စမ်းကြယ်
ဟုတ်သည်။ ဤဆောင်းပါးရေးရန် ကျွန်တော် အနောက်အရပ်သို့ ခရီးထွက်ခဲ့သည်။ သို့သော် တကယ့်ပထဝီမြေပြင် အနောက်အရပ်ကား မဟုတ်ချေ။ ကျွန် တော်၏ အတွေးစိတ်ကူးများသည် အတိတ်ဆီသို့ ခရီးထွက်ခဲ့ခြင်းပင်...။
ခရီးထွက်သူတို့တွင် မတူညီသော ဆန္ဒများ ကိုယ်စီရှိကြစမြဲပင်။ တချို့မှာ မိမိတို့မရောက်ဖူးသေးသော နေရာဒေသများသို့ လည်ပတ်ချင်ကြသည်။ တချို့ကျ မြို့ပြဖိအားမှ ခေတ္တဖယ်ခွာလို၍ နေရာဒေသတစ်ခုတွင် အပန်းဖြေအနားယူချင်ကြသည်။ ကျွန်တော် ထွက်ခဲ့သော အနောက်အရပ်ခရီးမှာမူ "ငယ်ဘဝသီတင်းကျွတ် အမှတ်တရ" များကို ပြန်လည်တူးဖော်ဖို့ ဖြစ်ပေတော့ သည်။
(၁) အဖိုးသူဌေး နှင့် တုံးအသော ကျွန်တော်
ဤအကြောင်းအရာသည် သီတင်းကျွတ်နှင့် တိုက်ရိုက်မသက်ဆိုင်ပေ။ သို့သော် ကျွန်တော်ပြန်လည်တူးဆွကြည့်ခဲ့သည့် အတိတ်ပုံရိပ်တွင် အစောဆုံးပေါ် လာသော ပုံရိပ်ပင်။ တစ်နည်း " မုန့်ဖိုး" ဟူသော အရာနှင့် စတင်ထိတွေ့ဖူးခဲ့ခြင်းဆိုလျှင် မမှားနိုင်ချေ။ ကျွန် တော်ငယ်စဉ်က အိမ်တွင် အဖေ၊ အမေ၊ ညီမလေး၊ အဘွားနှင့် ဦးလေးတို့ အတူနေထိုင်ခဲ့ကြသည်။ ဦးလေးဝမ်းကွဲ သုံးဦးလည်း တစ်ခါတစ်ရံ လာရောက်နေထိုင်ခဲ့ဖူးသည်။ အဘိုးမှာမူ အခြားအိမ်တွင် နေထိုင်သည်။
တစ်ရက်တွင် အဘိုးသည် အိမ်သို့လာလည်သည်။ ကျွန်တော့်အား မုန့်ဖိုးအဖြစ် (၉၀) ကျပ်တန် တစ်ရွက်ပေးပြီး မုန့်သွားဝယ်စားခိုင်းလေသည်။ (ထိုစဉ်က ကျွန်တော့်အသက်မှာ (၇) နှစ်ဝန်းကျင်သာ ရှိသေးသည်။) အခက်တွေ့ရသူမှာ ကျွန်တော်ပင်။ လမ်းအောက်ပိုင်းမှ ပထမဆုံးထောင့်အိမ်သည် မုန့်ဆိုင်လေးဖွင့်ထား သည်။ ထိုအိမ်ဆိုင်လေးရှေ့တွင် ကျွန်တော်တွေတွေကြီး ရပ်နေမိသည်။ တွေတွေကြီးဆို၍ အထင်ကြီးလျှင် မှားပေမည်။ တကယ်တမ်းတွင် (၉၀) ကျပ်ဆိုသည်မှာ ထိုစဉ်က ကျနော့အသက်အရွယ်နှင့်စာလျှင် များပြားလွန်းပြီး ဘာဝယ်ရမှန်းမသိ ဖြစ်နေခဲ့ခြင်းပင်။ နောက်ဆုံးတွင် ကျွန်တော် ဘာမုန့်မှမဝယ်ဘဲ အိမ်သို့ အူကြောင်ကြောင်ဖြင့် ပြန်လာခဲ့သည်။ မိသားစုဝင်များက ကျွန်တော့်အား ဝိုင်းရယ်ကြပါသည်။
