Author's Profile Photo

A Loon Kha

13/10/2024

သူတို့အားလုံးပျော်ကြသည် အပိုင်း (၆)

4 mins read
Art
Entertainment


အမေနှစ်ယောက်နဲ့ လူ
==================

? လူကလေးရဲ့ ငို... ခိုဖမ်းလို့ပေး။ ခိုဖြူရယ် ခိုပြာနက်ကယ်... ဖမ်းခက်လှသေး ???

‌မေမေတို့ အိမ်ထောင်ကျပြီး မကြာပါဘူး။ ဖေဖေက မြင်းမူမြို့ မှာ တာဝန်ကျပါတယ်။ မေမေက မူလတန်းကျောင်းဆရာမ လေး။ ကျောင်းပိတ်ရက် တွေဆို.... ဖေဖေ တာဝန်ကျရာ မြင်းမူမြို့ သွားပြီး ဖေဖေ့အသိမိတ်ဆွေတွေရဲ့ ကလေးတွေကို ကျူရှင်ပြရတာ အမော။ ရလာတဲ့ လခလေး ပေါင်းစပ်ပြီး ဘဝကို ရုန်းကြတာပေါ့။ ဖေဖေရော မေမေရော ကြိုးစားကြတယ်။ ဖေဖေကလည်း တော်တဲ့ ယောင်္ကျား.. ရသမျှလစာ မေမေ့ဆီ တပြားမကျန်အကုန်အပ်။ လိုသလောက်လေးပဲ ပြန်ယူပေါ့။

မေမေ့အဖေ ဦးကိုလေးကလဲ ကျန်းမာရေးချူခြာပြီး တပိန်ပိန် တလိမ်လိမ်။ အရက်ကို နှစ်ရှည်လများ သောက်ခဲ့တော့ အစာအိမ်က ဒုက္ခပေးတာပေါ့။ ဒီကြား ဆေးလိပ်က လက်ကြားမချတော့ ချောင်းဆိုးလို့သွေးပါ။ နောက်ဆုံး ကုတင်ပေါ်မှာပဲ ရဲ့ရဲ့ကလေး ခွေနေရတော့တာ။

" အနောက်တောင် အရပ် စနေထောင့်ကနေ မိုးရိပ်တွေ တက်လာသဲ့ နေ့ပေါ့... နင့်ဖေကြီး သွေးတေ အန်သာ။ သူက ပြောတယ် ဆေးရုံဆေးခန်း ပို့ပါနဲ့တဲ့... မာန်ကကြီးသယ်... ကုတင်ပေါ်မှာ တင်းခံသာ။ မလုပ်ပါနဲ့ ဆေးရုံတော့ တက်ပါဆိုသော့.. နောက်ဆုံး ဝေဒနာကြီးလို့ထင်သယ်။ ဆေးရုံသွားလိုက်ရပါလေ‌ကော။ အရက်သမားပေသိ သူတော်ကောင်းကြီးပါအေ။ ဆေးရုံမှာ ဝမ်းမသွား ဆီးမပါပဲနေတာ... ရွံကြမှာ စိုးလို့သဲ့..."

မေမေ့ အမေ ဒေါ်ခင်စန်းရီက ဘုရားခန်းမှာ ပုတီးလေးစိပ်ရင်း ပြန်ပြောပြတယ်။

တသက်လုံးသောက်ခဲ့တဲ့ ယမကာရယ်... အစာမဝင်တာရယ်ကြောင့် မေမေ့အဖေ ဦးကိုလေးက အစာအိမ်ရောဂါနဲ့ ဆေးရုံပေါ်မှာတင် ဆုံးသွားခဲ့တယ်။

" နင့်ဖေကြီးက၊ သေခါနီး ပြောသာ ရှိတယ်။ မိုးသဲ့....။. ကံ့ကော်ပွင့်လို့ မိုးညိုခဲ့ရင် သူ့ သတိရပါနော်သဲ့။ အဲ့နေ့ ဆေးရုံရှေ့က ကံ့ကော်ပင်ကြီး ပွင့်ချက်၊ မိုးတွေက စွေလို့... ပင်ပင်ပန်းပန်း အသက်ထွက်သွားရှာသာ.. ငိုလိုက်ရတာသော်... မောင်ကိုလေးကတော့ ဒါမျိုး လုပ်သွားသာဟဲ့ .."

