Author's Profile Photo

ဇွဲ

13/10/2024

ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်ခါ

4 mins read
General Knowledge
18 Again
ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်ခါ's photo

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရသော မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်များဟောကြားပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပြန်လည်ကြွမြန်းတော်မူလေသည်။
ဝါလကင်းလွတ် သီတင်းကျွတ်တွင် ရဟန်းသံဃာတော်တို့မှာလည်း မိမိတို့သီတင်းသုံးရာကျောင်းဆောင်တွင် တစ်ဝါဆိုခဲ့ပြီဖြစ်၍ ဆန္ဒရှိရာသို့ လွတ်လပ်စွာကြွမြန်းနိုင်ပြီဖြစ်သည်။
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့တွင် ရပ်ဝေးရောက်နေကြသော မိသားစုများ နေရပ်သို့ပြန်လာကြပြီး မိဘ၊ဘိုးဘွားများနှင့်သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ခြင်းအမှုပြုလုပ်ကြသဖြင့် သိတတ်ခြင်း၊ခွင့်လွှတ်ခြင်းတို့ဖြင့် ထုံမွှမ်းထားသော ချစ်ခြင်းမေတ္တာကာလလည်းဖြစ်ပေသည်။ထို့သို့ ချစ်​​မြတ်နိုးဖွယ်သီတင်းကျွတ်မီးထွန်းပွဲတော်အခါသမယအတွင်း ကျွန်တော်တို့ရွာကလေး၏ ချစ်မြတ်နိုးဖွယ်ဓလေ့ထုံးတမ်းအစဥ်အလာများကို စာဖတ်ပရိသတ်များကို မျှဝေခံစားလိုပါတယ်။

ကျွန်တော်တို့ရွာကလေးမှာ မတ္တရာမြို့နယ်အတွင်းမှ ကျေးရွာလေးတစ်ခုသာဖြစ်ပါတယ်။
ရွာသူ၊ရွာသားများမှာ တောင်သူလယ်သမားများဖြစ်သည့်အလျှောက် မိုးလေကင်းလွတ်ခါစ သီတင်းကျွတ်လကို နှစ်ခြိုက်ကြပါတယ်။သီတင်းကျွတ်လရောက်သည်နှင့် ထွန်ယက်စိုက်ပျိုးခြင်းကို အစပြုကြပါတယ်။မိုးလင်းက နေဝင် အလုပ်နှင့်လက်,မပြတ်ရအောင် အလုပ်ရှုပ်နေကြသော ကျွန်တော်တို့ရွာသူရွာသားများသည် သီတင်းကျွတ်လပြည့်နေ့ရောက်သည်နှင့် အလုပ်များရပ်နားထားကာ မီးထွန်းပွဲတော်ကို အားတက်သရောပါဝင်ကျင်းပကြပါတယ်။ကျေးရွာငယ်လေးတစ်ခုတွင်ကျင်းပသော မီးထွန်းပွဲတော်သည် မြို့ပြပေါ်က မီးထွန်းပွဲတော်လောက်မခမ်းနားသော်လည်း လူအပေါင်းအား ပျော်ရွှင်ကြည်နူးမှုကိုပေးစွမ်းနိုင်ပေသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို နေရာအနှံ့အပြားတွင်ကျင်းပကြသော်လည်း တစ်နယ်နှင့်တစ်နယ် ကျင်းပပုံမတူညီကြပေ။ကျွန်​တော်တို့ရွာကလေးသည် မနက်မိုးလင်းသည်နှင့် အိမ်များမှထွက်ပေါ်လာသော စကားသံများနှင့်အတူ မုန့်ဆီကြော်အနံ့များဖြင့် ဖုံးလွှမ်းသွားပါတယ်။ကျွန်တော်တို့ရွာရှိအိမ်များသည် မုန့်ဆီကြော်၊မုန့်ဖက်ထုပ်များပြုလုပ်ကာ လာရောက်သူအပေါင်းကို ယဥ်ကျေးပျူငှာစွာ တည်ခင်းဧည့်ခံလေ့ရှိပါတယ်။
တည်ခင်းဧည့်ခံမည့်မုန့်များ ပြုလုပ်စီစဥ်ပြီးသည်နှင့်တပြိုင်နက် တစ်ရက်တာအစီအစဥ်များကို စတင်ကြပါတော့တယ်။

