မိုးနှောင်းအလင်္ကာ
တန်ဆောင်မုန်းလပြည့်နေ့ ဟာ သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့လည်း ဖြစ်ပါတယ်။အကြောင်းကား တန်ဆောင်မုန်း လပြည့်နေ့မှာ ကျင်းပလေ့ ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သလို ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပါ။
တန်ဆောင်မုန်းလဆန်း၁၄ရက်နေမှာကား မသိုးသင်္ကန်းရက်လုပ်သောနေ့ပင်ဖြစ်ပါတယ်။ မသိုးသင်္ကန်း လို့ခေါ်တာဟာ နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ် လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တာကြောင့် မသိုးသင်္ကန်း ဆိုပြီး ခေါ်ဆိုတာဖြစ်တယ်။ မသိုးသင်္ကန်းဖြစ်ပေါ်လာပုံက သံဃာတော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးဝတ်ကြရသည့်ခေတ်က ကထိန်သင်္ကန်း ရဲ့နာမည်ထူးတစ်မျိုးလည်းဖြစ်တယ်။
အဲ့ဒီ ခေတ်က ရဟန်းသံဃာတော်များဟာ ကထိန်ခင်းဖို့ အတွက် လှူဒါန်းထားတဲ့ အဝတ်ကို ညသိပ် သိမ်းဆည်းမ ထားဘဲ လှူဒါန်းတဲ့နေ့ အာရုဏ်မတက်မီအချိန်အတွင်း သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုး ကိစ္စများ ပြီးစီးအောင် ဆောင်ရွက်ကြတယ်။ အဲ့ဒီ ကိစ္စအားလုံးကို နေ့ချင်းပြီးအောင် လုပ်ဆောင်နိုင်တဲ့ သင်္ကန်းမျိုးကို "မသိုးသင်္ကန်း" လို့ခေါ်ပါတယ်။ သင်္ကန်းချုပ်ဆိုးနေစဉ်မှာ အာရုဏ်တက်ခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုး မှု တွေကိုလုံးဝမပြုလုပ်ဘဲ ညအိပ်ထားမယ်ဆိုရင် သင်္ကန်း သိုးတယ်လို့ဆိုပါတယ်။ အချိန်မီအောင် မဆောင်ရွက် နိုင်တဲ့ အတွက် သင်္ကန်းသိုးသွားတဲ့ အခါ အဲ့ဒီသင်္ကန်းနဲ့ ကထိန် ခင်း၍ မရတော့ပါဘူး။
ယခုမျက်မှောက်ကာလ မှာကား အလှူရှင် ဒါယကာ ဒါယိကာမများက ချုပ်ဆိုးပြီး သင်္ကန်းများကို ကထိန်သင်္ကန်းအဖြစ် လှူဒါန်းကြပါတယ်။ ဒါ့ကြောင့် ချုပ်ခြင်း၊ ဆိုး ခြင်းကိစ္စများကို သံဃာတော်များကိုယ်တိုင်ပြုလုပ် ရန် မလိုတော့ပါဘူး။ အသင့်ချုပ်ဆိုးပြီး လှူဒါန်းသော သင်္ကန်းဖြင့် ကထိန်ခင်းကြရန်သာရှိပေတော့တယ်။ မသိုးသင်္ကန်းရက်လှူပွဲဟာ ကထိန်ပွဲတော်မှ လာ သော ပွဲငယ်တစ်ခုဖြစ်ပါတယ်။။ တန်ဆောင်မုန်းလပြည့်နေ့ ညအခါမှာဆိုရင် ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများ က မသိုးသင်္ကန်းရက်၍ မြတ်စွာဘုရားအား လှူဒါန်း ပူဇော်ကြရာမှ "မသိုးသင်္ကန်းရက်လှူပွဲ" ဟူသော မြန်မာ့ယဉ်ကျေးမှုအစဥ်အလာတစ်ခုဖြစ်ပေါ်လာတာပါ။
ဒါ့ကြောင့် တန်ဆောင်မုန်းလဆန်း၁၄ရက်နေ့မှာ မသိုးသင်္ကန်းရက်လုပ် ပွဲတွေလုပ်ကြတယ်။ အဲ့ဒီရက်မတိုင်ခင်လည်း တန်ဆောင်မုန်းလ အစမှ လပြည့်နေ့အထိ အိုးစည် ဗုံမောင်း တီးလို့ ဖိုးဝရုပ်တွေ ဦးရွှေရိုးရုပ်ကြီး၊ဒေါ်မိုးအရုပ်ကြီး များနှင့်အတူ အလှူခံသည်က ပျော်ရွှင်စရာကောင်းလှပါတယ်။
