pyanshae
ခေါင်းလောင်းထိုးသွားသည်။ စာသင်ချိန်ပြီး၍ နောက်တချိန်မှာ ပန်းချီအချိန်ဖြစ်တာမို့ ကျောင်းသားများ ပျော်ရွှင်နေကြလေသည်။ ပန်းချီဆရာ ဆရာအောင်မိုးမှာ အသက်ငယ်ရွယ်သူဖြစ်သော်လည်း ဆရာသက်တမ်းမှာ မငယ်တော့ပေ။ ဆယ်တန်းအောင်မြင်ပြီးကတည်းက စာသင်ပေးလာခဲ့တာမို့ တပည့်အရေအတွက်မှာလဲမနည်းတော့။
ထို့ကြောင့် ကျောင်းသားတို့၏ စိတ်သဘောထားနှင့်ဆန္ဒကို သူကောင်းကောင်းသိ၏။ နားလည်၏။ ထို့ကြောင့် တပည့်များကလဲ သူ့အပေါ်၌ ချစ်ခင်တွယ်တာကြပြီး သူ့အချိန်ဆိုလျှင်ပင် ပျော်ရွှင်တက်ကြွနေလေ့ရှိသည်။
ဆရာအောင်မိုး အခန်းထဲသို့ဝင်လာ၏။ အားလုံးမတ်တပ်ရပ်ကာ နှုတ်ဆက်ကြလေသည်။
"ပဉ္ဓဂုနံ အဟံဝံသာမိ အာစရိယ ဂုနံအဟံဝံသာမိ..မဂ်လာပါဆရာကြီး"
"ဟုတ်ပီဟုတ်ပီ ထိုင်ကြထိုင်ကြ"
ဆရာအောင်မိုးမှာ ပန်းချီနှင့် မြန်မာစာကိုသင်ကြားပေးသူဖြစ်သည်။
"ကဲ စာမေးပွဲကလဲနီးပီဆိုတော့ ငါ့တပည့်တွေကို မေးခွန်းလေးနဲနဲ မေးလိုက်အုန်းမယ် ပီးရင် စာလုပ်ခိုင်းမယ် ဟုတ်ပြီနော် ဆရာ့မေးခွန်းကမခက်ပါဘူး ဖြေကြမယ်မဟုတ်လား"
"ဖြေပါမယ်ဆရာ" အားလုံးတညီတညာတည်း။
"ကဲ ဒါဖြင့်ငါ့တပည့်တို့ အသက်ကြီးလာရင် ဘာဖြစ်ချင်လဲ... ငါ့တပည့်တို့ရဲ့ရည်မှန်းချက်ကဘာလဲ ဥပမာ ဆရာတို့လို ကျောင်းဆရာဖြစ်ချင်လား၊ ရှေ့နေလား အဲလိုပေါ့"
"ကဲ သားကနေ စလိုက်ရအောင်"
"သားက အင်ဂျင်နီယာကြီးဖြစ်ချင်ပါတယ်ဆရာ"
"သားကဆရာဝန်"
"သားက သဘော်သား"
"သားက ဘောလုံးသမား"
ဒီလိုဖြင့်တရောက်ပြီးတရောက် မေး လာရင်းနဲ့ ဖိုးခွားအလှည့်သို့ရောက်လာတော့သည်။
"သားကတော့ စနိုဖီဘဲ ဖြစ်ချင်ပါတယ်ဆရာ"
"စနိုဖီ စနိုဖီဆိုတာဘာလဲ"
"စနိုဖီဆိုတာ သားအိမ်က ကြောင်မလေးပါဆရာ"
"ဟေ"
"ဟုတ်ပါတယ်ဆရာ ကြောင်ဖစ်ရင် ကျောင်းတက်ဖို့လဲမလိုသလို စာကျက်ဖို့လဲမလိုပါဘူး စာမေးပွဲဖြေစရာလဲမလိုတော့ပါဘူး... အစားစားတာ ၊အိပ်တာနဲ့ ဆော့တာပဲ လုပ်နေယုံပါဆရာ.... သူ့ကြည့်လိုက်ရင် အရမ်းဇိမ်ကျပါတယ်ဆရာ ကျနော် ကြောင်ပဲဖစ်ချင်ပါတယ် ဆရာတို့အင်ဂျင်နီယာတို့ ဖြစ်ချင်ရင် စာထပ်လုပ်နေရအုန်းမှာမို့လို့ ကျနော်ကတော့မဖြစ်ချင်တော့ပါဘူး"
တတန်းလုံးက ကျောင်းသားများက ဖိုးခွားရဲ့ အဖြေကို ဝိုင်းရယ်ကြလေသည်။ ဆရာအောင်မိုးမှာ လူငယ်ပီပီ ဖိုးခွားရဲ့စကားတို့ကိုသဘောကျနေတော့သည်။
"အင်း ဒီလိုဆိုတော့လဲ ဆရာတောင် ကြောင်ဖစ်ချင်သွားပီ"
အားလုံးက ဆရာ့စကားကြားတော့ ပို၍ပင် ရယ်မောကြလေသည်။ ထို့နောက် မိန်းကလေးများကို ဆက်လက်မေးပြီးနောက် စာလုပ်ခိုင်းသည်။
ဖိုးခွားရဲ့အဖြေဟာ အကြောင်းအရင်းမဲ့စွာလာသည်မဟုတ်။ သူ့၌ အကြောင်းများစွာရှိလေသည်။ ဖိုးခွားသည် ငယ်စဉ်ကတည်းက စာလိုက်ရာ၌အားနည်းလေသည်။ စာမေးပွဲနီးလာတိုင်း သူအမြဲ ပျာယာခတ်ရသည်ကြီး။ ကျူရှင်တွေ၊စာကျက်ဝိုင်းတွေယူနေပေမဲ့လည်း သူ စာကောင်းကောင်းမလိုက်နိုင်ပေ။ ခေါင်းထဲတွင်မှတ်ထားသည့်စာများမှာလဲ စာမေးပွဲဖြေခါနီးဆိုလျှင် ကြက်ပျောက်ငှက်ပျောက်ပင်။
နားမလည်သည့်စာများက ပို၍ခက်ခဲ၊ ခက်ခဲသောစာများအား ပို၍နားမလည် ဖြင့် အမြဲနှစ်ပင်လိမ်နေရတော့သည်။ စာပြန်ကြည့်ရအောင်ကလဲ မှတ်ထားသည့်အရာများက မပြည့်စုံသဖြင့် စာမေးပွဲနီးတိုင်း သူများစီကနေ အမြဲပြန်ပြန်ကူးရလေ့ရှိသည်။ ထို့ကြောင့် သူစာမေးပွဲဆိုသောအရာကိုလဲစိတ်ပျက်သည်။ စာကျက်ရတဲ့ ဘဝကိုလဲငြီးငွေ့လာတော့သည်။
ဆရာအခန်းထဲက ထွက်သွားသည့်အခါ အားလုံးက သူ့ကိုဝိုင်းနောက်ကြလေသည်။
"ဟျောင့် မင်းအမြီးထွက်နေပြီအမြီးအမြီး"
"ကြောင်လေးဖိုးခွားရေ လာပါအုန်း ခရင်မီလာစားအုန်း"
"ဖိုးခွားရေ မြီမြီ"
အားလုံးက သူ့အဖြေကို ရယ်မောကြပေမဲ့လဲ ဟာသသဘောဖြင့် သူဖြေခဲ့သည်မဟုတ်။ သူ တကယ်ဖြစ်ချင်တဲ့အရာကို သူတို့နည်းတူ ဖြေခဲ့ခြင်းပင်။
***
ဒီလိုနဲ့ ဖိုးခွားတစ်ယောက်ကျောင်းဆင်းတော့ ထုံးစံအတိုင်း ကျူရှင်သွား၊ ကျူရှင်ပြီးတော့ ညစာကျက်ဝိုင်းသို့ဆက်ရပြန်သည်။ အိမ်ပြန်ရောက်သည့်အခါ၌ ထမင်းစားချိန်ကိုကြည့်တော့ ၉နာရီပင် ထိုးလို့ကျော်ပြီပင်။ သူ့ရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝကို သူ စိတ်ပျက်လာလေသည်။ မနက် အဂ်လိပ်စာကျူရှင်သွား၊ ကျောင်းတက်၊ ကျောင်းဆင်းတော့ သချာ်ကျူရှင်ဆက်သွား၊ ပြီးတော့ ညစာကျက်။
"ညောင်"
ထိုအချိန် စနိုဖီက သူ့အနားကိုရောက်လာသည်။ ဖိုးခွားကောက်ချီလိုက်ပြီး...
