Author's Profile Photo

ဇွဲ

18/10/2024

အဆိပ်ပင်လယ်ထဲမှ သီတင်းကျွတ်ပွဲတော်

1 min read
General Knowledge
Art
History
အဆိပ်ပင်လယ်ထဲမှ သီတင်းကျွတ်ပွဲတော်'s photo

သီတင်းကျွတ်လပြည့်နေ့ကျော်လို့ လပြည့်ကျော်တစ်ရက်နေ့ရောက်ခဲ့ပြီ။ဆီမီးဝါဝါလင်းခဲ့ပေမယ့် ထင်သလောက်အရောင်မတောက်ခဲ့ဘူး။အဆိပ်ပင်လယ်လွှမ်းနေတဲ့ နယ်မြို့လေးမှာ ပျားရည်တစ်စက် အရသာဟာ မက်မောစရာမဖြစ်ခဲ့ဘူးလေ။တချို့လူတွေကတော့ အဆိပ်ပင်လယ်ထဲကူးခတ်ရင်း မျောပါလာတဲ့ ပျားရည်စက်လေးကို အရသာခံသောက်သုံးနေကြလေရဲ့။အဆိပ်အတောက်တွေ ရောယှက်နေတဲ့ပျားရည်စက်လေးဟာ နဂိုရှိသင့်တဲ့အချိုအရသာကို ပေးစွမ်းနိုင်မှာမဟုတ်ဘူးဆိုတာသိလျှက်နဲ့ပေါ့။တကယ်တော့ သီတင်းကျွတ်လပြည့်ညမတိုင်ခင်ကတည်းက မီးထွန်းပွဲတော်ကို ဆီမီးမြိုင်မြိုင်နဲ့ အကြိုကျင်းပခဲ့ကြတာကြာပါပြီ။တာဝတိံသာက ဆင်းသက်ကြွမြန်းလာမယ့် ဘုရားရှင်ကိုကြိုဆိုဖို့ လူအပေါင်းထွန်းညှိပူဇော်ကြတဲ့ ဆီမီးဖယောင်းတိုင်အလင်းရောင်မဟုတ်ပဲ ယက္ခဘီလူးစိတ်ကျေနပ်စေဖို့ နဂါးအပေါင်း မာန်ဟုန်သွင်းလို့ တိုက်သွင်းခဲ့ကြတဲ့ မီးလောင်ကုန်းများစွာမှ ထွက်ပေါ်လာတဲ့ အလျှံညီးညီးမီးတောက်တွေနဲ့ပေါ့။မြတ်စွာဘုရားရှင်လက်ထပ်က သီတင်းကျွတ်လပြည့်နေ့မှာ လူအပေါင်း ဆီမီးပူဇော်ကာ မြတ်စွာဘုရားရှင်နှင့် နတ်၊ဗြဟ္မာအပေါင်းကိုကြိုဆိုခဲ့ကြတယ်။အဲ့အချိန်ကာလက လူအပေါင်းပူဇော်တဲ့ဆီမီးအရောင်အဝါတွေကို နတ်၊ဗြဟ္မာအပေါင်း နှစ်ခြိုက်ခဲ့ကြမှာသေချာပါသည်။ယခု ကျွန်တော်တို့နိုင်ငံလေးက မြို့နယ်၊ရပ်ကွက်၊ကျေးရွာအပေါင်းမှ အလျှံညီးညီးတောက်လောင်နေသော မီးရောင်အပေါင်းမြင်ကာ နတ်မင်းများ စိတ်ကျေနပ်ပျော်ရွှင်နေကြပါသလား။သာမာန်မဟုတ်တဲ့ မီးတောက်မီးလျှံအပေါင်းမြင်ကာ ဇဝေဇဝါဖြစ်မိနေကြပါသလား။နတ်မိမယ်အပေါင်းနှင့် ပျော်ပါးစံမြန်းရင်း တရားအသိတစ်ချက်ဝင်မိခဲ့လျှင် ကျွန်တော်တို့နိုင်ငံလေးကို ငဲ့စောင်းကြည့်လို့ ဆိုင်ရာပိုင်ရာကို သတင်းပို့ပေး​စေလိုပါတယ်။ကျွန်တော်တို့ပြည်သူအပေါင်း တရားမျှတမှုနယ်မြေအတွင်း ချဥ်းနင်းဝင်ရောက်နိုင်ရေး မျိုးဆက်သစ်တို့အသက်ဇီဝိန်ကို တံတားခင်းပေးခဲ့သော်လည်း ယက္ခဘီလူး၏ ခြေအစုံအောက် ကျိုးပျက်ခဲ့ရတာများခဲ့ပါပြီ။ရှိခိုးစရာဘုရားမရှိ၊ဆည်းကပ်စရာ ဘုန်းကြီးကျောင်းများပျောက်ကွယ်သွားသဖြင့် လှူဖွယ်ပစ္စည်း မကပ်လှူနိုင်ကြတဲ့ ကျွန်တော်တို့ပြည်သူတွေဟာ အဘိဓမ္မာအခါတော်နေ့မှာ တရားမရနိုင်ကြတော့ပါ။ကုသိုလ်တရားရင်မှာမထားနိုင်လို့ ငရဲကျမယ်ဆိုရင်တောင် အရှင်လတ်လတ်ငရဲခံနေသူတွေမို့ အထူးတလည်ရင်ခုန်စရာမကောင်းတော့သည်မှာ အမှန်ဖြစ်သည်။
အဘိဓမ္မာအခါတော်နေ့မှာ မျက်စိလည်လမ်းမှားလို့ လူ့ပြည်ရောက်ရှိလာကြသည့် နတ်မင်းအပေါင်းရှိခဲ့သော် မြန်မာပြည်သူအပေါင်းတို့ ကိုယ်စား ဆုတောင်းတစ်ခုတောင်းလိုပါသည်။

ကျွန်ုပ်တို့ ဆုတောင်းကား -
'' ဝါလကင်းလွတ် သီတင်းကျွတ်မှာ ဒုက္ခအပေါင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ရကာ ဝဋ်ကြွေးအပေါင်းကျေပါစေကြောင်း............. ''

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၁၅)
18/10/2024 (Friday)




Keep Reading

Victor Hugo ဘဝအမောပြေမီးလောင်မြေသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)အမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအမွေအနှစ်လား လံကြုပ်လား အပိုင်းလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