တန်ဆောင်မုန်း လပြည့်နေ့ ဟာဆိုရင် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် လည်းဖြစ်ပါတယ်။ဒါ့အပြင်ကထိန်သင်္ကန်းကပ်လှူခွင့်ရတဲ့နောက်ဆုံးသောနေ့ရက်လည်းဖြစ်ပါတယ်။ တန်ဆောင်တိုင်ပွဲတော်ရဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာဆိုရင် ဆီမီးများထိန်ထိန်လင်းလက်ကာ ဘုရားများတွင် ဆီမီးတစ်ထောင်ပန်းတစ်ထောင်ဟူ၍ ဆီမီး တစ်ထောင်တိတိကို ထွန်းညှိပူဇော်ကြပါတယ်။ဒါ့အပြင် မီးပုံးပျံများနှင့်တကွ ထိုမီးပုံးပျံမှာ ငွေစက္ကူများပါ ချိတ်ဆွဲ၍လွှတ်တင်ကြပါတယ်။
အဲ့တာတင်မကသေးဘဲ ညနေခင်းပိုင်းမှာဆိုလျှင် နိဗ္ဗာန်စျေးလည်းရှိပါသေးတယ်။ နိဗ္ဗာန်စျေးမှာ မြန်မာ့ရိုးရာလက်လုပ်မုန့်များ ၊အသုံးအဆောင်ပစ္စည်းများကို မဲစနစ်ဖြင့် လှူတန်းကြပါတယ်။ ကျေးရွာများတွင် မဲလိပ်ပေါ်က နာမည်အား အော်ခေါ်၍လည်းကောင်း နိဗ္ဗာန်စျေးတန်းတွင် လိုက်မေး၍ လည်းကောင်း မုန့်များ၊အသုံးအဆောင်များကို လှူတန်းသူထံ ကိုယ်တိုင်သွားရောက်ယူရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းလှပါတယ်။
နိဗ္ဗာန်စျေးပြီးတဲ့အခါ ဘုန်းကြီးကျောင်းမှကျွေးမွေးသော သာကူချိုချိုမွှေးမွှေးကလေးကိုသောက်ရင်း နေဝန်းနီ ဝင်ကာစတွင် မီးပုံးပျံ ကြီးကို လွှတ်တင်ကြသည်က သိပ့်ကြည့်၍ကောင်းသော တန်ဆောင်တိုင်ညနေခင်းရဲ့ အလှတရားတစ်ခုဘဲဖြစ်ပါတယ်။ ညချမ်းအချိန်တွင်လည်း ဘုရားမှာဆီမီးလာရောက်ပူဇော်သူများနှင့်စည်ကားကာ ဘုရားစောင်းတန်းနဘေးက ရေခဲမုန့်သည်ရဲ့ ခေါင်းလောင်းသံကလည်း ညံမစဲခဲ့ပါ။
တန်ဆောင်တိုင်ပွဲတော်ရက်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ညအခါမှာ ပံ့သကူ ပစ်သောဓလေ့ကလည်း မပါမဖြစ်ပါဘဲ။ဒါပေမဲ့ ပံ့သကူပစ်ပွဲဟာ အခြားပွဲတွေလို လူစုလူဝေးနဲ့ ထင်ထင်ရှားရှား ကျင်းပရသော ပွဲမျိုး မဟုတ်ပေ။ လူအများကွယ်ရာမှာဖြစ်စေ၊ ညမှောင်ချိန် တွင်ဖြစ်စေ၊ သင်္ကန်းစတဲ့ သံဃာ့အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြတဲ့ပွဲ မျိုးဖြစ် ပါတယ်။ ပံ့သကူပစ်ပွဲဟာ ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးမှာ တစ်ပါး အပါအဝင်ဖြစ်တဲ့ ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာတဲ့ပွဲဖြစ်ပါတယ်။
"ပံသုကူဓုတင်" အကျင့် ဆိုတာက ဒါယကာ ဒါယကာမများက တိုက်ရိုက် လှူဒါန်းတဲ့ သင်္ကန်းကိုပယ်ပြီး လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်းပြီး၊ ချုပ်၊ စပ်၊ ဆိုး ထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်ပါတယ်။
ယခုနောက်ပိုင်းတွင်ကား ပံ့သကူ ပစ်ရာတွင် ငွေစက္ကူများ၊အထည်များနဲ့ အသုံးအဆောင်များအပြင် သင်္ကန်းဟာလည်း မပါမဖြစ်ထည့်ကြပါသေးတယ်။ ပံ့သကူပစ်ပွဲကို ပစ်သည့်သူက ပစ်၍ ညအခါလသာသာမှာ ရှာသည့်သူကလည်းရှာကြပါသေးတယ်။ ရှာသူကား သင်္ကန်းပံ့သကူ ရလျှင် သာသနာပြုကာ ရဟန်းဘောင်သို့ ဝင်ရသည်မှာ မြတ်နိုးဖွယ်ကောင်းသော ဓလေ့တစ်ခုဘဲဖြစ်ပါတယ်။