"စနိုဖီ မင်းဘဲကောင်းတယ် သိလား အိပ်လိုက် စားလိုက်နဲ့ ဇိမ်ဘဲ"
"ညောင်"
"အေး ညောင် နေ"
"ဟူးး တခါလောက် မင်းလိုနေရရင် မိုက်မှာကွာ စာလဲမကျက်ရ ကျောင်းလဲမသွားရ"
"ညောင်"
သူဘာပြောပြော စနိုဖီကတော့ ညောင် တခွန်းသာပြောသည်။ ဒီလိုနဲ့ အိပ်ရာဝင်ခဲ့သည်။ တနေကုန်ပင်ပန်းထားတာမို့ ကုတင်ပေါ်ရောက်တာနဲ့ မျက်လုံးမှိတ်လိုက်တော့ တချိုးတည်းအိပ်ပျော်သွားတော့သည်။
"ညောင်" နားထဲမှာ ကြောင်သံ ကြားတချက်မကြားတချက်။ စိတ်ထဲမှာတော့ စနိုဖီအခန်းထဲဝင်လာတာဘဲ ဟု သတ်မှတ်ကာ ဆက်အိပ်လိုက်တယ်။ နောက်တနေ့မှာတော့သူဟာ အားအင်အပြည့်နဲ့နိုးလာပါတော့တယ်။ သို့သော် ကျောင်းသွားရမှာမို့ သူမထချင်ပေ။
တော်တော်ကြာ ပြန်အိပ်ပီးမှ နှိုးစက်သံလဲမကြားရ၊ သူ့အမေရဲ့ မနက်ခင်းဘုရားစာရွတ်သံလဲမကြားရသဖြင့် ဘယ်နှနာရီရှိပြီလဲသိချင်တာနဲ့ နာရီကို လိုက်စမ်းကြည့်မိသည်။
"ဟ အေးစက်စက်ကြီးပါလား ဘာကြီးလဲ"
သူ ထကြည့်မိလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ဟာ ပုံမှန်ထပ် ပိုပေါ့ပါးနေပီးတော့ လျင်မြန်နေသလို ပထမဆုံးခံစားလိုက်ရသည်။ အဲနောက်မှာတော့။
"ဟာ" သူလုံးဝ ရှော့ရသွားတော့တယ်။
"ငါ...ငါ ခေါင်မိုးပေါ်ကိုရောက်နေတာပါလား"
စောနက သူအိပ်တုန်းက ပြည်နံအိတ်ပေါ်မှာမို့ အေးစက်စက်အထိအတွေ့ကိုမရလိုက်ပေမဲ့ အခုတော့ မျက်ဝါးထင်းထင်း မြင်နေရပြီ။ သူရုတ်တရက် စိတ်ဂယောက်ဂယက်ဖြစ်ပီး လှုပ်ရှားလိုက်သည့်အခါ ခေါင်မိုးမြည်သံကြီးမှာ ဆူညံအောင်ထွက်လာလေတော့သည်။
"အမေ ရေအမေ"
"ညောင် ညောင်"
ဟင်။ ဘာအသံကြီးလဲ။ ဘယ်ကလဲ။ ဘေးဘီကို သူရှာကြည့်တယ်။ ဘယ်သူမှမရှိ။
"ညောင်"
ဟာ။ ငါ... ငါ့စီက ထွက်တဲ့အသံကြီးပါလား။ ငါ ငါ ငါဘာဖစ်သွားတာလဲ။ သူ အောက်ကိုငုတ်ကြည့်လိုက်တော့ လေးဘက်ထောက်အနေအထားနဲ့ ဖြစ်နေတဲ့ သူ့လက်တွေကိုမြင်လိုက်ရလေသည်။
"ဟင် ဒါ ဒါ ကြောင် ကြောင်လက်ကြီးမဟုတ်လား... ဒါဆို ဒါဆို ငါကဘာလဲ"
ထိုစဉ် သူ့စီသို့ အလင်းရောင်တန်းတစ်ခု ရောက်လာသည်။
"မဂ်လာပါ သင့်အား ၂၀၂၄ခုနှစ်မှ ကြိုဆိုလိုက်ပါတယ် သင်တစ်ရက်တာ ကြောင်ဖြစ်ခွင့် စပါယ်ရှယ်ကဒ်ကိုရထားပါတယ် ဒီကနေ့ညကနေ မနက်ဖြန် ညအထိ သင်ဟာ ကြောင်အဖြစ် တရက်နေထိုင်ခွင့်ရှိပါမယ် မနက်ဖြန်ကျ သင်ဒီခေါင်မိုးပေါ်ကိုပြန်လာရပါမယ် ဒါမှ နောက်တနေ့မနက် သင်နဂိုအတိုင်း ပြန်သွားနိုင်မှာပါ ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောပီးဒါနဲ့ တန်းပျောက်သွားတော့သည်။
"ဟာ ဒါဆိုငါတကယ် ကြောင်ဖစ်သွားပြီပေါ့ နေပါအုန်း ဘာလို့တရက်တည်းလဲ နည်းတာပေါ့... စာမေးပွဲပြီးတဲ့အထိ ဖစ်ရမှာ ...ဟင် နေပါအုန်း စာမေးပွဲဆိုမှ ၂၀၂၄ ဆိုရင် ဟာ အာ့ဆို ငါရောက်နေတာ... ဆယ်နှစ်ကျော်တောင် ရှေ့ရောက်သွားတာလား...ဒါဆို စာမေးပွဲကရော...ဟာ ထားစမ်းပါ...ကြောင်ဘဝရောက်တုန်း အေးဆေးနေပြီး အကုန်မေ့ပစ်လိုက်မယ်"
ဖိုးခွားတရောက် ပျော်မြူးကာ တက်ကြွနေတော့သည်။ သူအဖြစ်ချင်ဆုံးဆန္ဒ ဖြစ်မြောက်သွားပြီလေ။ စာတွေနဲ့ဝေးတဲ့ကမ္ဘာ စာမေးပွဲတွေနဲ့ ကင်းတဲ့ကမ္ဘာ ကျူရှင်တွေ ညစာကျက်ဝိုင်းတွေမရှိတဲ့ကမ္ဘာ။ ဒါကတော့ ကြောင်ကမ္ဘာ။
သူပျော်လွန်းသဖြင့် ကြောင်လို လေးငါးပတ်လောက် ပတ်ပစ်လိုက်တယ်။ အမြီးလေး ရမ်းရင်းရမ်းရင်း လမ်းတွေလျှောက်ကြည့်လိုက်တယ်။ အိမ်ခေါင်မိုးတွေကို တစ်ခုပီးတစ်ခု ခုန်ပျံကျော်လွှားကြည့်တယ်။
"ရေးးး ဝူးးဟူးး"
"ကြောင်ဖစ်ပီဟေ့ ကြောင်ဖစ်သွားပီ"
ကြောင်ဖစ်ပီဆိုပေမဲ့မပြီးသေး။ သူ စနိုဖီလိုကြောင်သာဖြစ်ချင်သည်။ ခေါင်မိုးပေါ်အိပ်ရတဲ့ လမ်းဘေးကြောင်မျိုးတော့ မဖြစ်ချင်။ ထို့ကြောင့် အိမ်ထဲသို့ဝင်ရန် ပြတင်းပေါက်ကို အရင်ရှာသည်။ ပြတင်းပေါက်ကိုတွေ့သည့်အခါ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။ အိမ်မှာ ခန့်မှန်းခြေ ပေ၂၀×၄၀သာ ရှိသည့် တထပ်တိုက်အိမ်ကလေးဖြစ်သည်။
