Yati
ကိုယ့်ရဲ့ တစ်နေ့တာကို ပိုပြီးအကျိုးရှိရှိရှင်သန်ချင်တယ်၊ တန်ဖိုးရှိတဲ့နေ့လေးတစ်ခုဖြစ်ချင်တယ်ဆိုရင် "ပညာ၊ဥစ္စာ၊ကုသိုလ်" ဆိုတဲ့အရာသုံးခုကို ရအောင်ယူဖို့လိုပါတယ်။ တစ်နေ့ကို သုံးခုလုံး ရှာပါဆိုတာမျိုးတော့ မဆိုလိုပါဘူး။ ပညာရရင်ရ မရရင် ဥစ္စာရရင်ရ၊ မဟုတ်ရင် ကုသိုလ်ရရင်ရ တစ်ခုခုကိုတောင် ရအောင်ရှာသင့်ပါတယ်။
ပထမတစ်ခုအနေနဲ့ ကုသိုလ်၊ ကိုယ်က အစောထတတ်တဲ့သူတစ်ယောက်ဆိုရင် မနက်အိပ်ရာထ၊ ကိုယ့်ရဲ့တစ်ကိုယ်ရေ ဝေယျာဝစ္စတွေလုပ်ပြီးပြီဆိုရင် ဘုရားရှိခိုး၊ တရားထိုင်တာမျိုး၊ အချိန်မရဘူးဆိုရင်လည်း ဘုရားရေချမ်းလဲပေးတာမျိုး၊ ဆွမ်းကပ်တာမျိုးလောက်တော့ လုပ်ကြည့်ပေါ့။တကယ်လို့ ကိုယ်က လုံးဝကို မအားလပ်တဲ့သူ၊ အလုပ်များတဲ့သူဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကိုယ်သွားရင်းလာရင်းအကူညီလိုနေတဲ့သူရှိရင် ကူပေးလိုက်တာမျိုး၊ အိမ်မှာ မိဘတွေကိုကူေပးတာမျိုး၊ ဒါမှမဟုတ် ပတ်ဝန်းကျင်က လုပ်လို့ရတဲ့ လုပ်အားပေးတွေမှာ ပါဝင်ပေးတာမျိုး၊ အလုပ်ခွင်တွေပါ အခက်ခဲတွေဖြစ်နေတာမျိုးဆိုရင် ဖြေရျင်းပေးလိုက်တာမျိုး၊ အားတဲ့အချိန်ခဏလောက်မှာ သရဏဂုံလောက်ပဲ ရွတ်ဖတ်နေလိုက်တာမျိုး စသဖြင့် လုပ်စရာတွေဆိုတာမှ မကုန်နိုင်အောင်ရှိပါတယ်။ ကုသိုလ်ဆိုတာ ဘုရားစင်ရှေ့မှာပဲထိုင်ပြီး ရွတ်ဖတ်ပူေဇာ်နေမှ၊ လှူနေဒါန်းနေမှ ကုသိုလ်ရတာမဟုတ်၊ ကုသိုလ်ဆိုတာ ယူတတ်ရင် အများကြီးရှိတာပဲမဟုတ်လား။ ဒါကြောင့် တစ်နေ့တာမှာ ကုသိုလ်တစ်ခုခုတော့ လုပ်ခဲ့မယ်ဆိုရင် ကိုယ်ရဲ့စိတ်ကလည်း ပိုရှင်းလာပြီး တစ်နေ့တာ လုပ်သမျှ ကိစ္စတိုင်းမှာလည်း အဆင်ပြေလာပါလိမ့်မယ်။
နောက်တစ်ခုကတော့ ပညာ၊ ကျွန်မတို့က ၂၄ နာရီလုံးကို အလုပ်တွေလုပ်၊ ကျောင်းသွား၊ကျူရှင်သွားရင်းပဲ အချိန်ကုန်နေရတာမျိုးမဟုတ်ပါဘူး။ ပိတ်ရက်တွေ၊ နားတဲ့အချိန်တွေ၊ အိပ်ချိန်၊စားချိန်ဆိုတာမျိုးတွေပါသေးတယ်မလား။ ဒါဆိုရင် အဲ့လိုချိန်မျိုးမှာ ကိုယ့်အတွက် အကျိုးရှိမယ့် စာပေတွေလေ့လာဖတ်ရှုတာမျိုးတွေ၊ ကိုယ်ဝါသနာပါတဲ့ ပညာတစ်ခုကို