မေမေ့ အမေက ငိုချတော့ ကျွန်တော်ပါ မျက်ရည်ကျမိတယ်။

****************

ဦးကိုလေး ဆုံးပြီးလို့ မကြာပါဘူး.. မေမေက ကိုယ်ဝန်စရတယ်။ ပထမဦးဆုံး ကိုယ်ဝန်ဆိုတော့ ဖေဖေက ပို သဲသဲလှုပ်။ တအိမ်လုံးကလဲ ဗိုက်ဗိုက်ဆိုပြီး ဂရုစိုက်လိုက်ကြတာ။

မေမေပြောတာတော့ အဲ့နေ့က ငလျင်တစ်ချက်လှုပ်တယ်။ အိမ်ပုလေးမှာ ခါလို့... ပြီးတော့ ငရုတ်သီးလှော် ကြော်ပေးဆိုတော့ သူပါ ဝင်ကြော်သတဲ့။
ဗိုက်ထဲက သန္ဓေသား.. နောက်နေ့မနက်မှာ ပျက်ကျခဲ့ပါတယ်။ မိန်းကလေးတဲ့။ ဖေဖေရော မေမေရော မျက်ရည်ကျပြီး ယူကြုံးမရ ငိုရသေးတယ်။

*****************

"သားသမီးဆိုသာ ကုသိုလ်ကံနဲ့ဆိုင်သယ်...ကိုယ်ထိုက်မှရသာလေ... တတ်နိုင်ဘူး။ ဒါပေသိ... မိသီတာ နောက်ထပ် ကိုယ်ဝန်ထပ်ရသယ်။ အဲ့နေ့က မိုးတွေ အုံ့ပြီး ခြိမ်းလို့... သီတာက အန်တာ မတရားပဲ။ အိမ်ရှေ့က ကံကော်ပင်ကြီး ပွင့်လိုက်သာ... ကိုကိုလေးပဲ ပြေးသတိရမိလို့ ငိုမိတယ်"

မေမေ့ အမေက ငိုကြီးချက်မနဲ့ ကျွန်တော့်ကို ပြောပြတာပေါ့။

"ငါသိသာတော့ ကံကော်ပန်းတွေနဲ့ ပြန်လာပီဆိုကတည်းက သူပေါ့။ နင်မွေးတုန်းကလဲ့ ကံကော်ပန်းတွေ ပွင့်သယ်... နင်က သူ ဝင်စားတာ... "

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်တော် ခေါင်းလေးငြိမ့်လို့။

အဲ့နေ့ကအကြောင်း အမျိုးတွေဆီ မေးရင်း သိလာတာလေး ပြောရဦးမယ်။

*******************

မနက်ခင်းမှာ အိမ်ဘေးက ကံကော်ပင်ကြီး အချိန်အခါမဟုတ် ကံကော်ပွင့်တွေ ပွင့်တယ်။ မေမေက ဗိုက်နာလာတော့ ကိုယ့်မြို့ကိုယ့်မြေမှာ ဖွားချင်တယ်ဆိုတော့ အိမ်ပြန် မီးဖွားတာပေါ့။ မိုးတွေများ ရွာလိုက်တာ။

မေမေက စိတ်ဓါတ်ပြင်းတယ် မီးဖွားချင်တာတောင် အောင့်ခံထားတာ။ လျှပ်စီးတွေ လက်လို့။ မိုးတွေက တအုံးအုံး။

"သီတာ စိတ်လျှော့ပါကွယ်။ ဖွားချင်လဲ ဖွားလိုက်သော့"

လို့ အမေဖြစ်သူ ဒေါ်ခင်စန်းရီက ဆိုတော့။ ငိုပြီးပြောတယ်။

"ကျမသားဂို မသေချင်ဘူးသော် .." တဲ့။

မေမေ ဖွားမယ့်နေ့က စနေနေ့ကိုး။ စနေသားဆို အိမ်ခိုက်တတ်တယ်ဆိုတဲ့ အယူကလဲရှိသေးတယ်။ ကိုယ့်သားကိုယ် ချစ်ပေသိ၊ အမျိုးတွေ အယူသီးမှာလဲ စိုးတော့ စနေနေ့ မဖွားချင်တာ မေမေ့စိတ်ရိုးပါ။ ဒါလည်း မိခင်မေတ္တာ။ ကိုယ့်သာ အပြောခံမယ်။ မွေးလာတဲ့သားကို ဘယ်သူမှ အပြစ်မမြင်စေချင်ဘူး။

****************************

အပျိုကြီး လက်သည် ဒေါသန်းနွဲ့အိမ်ရှေ့ မိုးကြီးလေကြီးကြား ‌ယောင်္ကျားသား လေးယောက် မနက်သုံးနာရီလောက် ဓါတ်မီးတဝင်းဝင်းနဲ့ ရောက်လာတော့။ ဒေါ်သန်းနွဲ့တို့ မျက်လုံးပြူးပြီ..