အတိတ်ကို တူးဆွသည့်အခါ ဤဖြစ်ရပ်သည် ကျွန်တော့်ကို "မုန့်ဖိုး" ဟူသောအရာနှင့် စတင်မိတ်ဆက်ပေးခဲ့ပါသည်။
(၂) အဖေ နှင့် အမေ
ငယ်စဉ်ဘဝကို ထပ်မံတူးဖော်သောအခါ အဖေနှင့် အမေတို့သည်လည်း "မုန့်ဖိုး" အများကြီး ပေးခဲ့လေသည်။ ကျွန်တော်သည် ငယ်စဉ်က ကျန်းမာရေး အလွန်ချူခြာခဲ့သည်။ ပန်းနာရင်ကျပ်ရောဂါကို အပြင်းအထန် ခံစားခဲ့ရသည်။ တခြားအသက်တူ သူငယ်ချင်းများနှင့်စာလျှင် ကျွန်တော် ရှူနာရှိုက်ကုန်းပုံစံ ပေါက်နေခဲ့သည်။ အိမ်နှင့် နှစ်မှတ်တိုင်ခန့်သာ ကွာဝေးသော မူလတန်းကျောင်းသို့ပင် ကျွန်တော့်မှာ လမ်းလျှောက်မသွားနိုင်သည့် ရက်များလည်း ရှိခဲ့သည်။ ထိုအခါမျိုးတွင် အဖေက ကျွန်တော့်ကို ကျောင်းသို့ ကုန်းပိုးပြီး ပို့ပေးရသည်။ ထိုကာလ ငယ်ဘဝတွင် ယခုခေတ်ကဲ့သို့ နည်းပညာများလည်း အလွန်မထွန်းကားသေးချေ။ ထို့ကြောင့် ကျွန် တော်တို့ မိသားစုသည် ညနေစာစားပြီးလျှင် အသွား (၂) မှတ်တိုင်၊ အပြန် (၂) မှတ်တိုင်စာ လမ်းလျှောက်ထွက်လေ့ ရှိခဲ့သည်။ ထိုစဥ်က နေထိုင်ခဲ့သည့် နေရာမှာ ဗဟန်းမြို့နယ်၊ မြလမ်းဖြစ်၍ ဘယ်ဘက်သို့လျှောက်လျှင် ဈေးကွက်ဘက်အထိ ရောက်ကာ ညာဘက်သို့လျှောက်လျှင် တာမွေအဝိုင်းထိပ်ဘက်သို့ ရောက်လေသည်။ ထိုစဉ်က ကျွန်တော်သည် လမ်းလျှောက်ရင်း အဖေ့အား သိချင်တာရှိလျှင် မေးလေ့ရှိခဲ့သည်။ အဖေသည် ကျွန်တော့်အား ပြန်လည်ဖြေပေးခဲ့သည်ကို အမှတ်ရမိသည်။ (အရွယ်နည်းနည်းရလာသည့်အခါ အဖေပြန်ဖြေပေးခဲ့သည်များထဲတွင် အဂ်လိပ် ဝေါဟာရများလည်း ပါသောကြောင့် ကျွန်တော့်အတွက် လူသားအဘိဓာန်လို ဖြစ်နေခဲ့သည်ဟု တွေးမိခဲ့သည်။)
အမေသည်လည်း ကျွန်တော့်အား "မုန့်ဖိုး" အများကြီး ပေးခဲ့သည်။ ကျွန်တော့်အဖိုးလို တစ်ကြိမ်တည်းနှင့် မုန့်ဖိုးအများကြီး ပေးခဲ့ခြင်းတော့ မဟုတ်ချေ။ အမေသည် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်သည်။ အိမ်တွင် မုန့်ဆိုင်လေး ညနေတစ်ပိုင်းရောင်းသည်။ မိသားစုအပြင် နှစ်ဘက်အမျိုးများနှင့်လည်း ပြေလည်အောင် နေတတ်သည်။ အလုပ် အလွန်ကြိုးစားသည်။ ခက်ခဲသော ကာလများဖြစ်သောကြောင့် ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ရှိတာလေးဖြင့် စားပျော်စေရန် အမျိုးမျိုး ဖန်တီးပေးနိုင်သည်။ ကျွန်တော်တို့ မောင်နှမနှစ်ယောက် ၏ ပညာရေးအတွက်ကိုလည်း မလစ်ဟင်းအောင် ကူညီပျိုးထောင်ပေးခဲ့သည်။ အမေလစာထုတ်လာလျှင် ပိုက်ဆံအကြွေအသစ်လေးတွေ လဲလာတတ်သည်။ အမေလဲလာသော ပိုက်ဆံ (၁၀၀) တန်အသစ်လေးများ သည် ကျွန်တော့်ငယ်ဘဝအတွက် ထီပေါက်တာထက်ပင် ပို၍ ပျော်ရွှင်ခဲ့ရပါသည်။
ဤအတိတ်ကို တူးဖော်ကြည့်သည့်အခါ ဝမ်း နည်းစိတ်ဖြစ်ပြီး ငိုချင်လာမိသည်။ တစ်ကယ်တမ်းမှာ အဖေ နှင့် အမေ ကျွန်တော်တို့မောင်နှမကို "မုန့်ဖိုး" မပေးခဲ့ပါ။ "ပညာအမွေ၊ ရိုးသားခြင်း၊ အလုပ်ကြိုးစားခြင်း၊ စည်းနှင့်ကမ်းနှင့် နေထိုင်တတ်စေခြင်း" တို့ကို "မုန့်ဖိုး" ပေးခဲ့ခြင်း ဖြစ်ပေသည်။
(၂) ဆရာ၊ ဆရာမကောင်းများနှင့် ကြုံတွေ့ခဲ့ရခြင်း
ကျွန်တော် မလုပ်ချင်ဆုံး ကိစ္စတစ်ခုရှိသည်။ ယင်းမှာ တစ်ဦးဂုဏ်ပေါ်လွင်စေရန် တခြားသူ၏ ဂုဏ်ကိုနှိမ့်၍ နှိုင်းယှဉ်ပြောဆိုခြင်းဖြစ်သည်။ သို့သော် ဤကိစ္စတွင်မူ ကျွန်တော် အမှန်အတိုင်း ရေးချင်ပါသည်။ ကျွန်တော် အလယ်တန်းတက်ရောက်သည့်အခါ အလွန်ပင် ချောမောချမ်းသာပြီး ဂုဏ်မောက်တတ်သော အတန်းပိုင်ဆရာမတစ်ဦး၏ အတန်းတွင် တက်ရောက်သင်ကြားခဲ့ရသည်။ ထိုဆရာမကိုလည်း ကျောင်းသူ၊ ကျောင်းသားများက ကြောက်ရသည်။ ယင်းအတန်းပိုင် ဆရာမအား ကန်တော့ကြသည့်အခါ ကျွန်တော့်အိမ်ကလည်း ဆရာမအတွက် ပိုက်ဆံအိတ်တစ်လုံး ကန်တော့စေခဲ့ပါသည်။ ထိုစဉ်က ပြည့်စုံသော မိသားစုများအတွက် (၅၀၀၀) တန်ပိုက်ဆံအိတ်မှာ အသေးအဖွဲဖြစ်ခဲ့သော်လည်း ကျွန်တော်၏ မိသားစုအတွက်မှာမူ ဖိအားဝင်စေနိုင်သည်ဆိုတာကိုတော့ ကျွန်တော်ရိပ်မိနေခဲ့ပါသည်။