ရှာဖွေလေ့လာတာမျိုး၊ ကိုယ်က စာနဲ့ပတ်သက်တာမလုပ်ချင်တော့ဘူးဆိုရင်တောင် သီချင်းဆိုတာဝါသနာပါရင် သီချင်းတွေနဲ့ပတ်သက်တာတွေလေ့လာနေတာမျိုး စသဖြင့် လေ့လာသင်ယူစရာတွေကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ပညာဆိုတဲ့ နေရမှာ အဲ့လို စာတွေသင်၊အလုပ်ကပေးတဲ့ သင်ခန်းစာတွေကြည့်၊ သင်တန်းသစ်တွေတက် ဆိုတဲ့ အတတ်ပညာမျိုးကိုချည်းပဲ ပြောတာမဟုတ်ပါဘူး။ အတတ်မပညာကို မယူနိုင်ရင်တောင် ကိုယ်နေ့စဥ်လှုပ်ရှားသွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့အရာ၊ မြင်လိုက်ရတဲ့အရာတွေကနေ အသိပညာ သင်ခန်းစာယူစရာတွေမှအများကြီးပါ။ ဥပမာ ကိုယ်က အလုပ်မှာ တစ်ခုခုလွဲချော်ခဲ့လို့ အခက်ခဲတွေကြုံခဲ့ရတယ်ဆိုရင် အဲ့ဒီအရာကနေ ငါဘာတွေလုပ်သင့်လဲ၊ ဘယ်လိုဆင်ခြင်ရမလဲ၊ ငါဘာသင်ခန်းစာရလိုက်လဲဆိုတဲ့ အသိပညာတွေကို ယူနိုင်ပါတယ်၊ (ဒါက ကိုယ်အခက်ကြုံမှ အသိပညာရမယ်ဆိုတာမျိုးပြောတာမဟုတ်ဘဲ၊ ဥပမာအနေနဲ့ နားလည်လွယ်အောင်ပဲ ပြောပြတာဖြစ်ပါတယ်။)
ဒီလိုပဲ ဥစ္စာဆိုတဲ့အရာမှာလည်း ကိုယ်က ဒီနေ့ အလုပ်တစ်ခုကို စပြီးလုပ်တော့မယ်ဆိုရင် အဲ့ဒီအလုပ်ကို ဘယ်လိုကြိုးစားမယ်၊ ဘယ်ရလဒ်အထိ ရအောင် လုပ်မယ်ဆိုတာတွေးပြီးလုပ်မယ်ဆိုရင် ကိုယ့်ကြိုးစားမှုကနေ ပြန်ရနိုင်မယ့် အရာတွေရှိပါတယ်။ ဥပမာ နားလည်လွယ်အောင်ပြောမယ်ဆိုရင် ကိုယ်က ကုန်စုံဆိုင်တစ်ခုဖွင့်ထားတယ်ဆိုပါစို့။ ဒါဆိုရင် ဒီနေ့အတွက် ငါဘယ်လောက်ဖိုးမြတ်အောင် ရောင်းရမယ်ဆိုတာ တွေးထားပြီဆိုရင် ကိုယ်လုပ်မယ့် အစီအစဥ်တိုင်းကို ကြိုးစားလုပ်ပြီး တစ်နေ့တာရမယ့် ပိုက်ဆံစုတာမျိုးပေါ့။
ဒါကြောင့် တစ်နေ့တာကို ရိုးသားကြိုးစား၊ သိတတ်လိမ္မာပြီးဖြတ်သန်းသွားမယ်ဆိုရင် ဘာမှကြီးကြီးမားမားလုပ်ခဲ့ ရတာမျိုးမရှိရင်တောင် ကိုယ့်အတွက် တန်ဖိုးရှိပြီး ပြည့်စုံတဲ့ နေ့လေးတစ်နေ့ဖြစ်လာပါလိမ့်မယ်။
“ကုသိုလ်၊ပညာ၊ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေ” ဆိုတဲ့စကားလည်းရှိတာပဲမလား။
စာပေမိတ်ဆွေများအား လေးစားလျက်…..
Yati
(13/10/24)
Keep Reading