ်ကြားလိုက်ရသလိုတောင် ထင်မိသည်။
ချမ်းရေး ဆုတောင်းကို နွယ် ဖြည့်ပေးနိုင်လိုက်ပါသည်။
>မေပုံပြင်ဟန်<
(18.10.2024)
Keep Reading