သို့သော် နောက်တစ်တန်း အောင်သည့်အခါ မြန်မာစာသင်ကြားပေးသော ဆရာမကြီးတစ်ဦးနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုဆရာမကြီးမှာ အသက်ကြီးနေပြီဖြစ်သည်။ သို့သော် မကြာခင်တွင် အငြိမ်းစားယူတော့မည် ဆိုသည်ကိုမူ ကျွန်တော်မသိခဲ့ရချေ။ ဆရာမကြီးမှာ စာသင်ပြရမှာလည်း အလွန်ပင် စေတနာပါလှသည်။ တပည့်များထံမှလည်း ဘာမျှော်လင့်ချက် တစ်ခုမျှ မထားခဲ့ချေ။ သို့သော် ထမင်းစားချိန်တွင် ထိုဆရာမကြီးအနားတွင် တပည့်တွေ ဝိုင်းနေတတ်သည်။ ကျောင်း သား၊ ကျောင်းသူများမှာလည်း ဆရာမကြီးအား အလွန်ပင် ချစ်မြတ်နိုးကြသည်။
ဆရာမကြီး အငြိမ်းစားယူတော့မည် ဆိုသော အခါ အတန်းသူ၊ အတန်းသားများသည် အတန်းထဲတွင်ပင် ဝိုင်းဝန်းစုပေါင်း၍ ကန်တော့ခဲ့ကြပါသည်။ ကျွန်တော့်အိမ်နှင့် ကျွန်တော့်မုန့်ဖိုးထဲမှ ဆရာမကြီးအတွက် အလှူငွေထည့်ခဲ့လား၊ မထည့်ခဲ့လား ဆိုသောပုံရိပ်ကိုမူ ကျွန်တော်တူးဖော်၍ မရခဲ့ပါ။ သို့သော် အဓိကျသည်မှာ ထိုဆရာမကြီးအား ကန်တော့နေခိုက်မှာပင် ကျွန်တော့်ပါးပြင်တွင် မျက်ရည်များ စီးကျလာခဲ့ပါသည်။ (ဆရာ၊ ဆရာမကောင်းများအား ခွဲခွာရခြင်းကြောင့် ဝမ်းနည်းစိတ်ဖြစ်ခြင်းပင်။) ကျွန်တော်သည် အတန်းထဲတွင် ပေါ်ပြူလာဖြစ်သော ကျောင်းသားထဲတွင် မပါဝင်ခဲ့ပါ။ သို့သော် ဆရာမကြီးအား ကန်တော့နေစဉ် ဘေးမှာရှိနေခဲ့သည့် ဆရာ၊ ဆရာမများမှ " ဇွဲဗိုလ်ဗိုလ်တော့ မျက်ရည်တွေ ကျနေပါလားဟေ့။ ဆရာမကြီးကို တော်တော်ချစ်ရှာတာပဲ" ဟု ပြောဆိုနေခဲ့ကြသည်ကိုမူ ကျွန်တော် မှတ်မိနေခဲ့ပါသည်။
ထိုဆရာမကြီး ပေးခဲ့သော "မုန့်ဖိုး" မှာ ကျွန်တော်နားလည်မိသလောက် ပြောရလျှင် "ဆရာ၊ ဆရာမကောင်းများ၏ ဂုဏ်ကျေးဇူးကို သိမြင်စေခြင်း နှင့် တပည့်များအပေါ် ထားရှိသော မေတ္တာတရား" ဖြစ်နေခဲ့ပါသည်။
(အထက်တန်း၊ တက္ကသိုလ် နှင့် ဘဝတစ်လျောက်တွင်လည်း ဆရာ၊ ဆရာမကောင်းများနှင့် များစွာ ကြုံတွေ့ခဲ့ဖူးပါသည်။ လမ်းမှားမရောက်အောင် ပြုပြင်ဆုံးမပေးသော ဆရာ၊ မိမိကိုယ်မိမိဖြစ်စေ အခြားသူများနှင့်ဖြစ်စေ ပြိုင်ဆိုင်လိုစိတ် မြှင့်တင်ပေးသော ဆရာများ၊ သင်ရိုးအတိုင်း သင်သင်၊ ဘဝအတွေ့အကြုံများ ထည့်သင်သင် တပည့်တို့၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်သော ဆရာ၊ ဆရာမများ ဖြစ်ပါသည်။ ဆရာကျင့်ဝတ်ကို လက်တွေ့ကျင့်သုံးကြသော ဆရာ၊ ဆရာမကောင်းများ ဖြစ်ပါသည်။ စာအလွန် ရှည်သွားနိုင်သောကြောင့် အတိုချုံ့ကာ ရေးသားလိုက်ရပါသည်။)
(၄) တရားဓမ္မ၊ သံဃာတော်များ နှင့် ဓမ္မမိတ်ဆွေ သူတော်ကောင်းများ
တရားဓမ္မကို ကျွန်တော့်အား စိတ်ဝင်စားလာအောင် လမ်းပြပေးခဲ့သော ပုဂ္ဂိုလ်မှာ ကျွန်တော်၏ အမေပင်ဖြစ်ပါသည်။ အမေသည် ကျွန်တော်တို့ ပညာရေးပြီးစီးအောင် ပြုစုပျိုးထောင်ခဲ့အပြီးတွင် တရားဓမ္မကိုလည်း အချိန်ပေး လုပ်ဆောင်လာခဲ့သည်။ ထိုစဉ်က ကျွန်တော်အားကျမိသည်မှာ အမေတရားထိုင်နေချိန်တွင် ဖြစ်တည်နေသော တည်ကြည်မှု၊ ငြိမ်းချမ်းမှု၊ အေးမြမှုပင် ဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်တည်လာအောင်၊ တရားအစဉ်တစ်စိုက် အားထုတ်နိုင်အောင် စတင်ခဲ့ရသော ပထမဆုံး အချိန်ကာလများသည် အခက်ခဲဆုံးဆိုသည်ကိုမူ ကျွန်တော်မသိခဲ့ပေ။
အမေ့အကူအညီဖြင့် ကျွန်တော် (၁၀) ရက်တရားစခန်း စဝင်ဖြစ်ခဲ့သည်။ ထိုအခါမှပင် တရားဓမ္မနှင့် ပက်သက်လျင် ကျွန်တော် ဘာဆိုဘာမှ မသိနားမလည် ဖြစ်နေခဲ့သည်ကို နဖူးတွေ့၊ ဒူးတွေ့ အခက်ကြုံရပါတော့သည်။ ကျောင်းထိုင်ဆရာတော်ကြီး နှင့် ကျောင်းသို့လာရောက်ဟောကြားသော အခြားဆရာတော်များ ဟောကြားသည်ကိုလည်း နားလည်ဖို့ မပြောနှင့်။ လိုက်လံမှတ်သားရသည်နှင့်ပင် အချိန်ကုန်နေခဲ့ရလေသည်။ ပိုဆိုးသည်မှာ တရားချိန် ပြီးဆုံးသည့်အခါ ယောဂီနားနေဆောင်တွင် မှတ်စုများကို ပြန်ဖတ်ကြည့်သည့်အခါတွင်လည်း လုံးဝကို နားမလည်ခြင်းပင်။
ထိုစဉ် ကံကောင်းသည်မှာ ကျွန်တော့်အိပ်ရာနံဘေးတွင် အတူကျသော အဘိုးနှစ်ဦးမှာ ကျောင်းထိုင် ဆရာတော်၏ ဇာတိအရပ်မှ လာရောက်တရားစခန်းဝင်သော ဓမ္မမိတ်ဆွေကောင်းများ ဖြစ်နေခြင်းပင်။ ထိုအဘိုးနှစ်ဦးမှာလည်း ကျွန်တော် အခက်ကြုံနေမှန်း ရိပ်မိလောက်ပါသည်။ တရားနားချိန် ယောဂီအဆောင်တွင် ကျွန်တော့်အား သင်ပေး၊ ကူညီရှင်းပြပေးကြပါသည်။ ခက်သည်မှာ သူတို့ ပြောသည်ကိုလည်း လုံးစိပတ်စိတော့ နားမလည်ချေ။ သို့သော် နားထဲဝင်သလောက် ကြိုးစားသင်ယူဖြစ်ခဲ့ပါသည်။