" သန်းနွဲ့ရေ ! သန်းနွဲ့!! "

ဒီလောက် မှောင်တိမှောင်တောင်ဆိုတော့ သားဖွားလက်သည် ဒေါ်သန်းနွဲ့ခင်မျာ... တော်ရုံနဲ့ မထွက်ရဲဘူး။ အိမ်မှာ အားကိုးအားထား ဆို တပည့်မ မထွားစိန်တစ်ယောက်ရှိတာ။ သူကလည်း တခေါခေါနဲ့။ သူ့ လှုပ်နှိုးရတယ်။

"ဟဲ့.. ထွားစိန်... ထွားစိန်၊ ထပါဟဲ့။ အိမ်ရှေ့ ဆူညံ ဆူညံနဲ့။ ယောင်္ကျားသံတွေ ကြားသယ်.. ထဇမ်း.. ကလွှားမ.. မီးအိမ်ကိုင် သွားကြည့်ဇမ်းဟာ.."

မထွားစိန်တို့ ကပြာကယာထ စားပွဲပေါ်က မီးအိမ်ကလေး ကိုင် အိမ်ရှေ့ ပြေးတာပေါ့။

"အမေသန်းနွဲ့ရေ... သီတာ ဖွားချင်တာသဲ့...!"

ထွားစိန် အော်ပြောမှ ဒေါ်သန်းနွဲ့ ခေါင်းထောင်တယ်။ သီတာ ဒီရက်ပိုင်း ဖွားတော့မယ်ဆိုတာ ထင်ထားပြီးသား။ သီတာက အတန်တန်မှာထားတာ သူ့သား မသေပါရစေနဲ့လို့။ သီတာက ကလေးတစ်ယောက် ဆုံးဖူးတယ်။ ဒီကလေးတော့ သူ ကယ်မှ ရတော့မယ်လေ။

သီတာက သူ့ကိုဆို သိပ်အားကိုးတာ.. ဒါကြောင့် သန်းနွဲ့တို့ရှိတဲ့ဆီ လာမွေးတာ။ လက်ဆွဲအိတ်ကလေးကိုင် ထွားစိန်ရေ လိုက်ခဲ့ဆိုပြီး မိုးရေတွေ ကြား ထီးလေးဆောင်း ပြေးရတော့တာပဲ။ မိုးကထန် လေကကြမ်းတော့ ထီးဆောင်းလည်း တကိုယ်လုံးရွှဲတာပါပဲ။ အိမ်ရောက်တော့ ရေ သုတ်ချိန်တောင်မရပါဘူး။ သီတာက နောက်ဖေးက အခန်းမှာ ပက်လက်... မိုးခြိမ်းသံတွေကလည်း တဂျိန်းဂျိန်း။

သီတာ ချွေးစီးတွေ ပုဝါလေးသုတ်ပေးလို့... ဗိုက်ကလေးဖိပေး။ မိုးကြိုးတွေက ထပစ်တယ်။ အချိန်ကြည့်တော့ မနက် လေးနာရီ ခွဲ။ သတိတချက်တချက် လွတ်ချင်သလိုဖြစ်သွားတဲ့ သီတာ့ကို ရေပက်တိုက်ပေးရတဲ့ ထွားစိန်ကလဲ ချွေးဒီးဒီးကျလို့။ ဒေါ်သန်းနွဲ့ သရဏဂုံ တင်လိုက်တဲ့အချိန် ကလေး ခြေထောက်လေး အရင် ထွက်လာတယ်။

သီတာ့ကို အားပေးရင်း တဖြေးဖြေးချင်း ဆွဲရတယ်။

"ခင်စန်းရီရေ.. ရှင့်သမီး ‌မွေးတာ ယောင်္ကျားလေး.. ခြေကဖွားသော်" ဆိုပြီး ထွားစိန်က ထအော်လို့။ သွေးနုသားနု ကိုယ်ဝန်သည် လန့်မှာစိုးလို့ ငေါက်ရသေးတယ်။

ကလေးက ‌ဖွေးဥလို့ ။ ပါးဖောင်းဖောင်းကလေး။ ချက်ကြိုးကိုယ်တိုင်ဖျက်.. အချင်းကို အိမ် မြောက်အရပ်မှာ မြုပ်ခိုင်း။ အချိန်ကြည့်တော့ မနက် ငါးနာရီနဲ့ လေးဆယ့်ငါးမိနစ် ။ မိုးတွေက အုံးအုံးထ။ အိမ်ရှေ့က လမ်းတွေ မိုးရေကြောင့် ချောင်းတွေထတယ်။