ဒါ့အပြင် တန်ဆောင်တိုင်ပွဲတော်နေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ရဲ့ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်) ဖြစ်တယ်။ တန်ဆောင်မုန်း လပြည့်နေ့ ညသန်းခေါင်အချိန်မှာ ဦး ခေါင်းနှင့်တည့်တည့် ကောင်းကင်ကို မော့ကြည့်မယ်ဆိုရင်လပြည့်ဝန်းကြီး မွန်းတည့်နေသည်ကို တွေ့ရပါမယ်။ လပြည့်ဝန်း အနီးအနားတွင်ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်) ကို တွေ့ရပါမယ်။အဲ့ဒီညဟာ ဆေးပေါင်းခ တဲ့ညပါ။နက္ခတ် တာရာတွေစုံတဲ့ညမှာ လရောင်နဲ့ထိတွေ့တဲ့ အသီးအရွက် တစ်မျိုးကို စားပေးမယ်ဆိုရင်ကျန်းမာရေး ကောင်းတယ်ဟုဆိုကြပါတယ်။
ဆေးပေါင်းခတဲ့ အချိန်မှာ အရာရာသော သစ်ပင်၊ သစ်ဥ၊ ဆေး ပင်၊ဆေးရွက်တို့မှာ အာနိသင် ထက်မြက်နေပါသော်လည်း မယ်ဇလီပင်၏ အဖူးအပွင့်တို့ကိုသာ ရွေးခြယ်စားသုံးရခြင်းက မယ်ဇလီ ပန်းတို့ဟာ နတ်ပြည်ရှိ နတ်များ အသက်ရှည်ရန် မှီဝဲကြသည့် မြဉ္ဇူသက နတ်ပန်းများနှင့် ဆင်တူကြတာကြောင့် ရွေးခြယ်စားသုံးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပင်ကိုယ် ခါးသက်သော အစွမ်းရှိတဲ့ မယ်ဇလီဖူးတွေထဲမှာမှ ဆေးပေါင်းခတဲ့ည လရောင်ခံထားသော၊ လရောင်နှင့် ထိတွေ့ မှုရှိသော မယ်ဇလီအဖူး၊ အပွင့်တို့ဟာ ပို၍ ဆေးဖက်ဝင်တယ်လို့မှတ်ယူကာ ယနေ့ထိတိုင် ညတွင်းချင်း ခူးယူ သုပ်စားသော ဓလေ့ဟာ တည်တံ့လို့ နေပါတော့တယ်။
ထို မယ်ဇလီ ဖူးသုပ်ကို စားသုံးခြင်းကြောင့် အသက်ရှည် ကျန်းမာသည်ဟုလည်း ရှေး မြန်မာ ဆေးကျမ်း အဖုံဖုံက ဖွင့်ဆိုခဲ့ကြတယ်လို့သိရပါတယ်။ကျွန်တော်တို့ဆီမှာဆို တန်ဆောင်တိုင်ည လပြည်ဝန်းကြီးက လင်းထိန်ထိန် နဲ့ မယ်ဇလီဖူးသုပ်ကို မိသားစုတွေတင်မကဘဲ အိမ်နီးချင်းတွေနဲ့အတူ လူကြီးတွေက စကားပြောရင်း ခလေးငယ်တွေက လူကြီးတွေရောက်တတ်ရာရာပြောတာကိုနားထောင်ရင်းနဲ့ မယ်ဇလီဖူး သုပ်ကလေး စားရင်း ဆေးပေါင်းခတဲ့ညကို ဖြတ်သန်းကြပါတယ်။
တန်ဆောင်မုန်းလပြည့်ညတွင် ထွက်ပေါ် သော "ကြတ္တိကာနက္ခတ်” ကို ပညာရှင်တို့က "စောရနက္ခတ် (ဝါ) သူခိုးနက္ခတ်” ဟု သမုတ်ကြ ပါတယ်။ဒါ့ကြောင့် တန်ဆောင်မုန်းလပြည့်ည တန်ဆောင်တိုင်ညကို သူခိုးကြီးညဟု ခေါ်ဆိုကြပြီး အဲ့ဒီနေ့မှာ ရွာကာလသားတို့ စုကာ ကြက်၊ဘဲ စတဲ့ အကောင်ငယ်တွေနဲ့ ဗူးသီး တို့လိုအသီးမျိုးကို အိမ်ရှင်မသိအောင် ခိုးယူကာ ချက်ပြုတ်စားသောက်ကြပါတယ်။ထို့နေ့ညကို ခိုးခွင့်ရှိသည်ဟု ယူဆထားသဖြင့် ကြက်တို့ဘဲတို့ ပျောက်လည်း အိမ်ရှင်များက အပြစ်မပြောကြပေ။ရွာသားအားလုံး စုပေါင်းကာ ဝိုင်းဖွဲ့စားသောက်ကြသည်က ပျော်ရွှင်ဖွယ်ရာပင်ကောင်းလွန်းလှပါတယ်။
ဒါ့ကြောင့် တန်ဆောင်မုန်းလပြည့်ညဟာပွဲတော်များမြိုင်ဆိုင်လှစွာဖြင့် ပျော်ရွှင်ဖွယ်ရာတွေနဲ့ပြည့်နှက်နေတဲ့ မြန်မာတို့ရဲ့ ကြည်ညိုလေးစားပျော်ရွှင်ဖွယ်ရာ တန်ဆောင်တိုင်ပွဲတော်လေးဘဲဖြစ်ပါတယ်။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
Keep Reading