ရယ်စရာ အဖြစ်အပျက်တစ်ခုကိုလည်း ပြောပြချင်သေးသည်။ အခြားဘုန်းကြီးကျောင်းမှ လာရောက်ဟောကြားသော ဆရာတော်တစ်ပါး၏ တရားကိုအနည်း ငယ်နားလည်ခဲ့ခြင်းပင်။ ထိုအခါ အကြည်ညိုလွန်ပြီး အိမ်ကထည့်ပေးလိုက်သော လှူရန်ဝတ္ထုငွေများအား အကုန်လှူလိုက်ခြင်းဖြစ်ပေတော့သည်။ နောက်ရက်များတွင် လာရောက်ဟောကြားပေးသော ဆရာတော်များအတွက်ကိုမူ လှူစရာ မကျန်တော့ခြင်းပင်။
ထိုတရားစခန်းဝင်သည့်နှစ်တွင် ကျွန်တော့်အနေဖြင့် တရားထိုင်ဖို့ မပြောနှင့်။ တရားသဘောကို လေ့လာရင်းဖြင့်သာ ကျေနပ်ခဲ့ရပါသည်။ နောက်တစ်ကြိမ် တရားစခန်းဝင်သောအခါ ကျွန်တော့်အတွက် အများကြီး ပိုမိုလွယ်ကူလာခဲ့ပါသည်။ တရားစတင် ထိုင်တတ်လာပါသည်။ မှတ်စုကိုလည်း ပြန်ကြည့်နေစရာ မလိုတော့ပါ။
ထိုတရားစခန်းမှ ရရှိခဲ့သော "မုန့်ဖိုး" မှာ တရားဓမ္မကို ကျင့်ကြံနေခိုက်တွင် စိတ်တည်ငြိမ်အေးချမ်းခြင်း၊ လုပ်ဆောင်မှုများ ကောင်းမွန်မှန်ကန်လာခြင်း၊ လောကီလောကုတ္တရာ ဘယ်နယ်ပယ်တွင် နေထိုင်သည်ဖြစ်စေ သတိရှိနေလျင် မှားယွင်းသော ဆုံးဖြတ်ချက်များ မချမိအောင် ဆင်ခြင်နိုင်လာခြင်းတို့ပင် ဖြစ်ပေတော့သည်။
(၅) အနောက်အရပ်နှင့် မတူညီတော့သော ဤကာလ
အတိတ်ကို တူးဆွ၍အပြီးတွင် ကျွန်တော်သည် မျက်မှောက်ကာလသို့ ပြန်လည်ရောက်ရှိလာပါသည်။ အထက်တွင် ရေးခဲ့သော Drama (ဒရာမာ) များ လျော့ နည်းသွားပြီး တိုးတက်လျင်မြန်နေသော ခေတ်ကာလသို့ ပြန်လည် ရောက်ရှိလာပါသည်။
ကလေးတွေ၊ ဆယ်ကျော်သက်တွေ "မုန့်ဖိုး" လိုချင်ကြပြီ။ လူငယ်၊ လူလတ်ပိုင်းတွေလည်း လူကြီး သူမများအား ကန်တော့ရန်၊ အငယ်တွေကို "မုန့်ဖိုး" ပေးရန် စဉ်းစားပြင်ဆင်ရပြီ။ လူကြီးသူမများကလည်း အစစ အရာရာ စီမံခန့်ခွဲရပြီ။ "မုန့်ဖိုး" သည် ဤခေတ်တွင်