သန်းနွဲ့တို့ အဖေက ဗေဒင်ဆရာကြီး... အဖေသင်ပေးဖူးတဲ့ ပညာလေးမတောက်တခေါက်ကို စိတ်ထဲတွက်ကြည့်မိတယ်။

"ဝါခေါင် လဆုတ် ၁၀ရက်နေ့၊ ၁၃၅၅ ခုနစ်ဖွား။ မရဏဖွား တဲ့ ‌ကလေး။ ငယ်တုန်း အသက်တဖျား ကြုံဦးမယ်... ဒီကာလကျော်နိုင်ရင် မင်း ဒါမဟုတ် ဘုရင်၊ ဒါမဟုတ်ရင် ထင်ပေါ် ကျော်စောဦးမယ်။ စနေဖွား နေတက် ရေတက်မွေးတာ။ ခြေထောက်လည်း ဖွားသတဲ့။ ဒေါသကြီးပြီး သူများထက် ထက်မြက်ဦးမယ်။ လက်ဆိပ်တတ်တဲ့လူ... ရှေးက ခြေကဖွားတဲ့လူ သမားတော် ဇီဝက လို လက်နဲ့ထိရုံနဲ့ ဝေဒနာပျောက်မယ့် လူမျိုး..."

စိတ်ထဲ တချက်‌တွေးရင်း ကလေးကို ကင်မွန်းရေနဲ့ ရေချိုးပေးဖို့ ခိုင်းလိုက်တယ်။ ပြီးတာနဲ့ လက်နဲ့ ပွေ့ပြီး။ မောင်မောင်အေး ကို ပြောရတယ်။

"မောင်အေး... ကလေးက သာမန်ထက်တော်မယ့်လူ။ သူမှန်တယ် ထင်ရင် ဘယ်သူ့မှ မငဲ့ဘူး။ နင်တို့ကို စော်ကားမော်ကားလုပ်နိုင်သယ်.. ဓါးမ ထမ်းပြီး သူ့ခွကျော်ဟဲ့ " ဆိုတော့

မောင်အေးက

"ဒေါ်သန်းနွဲ့ .. ဆိုးလည်းခံ ကောင်းလည်းစံမယ်။ ကျုပ်သားကိုယ် ကျုပ် နာမ်နှိမ်တဲ့ ပုံစံမျိုးတော့ မလုပ်နိုင်ဘူး.. "

အဖေ့မေတ္တာ သိရတော့ သန်းနွဲ့ကြီး မျက်ရည်လဲ့ပြီး... ရင်ခွင်ထဲက သားလေးကို ကြည့်ရင်း...

" ငါ မွေးစားမယ်အေ.. ဒါ ငါ့သားပဲ။ ငါလည်း သူကောင်းလည်းစံ မကောင်းလည်း ခံမယ်အေ။ အမေ့ သားကြီး ကျမ်းမာချမ်းသာပါစီ။ နတ်များဒေဝါ စောင့်ရှောက်ပါစီတော်.. "

မိုးခြိမ်းသံတွေနဲ့ မစဲဘူး။ လျှပ်စီးတဝင်းဝင်းကြား အိမ်လေးထဲမှာ ကလေးငိုသံက စူးစူးရှရှ...

ထွားစိန်က

"မေသန်းနွဲ့ရဲ့ မွေးစားသားသဲ့... တတုံးတခဲလေးသော်...သီတာရေ... ငါတို့ အိမ်ခေါ်သွားမယ်"

ဪ... သွေးနုသားနု မီးနေသည်ကို သွားစနေလို့ ငေါက်လိုက်ရသေးတယ်။

စိတ်ထဲတော့

"အမေ့သား ကပ်ဘေးရန်ဆိုးကျော်လွှားနိုင်ပါစေသော်.. အမေ အပျိုကြီးပါ အမေ့မှာ သားတစ်ယောက်ရပြီ။ အမေ့သားကြီး အရာရာ အောင်နိုင်ပါစေသော်.. "

အိမ်ရှေ့က ထနောင်းပင်ကြီး ထိန်း ခနဲ မိုးကြိုးတစ်ချက်ပစ်သွားတယ်။ မိုးက ရွာနေတော့ ထွားစိန်နဲ့ ဆရာတပည့် နှစ်ယောက်သား အိမ်ဦးခန်းမှာ ရေနွေးလေးသောက်ရင်း မိုးအစဲကို စောင့်ရတာပေါ့။ ဒေါ်ထွားစိန် ရင်ခွင်ထဲမှာ ကလေးလေးက အိပ်လို့။

(နောက်တစ်ပိုင်း ဆက်ရန်ရှိပါသေးသည်။)

A Loon Kha

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်