"ညောင်"
အိမ်မှာ သူ့လို တခြားကြောင် ရှိမရှိ သိချင်သဖြင့် အသံပေးကြည့်မိသည်။ ပြန်ထူးသံမကြားတာနဲ့ အိမ်ထဲမှာခပ်တည်တည်နဲ့လမ်းလျှောက်နေတုန်း ဝုန်း ကနဲသူ့ရှေ့သို့ ကြောင်ဝါကြီးတကောင် ရောက်လာလေသည်။ သူ့ကို ခြေအဆုံးခေါင်းအဆုံး စုံထောက်မျက်လုံးများဖြင့် အကဲခတ်နေသည်။ သူ့ခန္ဓာကိုယ်တခုလုံးကို ပတ်ပတ်လည် ကြည့်ကာ တရှုံ့ရှုံ့နမ်းနေမှ လွန်စွာအရေးကြီးသည့်အရာကို သတိရတော့သည်။
"ဟ နေပါအုန်း ငါ အထီးလားအမလား"
သူ အောက်သို့ ငုတ်ကြည့်လိုက်သည်။
"ဟူးး တော်ပါသေးရဲ့ အထီးဘဲ အထီးကို ဒီကြောင်က ဘာလို့ငါ့ကိုလာနမ်းနေတာလဲ"
"ဂလိုရီ ဂလိုရီ"
ကြောင်အဝါကြီးပြေးဆင်းသွားတော့သည်။ သူလဲ အနောက်ကနေ ပြေးကာဆင်းခဲ့သည်။
"ဟင် ဒီကြောင်က ဘယ်ကကြောင်လဲ ဂလိုရီ နင်မိန်းမခိုးလာတာလားဟမ်...ဟင် ဒီကောင်လဲအထီးပါလား..ဘာလဲ ဂလိုရီ နင်ယောက်ကျားခိုးလာတာလား"
ဂလိုရီဆိုတဲ့ ကြောင်အဝါကြီးက "ညောင်" ဟုသာပြော၍ စားနေလေ၏။ ထိုအခါ သူလဲ ဝင်စားမယ်အလုပ် "ဂွီး" ကနဲ အသံကြီးဖြင့် တားသဖြင့် လန့်သွားသည်။
"ဒီကောင်ဘာလဲ ကြောင်အချင်းချင်းကို စမာန်လာခုတ်ချင်နေတယ်"
ဘယ်ရမလဲ ငါ့ကိုဒီလိုလာကြောလို့။ ဂွိး ဂနဲ အသံပြန်ပေးလိုက်သည့်အခါ ကြောင်ကြီးကသူ့ကို ထကုပ်လေတော့သည်။ ထိုမှာတင် သူ ခြောက်ချက်လောက်အကုပ်ခံရပြီး ခေါင်မိုးပေါ်သို့ အမြန် ပြန်ပြေးလာရတော့သည်။
"ဟားး ဟူးး တော်တော် မောက်မာတဲ့ကောင်"
မဖြစ်တော့။ ဒီလိုဆိုလျှင် ဒီအိမ်ကိုသူရွေးချယ်လို့မရ။ ဒီလိုနဲ့ နောက်အိမ်တစ်အိမ်ကို သူရှာရွေးကာ ဝင်လာခဲ့သည်။ ဒီတစ်ခါမှာလဲ တစ်ထပ်တိုက်အိမ်ကလေးပါဘဲ။ အရင်အိမ်ထက် အနည်းငယ်တော့ကျဉ်းသလိုခံစားရတယ်။ ဒါပေမဲ့ ရပါတယ်။ တရက်ပဲဆိုတော့။ အိမ်ထဲကို ဝင်လာခဲ့တယ်။ ဘုရားစင်ရဲ့ဘေးမှာအခန်းနှစ်ခန်းရှိတယ်။
အခန်းတစ်ခန်းမှ တရှုံ့ရှုံ့နဲ့ ငိုနေတဲ့အသံကြားတော့ သူဝင်ကြည့်လိုက်တယ်။ အခန်းမှာ အတော်ကလေးမှောင်တယ်။ မီးရောင်လဲမရှိ၊ ပြတင်းပေါက်လဲမရှိသဖြင့် နေရတာ၊မြင်ရတာ စိတ်ကျဉ်းကျပ်စရာ။ ပိုပြီးဆိုးတာက ကုတင်ပေါ်မှာ ကောင်လေးတစ်ယောက် တရှုံ့ရှုံ့နဲ့ငိုနေတာပါပဲ။
"အကုန် ငါ့အမှားတွေ ငါ့ကြောင့် အမေ ပိုပင်ပန်းရပြီ ငါတာဝန်မကျေလို့ ငါထမ်းရမဲ့ဝန်တွေကိုပါ အမေ ငါ့အစား၂ဆ ထမ်းနေရတယ် ငါ့ကြောင့်ငါ့ကြောင့် အားလုံး ငါစောက်သုံးမကျလို့ စားဝတ်နေရေးအဆင်မပြေမှန်းသိရဲ့နဲ့ နားနားနေနေ နေချင်တဲ့ကောင် အမေ့ဘက်ကို တစက်ကလေးမှမကြည့်တဲ့ကောင် အိမ်ရဲ့စားဝတ်နေရေးကိုနဲနဲလေးမှ ဂရုမစိုက်တဲ့ကောင် မင်းကြောင့် အမေ အခုလို ပိုပင်ပန်းရတာ"
ပြောရင်းပြောရင်း ငိုလိုက်၊ နှာရည်တွေကို အကျီနဲ့ညှစ်လိုက် သုတ်လိုက် ဖြင့် အတော်ကလေး ဝမ်းပန်းနည်းစွာငိုနေတော့တယ်။
"အခုတော့ငါက ဘာကိုမှမကြည့်ဘဲလုပ်ချင်ရာလုပ်လာတာ အမေကို မတိုင်ပင်ဘဲ အသိပဲပေးပီး ကိုယ်လုပ်ချင်ရာလုပ်တာ အမေလဲ နားရတယ်မရှိအလုပ်လုပ်နေရတာကိုမြင်ရက်နဲ့ ငါက ထူးပြီးနားချင်နေတဲ့ကောင်"
ဘာဖြစ်နေတယ်ဆိုတာကိုတော့ သေချာမသိပေမဲ့ ကိုယ့်ကိုကို အရမ်းကြီးအပြစ်တင်နေတယ်ဆိုတာကိုတော့ အကဲခတ်မိလေသည်။ အပြစ်တင်သံတွေကြောင့်ဘဲ သူ့အခန်းဟာ ပိုပြီးမှောင်မိုက်နေတာလား။ ဒါမှမဟုတ် အပြစ်ရှိစိတ်ကြောင့်ဘဲ အလင်းရောင်ကို မမြင်ရတော့တာလား။
"ညောင်"
ရုတ်တရက် ထိုကောင်လေးကို အသံပေးလိုက်သလိုဖြစ်သွားတော့ သူက အသံလာရာကိုလှမ်းကြည့်တယ်။ မျက်လုံးမှာလဲမျက်ရည်တွေကရွှဲနစ်လို့။ နှာခေါင်းမှာလဲ နှာရည်တွေက တွဲလဲ။
"ဟေးနေအုန်း ငါ့ကိုဘာလုပ်မလုပ်လဲ မချီနဲ့လေ မချီသေးနဲ့ ဟေး"
စကားပင်မဆုံးလိုက် နှာရည်ညစ်ထားတဲ့လက်နဲ့ သူ့ကို ကောက်ကိုင်လိုက်လေသည်။