"တကယ့်မုန့်ဖိုး" ဖြစ်လာချေပြီ။ ခေတ်စနစ်ကို မရေးလိုသော်လည်း ကျွန်တော်တို့သည်လည်း လိုက်ပါစီးမျောရမည်သာဖြစ်ပါသည်။
ငွေရှာညံ့သော ကျွန်တော်သည် သီတင်းကျွတ်တွင် ကန်တော့ရန်ကိစ္စအတွက် ကြိုပြင်ဆင်ခဲ့ရသည်။ သို့တိုင်အောင် ထင်သလောက် မထောက်ပံ့နိုင်သေး၍ စိတ်မကောင်းဖြစ်မိပါသည်။ (အသိတရားမဲ့ခိုက် ဆိုးမိုက်သမျှတွေကို အသိတရားဝင်ခိုက် ရှိခိုးကန်တော့လိုက်ပါတယ် အဖေ နဲ့ အမေ။)
အခြားသူများအတွက် ကိုက်ညီ၊ မညီ မသိသော်လည်း ကျွန်တော့်အတွက် အလုပ်ဖြစ်ခဲ့သော နည်းလမ်းမှာ ကြိုတင်ပြင်ဆင်ခြင်း (Planning) အကြောင်း ဖြစ်ပါသည်။ မြန်မာစကားတွင် "မီးစင်ကြည့်ကကြတာပေါ့" ဟူသော အသုံးရှိသည်။ အခြေအနေ၊ အချိန်အခါပေါ်မူတည်၍ လက်တန်းဆုံးဖြတ်ဖြေရှင်းသော အဓိပ္ပာယ်မျိုးဖြစ်သည်။ သို့သော် ဝင်ငွေနည်းသူအဖို့မှာမူ ကြိုတင်ပြင်ဆင်ခြင်းဖြင့် လိုရာကိစ္စများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းကို ဆိုလိုခြင်းပင်။ ဤနည်းဖြင့် ကျွန်တော်သည် သီတင်းကျွတ်ကာလအတွက် လိုချင်သည့်ပုံစံကို ပြည့်မီအောင် စီမံနိုင်ခဲ့ပါသည်။
ဤဆောင်းပါးသည် "သီတင်းကျွတ်ပွဲတော်အတွက် ဆောင်းပါး" ဟု ဖတ်ရှုသူ စာဖတ်မိတ်ဆွေများ ခံစားရ၊ မခံစားရ ဆိုသည်ကို ကျွန်တော် အာမမခံနိုင်ပါ။ သို့သော် အထက်တွင် ရေးသားခဲ့သော ပုဂ္ဂိုလ်တို့ကို အဘယ်ကြောင့် ကန်တော့ရသည် ဆိုသည်ကို နားလည်နိုင်မည် ဆိုခဲ့ပါလျှင် "ဤဆောင်းပါး ရေးရကျိုးနပ်ပြီ" ဟု ခံယူပါသည်။ မြတ်စွာဘုရားရှင် ဟောကြားလမ်းညွှန် တော်မူခဲ့သော...
"ကြီးသူကို ရိုသေ
ရွယ်တူကို လေးစား
ငယ်သူကို သနားညှာတာ"
ဟူသော တရားတော်မှာမူ သီတင်းကျွတ်ပွဲတော် တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ နေ့စဉ်ရက်တိုင်း ကျင့်သုံးသင့်သည်ဟု ယုံကြည်ပါကြောင်း...။
စမ်းကြယ်
(စာကြွင်း ။ ။ SarPhat app မှ ကလောင်ရှင်နှင့် စာဖတ်သူ တူ၊ တူမလေးများ မုန့်ဖိုးအများကြီး ရကြပါစေ။ ???)
Keep Reading