ပထမဆုံးအစီအစဥ်မှာ ဘုန်းကြီးကျောင်းသို့သွားကာ ဥပုသ်သီလဆောက်တည်ရန်ဖြစ်ပါတယ်။အိမ်စောင့်တစ်ယောက်မှလွဲ၍ အိမ်ရှိလူကုန် ဘုန်းကြီးကျောင်းသို့သွားရောက်ကာ ဥပုသ်သီလဆောက်တည်ကြပါတယ်။ဘုန်းကြီးကျောင်းအဝင်တွင် ရွာထဲမှအလှူရှင်များက ချိုချဥ်၊ခေါင်းလျှော်ရည်၊ယပ်တောင် စသည်ဖြင့် ပေးဝေကြပါတယ်။ထို့ပြင် ထမင်း၊ခေါက်ဆွဲကြော်၊ကြာဇံကြော်၊မုန့်ဟင်းခါး၊သာကူကျို စသော စားသောက်စရာတစ်ခုခုကို လည်းတည်ခင်းကျွေးမွေးထားပါသည်။တရားဟောဘုန်းကြီးမကြွရောက်လာခင် ရပ်ရေးရွာရေးများပြောဆိုဆွေးနွေးချိန်တွင်သုံးဆောင်ရန် လက်ဖက်သုပ်၊ဂျင်းသုပ်၊စလေမုန့်၊ထိုးမုန့်၊ကျောက်ကျောများလည်း တည်ခင်းထားပါသေးသည်။ထို့နောက် တရားဟောဘုန်းကြီးကြွရောက်လာလျှင် ငါးပါးသီလ၊ဆယ်ပါးသီလခံယူကာ တရားဘာဝနာပွားများကြရပါတယ်။

ဘုန်းကြီးကျောင်းမှ ပြန်ရောက်လျှင် လူကြီးများက ကျွေးမွေးဧည့်ခံရေးအတွက် စီစဥ်ကြပြီး ငယ်ရွယ်သူတို့က လူကြီး၊မိဘများကို ကန်တော့ရန်ပြင်ဆင်ကြပါတယ်။အသက်ငယ်ရွယ်သူတို့သည် မိဘ၊ဘိုးဘွား၊ဆရာသမားများနှင့် အသက်အရွယ်ကြီးမြတ်သူတို့ကို ရှိခိုးကန်တော့ကာ ကျူးလွန်မိသောအပြစ်များရှိရင် ခွင့်လွှတ်ကျေအေးပေးရန် တောင်းပန်ကြပါတယ်။ကန်တော့ခံလူကြီးမိဘများကလည်း ဆုမွန်ကောင်းများတောင်းပေးကာ ဆုံးမဩဝါဒပေးကြပါတယ်။ကန်တော့ခြင်းသည် သက်ရှည်ဆင်းလှ၊ချမ်းသာရပြီး ဉာဏ်ပညာနှင့် ခွန်အားဗလ တိုးပွားစေသည်ဟု ယုံကြည်ကြသောကြောင့် ဂါရဝတရားရှေ့ထားကာ အလေးအနက်ထားပြုလုပ်ကြပါတယ်။

နေ့လယ်ပိုင်းတွင် ကလေးငယ်များအတွက် အထူးအစီအစဥ်တစ်ခုရှိပါသေးတယ်။၎င်းမှာ '' မုန့်စားပွဲတော် '' ဖြစ်ပေသည်။မုန့်စားပွဲတော်တွင် ရွာသူ၊ရွာသားများစုပေါင်းကာ တည်ခင်းကျွေးမွေးကြသည့် မုန့်ပဲသရေစာများကို ကြိုက်သလောက်ယူငင်စားသောက်နိုင်သလို စာအုပ်၊ခဲတံ၊အဝတ်အစား၊ကစားစရာအရုပ်၊မုန့်ထုပ် စသဖြင့် ပစ္စည်းများစွာကို မဲဖောက်ပေးသဖြင့် ကလေးငယ်များ ပျော်ရွှင်ကြည်နူးကြရပါတယ်။