"မင်းပဲကောင်းတယ် ကြောင်ဖစ်နေတော့ ငါတို့လိုမပူရဘူး ဟူးး ငါလဲ ကြောင်သာဖစ်လိုက်ချင်ပါတယ်ကွာ လွတ်ရာကျွတ်ရာ သာထွက်ပြေးချင်တော့တယ်...အေးလေ အခုလဲအဲလိုလုပ်ခဲ့လို့ ဒဏ်တွေခံနေရပြီမလား"
ဖိုးခွားသိလိုက်တယ်။ လူ့လောကကြီးမှာ ကြောင်ဖစ်ချင်တဲ့သူ သူတရောက်တည်းမဟုတ်ဘူးဆိုတာကို။ သူ့လိုလူ နောက်တရောက်ရှိသေးတယ်ဆိုတာကို ကျောင်းကသူငယ်ချင်းတွေစီ ခေါ်သွားပြလိုက်ချင်တယ်။
"မင်းသိလား ငါအရမ်းကိုမိုက်ရူးရဲဆန်တဲ့အလုပ် လုပ်ခဲ့တာ မိသားစုစားဝတ်နေရေးကို တစ်အိမ်မှာတစ်ယောက်တည်းကရုန်းကန်နေရတယ် ဒီခေတ်ကြီးမှာလေ ဒီခေတ်အခြေအနေကြီးမှာ မင်းစဉ်းစားကြည့်...ဟူးး မင်းကဘယ်သိမှာလဲ ပြောလို့လဲ မင်းကကြောင်ဆိုတော့ ဆီဈေးတက်တာလဲမင်းမသိဘူး ဓာတ်ဆီ တွေ ဝယ်မရတာလဲမင်းမသိဘူး ချဉ်ပေါင်ရွက် တစီး ၅၀၀ဖြစ်သွားတာလဲမင်းမသိဘူး ဆီငါးဆယ်သား ၉ထောင်ကျော်နေတာလဲမင်းမသိဘူး ဓာတ်ဆီတလီတာ ၆ထောင်ကျော်ပေးဝယ်နေရတာလဲမင်းမသိဘူး ကောင်းပါတယ်ကွာ မသိတော့ မပူပင်ရတော့တာပေါ့"
"ပြည့်စုံ သားထမင်းမစားသေးဘူးလား"
"ဟုတ် လာပီအမေ"
ကောင်လေးက နှာရည်တွေကိုအကျီနဲ့ သုတ်ပီး အခန်းထဲကနေ ခပ်သွက်သွက်ထွက်သွားလေတော့တယ်။ ဖိုးခွား သူပြောသွားတာတွေတစ်ခုမှနားမလည်သဖြင့် ငါတကယ်ပဲကြောင်တစ်ကောင်ရဲ့အသိမျိုးပဲ ဝင်နေတာလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်မိလေတော့တယ်။
"ညောင်"
"မင်းလဲ အိမ်မှားရောက်လာတာဘဲ ချမ်းသာတဲ့အိမ်ကိုသာ သွားပါကွာ ငါ့ဟာငါတောင် အမေ့လုပ်စာထိုင်စားနေရတာ"
"ညောင်"
အုပ်စောင်းကိုဖွင့်ကြည့်လိုက်တယ်။ ကြက်ဥဟင်းဖြစ်နေတာမို့ "အင်းပေ့ါလေ အလုပ်လက်မဲ့က ဘာတွေဂျီးများနေမှာလဲ ရှိတာစားယုံပေါ့" ။
သူစားတဲ့ထဲက ကြက်ဥဖတ်လေးတွေတော့ နဲနဲ ချချကျွေးသဖြင့်စားရလေသည်။
"ဘယ်ကကြောင်လဲ"
"မသိဘူးအမေ"
"ခေါ်မထားနဲ့ ကြောင်စာဖိုးလဲမတတ်နိုင်ဘူး ချီးပါသေးပေါက်နဲ့ အလုပ်ရှုပ်တယ်"
"အမေ ကျနော်က ဒီဂုတ်ကမှည့်ကြောင့် အပင်ပန်းခံရမဲ့ကံပါသလိုဘဲနော် ကျနော်တို့ ဘာလို့ ဒီလောက်ကြီးထိဖြစ်သွားရတာလဲဟင် အရင်က ဒီလိုမဟုတ်ပါဘူး ကျနော်လိုချင်တာလဲ အမေဝယ်ပေးနိုင်ခဲ့တာဘဲ အခုကျ လုံးဝ ကျနော်အရွယ်ရောက်လာမှ ဒါမျိုးအဆင်မပြေတာတွေဘဲလာဖစ်တယ် ကျနော်ကအရွယ်ရောက်ရင် ပင်ကိုပင်ပန်းရမှာမို့နေမှာ"
ပြောရင်း သူမျက်ရည်များ စဝဲလာတော့သည်။
"ဒါတွေပြောမနေနဲ့ ကိုယ်စားစရာရှိတာကိုသာစား...အချိန်တန်သူ့ဟာနဲ့သူဖြစ်လာလိမ့်မယ်"
"ကျနော် ကိုက ပင်ပန်းဖို့ကံပါတာပါ အရင်ကတည်းကလူတွေပြောတယ် ဒီဂုတ်ကမှည့်က ပင်ပန်းမှာတဲ့ ဟုတ်နေတာဘဲလေ အမေရယ် ကျနော်တို့ ၄နှစ်တောင်ရှိပြီ အဆင်မပြေလာတာ"
ပြည့်စုံ ဆိုတဲ့ကောင်လေးထမင်းကို ကြက်ဥချက်တစ်မယ်တည်းနဲ့စားတာမဟုတ်။ မျက်ရည်တွေနဲ့ပါ ရောကာစားနေလေတယ်။
ထမင်းစားပြီးသွားချိန်မှာတော့ သူက ကျနော့်ကိုပွေ့ကာ အခန်းထဲကို ခေါ်သွားတယ်။
"မင်းကို နှင်လဲမနှင်ချင်ဘူး ဒီနေ့တစ်ည ဒီမှာအိပ်ပီးတော့ မနက်ဖြန်ကျ သွားတော့ပေါ့ကွာ ငါကြောင်ချစ်တတ်ပါတယ် ဒါပင်မဲ့ မင်းမြင်တဲ့အတိုင်းဘဲ ငါ့တစ်ယောက်စာတောင် အမေ့စီကစားနေရတာ"
ဒီလိုနဲ့ သူတစ်ညအိပ်ပီး နောက်နေ့မနက်ကျ ပြည့်စုံမနိုးခင်မှာပဲ အိမ်ကနေထွက်လာခဲ့လိုက်တယ်။ ဘယ်ကိုသွားရမယ်ဆိုတာလဲ မသိတာနဲ့ ခြေဦးတည့်ရာကိုသာ ထွက်လာလိုက်တော့တယ်။ လမ်းမှာ ခွေးလိုက်ဆွဲတာနဲ့ ပြေးရလွှားရလုပ်လိုက်ရသေးတယ်။
"ဟင် ရှေ့မှာမြင်နေရတဲ့ အတန်းကြီးက ဘာကြီးလဲ အရှည်ကြီးပါလား ဘာကိုတန်းနေကြတာလဲ ဆိုင်ကယ်တွေနဲ့"
သူဖြည်းဖြည်းချင်း လျှောက်လာလိုက်တော့ အဖြေကိုသိသွားပြီပင်။ လူတွေ စက်သုံးစီ တန်းနေကြတယ်ဆိုတာ။
"ဘာလို့ စီ တန်းတာကဒီလောက်လူတွေအများကြီးဖြစ်နေတာလဲ ငါ ဖေဖေနဲ့ ကျောင်းဆင်းတိုင်းထည့်နေကျ ဆိုင်က ဒီလောက် လူမများပါဘူး စောင့်တောင်မစောင့်ရဘူး မင်းသားမင်းသမီးများ လာမှာမို့လို့လား"
ဖိုးခွားလဲ သူညဏ်မှီသလောက်လေး စဉ်းစားရင်းဆက်လျှောက်လာလိုက်သည်။ အတန်းကြီးမှာ လမ်းတလျှောက် မျက်လုံးမဆုံးနိုင်အောင် ရှိနေလေတယ်။ ၂၀၂၄ရောက်လက်စနဲ့ ခေတ်အခြေအနေလေးသိအောင် ဝင်စပ်စုလိုက်အုန်းမယ်ဟုတွေးကာ လမ်းဖြတ်ကူးဖို့အရေးကို မနည်းအားထုတ်ရလေတယ်။ ကား သိပ်မဖြတ်ပေမဲ့ လမ်းအကျယ်ကြီးကို ကြောင်တစ်ကောင်အနေနဲ့ ပထမဆုံးရတာမို့တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတော့တယ်။
လေး၊ငါးကြိမ်လောက် ခေါက်တုန့်ခေါက်ပြန် ပြေးအပြီးမှာတော့ မသေဘဲ ဟိုဘက်လမ်းကိုကူးလိုက်နိုင်ခဲ့ပါတယ်။ သူများကျေးဇူးနဲ့ပေါ့။
"ဟူးးတော်ပါသေးတယ်"
သူကို့ရို့ကားရား ဖြစ်နေတာကိုမြင်တော့ ဆီတန်းနေတဲ့လူတွေထဲကတစ်ယောက်က ပွေ့ချီပြီး အတူတူကူးခဲ့ပေးတာဖြစ်တယ်။
"ဒီကြောင်က ခုနကတည်းက ဒီဘက်လမ်းကူးချင်နေတာ မတော် ကားတိုက်သေသွားမစိုးလို့"
သူ့ရဲ့ကြောင်ဘဝဟာ စနိုဖီလိုတော့ နူးညံ့မနေဘူးဆိုတာ တစတစနဲ့ သိလာတော့သည်။
"ညောင် ညောင်"
"ဗိုက်ဆာလို့လား ရော့"
ကလေးလေးတစ်ယောက်က သူ့ကိုလက်ထဲကမုန့်ချကျွေးသဖြင့် သူစားရလေသည်။ ထိုမှသာ လမ်းဖြတ်ကူးလို့ရင်တုန်ရတာတွေ လျော့ကျသွားတော့တယ်။
"ဆီကမပေးသေးဘူးလားကွာ မနက်လေးနာရီကတည်းကလာတန်းနေရတာ ကြာလှပြီ"
"မနက်လေးနာရီကတည်းက အတန်းကြီးရှိနေတာလား"
"ဟုတ်ပါ့ ဒါတောင် ကျနော်တို့ထက် စောတဲ့သူကရှိသေး"
"အေးဗျာ ကျုပ်တို့ဘဝတွေလဲ မိန်းမက စားသုံးဆီတန်း ယောက်ကျားက စက်သုံးဆီတန်းနဲ့ ဟုတ်နေတော့တာဘဲ"
"ခေတ်ကပေးတဲ့တာဝန်ပဲကိုးဗျ ဟားဟား"
"ပေးမှာတော့သေချာပါတယ်နော် ဗျ"
"သေချာတယ် မနေ့က သူတို့ပေးမယ်ပြောထားတာပဲ ဘောက်ချာကားမလာသေးလို့နေမှာ"
"တခြားဆီဆိုင်တွေရောဒီလိုပဲလား"
"အကုန်ဒီလိုကြည့်ပဲ အမြဲတမ်းမပေးတော့ ပေးတဲ့အချိန်တန်းရတာပေါ့ဗျာ ဒီကြားထဲ နှစ်ခါပြန်သုံးခါပြန်တန်းတဲ့သူတွေလဲရှိတော့ မရကြတဲ့သူတွေတောင်ရှိသေးတယ်"
"သူတို့လဲအပြစ်မဆိုချင်တော့ပါဘူး ဆိုင်တွေမှာဆီပြတ်ရင် အပြင်ကနေဘဲ ဝယ်ထည့်နေရတာဆိုတော့"
"ဝယ်ထည့်ရတာက မကိုက်ဘူးဗျ တလီတာကို ၆ထောင်ကျော်ဆိုတော့ အဆင်မပြေပါဘူးဗျာ"
"ဈေးတွေကတော့ အကုန်ကိုတက်နေတာပဲ ဆန်ဈေးဆီဈေး ကော်ဖီမစ်ထုတ်ဈေး ခရမ်းချဉ်သီးဈေး အကုန်အကုန်ပဲတစ်ခါတစ်ခါဈေးသွားဖို့ရာ လန့်များလန့်တယ် ဟိုတစ်နေ့က စပျစ်သီးလေးစားချင်လို့ အစိတ်သားဘယ်လောက်လဲမေးတာ ၇၀၀၀တဲ့ အသာလေးလှည့်ပြန်လာရတာ အခုဆန်းဒေးကော်ဖီဆို ၅၀၀ ကျော်နေပြီ ရေတစ်ဘူးတောင် ၉၀၀ ပေးနေရတာ အရင်က၃၀၀ရှိတာပါ"
"အရင်ကဈေးနဲ့တော့မတွက်နဲ့လေဗျာ အရင်ကလိုဆို ကျုပ်တို့စကားတောင်ပြောဖစ်မှာမဟုတ်ဘူး ကို့ဆီကိုထည့်ပီး ပြန်ကြရတာကိုးဗျ"
"ဟော ဟိုမှာ ဆီဘောက်ချာကားတော့ဝင်သွားပီ ခနနေရင်တော့ပေးလောက်မယ်ထင်တယ်ဗျ"
ဟင်။ နောက်ဆယ်နှစ်ကြရင် ဒါတွေက တကယ်ပဲဖြစ်လာမဲ့အရာတွေလား။ သူနဲ့တော့တိုက်ရိုက်ပတ်သတ်တာမျိုးမရှိပင်မဲ့ လူကြီးတွေကတောင်ငြီးနေတဲ့အရာဆိုတော့ သူလဲထိတ်လန့်နေမိတယ်။ ဒီလိုနဲ့သူ ရှေ့ဆက်လျှောက်လာခဲ့တယ်။
"ဟာ ဒီမှာလဲနောက်ထပ် တစ်တန်းပါလား ဒါကရောဘာလဲ ဒါက မိန်းကလေးတွေများတာပဲ လက်ထဲမှာလဲဘူးတွေနဲ့"
ဒီတခါတော့ သူလမ်းကူးစရာမလို။ လမ်းရဲ့တဖက်တည်းမှာဘဲရှိနေတာမို့ သူလဲ လူကြားထဲ ဝင်ရပ်လိုက်မိသည်။
"ဟဲ့ဟဲ့ ဒီကြောင်ကတမျိုး"
ဝှီးကနဲ သူ့ကိုဆောင့်ကာကန်ခံလိုက်ရသည်။ ဆီတန်းနေသည့်လူအုပ်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ထပ်ကြတော့မလိုပင်။ ဆီကပေးနေတာမို့ ရွေ့လျားနေရတဲ့အချိန် ကြောင်ဝင်လာကြောင့် စိတ်မရှည်စွာနဲ့အကန်ခံလိုက်ရတော့တယ်။
"ဟဲ့ကောင်မတွေ ကျော်မတက်ကြနဲ့နော် နင်တို့လဲရချင်သလို ငါတို့လဲလိုချင်တာပဲ လိုချင်ရင် စောစောလာပီးတန်းစီကြ နောက်ကျမှလာပီး ကျော်တက်မယ် မစဉ်းစားနဲ့ ဘယ်သူမှမရအောင် နပန်းလုံးပစ်လိုက်မယ်"
"ကျော်မတက်ကြနဲ့ဟေ့ ကျော်မတက်နဲ့"