ညဘက်ပိုင်းကတော့ ပို၍ ကြည်နူးရင်ခုန်စရာကောင်းပေသည်။မှောင်စပျိုးသည်နှင့် လူငယ်အပေါင်းတို့မှာ မီးခြစ်နှင့်ဖယောင်းတိုင်ထုပ်၊အမွှေးတိုင်ထုပ်များ ကိုင်ကာ တတ်ကြွနေကြပါသည်။အကြောင်းမှာ ရွာရှေ့ဘုန်းကြီးကျောင်းသို့သွားကာ မီးထွန်းပူဇော်ရန်ဖြစ်ပေသည်။မြတ်စွာဘုရားရှင််သည် မိခင်တော်စပ်ခဲ့ဖူးသော သန္တုဿီတနတ်သားအားအမှူးပြု၍  '' ကုသလာဓမ္မာ၊အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ'' အစရှိသဖြင့် အဘိဓမ္မာခုနှစ်ကျမ်းကို တာဝတိံသာနတ်ပြည်၌ နတ်၊ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံးဟောကြားတော်မူပြီးနောက် သိကြားမင်းဖန်ဆင်းပူဇော်အပ်သော ပတ္တမြားစောင်းတန်း၊ရွှေစောင်းတန်း၊ငွေစောင်းတန်းစသည့် စောင်းတန်းသုံးသွယ်ဖြင့် နတ်၊ဗြဟ္မာများ ခြံရံကာ လူ့ပြည်သို့ပြန်လည်ကြွမြန်းလာရာ သင်္ကဿနဂိုရ်ပြည်ရှိ စောင်းတန်း၌ ခြေတော်ချမိသည်နှင့် ရှင်သာရိပုတ္တရာမထေရ်က ရှေးဦးစွာပူဇော်ကန်တော့သည်။ထို့နောက် မင်း၊မိဖုရား၊မှူးမတ်များနှင့်တကွ သာဝတ္ထိပြည်၊ဝေသာလီပြည်၊ရာဇဂြိဟ်၊ဗာရာဏသီပြည်အပေါင်းမှ တိုင်းသူပြည်သားတို့ စုရုံးကာ မီးရှူးတိုင်များ၊မီးပန်းများ၊ဆီမီးများ ထွန်းညှိပူဇော်ကြပါသည်။ဤသို့ မြတ်စွာဘုရားရှင်အား မီးရှူး၊မီးပန်း၊ဆီမီးများထွန်းညှိပူဇော်ခြင်းကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီးထွန်းညှိပူဇော်ခြင်းဖြစ်ပါတယ်။ဘုရားတွင် ဆီမီးပူဇော်ရသည်မှာ စိတ်အေးချမ်းပီတိဖြစ်ရသလို၊ဆီမီးအတူကပ်လှူနေကြသော ချစ်သူဇနီးမောင်နှံစုံတွဲများကိုမြင်ရသည်မှာလည်း ကြည်နူးဖွယ်ဖြစ်ပေသည်။ထို့ပြင် မြန်မာဝတ်စုံများနှင့် လှပတင့်တယ်နေကြသော ပျိုမေများကိုမြင်ရသည်မှာလည်း နှစ်ခြိုက်ဖွယ်ကောင်းလှပေသည်။လူငယ်များသည်
ဘုရားတွင် ဆီမီးပူဇော်ပြီးသည်နှင့် ဗောက်အိုးများ၊မီးရှူးမီးပန်းများဖောက်ကာ ဆော့ကစားကြပါတော့သည်။

လူငယ်များက ဘုန်းကြီးကျောင်းတွင် ဆီမီးပူဇော်သကဲ့သို့ အိမ်တွင်ကျန်ခဲ့သော လူကြီးများကလည်း အိမ်ရှိဘုရားစင်တွင် ဆီမီးကပ်လှူပူဇော်ပြီးသည့်နောက် ခြံဝန်းပတ်ပတ်လည်နှင့် လှေကား၊အိပ်ယာကုတင်၊စားပွဲတန်းလျား၊ဆန်အိုး၊ဆီအိုး၊မီးဖိုချောင်၊သနပ်ခါးစင် စသဖြင့် နေရာလပ်မကျန်အောင် ဆီမီးများထွန်းညှိကြလေရာ တစ်အိမ်လုံးဝင်းထိန်​​တောက်ပနေပေတော့သည်။ဆန်အိုး၊ဆီအိုးများအပေါ် ဆီမီးထွန်းညှိရာတွင် ပါးစပ်မှ '' ဆန်၊ရေ၊စပါး ပေါကြွယ်ဝကာ အလှူရေစက် လက်နှင့်မကွာ လှူနိုင် တန်းနိုင်ရပါ၏ '' ဟူ၍လည်း ရေရွတ်တတ်ကြပါသည်။
ဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသော လူငယ်အပေါင်းတို့သည် လပြည့်နေ့ည၏ လမင်းအလင်းရောင်အောက်တွင် ဆီမီးရောင်တဝင်းဝင်းနှင့် လင်းထိန်းတောက်ပ၍ ရှုမငြီးဖွယ်ဖြစ်နေသော ရွာကလေးကိုကြည့်ကာ ကြည်နူးပီတိဖြစ်ရပါသည်။