"အတူတူ အဆင်မပြေကြတာချင်းကို အတူတူတော့တန်းစီကြမယ်မရှိဘူး စိတ်ဓာတ်တွေက ကိုယ့်တဘို့တည်းပဲကြည့်တဲ့ဟာတွေ"
"တပိသာဘယ်လောက်နဲ့ပေးနေတာလဲ"
" ငါးဆယ်သားကို ၆၅၀၀"
"အော်အင်းအင်း ကလေးထားပီး ပီးမှလာတန်းအုန်းမယ်"
"စီးထားတဲ့ဆိုင်ကယ် စကို့ဖီးကိုမှအားမနာ လာတန်းဦးမယ်တဲ့ တကယ် ကို့အစားမရှိတဲ့သူတစ်ယောက်ရပါစေဆိုတဲ့စိတ်မရှိကြဘူး"
"ချမ်းသာတဲ့လူတွေကတော့ပြောမနေပါနဲ့တော့အစ်မရယ် တချို့ဆိုကိုယ်တိုင်မတန်းဘူး ဆိုင်ကကောင်မလေးတွေ အိမ်ကအကူတွေကိုသွားတန်းခိုင်းတာ ပီးရင် ပြန်ရောင်းကြတာလေ အမြတ်တင်ပီး"
"စိတ်ဓာတ်တွေက စုတ်ပဲ့လိုက်ကြတာ ဈေးပေါပေါနဲ့ယူပီး ဈေးမတန်မဆနဲ့ပြန်ရောင်းတဲ့ဟာတွေ ဘယ်နှဘဝ စားရမှာကြနေတာဘဲဒီပိုက်ဆံက တစ်ဘဝစာလေးအတွက်နဲ့ကို အောက်တန်းကျနေကြတာ"
"ဟုတ်ပါ့ ကျွန်မတို့ရပ်ကွက်ထဲမှာဆို အရင်က အခုလိုဆီပေးတယ် နောက်ကြ အဲလိုတွေဈေးတင်ပြီးပြန်ပြန်ရောင်းတော့ ထပ်ပီးမပေးတော့တာ သူတို့ကြောင့် အဆင်မပြေတဲ့ဘဝတွေကပိုအဆင်မပြေဖစ်ရတယ်"
"အဲဒါပြောတာပေါ့ ငခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ရတယ်ဆိုတာ ဒီမှာလဲ ပြန်ပေးတာဘယ်လောက်မှမကြာသေးဘူး အရင်ကအဲလိုတွေကျော်တက်ဘာညာဖစ်တော့ ရန်တွေဖြစ်ကြတာလေ အဲကနေ မပေးတော့တာ ဆီဈေး တပိသာ သောင်းရှစ်ထောင်ဖြစ်သွားသေးတယ်လေ အဲတော့မှပြန်ပေးတာ"
"ဘာပဲဖစ်ဖစ် ပေးတာကိုဘဲကျေးဇူးတင်ရမှာပါပဲ တစ်သောင်းကုန်မဲ့ပစ္စည်းက တထောင်နှထောင် အလျော့ကျန်ခဲ့တော့လဲ မဆိုးဘူးပေါ့ ဘာပဲဖစ်ဖစ် ခုခေတ်က တစ်ထောင်နှစ်ထောင်ကစ တန်ဖိုးကြီးနေပြီ တစ်ထောင်လောက်ပျောက်ရင်ကို ရွှေတပိသာလောက်ကျပျောက်သွားသလိုဘဲ"
"ဟုတ်တယ်အမရယ် တထောင်လဲအခု က ဆပ်ပြာမှုန့်ဝယ် လက်ဖက်ဝယ် အကြော်စံဝယ်နဲ့ ကုန်ရတာပါဘဲ ငါးဆယ်တစ်ရာကစ ဈေးကြီးနေတဲ့ခေတ် ဒါနဲ့ ရွှေဈေးကဘယ်လောက်ဖစ်သွားပြီလဲအခု"
"မသိပါဘူး ကိုနဲ့လဲအလှမ်းဝေးနေတော့ ရွှေဆို ရွှေရင်အေးတောင် အမောပြေးလေးမသောက်နိုင်ဘူး"
"တကျပ်သား ရှစ်ဆယ်ကျော်သွားပြီ ဒေါ်လာဈေးလဲ ၆၀၀၀ကျော်တယ်"
"ဘုရားရေ ရှစ်ဆယ်တောင်ကျော်ပီလား ကျမလုပ်တုန်းကဖြင့် နှစ်ဆယ်ခေတ်ကိုး ဪ ခုများကျလိုက်လို့တောင်မမှီနိုင်အောင်ပါလား ဒေါ်လာဈေးကတော့ထားပါတော့လေ ကိုလဲကိုင်နိုင်တာမဟုတ်တော့"
"အမေ ဖျော်ရည်တဘူး တထောင်တဲ့"
ဟင် ငါသောက်နေကြ speedက တထောင်တောင်ဖြစ်သွားပါလား။ ၃၀၀တန်ကလေ။
"ဟေ့ ကျော်မတက်နဲ့နော် ဟိုအကျီအနီအကွက်နဲ့ မြင်နေရတယ်နော်"
"ကျော်မတက်ကြပါနဲ့ဟ အားလုံးခက်ခဲနေကြတာပါ တန်းစီကြပါဟာ တန်းစီကြပါ"
"ဟဲ့ ဟိုအနီကွက်နဲ့ကောင်မ ကျော်မတက်နဲ့လို့ပြောနေတယ်လေ မကြားဘူးလား"
"ကျော်တက်တော့ဘာဖစ်လဲ"
"ဘာ ကောင်မ လူပါးဝလို့"
ဒီလိုနဲ့ လုံးထွေးသတ်ပုတ်သည့်အဆင့်သို့ရောက်ကြတော့သည်။ လူတွေရဲ့ခြေထောက်ကြားထဲမှာ ဟိုးပြေးဒီပြေးလုပ်နေရင်း တစ်ယောက်က တက်နင်းမိသွားလိုက် တစ်ယောက်ကတိုက်မိလို့ချော်လဲသွားလိုက်နှင့်။ တစ်ယောက်ကဆို သူ့အမြီးကိုမတော်တဆ နင်းမိလိုက်တာ တော်တော်လေးကို နာသွားလေသည်။ ဂွီးဂနဲ အော်ပီး ထိုလူကို မသိစိတ်က အော်တိုကိုက်မိသွားသည်။ ထို့နောက် သူထိုရပ်ဝန်းမှမနည်း ထွက်ပြေးလာခဲ့ရတော့သည်။
"ဟာ ကြောင်ဘဝကလဲ တော်တော်မလွယ်ပါလား လူတွေကလဲဘာလို့ဒီလောက်တောင် ရန်ဖြစ်ချင်နေရတာလဲ ပြေပြေလည်လည်ဘာလို့မလုပ်ကြတာလဲ"
ဒီလိုနဲ့သူ ဆက်လျှောက်လာခဲ့တယ်။ သူ့ဘဝဟာ လမ်းဘေးကြောင်တစ်ကောင်လိုဖြစ်နေတာကို သူစိတ်ပျက်လာတော့တယ်။ ဟိုလူက ကန်ဆောင့်၊ဟိုလူက တက်နင်းတဲ့ ဘဝကို သူမကြိုက်။ စနိုဖီလိုကြောင်သာသူဖြစ်ချင်တယ်။ လူဖြစ်တုန်းက အဆင်မပြေသဖြင့် ကြောင်ဖြစ်ချင်သော်လည်း ကြောင်ဘဝမှာပါ အဆင်မပြေနေတဲ့ သူ့အဖြစ်ကို တွေးရင်းဝမ်းနည်းလာတော့တယ်။
နောက်ပြီးဘာလို့ လူတွေအားလုံးက အဆင်မပြေနေကြတာလဲ။ ကုန်ဈေးနှုန်းတွေကရော ဘာလို့ အဆမတန်မြင့်တက်နေရတာလဲ။ ဘာလို့ ဆီတပိသာလေးရဖို့ကိုဒီလိုတန်းစီနေကြတာလဲ။ သူ့ခေါင်းထဲမှာမေးခွန်းတွေကအပြည့်။ အဆိုးဆုံးမေးခွန်းက သူဘာလို့ ၂၀၂၄ခုနှစ်ကိုမှရွေးပြီး ကြောင်လာဖြစ်ရတာလဲ။
***
သူတစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေရင်း နောက်တကြိမ်ခွေးလိုက်ဆွဲတာခံရပြန်တယ်။ထိုအချိန် လူတစ်ယောက်က သူ့ကိုဂုတ်မှကိုင်ကာ ဆွဲခေါ်သွားတယ်။
"ဒီနေ့တော့ဟင်းစားရပြီ"
ဟင်။ ဘာ ဘာ ဘာ။ ဟင်းစား။ ငါသေတော့မှာလား မဖြစ်ဘူး သေလို့မဖြစ်ဘူး။ ငါ အမေ့စီပြန်သွားရအုန်းမယ်။ ငါဒီည အိမ်ပြန်ရမယ်။ အမေ သားကြောင်မဖစ်ချင်တော့ဘူး။ သားအိမ်ပြန်ချင်ပြီ။ ကြောင်မဖစ်ချင်တော့ဘူး။
သူ အတင်းရုန်းကာ ထိုလူ့လက်ထဲမှ ထွက်ပြေးတယ်။ သို့သော် ထိုလူမှာလဲ ကြောင်ဖမ်းတဲ့နေရာ၌ဆရာကြီးဖြစ်ဟန်တူသည်။ သူလွယ်လွယ်နဲ့ရုန်းမရ။ ဂုတ်က ကိုင်ထားသဖြင့် သွားနဲ့လဲ ကိုက်မရ၊ ခြေထောက်နဲ့လဲကန်မရ။ တော်တော်ဒုက္ခရောက်ရတော့တယ်။
"အဖေ ဒီနေ့ဘာဟင်းလဲ"
ဒီတစ်ကြိမ်သူရောက်တဲ့အိမ်မှာတော့ အစုတ်ပျက်ဆုံးပင်။ အိမ်ဟုပင်ခေါ်လို့မရအောင်ပြတင်းပေါက်မရှိ၊ တိုင်မရှိ၊ အကာမရှိသည့် ဟာလာဟင်းလင်း တဲလေးတစ်လုံးသာဖြစ်သည်။
"ကြောင်သား"
သူ့ကိုလှောင်အိမ်တစ်ခုထဲကိုထည့်လိုက်တယ်။ သူကြောက်စိတ်ကြောင့် အတင်းရုန်းသော်လည်း မလွတ်ပေ။ သူ့ကိုချက်ရန် ခရမ်းချဉ်သီးနဲ့ ကြက်သွန်များ လှီးနေကြသည်။
"အဖေ သူ့ကိုဘယ်ကရလာတာလဲ"
"ခွေးတွေဝိုင်းဆွဲတာနဲ့ ခေါ်လာတာ"
"သနားပါတယ်"
သူတို့လက်ထဲရောက်မှ ပို၍သနားစရာကောင်းနေတာကိုမသိကြတာလား။ လွှတ် ငါ့ကိုလွှတ် ငါအမေ့စီကိုပြန်ရမယ် ငါပြန်မှရမယ်။
"အဖေ သူကြောက်လို့နေမှာ သူအတင်းတွေရုန်းနေတယ်"
"ထားလိုက်ပါ ခနနေရင် ငြိမ်ကျသွားလိမ့်မယ် အကုန်ဒီတိုင်းကြည့်ဘဲ"
သူပို၍ပင်ကြောက်လန့်သွားတော့တယ်။ သူတကယ်သေတော့မှာလား။ သူ့အမေစီကိုပြန်မသွားနိုင်တော့ဘူးလား။ သူ့ဘဝက ကြောင်အဖြစ်နဲ့ဘဲဇာတ်သိမ်းသွားတော့မှာလား။ မဖြစ်ဘူး။ တစ်ယောက်ယောက်ကယ်ပါ။
"ကဲရပြီ မီးမွှေးထားတော့"
"အဖေ ခရမ်းချဉ်သီးကလဲ နည်းတာ"
"မလေး မယ်မင်းကြီးမ ဘယ်လောက်ဈေးများမှတ်လို့လဲ ငါးဆယ်သားကို ၁၀၀၀ဖြစ်နေပြီ ဆီလဲလျော့သုံးကြ ဝယ်ရရင်လဲမကိုက်ဘူး ခုခေတ်က ခိုးစားမှချမ်းသာမဲ့ခေတ်ဖြစ်နေပြီ ကဲ ကြောင်လေးရေ မင်းလဲတိရစ္ဆာန်ဘဝက ကျွတ်တယ်ပဲတွေး ငါတို့လဲကြောင်သားကြိုက်လှချည်ရဲ့မဟုတ်ဘူး ကြက်ဥတပိသာ ၉ထောင်ကျော်နေပြီ ကြက်သားတပိသာ တစ်သောင်းကျော် နေတဲ့ခေတ်မှာ အလကားရတဲ့မင်းတို့ပဲစားရတော့မှာ"
"အငယ်မ လာ ခေါင်းကနေကိုင်"
"ဟင်အဖေ အရှင်ကြီး လုပ်မှာလား"
"အေးလေ ဒါဆိုဘာလဲ ဒီအတိုင်းကြီးကင်ရမှာလား လှောင်အိမ်ကြီးပါမီးအလောင်ခံပြီး"
"အငယ်မ လုပ် ဖွင့် "
ဖိုးခွားတရောက် သူ့ဘဝရဲ့နောက်ဆုံးအချိန်မို့လို့ သေဟန်ဆောင်နေလိုက်တယ်။
"ဟင် အဖေ ကြောင်ကသေနေပါလား"
"ခွေးကိုက်ခံလိုက်ရတယ်နေမှာစောနက အာ့ကြောင့်နာပြီးအော်နေပုံရတယ် သေတော့လဲ ကောင်းတာပေါ့ကွာ သတ်စရာမလိုတော့ဘူး ကဲကဲ အငယ်မလှောင်အိမ်ကိုဖွင့်"
ဖွင့်လိုက်တဲ့အချိန်မှာတော့ ဖိုးခွားတရောက် အခွင့်အရေးကို သုံးကာ ထွက်ပြေးလေတော့သည်။ သားသတ်သမားတွေနဲ့ ဝေးရာ ဝေးရာ ဘယ်ကိုပြေးလို့ပြေးမိမှန်းမသိ။ ဝေးရင်ပြီးရောဝေးရာကို။ ထိုအချိန် ဘယ်အရာကိုမှသူ့မျက်လုံးထဲမမြင်တော့။ သေခြင်းတရားကိုလဲမမြင်ရတော့။ သားသတ်သမား သားအဖလက်ထဲကလွတ်ဖို့ရာသာသူအစွမ်းကုန်ပြေးလေသည်။
"ဝှီးး...ဒိုင်းးး"
ရုတ်တရက်လမ်းကြားတစ်နေရာကနေပေါ်လာတဲ့ ကြောင်တစ်ကောင်ကိုအမြန်ရှောင်လိုက်ရသဖြင့် ဆိုင်ကယ်တစီး လဲသွားတော့သည်။ ထိုအခါမှ သူပြေးတာကိုရပ်လိုက်တော့တယ်။
"ငါငါ လူတရောက်ကိုသတ်လိုက်မိတာလား"
လဲသွားတဲ့ဆိုင်ကယ်ပေါ်ကလူကို ပြန်ကြည့်ဖို့လှည့်ရင်းကနေ...