လူကြီး၊မိဘများ အိမ်နေရာအနှံ့ ဆီမီးထွန်းညှိပြီးချိန်လောက်တွင် ဘုန်းကြီးကျောင်းသို့သွားရောက်ကာ ဆီမီးပူဇော်ကြသော လူငယ်များသည် ရွာထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။သူတို့ဦးတည်ချက်ကား ရွာအနောက်ဘက် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ရေချိုးဆိပ်သို့ဖြစ်သည်။ရေချိုးဆိပ်သို့သွားရာ လမ်းတစ်လျှောက်တွင် အိမ်ခြံစည်းရိုးများ၌ ထွန်းညှိထားသော ဖယောင်းတိုင်ဆီမီးခွက်များကို အပျော်သဘော ခိုးယူကြပါသည်။တချို့အိမ်များက ဆီမီးခွက်ခိုးယူသည်ကိုမကြိုက်သဖြင့် ဆီမီးခွက်များကိုစောင့်ကြည့်နေပြီး ခိုးယူသူလာလျှင် အော်လွှတ်တတ်သဖြင့် ပြေးလွှားရသည်မှာ ပျော်စရာကောင်းလှပေသည်။ထို့သို့ အော်လွှတ်တတ်သောအိမ်ရှိ ဆီမီးခွက်များကို ခိုးယူရသည်မှာ လူငယ်များအတွက် ရင်ခုန်စရာတစ်ခုပင်ဖြစ်နေတော့သည်။ရွာလမ်းတစ်လျှောက် ဆီမီးခွက်များခိုးယူပြီး ရေချိုးဆိပ်သို့ရောက်လျှင် ဆီမီးဖောင်များပြုလုပ်ကာ မြစ်ရေမှာ မျှောလေ့ရှိပါတယ်။တချို့သူများက မီးဖောင်ကို ကြိုတင်ပြုလုပ်ထားတတ်သော်လည်း အများအားဖြင့် ​ရေဆန်အရပ်ရှိရွာများက မျှောချလိုက်သည့် မီးဖောင်များထဲမှ မီးငြိမ်းနေသော မီးဖောင်များကို လိုက်လံဆယ်ယူကာ ဖယောင်းတိုင်အသစ်ထွန်းညှိပြီး ခိုးယူလာခဲ့သော ဆီမီးခွက်များပါထည့်ကာ ပြန်မျှောချလေ့ရှိသည်။
ထိုမီးဖောင်များ မီးငြိမ်းသွားလျှင်လည်း အောက်ဘက်ရှိ ရွာများမှဆယ်ယူကာ ဖယောင်းတိုင်အသစ်လဲပေးကြမည်ဖြစ်သည်။ဤသို့ မီးဖောင်များ မျှောနေခိုက် ဗျောက်အိုးဖောက်သံ၊မီးရှူး၊မီးပန်း ပစ်လွှတ်သံတို့မှာလည်း ဆူညံနေပေသည်။ကျီစားသန်သူတို့သည် ဗောက်အိုးများကို လူအုပ်ကြားထဲသို့ ပစ်ဖောက်တတ်ကြသဖြင့် အော်ဟစ်ဆူညံသံများမှာလည်း မစဲအောင်ရှိပေသည်။မီးရှူး၊မီးပန်းဖောက်သူများကလည်း ငါ့မီးပန်းကပိုလှတယ်၊သူ့မီးပန်းက ပိုဖြာထွက်တယ် စသဖြင့် ပြိုင်ဆိုင်တတ်ကြသည်။ထို့ပြင် တခြားရွာများမှ လွှတ်တင်လိုက်သည့် မီးရှူးမီးပန်းများကိုကြည့်ကာ အလှတရားကိုလည်း ခံစားနိုင်ပေသည်။

ထို့သို့ မီးဖောင်လွှတ်ခြင်းကို ညဆယ်နာရီထိုးခါနီးအချိန်လောက်ထိ ပျော်ပျော်ပါးပါးဖြတ်သန်းကြပြီးနောက် ရွာလယ်ရှိ ခြံဝင်းကျယ်ကျယ်တွင်လူစုကြပါတော့သည်။ရှေးခေတ်အခေါ် '' မြေဝိုင်းအက '' ကဲ့သို့ ဇာတ်စင်မပါပဲ အြေပြင်တွင် အသံချဲ့စက်များဖွင့်ကာ ကပြဖျော်ဖြေကြမည့် ကလေးငယ်များနှင့်ဝါသနာရှင်လူငယ်များ၏ အကအလှများကို ခံစားကြရန်ဖြစ်ပေသည်။ကပြဖော်ဖြေမည့်ဝါသနာရှင်အနည်းအများအပေါ်မူတည်ပြီး ကပွဲအချိန်ကြာမြင့်တတ်ပါသည်။ကပွဲပြီးလျှင်တော့ ကိုယ့်အိမ်သို့ပြန်ကာ တစ်နေကုန်လှုပ်ရှားသွားလာထား၍ ပင်ပန်းသမျှ အိပ်စက်ခြင်းဖြင့် ကုစားကြပါတော့သည်။

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၁၃)
13/10/2024 (Sun)
#photo credit

ကျန်းမာရွှင်လန်းကြပါစေ.....။
စာဖတ်သူအပေါင်းအား ကျေးဇူးအထူးတင်ရှိလျှက်......။

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ပျော်စရာနေ့သူငယ်ချင်း တစ်ယောက်က မေးဖူးတယ် Content Writer ဆိုတာ ဘာလဲတဲ့?🤷🏻