"ငါ×ိုးမသားကြောင် တိုက်သတ်ရင်သေတော့မှာပဲ"
ဆဲသံကြားလိုက်ရတော့ "ဟော မသေးဘူးပဲ တော်ပါသေးတယ်" လို့အောက်မေ့ရင်း အမြန်ပြန်ပြေးလာရသည်။
သူ ထပ်လျှောက်လာရင်း ငှက်ပစ်နေတဲ့လူငယ်တစုရဲ့လက်က ခဲလုံးက ငှက်ကိုချော်ပြီး သူ့ရဲ့ခြေထောက်အရိုးဖျားကိုသွားထိလေသည်။ အနည်းငယ် ချော်သွားတာမို့သာ သူ့ခြေထောက်မကျိုးသွား။ သို့သော်လဲရှပ်ဖျားလေးထိသွားတာကြောင့် ခပ်စက်စက်လေးဖြစ်နေသည်။
ဒီလိုနဲ့လျှောက်လာရင်း ညနေစောင်းသို့ရောက်လာသည်။ ညနေစောင်း လာပြီမို့ မနေ့ညကရှိခဲ့တဲ့ခေါင်မိုးစီသို့ သူအမြန်ပြန်တော့သည်။ လမ်းမှာ ပန်းကန်တွေဆေးထားတဲ့ရေနဲ့ ပက်တာခံလိုက်ရသဖြင့် တကိုယ်လုံးရေတွေရွဲကာ ကြွက်စုတ်လိုဖြစ်သွားတော့သည်။ ဒီလိုနဲ့ညရောက်တော့ သူမနေ့ညက ခေါင်မိုးပေါ်သို့ ပြန်ရောက်လာခဲ့သည်။
ခေါင်မိုးပေါ်မှာအနားယူနေတုန်း သူတနေ့တာ ကြောင်ဖြစ်ချင်းဘဝကို စဉ်းစားမိလေသည်။ တနေကုန် အဆင်မပြေတဲ့လူတွေနဲ့တွေ့ရပြီး ကြောင်ဘဝကိုလဲအဆင်မပြေစွာဖြတ်သန်းရသည်။ တကယ်ဘဲ နောင်ဆယ်နှစ်ဆိုရင် အခုသူမြင်ခဲ့ရတဲ့မြင်ကွင်းတွေက ဖြစ်လာမှာလား။ ဓာတ်ဆီတန်းနေရတဲ့ယောက်ကျားကြီးတွေ၊ ဆီပုလင်းတွေကိုင်ပြီးစောင့်နေကြတဲ့မိန်းမကြီးတွေ။ ဒါတွေကတကယ် အနာဂတ်မှာဖြစ်လာမဲ့ကိစ္စတွေလား။
ဘာပဲဖစ်ဖစ် သူကြောင်မဖြစ်ချင်တော့ဘူး။ ကြောင်ဖြစ်ရတဲ့ဘဝမှာလဲ အဆင်မပြေတဲ့ကြောင်ရှိသလို အဆင်မပြေတဲ့ကြောင်တွေလဲရှိတာကိုသိသွားပြီ။ သားသတ်သမားနဲ့လဲကြုံခဲ့ရတာမို့အသက်ဘေးကနေလဲ သူမနည်းရှောင်ထွက်ခဲ့ရသည်။ ခွေးလိုက်ဆွဲတာကိုလဲခံလိုက်ရသည်။ ကြောင်အချင်းချင်းတောင် ဗိုလ်ကျချင်တဲ့ကောင်တွေနဲ့လဲတွေ့ခဲ့ရသည်။ ညစ်ပတ်တဲ့ရေတွေနဲ့ပတ်တာလဲခံခဲ့ရတယ်။ အဆင်မပြေတဲ့လူတွေရဲ့စကားသံတွေကိုလဲကြားခဲ့ရတယ်။
ခေတ်စနစ်ဆိုးကြီးထဲမှာ ခေါင်းပုံဖြတ် အမြတ်ကြီးစားကြတဲ့လူတွေအကြောင်းလဲနားထောင်ခဲ့ရတယ်။ သူ့အမြီးကိုတက်နင်းတာလဲခံခဲ့ရပြီ။ ကားလမ်းဖြတ်ကူးလို့ သေမလိုဖြစ်ခဲ့တဲ့အချိန်လဲရှိသွားပြီ။ တော်ပြီ။ ကျောင်းစာကျက်ပြီး စာသင်နေရတဲ့ကျောင်းသားဘဝကိုဘဲသူပြန်သွားချင်ပြီ။ အဆင်မပြေတဲ့သူတွေအကြောင်းလဲမသိ။ ဆီတပိသာဈေးလဲမသိ၊ ဆန်တပြည်ဈေးလဲမသိတဲ့ဘဝမျိုးနဲ့ဘဲနေချင်တော့တယ်။ ဘာမှမသိရတဲ့သူ့ရဲ့လူ့ဘဝဟာ အခုလိုသိနေရတဲ့ကြောင်ဘဝထက် အများကြီးအဆင်ပြေပါလားဆိုတာကို နားလည်သွားပြီ။ အိမ်ပြန်မယ် အိမ်ပြန်မယ်။
သူတွေးနေတုန်း ဂွီး ဆိုတဲ့အသံကြီးနဲ့ကြောင်ဝါကြီးရောက်လာလေသည်။
"ဟာ ဒီကောင်ကဘာလို့ဒီအချိန်ကျမှပေါ်လာရတာလဲ ငါမင်းနဲ့ရန်ဖြစ်ဖို့အချိန်မရှိဘူး ငါ့ကိုအေးဆေးပေးနေပါ"
ဂွီးခနဲမြည်ကာသူ့ကိုအရင် ရန်စတော့သည်။ သို့သော် ခနအကြာအတွင်းမှာဘဲကြောင်ဝါကြီး မျက်လုံးပြူးမျက်စံပြူးနဲ့ကျန်ခဲ့တော့သည်။ သူတိုက်ခိုက်နေတဲ့ကြောင်ဟာ သူ့မျက်လုံးရှေ့မှာဘဲ ပျောက်ကွယ်သွားတော့လေသည်။
***
နောက်တနေ့မနက်ရောက်တော့ ဖိုးခွားမှာ လန်းဆန်းတက်ကြွသည့်ပုံစံနှင့်ပင်ကျောင်းကိုသွားတော့သည်။ အရင်ကလိုစာလုပ်ရမှာပျင်းတဲ့ပုံစံမျိုးနဲ့သူမသွားတော့။ စာကိုသူအားနည်းသည်မို့ သူများတွေထက် နှဆသူပိုလုပ်သည်။ တရက်ကျ သူဆရာအောင်မိုးနားနေခန်းသို့သွားလေသည်။
"ဆရာ"
"ဪ ဖိုးခွားပါလား ဘာကိစ္စရှိလို့လဲ"
"ဆရာ့ကိုပြောစရာလေးရှိလို့ပါ"
"ဘာများလဲပြောလေ"
"သား ကြောင်မဖြစ်ချင်တော့ဘူးဆရာ"
"ဟေ ဘာဖြစ်လို့လဲ"
"ကြောင်ဖြစ်ရတာအရမ်းပင်ပန်းပါတယ်ဆရာ"
"ဒါဖြင့် မင်းကဘာဖြစ်ချင်တာလဲ"
"သား အဆင်ပြေတဲ့သူတရောက်ဘဲဖြစ်ချင်ပါတယ်ဆရာ"
"ဟေ"
ပြီးပါပြီ။
ပြန်ရှေ့
Keep Reading